***လောကဓံတာလမ်းထက်က သင်္ခါရကားစုတ်***

အိမ်ထောင်ရေး ကုမ္ပဏီထုတ်
မွဲစုတ်စုတ် အရောင်နဲ့  ရောင်းတန်းမ၀င်တဲ့
ကားတစ်စင်း ဟာ …
ကျွန်တော် ဖြစ်ခဲ့တယ်တဲ့ လား ၊

ခုနှစ်ဆယ့်ငါး မော်ဒယ်(လ်) ကားလေ
ဥက္ကဌ စွန့် ခွာသွားတော့ ….
ကားလေးခမျာ  ငါးနှစ်သား စွန်းစွန်း အရွယ်
မျက်စိသူငယ်  နားသူငယ် အများအလယ်မှာ
ကားလေး လမ်းထက်စမ်းသပ် မောင်းနှင်ဖို့ 
စောသေးစ ကာလ ၊

အတွင်းရေးမှုးမလေး ရဲ့  ညှစ်အားနဲ့ 
ဒေ၀ါလီ မခံရရေး ….
အဲဒီ့ …..  ကုမ္ပဏီလေး ကိုပေါ့
ငွေမဲ့ ကြေးမဲ့ ခမျာ
ယဲ့ယဲ့ လှုပ်လှုပ် မြုပ်မြုပ် ဆယ်ဆယ် ရယ်ပါ ၊

အားမာန်တွေ ကြွယ်ခဲ့တဲ့ ….
ကျွန်တော့် အတွင်းရေးမှုး မလေး ပေါ့
သူမရဲ့  တည့်မတ်ပေးမှု နဲ့ 
လောကဓံ ကြမ်းကြမ်း အဝေးပြေး လမ်းထက် …
မီးနီ များစွာ ကိုလဲ  ဖြတ်ခဲ့ရ
လမ်းတား တွေလဲ   ကွေ့ ဝိုက် ရှောင်တိမ်း ..
အကြိမ်းအမောင်း   အတိမ်းအစောင်း  များစွာဖြင့်
အသိန်းအသောင်း သော  ကားများရဲ့ ကြား
ကျွန်တော်က အင်ဂျင်ကျ နေတဲ့  ကားတစ်စင်းလေ
သူ့ သက်ပြင်း  မီးခိုးများက အလိပ်လိုက် အတန်းလိုက်
အူအူ မှိုင်းမှိုင်း ရယ် ၊

လမ်းပြောင်းပြန် လဲ မောင်းလို မောင်း
ကွန်တိန်နာ ကြီးတွေရဲ့  အနိုင်ကျင့်ခြင်းအောက်
ကျွန်တော့်ကား လေး  …..
တိမ်းလိုက် မှောက်လိုက်
ခါးကဖြတ်တိုက် တာလဲ ခံရဘူးပြီ …
ခေါင်းချင်းဆိုင် ၀င်အဆောင့် မှာလဲ  ကြေမွပြီးပြီ
အို ….. ဒီ ဘော်ဒီကြီးကို လေ
တစ်စင်းလုံးမှာ လေ ပတ်တီးရာ ဗရပွ
သင်္ခါရ ဆိုတဲ့   …
ဒီကားလေး ခမျာလေ ၊

သူ့ ရင်ဘတ်ကြီး ထဲ  …
နှလုံးသား အင်ဂျင်ဟတ်တက်ကွဲ ကြီးထည့်လို့ 
ခဏခဏ အမောဖောက် တတ်လာခဲ့ ပြီလား
ပန်းကုန် ကျွတ်ပေါက်  ဖရိန်ကောက်ကောက်ကြီး နဲ့ 
အလျားလိုက် ကတ္တရာအနက်စင်းကြီး ပေါ်က
ဆီစား နှုန်းကြမ်းကြမ်း လာတဲ့ ကား
ဘယ်နား ဘယ်လို ထိုးရပ်သွားမယ် မသိ
ပျမ်းမျှ ခန့် မှန်း သက်တမ်းက  အာမခံအတိ အကျမရှိ
လက်တစ်ကွေး  လက်တစ်ဆန့်  မှာ ….
အင်ဂျင် ရပ်လား  ရပ်သွားနိုင် ရဲ့ …၊

ဘာလိုလိုနဲ့  ….
မိုင်တိုင် ၃၈ ရောက်ဖို့   ဖာလုံအနည်းငယ်အလို
သူ့ အရေပြား မှိုင်းအိုအို မှာ
ဇရာဆေးရောင်တွေ
အဖတ်လိုက် အက်ကွဲ ဖောင်းကြွ
ခုပဲ     ကြွကျတော့မယ့် အတိုင်း …
ရင်ဘတ်ထဲ ကလီစာတွေ  တစ်ဟွတ်ဟွတ်
တစ်ဖွတ်ဖွတ်
ဟော … ဘောနက် ဖုံးဖွင့်
ကြည့်စမ်း
ထောင့်ကိုးရာ ခုနှစ်ဆယ့်ငါး  မော်ဒယ်(လ်) ကားမှာ
တောင်တတ်လမ်းတွေ များလွန်းခဲ့ရဲ့
လောကဓံ အထုအထောင်း ခံလွန်းခဲ့ရဲ့
အင်ဂျင် အဟောင်းကြီးလေ ….
အဲဒီ့   ခန္ဓာ ဘော်ဒီကြီး နဲ့ ကားလေ
သူ့ ကလီစာတွေ    ဆားဗစ်(စ်) လုပ်ဖို့   (ဘော်ဒီမပါ)
မိုင်တိုင် ၃၈ နားအနီး ……
ကျွန်တော် တိုးတိုးလေး ငြီးမိပေါ့ ။။။

မောင်ခင်မင်(ကျွန်းချောင်း)

၁၅.၁၀.၂၀၁၂

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About maung khinmin

maung khinmin has written 85 post in this Website..