ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတိပေးနှိုးဆော်ချက်

manawphyulayJuly 12, 20101min640

၁။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ လျင်မြန်စွာ ကူးစက်လျက်ရှိသည်။ ကမ္ဘာ့လူတုပ်ကွေးရောဂါသည် ၂၀၀၉ခုနှစ် ဇွန် ၁၁ ရက်အထိ နိုင်ငံပေါင်း ၇၄ နိုင်ငံသို့ ပျံ့နှံ့ကူးစက်ကာ ဓာတ်ခွဲခန်းစမ်းသပ် အတည်ပြုချက်အရ ၂၈၇၇၄ ဦး ဖြစ်ပွားခဲ့ပြီး ၁၄၄ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ(Human Influenza Pandemic) ဖြစ်ပွားနေကြောင်း ဇွန် ၁၁ ရက်တွင် ကြေညာခဲ့သည်။

၂။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် လူမှလူသို့ ကူးစက်မြန်ခြင်းနှင့် တုပ်ကွေးဗိုင်းရပ်စ် အသစ်ဖြစ်၍ လူအများတွင် ခံနိုင်ရည်စွမ်းအား မရှိသေးခြင်းတို့ကြောင့် အောက်ပါအန္တရာယ်များကို ကြုံတွေ့ရမည်။

(က) အသက်အရွယ်မရွေး ရောဂါဖြစ်ပွားခြင်း၊

(ခ) ကလေးများ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံး၊ အဆုတ်နှင့် ဆီးချိုစသည့် နာတာရှည်ရောဂါရှိသူများနှင့် ခုခံအားကျဆင်းမှုရှိသူများတွင် အသက်ဆုံးရှုံးမှု ပိုမိုများပြားနိုင်ခြင်း၊

(ဂ) တုပ်ကွေးလူနာမျာ လျင်မြန်စွာများပြားလာခြင်းကြောင့် ဆေးဝါး၊ ဆေးပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ဖြစ်ပေါ်ခြင်း၊

(ဃ) စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်း၊

(င) ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် လူအများ စုဝေးဆောင်ရွက်ရသည့် လုပ်ငန်းများ၊ ကျောင်းများ၊ ဘာသာရေးပွဲများနှင့် ပွဲလမ်းသဘင်များကို ပိတ်ပင်တားဆီးရန် လိုအပ်လာနိုင်ခြင်း၊

(စ) နိုင်ငံ၏ အဓိကဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန် အခက်အခဲများ ကြုံတွေ့လာနိုင်ခြင်း၊

၃။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ၏ အန္တရာယ်များကို ကာကွယ်ရန်နှင့် ဆုံးရှုံးမှုများ လျော့နည်းရန်အတွက် အောက်ဖော်ပြပါ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ပြည်သူလူထုတစ်ရပ်လုံးက လိုက်နာဆောင်ရွက်ရန် အထူးအရေးကြီးသည်။

(က) ပြည်သူ တစ်ဦးချင်းအနေဖြင့် ဆောင်ရွက်ရန် –

– တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်း၊
– နှာချေ၊ ချောင်းဆိုးလျင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း၊
– လက်ကိုဆပ်ပြဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊
– ကောင်းစာအိပ်စက်အနားယူခြင်း၊
– အာဟာရပြည့်ဝသည့် အစားအစာများစားသုံးခြင်း၊
– ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊
– လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊
– လူထူထပ်သောနေရာနှင့် ပွဲလမ်းသဘင်များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
– အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
– ရောဂါဖြစ်ပွားသူများနှင့် သံသယရှိသူများမှ (၆)ပေအကွာတွင် နေထိုင်ခြင်း၊
– ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်ကို လုံအောင်ဖုံးအုပ်သည့် ပါးစပ် နှာခေါင်းစည်း(Surgical Mask)ကို အသုံးပြုခြင်း၊
– ရောဂါရှိသူ၏နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
– မိမိတွင် ရောဂါလက္ခဏာများရှိသည်ဟု ယူဆပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့ အကူအညီတောင်းခံခြင်းများ ပြုလုပ်ရမည်။

(ခ) စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင် –

– အဆောင်အအုံများ လေဝင်လေထွက် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ခြင်း၊
– ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း၊
– အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ခြင်း၊
– လူ့အသုံးအဆောင်ပစ္စည်းများ၊ လှေကား၊ ဓာတ်လှေကား၊ နံရံများနှင့် ရုံးတွင်းပရိဘောဂများကို တစ်နေ့(၂)ကြိမ်မှ (၃)ကြိမ် ပိုးသန့်စင်ခြင်း၊
– စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့် ဂေဟာများတွင် နေထိုင်ဆောင်ရွက်သူများ အားလုံး၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုခြင်း၊
– တစ်ဦးဦးတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ခြင်း၊

(၄) တုပ်ကွေးရောဂါ (သို့မဟုတ်) အလားတူ ဖျားနာရောဂါ ဖြစ်ပွားသူသည် အောက်ပါအတိုင်း နေထိုင်ရမည်။

– လူနာအနေဖြင့် ပါးစပ် နှာခေါင်းစည်း တပ်ဆင်ထားရမည်၊
– အခြားသူများသို့ မကူးစက်ရေးအတွက် မိမိအိမ်တွင်ပင် နေထိုင်ရမည်၊
– ရုံး၊ ကျောင်း၊ လုပ်ငန်းခွင်နှင့် ခရီးသွားလားခြင်းများကို ရှောင်ကြဉ်ရမည်၊
– နှာချေ၊ ချောင်းဆိုးလျင် တစ်သျှူး (သို့မဟုတ်) လက်ကိုင်ပဝါ အသုံးပြုရမည်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရမည်၊
– အာဟာရဖြစ်သော အစားအစာများစားရန်နှင့် အရည်များများ သောက်ရမည်၊
– လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ရမည်၊
– ကျန်းမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်၊
– ရောဂါကူးစက်မှုသည် ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစ၍ (၁၀)ရက်ကြာသည်အထိ ကူးစက်နိုင်သည်။

(၅) မိသားစုအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူအား အောက်ပါအတိုင်း ပြုစုရမည်။
– လူနာကို လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိရမည်၊ အခြေအနေပေးပါက သီးသန့်အခန်းတွင် ထားရှိသင့်သည်၊
– ဖျားနာသူအား အနီးကပ် စောင့်ရှောက်သူများသည် ပါးစပ် နှာခေါင်းစည်းနှင့် လက်အိတ်များ ဝတ်ဆင်ရမည်၊ ဖြစ်နိုင်ပါက ပလတ်စတစ်ရင်ကာ ခါးစည်း(Apron)ကိုလည်း အသုံးပြုနိုင်သည်၊
– လူနာအသုံးအဆောင်ပစ္စည်းများ၊ အသုံးပြုပြီးသော ပါးစပ် နှခေါင်းစည်းနှင့် လက်အိတ်များ စသည်တို့ကို 0.5% available chlorine ရရှိစေရန် Bleaching Powder ဟင်းစားဇွန်းနှစ်ဇွန်းကို ရေတစ်လီတာဖြင့် ဖျော်စပ်၍ မိနစ်(၃ဝ)ခန့် စိမ်ထားရမည်၊ မရှိလျှင် ရေနွေးဖြင့် ပြုတ်လျှော်ရမည်၊
– လူနာပြုစုပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရမည်၊ ဖြစ်နိုင်လျှင် အရက်ပြန်(Alcohol rub) အသုံးပြုနိုင်သည်၊
– လူနာနှင့် အနီးကပ်ပြုစုသူများ၏ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးဌာနသို့ သတင်းပို့ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်၊

၆။ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူလူထုတစ်ရပ်လုံးမှ ကမ္ဘာလူတုပ်ကွေးကပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်များ ဖြစ်ပါသည်။