ဒုတိယမြောက် (သို့) မိုးခြွေလေညှင်း

ဝရုန်းသုန်းကားမဆန်တဲ့ လေပြေအချို့ ကျွန်တော့ခန္ဓာကိုယ်အား ဖြတ်သန်းကာ တိုက်ခတ်သွားကြသည်။ ညိုမှောင်ရီတဲ့ ရာသီဥတုက အရှိန်ယူကာသည်းကာမည်းကာ ရွာတော့မယောင် အင်းလျားကန်ဘောင်ပေါ်တွင်ရပ်ကာ ကန်ရေပြင်ဘက် မျက်နှာမူလျှက် ကျွန်တော်မလှုပ်မယှက်။ လက်ထဲတင်းတင်းစေ့ကာ ဆုပ်ကိုင်ထားတဲ့ ကြယ်သီးလေးတစ်လုံးကို ဖြန့်ကာ ကြည့်လိုက်မိ၏။ ကျွန်တော့်မျက်ဝန်းမှ မျက်ရည်စများက တိုင်ပင်မကိုက်ပဲ လက်ထဲသို့ကျရောက်သွားသည်။ လေပြင်း တစ်ချက်တစ်ချက် ထပ်ကာထပ်ကာတိုက်ခတ်လာ၏။ လေနှင့်အတူ မိုးစက်မိုးပေါက်တစ်ဖျောက်ဖျောက်ဖြင့် ကန်ရေပြင်နှင့် ကန်ဘောင်တစ်လျှောက် ကတ္တရာလမ်းမအပေါ် သည်းကာမည်းကာကျရောက်လာသည်။ မိုးစက်များ ရိုက်ခတ်မှုနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး ရွှဲစိုကာနေပေမယ့်လည်း ပြန်မလှည့်တော့သည့် ခြေထောက်များကို ကျွန်တော်ပြန်လည် ကျိန်ဆဲ မိလိုက်၏။

***********************************************

“ရော့……..”
“ဘာတုန်းဟ….”
“ကြည့်လေ…ဘာလဲလို့…”
“ကြယ်သီးလေ… အဲဒါငါဘာလုပ်ရမှာတုန်း မွန်မွန်…”

ကျွန်တော်မေးလိုက်သောစကာတစ်ခွန်းကို မျက်စောင်းတစ်ချက်ထိုးကာ

“နင့်ကို..ပေးတာဟဲ့…။ ဒီမှာ ငါ့အကျီ င်္ရဲ့ ဒုတိယကြယ်သီးတစ်လုံးပြုတ်သွားတာ အဲဒါနင်သိမ်းထားလိုက်တော့..”
“အွန်….”
“ဘာမှကြောင်မနေနဲ့ နင်နဲ့ငါ ကတိတစ်ခုရှိပြီးသား ငါတို့နှစ်ယောက်စလုံး တစ်လမှာ သုံးကြိမ်လက်ဆောင်ပေးရမယ် ပေးချင်တဲ့လက်ဆောင်ပေးရမယ် လက်ခံတဲ့သူကလည်း လက်ခံရမယ်ဆိုတာ နင်မေ့နေပြီလား”
“အော်…အေးပါ..အေးပါ လက်မခံရင်ရှုံးမှာကိုး ဟီးးးးးး”

မွန်မွန်ပေးတဲ့ကြယ်သီလေးကို ကျွန်တော်အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ မွန်မွန်ရဲ့ လက်ဖဝါးတစ်စုံက ကျွန်တော်ရှေ့ သို့ ကျရောက်လာ၏။
“မွန်မွန်…ဒါဘာတုန်းဟ”
“အာ… နင်ကလည်း နင်လည်းလက်ဆောင်ပေးရဦးမယ်လေ… နင်မေ့နေပြီမဟုတ်လား…”

မွန်မွန်အား လက်ဆောင်ပေးဖို့ ကျွန်တော်မေ့နေသည်။ မေ့နေတယ်ပြောပြန်လျှင်လည်း စိတ်ဆိုးဦးမည် ပတ်ဝန်းကျင်ကို တစ်ချက် စူးစမ်းလိုက်သည်။ ကန်ဘောင်စောင်းတွင် စိုက်ပျိုးထားသော ကြက်သွေးနီရောင်အပင်အညွှန့်လေးတစ်ခုကို ခူးဖြတ်ကာ မွန်မွန်အားကျွန်တော်ပေးလိုက်သည်။

“ရော့…..”
“ဟင်…ဒါက ဘာလဲ….”
“ငါနင့်ကို ပေးတဲ့လက်ဆောင်ပေါ့… ဘာလဲမယူဘူးလား..”

ကြက်သွေးနီရောင်အညွှန့်လေးအား မွန်မွန်စိုက်ကြည့်နေ၏။ ပြီးမှ ကျွန်တော့်အားမော်ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။

“ဘာလက်ဆောင်ပဲဖြစ်ဖြစ်ငါယူပါတယ်…. ကဲလာမုန့်သွားစားကြစို့”

ကန်ရေပြင်ဖက်မှ လေပြင်းတစ်ချက်က ကျွန်တော်တို့နှစ်ယောက်ကြား တိုးဝှေ့ဖြတ်သန်းသွား၏။ ကလေးဆန်ဆန် အမူအရာနှင့် ရှေ့မှ ခုန်ဆွခုန်ဆွဖြင့်လမ်းလျှောက်နေသော မွန်မွန်ကိုကြည့်၍ ကျွန်တော်တစ်ချက်ရယ်မိသည်။ သူမသည် ကျွန်တော့်အတွက်တော့ သိပ်ချစ်ဖို့ကောင်းသော သူငယ်ချင်းမလေး တစ်ယောက်ပင်ဖြစ်သည်။

**********************************************************

မေ(၃၁)ဆိုသည့် သီချင်းထဲကလိုပင် ရာသီဥတုက တစ်နေ့လုံးမိုးတွေစွေနေသည်။ မိုးအေးအေးနှင့်မို့ ဘယ်ကိုမှ မသွားချင်။

“ခိုင်ခန့်…. ခိုင်ခန့်….. ”
“လာပြီဟေ့…လာပြီ….”

ထီတစ်လက်နှင့်ခန္ဓာကိုယ်အောက်ပိုင်း မိုးရေများစိုနေသော မွန်မွန်ကိုကျွန်တော်တေ့လိုက်သည်။ လက်တစ်ဖက်ကလည်း အထုပ်တစ်ထုပ်နှင့် သူမပုံစံအတိုင်း ကျွန်တော့်ကိုပြုံးပြ၏။

“ဟဲ့..နင်က မိုးထဲလေထဲ ဘာလာလုပ်တာတုန်း……..”
“ငါနင့်ကို…လက်ဆောင်လာပေးတာလေ…… ဒီနေ့ငါတို့ကတိပြုထားတဲ့နေ့ကစပြီး ဘယ်နှကြိမ်မြောက်လဲ နင်မသိဘူး လား”
“အဲ…. ဟီး… တော်တော်တော့များနေပြီး ပြည့်ပြီးလားဟ…..”
“နင်ကလေ အလေးကိုမထားဘူး (၆)ကြိမ်ရှိပြီလေ… နောက်တစ်ပတ် တစ်ခေါက်ပေးပြီးရင် ပြည့်ပြီ အားလုံး (၇)ကြိမ် ပေးရမှာလေ… ရော့နင့်အတွက် လက်ဆောင်”
“ရှပ်အကျီ င်္ပါလားဟ….. ဟိဟိ ကျေးဇူးပဲ…. ”
“ကဲ ဒါဆို ငါပြန်တော့မယ်….”
“နေဦးလေ…. ဟဲ့… ငါလက်ဆောင်ပြန်ပေးရဦးမယ်လေ….”
“ရတယ်… ငါယူပြီးသွားပြီ နင့်အကျီ င်္က ဒုတိယမြောက်ကြယ်သီတစ်လုံးကို ငါယူထားလိုက်တယ် နင်ပေးတာနဲ့ တူတူပဲပေါ့…..”
“အွန်…..နင်ကတော့..အထူးအဆန်းပဲ”

မွန်မွန်ပေးသွားသော ရှပ်အကျီ င်္လေးကို ကျွန်တော်ထုတ်ကြည့်မိသည်။ ဆင်စွယ်ရောင်ရှပ်အကျီင်္လက်ရှည် အစင်းကျားလေး ဖြစ်သည်။ မြင်မြင်ချင်းပင် ကျွန်တော်သဘောကျသွား၏။ ရှပ်အကျီ င်္လေးတွေင် တစ်ခုသာလိုနေသည်။ ဒုတိယမြောက်ကြယ်သီးလေး မရှိခြင်းပင်။ ရှာရှာဖွေဖွေ ဒုတိယမြောက်ကြယ်သီးတွေမှသာ ရူးသွပ်လွန်းသောသူမကို ကျွန်တော်နားမလည်ပေ။ နောက်မှပင် မေမေ့အား ပြုတ်နေသောကြယ်သီး တပ်ပေးရန်ပြောရဦးမည်။ နောက်တစ်ပတ် သူမအတွက် လက်ဆောင်ကောင်းကောင်းတစ်ခု ပေးရမည်ဟု ကျွန်တော်စဉ်းစားလိုက်သည်။

******************************************************
“သံယောဇဉ်xxxxxxxxxxxxxxသံယောဇဉ်xxxxxxxxxxxလူကို အရူးတစ်ပိုင်းဖြစ်စေတယ်…..”

ဟန်းဖုန်းမှထွက်ပေါ်လာသော (RingTone)ဖုန်းခေါ်သံ သီချင်းကြောင့် မှေးကနဲအိပ်ပျော်ရာမှ ကျွန်တော်လန့်နိုးလာ၏။

“ဟယ်လို…..”
“ခိုင်ခန့်………ဟဲ့…”
“ပြောဟ….နင်ကလည်း ညမိုးချုပ်ကြီး…”
“အော်…. မနက်ဖြန်ပေးရမယ့် လက်ဆောင်နင်စဉ်းစားပြီးပြီလားလို့…ငါလှမ်းမေးတာ…”
“နင်ကလဲဟာ… ဒီမှာ ငါအိပ်ရေးပျက်တယ်…. မနက်ဖြန်သိရမယ့်ဟာကို…ဒါပဲ.. ငါအိပ်တော့မယ်…”

မနက်လင်းကတည်းက မိုးလေးကညို့ညို့ကလေးဖြစ်နေ၏။ ရေမိုးချိုးကာ မွန်မွန်နှင့်တွေ့မည် စိမ်းလန်းစိုပြည်ဥယျာဉ်ိသို့ ကားကိုငှားလိုက်သည်။ စိမ်းစိုနေသည့် မြက်ခင်းပြင်ပေါ်ရှိ ထိုင်ခံလေးပေါ်တွင် သူမအရင်ရောက်နှင့်နေသည်။ သူမလက် ထဲတွင်တောင် မည်သည့်လက်ဆောင်ပါဆယ်ထုပ် မတွေ့ချေ။ မနက်ခင်းအလင်းရောင်က တိမ်မှောင်တို့ဖြင့် လွမ်းစီစီ ခံစားမှုကို ပေးနေ၏။

“မွန်မွန် ရောက်တာကြာပြီလား….”
“မကြာသေးပါဘူး ဘယ်မှာလဲ ငါ့အတွက်လက်ဆောင်…”

ကျွန်တော့်လက်ထဲမှာ အပြာရောင်ပါဆယ်ထုပ်လေးအား ပေးလိုက်သည်။

“ရော့….နင့်အတွက်”

သူမလက်သီးဆုပ်ထဲမှ လက်ဆောင်ပစ္စည်းအား ကျတော်လက်ဖြင့် ယူစေရန်လက်ဖဝါးဖြန့်လိုက်သည်။ အပြာရောင် ကြယ်သီးလေးတစ်လုံးဖြစ်သည်။ ကျွန်တော်တစ်ချက်ပြုံးလိုက်သည်။

“နင့်လက်ဆောင်က ဒါပဲလားဟ….”
“အင်းလေ….နင်မလိုချင်ဘူးလား…”
“ယူရမှာပေါ့ဟာ……”

မှောင်နေတဲ့မိုးဟာ တစ်ဖြည်းဖြည်းနှင့် မိုးစက်များရှာချတော့သည်။ ကျောက်သားဖြင့်ပြုလုပ်ထားသောခုံလေးပေါ်တွင် သူမနှင့်ကျွန်တော် နှစ်ယောက်သာရှိလေသည်။ မိုးအနည်းငယ်စိုသော သူမ၏ဆံပင်များကို သပ်တင်ကာကျွန်တော့်ကို သူမ ပြုံးပြသည်။ ပြီးသောအခါ ပါဆယ်ထုပ်ကိုဖောက်ကာသူမကြည့်သည်။ သူမအတွက် ဖန်ပုလင်းလေးတစ်လုံးအား လက်ဆောင်ပါဆယ်ထုပ်လာချင်းဖြစ်သည်။ ဖန်ပုလင်းအား တွေ့တွေ့ချင်းပင် မျက်မှောင်ကျုံ့သွားသည်။ ချက်ချင်းပင် ပြုံးရောင်သန်းလာပြီး။ ကျွန်တော့်ကို တစ်ချက်ကြည့်သည်။

“ကျေးဇူးတင်ပါတယ်…. အမှတ်တရတွေဆို ငါကသိပ်ချစ်တာ….။ ”
“ငါတို့နှစ်ယောက်ပြိုင်ပွဲလည်း ဒီမှာပြီးပြီပေါ့….”

ကျွန်တော့်စကားကိုကြားသောအခါ ဝိုင်းစက်သောမျက်လုံးများဖြင့် သူမစိုက်ကြည့်ပြီး ကျွန်တော့်ကိုမျက်နှာလွှဲကာ

“အင်း ငါတို့နှစ်ယောက်ပွဲမှာ ဘယ်သူမှ မရှုံးခဲ့ပါဘူး….”
“ငယ်ငယ်လေးကတည်းက သံယောဇဉ်တစ်ခုကို ပြိုင်ပွဲလုပ်လိုက်တာလည်း  ငါတို့မကောင်းဘူးထင်တယ်။”

သူမက ကျွန်တော့်ကိုတစ်ချက်ပြုံးပြကာ
“ငါက အဲလိုမဟုတ်ပါဘူးဟာ… နင်ရည်းစားတွေများတယ်ကြားလို့။ နင်ဘယ်လောက်ရည်းစားမထားဘဲ နေနိုင်သလဲ ဆိုတာ ဒီပြိုင်ပွဲလေးနဲ့ စမ်းသပ် ပြိုင်ပွဲမှာ ရှုံးရင် နင်(၃)နှစ်ရည်းစားမထားရဘူးလေ…”
“ခုတော့ ငါလွတ်လပ်သွားပီးပေါ့……….။ ကဲ..ပြန်ကြရအောင်ဟာ…”

“ဟဲ့………နေဦးလေ။ ပြိုင်ပွဲက နောက်ဆုံးတစ်ဆင့်ကျန်သေးတယ်..”

“အွန်…. ဘယ်အဆင့်လဲ.. ပြီးသွားပြီးမဟုတ်ဘူးလား…..”

ကျွန်တော်အမေးကို သူမက တစ်ချက်ပြုံးကာ ခေါင်းခါပြသည်။

“ငါတို့အပြန်အလှန်ပေးခဲ့တဲ့ လက်ဆောင်(၇)ခုကို ပြန်ပြရမယ်လေ….”

နက်ဖန်ညနေ အင်းလျားကန်ဘောင်ပေါ်မှာ ငါစောင့်နေမယ် ခိုင်ခန့်။ သူမ ချက်ချင်းပင် နှုတ်ဆတ်ကာ ထွက်ခွာသွား သည်။ နောက်ဆုံးအဆင့်ဆိုသည့် စကားလုံးသည် ကျွန်တော်ခံစားမှုကို ရှိန်းကနဲ ဖြစ်သွားစေသည်။

*****************************************************

မနေ့ကမှောင်နေသော ရာသီဥတုအရှိန်က မနက်ထိပါဆက်လက်ကူးစက်စေခဲ့သည်။ ကန်ဘောင်ပေါ်တွင် သူမနှင့် ကျွန်တော်မျက်နှာချင်းဆိုင်ရှိနေ၏။ မိုးငွေ့ပါသောလေးအချို့ ကျွန်တော်တို့နှစ်ယောက်ကြားဖြတ်ပြေးသွားသည်။

“ငါရှုံးပြီး မေမြတ်မွန်….”

ကျွန်တော့်အဖြေကြားသောအခါ သူမပြုံးသွားမည်ဟု ကျွန်တော်ထင်သည်။ သို့သော် သူမမပြုံးပေ မှိုင်းညို့သောတိမ်တွေ နှင့်အတူ သူမမျက်ဝန်းများ မှိုင်းညို့သွားသည်ကို ကျွန်တော်တွေ့လိုက်ရသည်။
“ခိုင်ခန့်အောင်……ရယ်”

သူမလွယ်အိတ်ထဲမှာ အရာအချို့ကို ထုတ်ယူလိုက်သည်။ အမှတ်တမဲ့ဖြင့် သူမအား ကျွန်တော်ပေးခဲ့သော ကန်ဘောင် ပေါ်မှာ သစ်ရွက် သစ်ခက်များကို သူမအခြောက်ခံကာ သိမ်းဆည်းထားသည်။ သူမလက်များ အနည်းငယ်တုန်ယင်နေ သည်။ ကျွန်တော်အံ့ဩစွာ ကျွန်တော်ပေးခဲ့သော လက်ဆောင်လေးများကို ကြည့်လိုက်မိသည်။ အစိမ်းရောင်အရောင် အဆင်းအနည်းငယ်ပျောက်ပြယ်နေသော သစ်ရွက်အစိမ်းရောင်အညွှန့်လေး ၊ ကြက်သွေးနီရောင်မှ ခပ်ပုတ်ပုတ်အရောင် သို့ ပြောင်းလဲနေသော အညွှန်ကလေးများ ကျွန်တော်သူမအားတစ်ချက်ကြည့်လိုက်၏။ လမ်းမဘက်သို့ သူမမျက်နှာလွှဲ ကာ ဆံပင်များကို သပ်တင်လိုက်သည်။

“ငါနင့်ကို ဒုတိယကြယ်သီးတွေချည်းပဲ ပေးခဲ့လဲ သိလား ခိုင်ခန့်…”

သူမအမေးကို ကျွန်တော် ခေါင်းသာရမ်းပြလိုက်သည်။ သူမကျွန်တော်တစ်ချက်စိုက်ကာကြည့်သည်။

“နောက်တစ်ပတ်ငါ စလုံး(စင်ကာပူ) သွားရတော့မယ် ခိုင်ခန့်…။ ငါကြိုသိပြီးသွားပြီ။ ဒါပေမယ့်ဟာ ငါနင့်ကိုမခွဲနိုင်ဘူး”

ငြင်သာသောလေပြေညှင်းများသည် ကျွန်တော့်ရင်ထဲမုန်တိုင်းသဖွယ်ပြင်းထန်သွားသည်။

“အမှတ်တရအဖြစ်လက်ဆောင်ပေးချင်တာနဲ့….. ငါအမြတ်နိုးဆုံး အကျီ င်္ထဲက ဒုတိယမြောက်ကြယ်သီးလေးတွေ နင့်ကိုပေးခဲ့တာ….။ ဒုတိယမြောက်ကြယ်သီးဆိုတာ လူတစ်ယောက်ရဲ့ နှလုံးသားနဲ့ အနီးစပ်ဆုံးလေဟာ… ငါ့နှလုံးသားနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ ကြယ်သီးလေးတွေ နင့်ဆီမှာ ရှိစေချင်တဲ့ စိတ်နဲ့ငါပေးခဲ့တာ…။”

သူမစကားများသည် ကျွန်တော့်နှလုံးသားများ ရပ်တန့်သွားသလိုခံစားလိုက်ရသည်။ သူမထွက်ခွာသွားမည်ဆိုသောအခါ သဘောမတူသလိုခံစားမှုမျိုး ဖြစ်လာသည်။

“နင်မသွားပါနဲ့……”

“နင်ငါ့ကို အလေးမထားခဲ့ဘူး ခိုင်ခန့်….”

“ငါ……..ငါ”
ကျွန်တော့်စကားလုံးများ ဆို့နင့်သွားသည်။ ကျွန်တော်ဘာမှ မပြောနိုင်တော့ပါ။

“နင်ဟာ ကမ်းတဲ့လက်ကို မလှမ်းတဲ့လက်…….။ နင်ဟာ ကမ်းတဲ့လက်ကို မမြင်တဲ့သူ………..။ တကယ်တော့ နင်ဟာ ငါ့ရဲ့ ဒုတိယမြောက် ကြယ်သီး ဖြစ်ခွင့်မရှိတဲ့ သူ”

မျက်ဝန်းမှ မျက်ရည်တစ်စအား သူမလက်ဖြင့်သုတ်ကာ ကျွန်တော့်လက်ထဲသို့ တစ်စုံတစ်ရာထည့်ပေးသွားခဲ့သည်။ သူမ လက်ဆောင်ပေးခဲ့သော ရှပ်အကျီ င်္မှ သူမလက်ဆောင်အဖြစ်ယူခဲ့သော ဒုတိယမြောက်ကြယ်သီးကလေးဖြစ်သည်။

*********************************************

ဝရုန်းသုန်းကားမဆန်တဲ့ လေပြေအချို့ ကျွန်တော့ခန္ဓာကိုယ်အား ဖြတ်သန်းကာ တိုက်ခတ်သွားကြသည်။ ညိုမှောင်ရီတဲ့ ရာသီဥတုက အရှိန်ယူကာသည်းကာမည်းကာ ရွာတော့မယောင် အင်းလျားကန်ဘောင်ပေါ်တွင်ရပ်ကာ ကန်ရေပြင်ဘက် မျက်နှာမူလျှက် ကျွန်တော်မလှုပ်မယှက်။ လက်ထဲတင်းတင်းစေ့ကာ ဆုပ်ကိုင်ထားတဲ့ ကြယ်သီးလေးတစ်လုံးကို ဖြန့်ကာ ကြည့်လိုက်မိ၏။ ကျွန်တော့်မျက်ဝန်းမှ မျက်ရည်စများက တိုင်ပင်မကိုက်ပဲ လက်ထဲသို့ကျရောက်သွားသည်။ လေပြင်း တစ်ချက်တစ်ချက် ထပ်ကာထပ်ကာတိုက်ခတ်လာ၏။ လေနှင့်အတူ မိုးစက်မိုးပေါက်တစ်ဖျောက်ဖျောက်ဖြင့် ကန်ရေပြင်နှင့် ကန်ဘောင်တစ်လျှောက် ကတ္တရာလမ်းမအပေါ် သည်းကာမည်းကာကျရောက်လာသည်။ မိုးစက်များ ရိုက်ခတ်မှုနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး ရွှဲစိုကာနေပေမယ့်လည်း ပြန်မလှည့်တော့သည့် ခြေထောက်များကို ကျွန်တော်ပြန်လည် ကျိန်ဆဲ မိလိုက်၏။

**********************************************

အိပ်ခန်းအတွင်းမှ အပြင်ဘက်ကိုကျွန်တော်ငေးမောကြည့်နေခဲ့သည်။ မေ(၃၁)ဆိုသည့် ကာလတစ်ခုက နှစ်ကျော့ပြန် ကျွန်တော့်ဘဝကိုဖြတ်သန်းသွားသည်။ စားပွဲခုံလေးဘေးတွင် သူမနှင့်ဆင်တူ ကျွန်တော်ဝယ်ခဲ့သော ဖန်ပုလင်းလေးရှိသည်။ တစ်ခါတစ်ရံ စိတ်အစဉ်တို့သည် မိမိချစ်သောသူတစ်ဦးနှင့် မိမိကိုယ်တိုင် မသိကစိတ်ဆက်နွယ်နေမိသည်။ ထိုဖန်ပုလင်းလေးထဲတွင် အရောင်အသွေးစုံသော ကြယ်သီးများစွာ တစ်ဝက်ခန့်ရှိ၏။ ထိုကြယ်သီးများ ကျွန်တော်အမြတ် တနိုးဝတ်ဆင်သော အကျီ င်္များစွာ၏ ဒုတိယမြောက်ကြယ်သီးများစွာဖြစ်သည်။ နောက်ထပ် မေ(၃၁)ကျွန်တော့ဘဝသို့ တစ်ကျော့ပြန်လာချိန်တွင် သူမအား ထိုဖန်ပုလင်းလေးအား အပိုင်ပေးဖို့ ကျွန်တော်ရည်ရွယ်ထားသည်။ ဖန်ပုလင်းလေးထဲ တွင် ကျွန်တော်နှလုံးသားနှင့် အနီးကပ်ဆုံး သင်္ကေတလေးများစွာရှိသည်။ သူသည် အေးစက်သော မိုးစက်တစ်ပေါက် ဆိုလျှင်…. ကျွန်တော်သည် သူ့အား တိုးမပေါက်နိင်သည့် အားနည်းသော လေညှင်းတစ်ခုဖြစ်လိမ့်မည်။

****************************************************

ရင်းနှင့်ရင်း၍
အောင်မိုးသူ
အောက်တိုဘာ ၁၂ရက် ၂၀၁၂ခုနှစ်။
သောကြာနေ့
ည ၆နာရီ ၁ဝမိနစ်

3 comments

  • မောင်ပေ

    October 15, 2012 at 8:51 pm

    မျိုးကျော့မြိုင်ရဲ ့သီချင်းတစ်ပုဒ်ကို သတိရမိတယ်
    “ မေ ၃၁ ” တဲ့
    မေ၃၁…မိုးတွေ..ရွာသွန်းနေစဲ
    လမ်းမတစ်လျှောက်…လမ်းလျှောက်လာစဉ်…ကိုယ့်စိတ်ကမပါသလိုပဲ
    ကိုယ့်စိတ်တွေဟာ…ဟိုးအမြင့်ကြီးမှာ
    မင်းမလိုချင်တဲ့…ကိုယ့်အချစ်တွေနဲ ့
    စိတ်ကူးလို ့ ရူးနေမိခဲ့…အချစ်ရယ်

  • jullies cezer

    October 16, 2012 at 10:51 am

    အားပေးသွားပါတယ်နော်……..

  • ဘလော့မှာဖတ်ပြီး ဒီမှာလာမန့်တယ်…
    တစ်စုံတစ်ယောက်ကိုလည်း အဲလိုဖြစ်စေချင်တယ်… 🙂

    ကျွန်တော့်မျက်ဝန်းမှ မျက်ရည်စများက တိုင်ပင်မကိုက်ပဲ လက်ထဲသို့ကျရောက်သွားသည်။

Leave a Reply