ဒီရွာလေးထဲကို ကိုယ့် တီချယ်ကြီးရဲ့ ဖိတ်ခေါ်မှုနဲ့မနေ့ကပဲ ရောက်တယ်။ အားလုံးဆီကို အကြမ်းဖျင်းလည်ပတ်ပြီး လိုက်ဖတ်လိုက်တာ၊ ရွာထဲက လူတွေအတော် စာရေးကောင်းကြတာပဲကိုး။ ကိုယ့်မှာက ရေးအားက သိပ်မကောင်း၊ ရေးပြီးသား အဟောင်းထဲက မွှေရအောင်ကလည်း လောက်လောက်လားလားမရှိ။ ကိုယ်တိုင်က မန္တလေးကို လွမ်းမှ လွမ်းချင်းတွေ ထွက်လာတာ။

လွမ်းရေးထက် ဝမ်းရေးခက်လေတော့ နေ့တိုင်းလည်း မလွမ်းနိုင်ပါဘူး။ (အဲဒါ တစ်နေ့တစ်ပုဒ် မတင်နိုင်ကြောင်း ကြိုကာထားခြင်းဖြစ်၏။)
ဆိုတော့ကာ မနေ့က တီချယ်နုတင်ခိုင်းထားတဲ့ ဟင်းစပ် လေးတွေပဲတင်ပါမယ်။ မန်းလေး အိမ်ကို လွမ်းတုန်းက ဖေ့ဘုတ်မှာ တင်ထားတဲ့ ပို့(စ) ကို နည်းနည်းမွန်းမံထားတာပါ။
အစားအသောက် ဝါသနာ မပါသူတွေတော့ သည်းခံကြပါ။

ဟင်းစပ် (၁၃ ဂျူလိုင်၊ ၂၀၁၂)

ဗိုက်ဆာတယ်။ ဗိုက်ဆာတော့ အစားအသောက်တွေ အကြောင်းတွေးမိတယ်။ ကိုယ့် မေမေ ရဲ့  ဟင်းစပ်အတည့်လေးကို မစားရတာ ဘယ်လောက်ကြာပြီလဲ။
ကိုယ့်တို့ သားအမိ တူတဲ့ အချက်က ဟင်းချက်ရမှာ အလွန်ပျင်း ပြီး များများစားစားလည်း မချက်တတ်ဘူး။
ကိုယ်စားချင်တဲ့ ဟင်းစပ်လေးကို သူများချက်ကျွေးချင်အောင် ပူစာတတ်တာလေးပဲရှိတာ။ ကဲ မှတ်မိသလောက် ဟင်းစပ်လေးတွေကို ရေးမယ်ဗျား။
 
၁) နွေဦးရာသီလေးများဆို တောကြက် ဆီလည်ရေလည်ချက်လေး ကို သရက်ကင်း၊ ငပိရည်တို့လေးနဲ့ စားရတယ်။
 
၂) နွေလည်ရာသီလောက်ဆို သရက်သီးတွေမှည့်ပြီ။ ငါးမြင်းဗိုက်သား ဆီပြန်လေးနဲ့ သရက်သီးမှည့်လေးနဲ့ စားကြတာ။
        
၃) မိုးဦးကျဆိုလို့ကတော့ မျှစ်ကိုပြုတ် ပုစွန်ခြောက်မှုန့်၊ မြေပဲမှုန့်တို့နဲ့ သုပ်ပြီး ငါးဖယ်လေးကြော်၊ ဘူးသီးဟင်းခါးလေးနဲ့ စားသပေါ့။
 
၎) မိုးလေး အေးအေးရွာပြီဆို၊ ဝက်သား သုံးထပ်သားလေးကို မျှစ်ချဉ်လေးနဲ့ အရည်သောက်ချက်၊ ငရုတ်သီးဆားထောင်းလေးနဲ့ဆို အလွန်လိုက်ဖက်တယ်။
 
၅) တစ်ခါတစ်ခါ မိုးရွာလွန်းလို့ ဈေးမသွားနိုင်ဘူးဆိုရင် အိမ်မှာရှိတဲ့ ငါးသေတ္တာကို ခရမ်းချဉ်သီးနဲ့ကြော်ချက်လေးချက်၊ ပဲနီလေးနဲ့ ကြာဆံလေး ကို အရည်သောက်လိုက်လဲ ထမင်းမြိန်တာပဲ။
 
၆) ပုစွန်ဆိတ်လေးရတဲ့နေ့ဆို မျှစ်ပါးပါးမျှင်မျှင်နဲ့ ငရုတ်သီးစိမ်းရောကြော်၊ ပတတ်စာနဲ့ကင်ပွန်းချဉ် ရည်လေးနဲ့ စားရလို့ကတော့ ဗိုက်ကားပြီဲ။
 
၇) ဒညင်းသီးကို ခရမ်းချဉ်သီးနဲ့ ငပိချက်ချက်တဲ့နေ့ဆိုရင် ပဲကြီးဟင်းလေးနဲ့ အသားကတော့ ဝက်သားကို ဖလံတောင်ဝှေးနဲ့ကြော်လိုက်တာပဲ။
 
၈) မန်ကျည်းရွက်နုများမြင်လို့ကတော့ သုပ်ပြီး ကြက်သားလေး အကျွပ်ကြော်ပြီး ကြာရိုးဟင်းခါးနဲ့ တွဲလိုက်တယ်။
 
၉) တစ်ခါတစ်ခါ စိတ်ပါရင် (ဘူးသီး၊ ခရမ်းသီး၊ အာလူး၊ ရုံးပတီသီး၊ ငါးရန့်ခြောက်ရိုး၊ ဒန့်ဒလွန်သီး၊ ပဲစောင်းလျားသီး) တို့နဲ့ သီးစုံချဉ်ရည်ဟင်းလေးချက်ပြီး ဘဲဥအချပ်ကြော်ပြီး ငရုပ်သီးငါးခြောက်ကြော်များဆိုလို့ကတော့။။။။။။

၁၀) သွေးတော့နည်းနည်းတက်သော်လည်း၊ ဆူးပုတ်ရွက်ကိုဘဲဥနဲ့ကြော်ပြီး ငါးရံ့ခြောက်ဖုတ်လေး ကိုလဲ အလွတ်မပေးချင်ပြန်ဘူး။
 
၁၁) ချဉ်ပေါင်ရည်တည် နဲ့ ငပိထောင်းဖြစ်ရင်တော့ ငါးကလေး အိုးကပ်လိုက်တာပေါ့။
 
၁၂) ငါးပတ်ကိုမွှေမိလို့ကတော့ ကြက်ရိုးနဲ့ ကျောက်ဖရုံ ဟင်းခါးလေးတည်၊ ကိုင်းခရမ်းချဉ်သီးလေးကို ငပိချက်ချက်ရင် အလွန်လိုက်တယ်။
 
၁၃) ဗမာပဲငပိ လေးကို ခရမ်းချဉ်သီးလေးနဲ့ကြော်၊ ဝက်ရိုး ကြံမဆိုင်အရည်လေးနဲ့ ကြက်သားအချိုချက်လေးဆို ဆောင်းဦးပေါက်ရာသီလေး မှာ စားလို့အရမ်းကောင်း။
 
၁၄) ရေချိုပုစွန်ထုတ်ကြီး ဆီပြန်ချက်ရင် ငံပြာရည်ချက်ကို (သခွါးသီး၊သံပုရာသီး၊ ဘူးသီးပြုတ်၊ ရှောက်ရွက်) စသည်ဖြင့်တို့ပေါ့။ မုံလာဥချဉ်ရည်ပူပူလေးသောက်ချင်ရင် ချက်လိုက်ဦး။
 
၁၅) ပိန်းဥ ကို ဝက်သားအကြေသားလေးနည်းနည်း၊ ကြက်မြစ်ကြက်သည်းလေးနည်းနည်း၊ ငါးဖယ်လေးနည်းနည်းကို ချိုနေအောင်အရည်တည်၊ မုံညင်းစိမ်းလေးခတ်၊ ခါချက်ဥနီလေးကို ခြစ်ပြီး ငရုတ်သီးစိမ်းနဲ့အချဉ်သုပ်လိုက်ရင် ထမင်းဘယ်နှစ်ပန်းကန်ယူမိမှန်းကို မသိဘူး။
 
၁၆) အကြံကုန်တဲ့နေ့ဆို ကြာဆံဟင်းခါးပူပူကျဲကျဲ လေးကို ငါးဖယ်ဆီပြန်လေးနဲ့ ချက်တဲ့သူစိတ်ရှည်ရင်တော့ ရှောက်သီးသုပ်ခိုင်းရတာပေါ့။ ဟီးဟီး။

တစ်ချို့ကတော့ ဘာအသား ညာအသားမစားကြဘူး။ ကိုယ်တွေလည်း ကိုးနဝင်းလေးများ စိပ်ရင် တစ်ပတ် တစ်ရက်လောက်က သတ်သတ်လွတ်စားရက်ဖြစ်တော့ သတ်သတ်လွတ်ဟင်းစပ် လေးပါ တလက်စတည်း ရေးပါရစေ။

၁) ခွေးတောက်ရွက်နဲ့ ဘယာကြော်ရောကြော်ပြီး ပဲကြီးဟင်း အရည်သောက်လေး စားချင်လား။

၂) မြေပဲဆံကို ထောင်းချက်ပြီး ဘူးသီးကြော်လေးနဲ့ ဆိုရင်စားမလား။

၃) နွားနို့ခဲကို ဆီပြန်ချက်ပြီး ခရမ်းချဉ်သီးသုပ်လေးရော။

၎) ပဲပုပ်စေ့ကို ကြော်ပြီး ချဉ်ပေါင်ချဉ်ရည်လေးနဲ့လည်း စားလို့ကောင်းတယ်လေ။

၅) ကန်စွန်းရွက်ကို ကြက်သွန်ဖြူ ဓားပြားရိုက်၊ ပဲငံပြာရည်အကြည်လေးနဲ့ကြော်ပြီး အာလူး ကြာဆံသုပ်လေးဆို ကောင်းမလား။

၆) ခရမ်းသီးလေးကိုနှပ်ပြီး အာလူးပါးပါး အကြွပ်ကြော်စားရမယ် ဆိုရင်ရော။
 
ကဲ တော်လောက်ပြီ။ ဗိုက်လည်း အတော်ဆာလာပြီ။ ရုံးအောက်ဆင်းပြီး ဖြူဖတ်ဖြူရော် ကြက်ဆီထမင်း သွားစားလိုက်ဦးမယ်နော်။ :D

ဇီဇီ

About ဇီဇီ

ဇီဇီ has written 351 post in this Website..

CJ # 129120