မီဒီယာတစ်ခေတ် အသစ်ဆန်းလေပြီ

manawphyulayJuly 12, 20101min861

ဘလော့ဂ်တွေ ဘယ်လောက် အရေးပါလာမလဲ
အခုတစ်လော blog တွေ၊ wiki တွေ အပြင် ကိုယ်ပိုင်ဒိုမိန်းတွေနဲ့ အုပ်စုတွေ၊ website တွေ တိုးတက်များပြားလာတာကို အချိန်တိုအတွင်းမှာ တွေ့ရှိလာရပါပြီ။ ဒါတွေကို ကြည့်ခြင်း အားဖြင့် လူငယ်လူရွယ်တွေ အချိန်ကို အလဟဿ မကုန်ဆုံးအောင် အသုံးချတတ် လာကြပြီလို့ မှန်းဆလို့ ရပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ တိုးတက်နေတဲ့ ခေတ်အခြေအနေမှာ နည်းပညာတွေ တစ်နေ့ထက် တစ်နေ့ အသစ်အသစ် တွေ ပေါ်ထွက် လာနေချိန်မှာ ကျွန်မတို့တစ်တွေဟာ ခေတ်နောက် ပြတ်ကျန်လို့မရပါဘူး။ မီဒီယာစတိုင်သစ် တွေနဲ့အတူ တတ်နိုင်သရွေ့ ရှေ့ကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားကြရမှာပါပဲ။ နောက်ပိုင်း blog တွေ များပြားလာတာနဲ့အမျှ အများရဲ့အမြင်မှာ ကွဲပြားခြားနားစွာ မြင်တတ်ဖို့လည်း လိုအပ်တယ်လို့ ထင်မြင်မိပါတယ်။ blog တွေဟာ လမ်းကြောင်းတစ်ခုတည်းအတွက် ရည်ရွယ်တာ မဟုတ်ပါဘူးဆိုတာပါပဲ။ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင်တွေ့ရှိချက်၊ ကိုယ်ပိုင်စွမ်းဆောင်ချက်တွေနဲ့အတူ အနုပညာတွေ၊ နည်းပညာ ဗဟုသုတတွေ၊ စီးပွားရေး၊ ပညာရေး အားလုံး အားလုံး လက်လှမ်းမီသလောက် ဝါသနာအရင်းခံပြီး ဖြန့်ဝေနေကြတာဟာ အလွန်တရာ ဝမ်းသာမိပါတယ်။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းရှိသလို၊ လူမှာလည်း လူ့စည်းကမ်းရှိသလို ဘလောဂ့်တွေမှာလည်း ဘလောဂ့်စည်းကမ်းဆိုတာ ရှိပါတယ်။ ဘလောဂ့်ဂါတစ်ယောက်ဟာ ကိုယ်ဖန်တီးတဲ့ အနုပညာအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရ ပါတယ်။ မှန်ကန်တဲ့သတင်း၊ မှန်ကန်တဲ့လုပ်ဆောင်ချက်၊ မှန်ကန်တဲ့အကြောင်း အရာ ဒါတွေဟာ တိကျမှန်ကန်မှုရှိမှသာ ကိုယ့်ဘလောဂ့်မှာ တင်ပြကြခြင်း ဖြစ်ပါတယ်။ ငါသာစေ သူ နာစေဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ခြင်းမျိုးက ရေရှည်မှာ တည်မြဲမှု မရှိရုံမျှမက ဘလောဂ့်ဂါ အများကိုလည်း ယုံကြည်မှု ကင်းမဲ့စေတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဘလောဂ့်ဂါတိုင်း နားလည်လက်ခံသဘောပေါက်ကြပါတယ်။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ခြင်းဟာလည်း ကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ အောင်မြင်တိုးတက်မယ့် တက်လှမ်းတွေ ဖြစ်ပါတယ်။ ပြင်ပ ဘလောဂ့်ဂါများ နေရာအနှံ့အပြားမှာ များပြားနေတာကို တွေ့ရှိခြင်းအားဖြင့် ကိုယ့်နိုင်ငံသား တွေလည်း  ဒီလို မီဒီယာအသစ်တွေ အများအပြား တိုးတက်စေချင်တာ အမှန်ပါ။ ဘလောဂ့်ဂါအချင်းချင်း ရိုင်းပင်းကူညီပြီး ပြည်ပ မီဒီယာသမားတွေ ကိုယ့်ဝန်းကျင် အတွင်း မဝင်လာနိုင်အောင် အားလုံးကြိုးစားကြစေချင်ပါတယ်။ ပြည်ပနိုင်ငံ သား ဘလောဂ့်တွေကို လေ့လာမိသလောက် ဘလောဂ့်ဂါတွေရဲ့ ၃၅ ရာခိုင်နှုန်းကသာ ဘလောဂ့်တင်ခြင်းကို ဂျာနယ်လစ်ဇင်ရဲ့ ပုံစံသစ်တစ်မျိုးအဖြစ် ရှုမြင်ကြပြီး ကျန် ၆၅ ရာခိုင်နှုန်းနီးပါးကတော့ ယင်းသို့ မယူဆပါဘူးလို့ ဆိုပါတယ်။ အဲ နောက်ပြီး မိမိတို့ဟာ တစ်ခါတစ်ရံမှာဖြစ်စေ၊ မကြာခဏဖြစ်စေ မိမိတို့သတင်းမှာ ဖော်ပြမယ့် အချက်အလက်တွေရဲ့ မှန်ကန်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးအတည်ပြုဖို့အတွက် အချိန်ပိုပေးပြီး လုပ်ကြတယ်လို့ ဆိုသူ အရေ အတွက်ကတော့ ၅၆ ရာခိုင်နှုန်းမျှသာ ရှိပါတယ်။ ဒီတော့ ဘလောဂ့်ဆိုတာနဲ့ တစ်ခုထဲသော အကြောင်းအရာကို မမြင်စေချင်ပါဘူး။ ကိုယ့်ရေးသားချက်ကို ကိုယ်တာဝန်ယူရပါမယ်။ ဘလောဂ့်ဂါ တော်တော်များများ အင်း ပြောရရင်တော့ ၇ဝ ရာခိုင်နှုန်းလောက်ဟာ သူတို့ရဲ့ သတင်းတွေကို အွန်လို်င်းတင်ရာမှာ သူတို့ရဲ့ အမည်ဝှက်ကိုသာ ဖော်ပြကြပါတယ်။
ဘလောဂ့်ဂါတွေဟာ သတင်းရေးရာမှာ သူတို့ရဲ့ အမည်မှန်ကို မဖော်ပြတဲ့အတွက် တကယ်လို့ သတင်းမှားတွေ ပေးခဲ့ရင်လည်း သူတို့ကို ခြေရာခံနိုင်မှာ မဟုတ်ပါဘူး။ ထိုအဖြစ်တွေကြောင့် တချို့ ဘလောဂ့်ဂါတွေ မှားယွင်းတဲ့ ကောလဟလသတင်းတွေကို ဖြန့်ဝေလာမိတဲ့အခါ ကျန်ဘလောဂ့်ဂါများကိုပါ ထိခိုက်နစ်နာစေမှု ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အထင်မှား အမြင်မှားမှုတွေလည်း ဖြစ်လာနိုင်စရာ ရှိလာပါမယ်။ ဘာပဲပြောပြော နည်းပညာတွေ တိုးတက်ပြန့်ပွားလာတာနဲ့အမျှ လူကြီး လူငယ် လူရွယ်တွေအားလုံး နည်းပညာ ဗဟုသုတအမြင်တွေ နေရာတိုင်းမှာ ရရှိလာနိုင်မယ်ဆိုရင်၊ နားလည်မှုတွေ မှန်ကန်လာနိုင်မယ်ဆိုရင် ဘလောဂ့်တွေ ဘယ်လောက်အရေးပါလာမလဲ။ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေး အစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရတော့ပါဘူး။ ဘလောဂ့်တွေဟာ ကျွန်မတို့နိုင်ငံသားတွေရဲ့ အခြေခံ အဆောက်အအုံကို ဖျက်ဆီးပစ်နေတယ်ဆိုတဲ့ တွေးထင်ချက်ဟာ ယေဘုယျအားဖြင့် ခိုင်လုံမှု မရှိဘဲ အယူအဆသဘောသက်သက်သာ ဖြစ်ပါတယ်။ ဘလောဂ့်တွေကြောင့် ငုံ့လျှိုးနေတဲ့ အနုပညာ၊ ကိုယ်တိုင်ဖန်တီးနိုင်မှု စွမ်းရည်၊ လူတိုင်း အရည်အချင်းရှိပါတယ်ဆိုတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ ပညာတတ်ဝန်းကျင်တွေ အရာအားလုံး တိုးတက်များပြားလာတာ နဲ့အမျှ နိုင်ငံတစ်ဝှမ်းလုံး အောင်မြင်ဖြစ်ထွန်းမယ့် လူငယ်လူရွယ်တွေ မွေးထုတ်လာနိုင်ခဲ့ပြီး တိုးတက် အောင်မြင်သော လုပ်ဆောင်ချက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကို ရင်ဘောင်တန်းလာနို်င်မယ်လို့ ကျွန်မ မြင်မိပါတော့တယ်။
အခုအချိန်အတွက် မေးရမယ့် မေးခွန်းကတော့ ကျွန်မတို့အနေနဲ့ အများပြည်သူဆိုင်ရာ လူသားအားလုံးအတွက် နည်းပညာတွေ၊ ပညာဗဟုသုတ ဖလှယ်မှုတွေ ကိုယ်စွမ်းရှိ သလောက် ဘယ်လို ဖြန့်ဝေသွားမလဲဆိုတာပါပဲ။

One comment

  • zawana

    July 13, 2010 at 2:31 am

    ဘလော့ဂါတွေ အနေနဲ့ ကိုယ်ဖန်တီးတဲ့ အနုပညာအတွက် ကိုယ့်မှာတာဝန်ရှိတယ်လို့ ခံယူထားရမှာပါ။ ဘယ်သူတွေဘယ်လိုထင်ထင် ကိုယ်လုပ်ချင်တာလုပ်ရရင် ပြီးရောဆိုပြီး ပြီးစလွယ် မလုပ်သင့်ပါဘူး။ ကိုယ်ဖန်တီးတဲ့ ကိစ္စဟာ ကိုယ့်မှာတာဝန်ရှိပါတယ်။ တာဝန်လဲကြီးပါတယ်။ ဘယ်သူမှ ကိုယ့်ကို သိမှာမဟုတ်ဘူးဆိုပြီး ဘလော့ဂါ ကျင့်ဝတ်နဲ့ မညီညွတ်တာတွေကို မလုပ်မိဖို့ အရေးကြီးပါတယ်။ ဘလော့ဂါသမားတွေ အနေနဲ့လဲ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ကာကွယ်ကြစေချင်ပါတယ်။

Leave a Reply