အကောင်းဆုံးလက်ဆောင်

ရွှေအိမ်စည်October 17, 20121min635

ကျွန်မနယူးဇီလန် သွားတုန်းက ခရီးအတူသွား ကောင်မလေးတစ်ယောက်က အခုလို့ မေးခဲ့တယ်။

“လူတစ်ယောက်က အခြားလူတစ်ယောက်ကို ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က ဘာလဲ”

 

ဒီမေးခွန်းကို ကျွန်မသဘောကျလို့ ကျွန်မနဲ့သိတဲ့ လူအချို့ကိုလည်း မေးခဲ့ဖူးတယ်။ အဖြေတွေအများကြီးထဲက တစ်ချို့အဖြေဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ ဥပမာ “သစ္စာ၊ ချီးကျူးစကား၊ ဂတိ၊ အကြင်နာ၊ ဗဟုသုတ၊ လေးစားမှု၊ ခွင့်လွတ်မှု၊ အချစ်၊ ဂရုစိုက်မှု…. ” စတာတွေဖြစ်တယ်။ အဖြေတွေထဲက ကျွန်မကို မေးခွန်းထုတ်ခဲ့တဲ့ ကောင်မလေး ဖြေခဲ့တဲ့ “အချိန်” ဆိုတဲ့အဖြေကို အခုထက်ထိ ကျွန်မ အမှတ်ရနေမိတယ်။

 

ချစ်သူနဲ့ကွဲစ သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေအောင် ကျွန်မတို့ သူငယ်ချင်းတစ်သိုက် အပြင်ခေါ်ထုတ်ပြီး လည်ပတ်စားသောက်ကြတယ်။ တစ်ပတ်နေပြီးနောက် သူငယ်ချင်းတွေထဲက တစ်ယောက်က သူ့ကို “နင်စိတ်ပြေအောင် လည်ပတ်စားသောက်ခဲ့တဲ့ billတွေအားလုံး အဲဒီလူကို ပို့ပေးလိုက်၊ ပိုက်ဆံကို သူရှင်းပါစေ”လို့ စနောက်လိုက်တယ်။

 

“ဘာဖြစ်လို့လဲ”

 

“လမ်းခွဲခလေ”

 

“ဟင်း….သူလျော်နိုင်မှာ မဟုတ်ပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ အကောင်းဆုံးအချိန်၊ တန်ဖိုးအရှိဆုံး အချိန်တွေကိုတောင် သူ့ကိုပေးခဲ့တာပဲ။ သူလျော်နိုင်မှာ မဟုတ်ပါဘူး” လို့ သူက ပြန်ဖြေရှာတယ်။

 

(၂)

နေ့တိုင်း အချိန်တွေကို အလုပ်မှာပဲ မြုပ်နှံထားပြီး အိမ်ထောင်ပြုဖို့ အရွယ်လွန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့အိမ်က စိတ်ပူစပြုလာတယ်။ သူ့အတွက် သင့်တော်မယ့် မိန်းကလေးကို လိုက်ရှာ၊ လိုက်စပ်ပေးနဲ့ အလုပ်ရှုပ်နေကြတယ်။ “ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲ၊ ကိုယ်ကြိုက်တာ တစ်ခုခုကို ပြောမှ လူတွေက နင့်အတွက် ရှာပေးရ အဆင်ပြေမှာပေါ့” လို့ သူ့ကို ကျွန်မမေးတော့…

“သူ့အတွက် ငါ့အချိန်တွေကိုပေးနိုင်မယ့် မိန်းကလေးကိုပဲ ငါလိုချင်တယ်” လို့ သူက ပြန်ဖြေခဲ့တယ်။

 

(၃)

အချစ်ကြောင့် စိတ်ရောကိုယ်ပါ အကြီးအကျယ် ထိခိုက်ခဲ့တဲ့ ကောင်မလေးတစ်ယောက်က နှစ်တွေကြာခဲ့ပေမယ့် မပျော်ရွှင်တဲ့ စိတ်ပြတင်းပေါက်ကို မဖွင့်နိုင်ခဲ့ဘူး။ အချစ်သစ် မရှာနိုင်ခဲ့ဘူး။ လူတွေက သူ့ကိုထားသွားခဲ့သူကို မမေ့နိုင်လို့၊ စောင့်နေသေးတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် အဲဒီလူ သူ့ကိုပြန်ဆက်ဖို့ ထပ်ကြိုးစားချိန်မှာ သူငြင်းပယ်ခဲ့တယ်။

 

“သူ့ကို ကျွန်မ မေ့မရလို့ မဟုတ်ပါဘူး။ ကျွန်မနှမြောတာက ဟိုးအရင်သူနဲ့အတူ ရှိခဲ့ဖူးတဲ့ အချိန်တွေကိုပါ။ ဒါပေမယ့် အဲဒီလိုအချိန်မျိုး ကျွန်မတို့အတွက် ထပ်ရှိလာနိုင်တော့မှာ မဟုတ်ပါဘူး”

 

(၄)

“အဆုံးမဲ့ အချိန်နယ်ပယ်တွင်းမှာ စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိဘူး။ အချိန်မီ ရောက်လာတာပဲရှိတယ်”

 

စောစောမုန်းတဲ့ အမုန်းပဲဖြစ်ဖြစ်၊ နောက်ကျမှ မုန်းတဲ့ အမုန်းပဲဖြစ်ဖြစ် အမုန်းဆိုတာ စိတ်ညစ်၊ ဝမ်းနည်းစရာတွေဖြစ်တယ်။ ဒါကြောင့် အမုန်းကို ဥပေက္ခာ ပြုလိုက်တာ အကောင်းဆုံးပါပဲ။

  • မှန်တဲ့အချိန်မှာတွေ့တဲ့ အချစ်ရဲ့ရုပ်ပုံကမှ လှပသတဲ့။ (right time, right person)
  • မှန်တဲ့အချိန်မှာ မှားတဲ့အချစ်နဲ့ တွေ့ရင် ခံစားရတယ်။ (right time, wrong person)
  • မှားတဲ့အချိန်မှာ မှန်တဲ့အချစ်နဲ့တွေ့ရင် ဝမ်းနည်းရတယ်။ (wrong time, right person)

ကိုယ့်အချိန်တွေကို ပေးနိုင်မယ့် လူတစ်ယောက်ကိုရှာယူပါ။

သူ့အချိန်တွေ ကိုယ့်အတွက်ပေးနိုင်မယ့် လူတစ်ယောက်ကို ရှာယူပါ။

ကိုယ့်အတွက် စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ လူကိုတန်ဖိုးထားပါ။

အကောင်းဆုံး လက်ဆောင်ဆိုတာ ကိုယ်ချစ်တဲ့လူအတွက် ကိုယ့်အချိန်တွေကို ပေးနိုင်တာပဲဖြစ်တယ်။

 

သွားအတူ၊ လာအတူ၊ စားအတူ၊ အတူဆွေးနွေးတယ်၊ အတူဆိုညည်းတယ်၊ အတူကဗျာစပ်ကြတယ်၊ အတူကာရံတွေညှိကြတယ်… အတူ….. အတူ…. တစ်ယောက်တည်း ဖြစ်သွားတဲ့အချိန်မှာ “အပျော်”ဆိုတာ မရှိတော့ဘူး။

တကယ်လို့ ကျွန်မကို “အကောင်းဆုံး လက်ဆောင်က ဘာလဲလို့” မေးခဲ့ရင် “အချိန်” လို့ပဲ ကျွန်မဖြေမိမှာပါ။

 

ဘယ်လောက်ပဲ ချစ်နေ၊ ခံစားနေပါစေ၊ ဘယ်လောက်ပဲ လေးစားမြတ်နိုးနေပါစေ… အဲဒီအချစ်၊ မြတ်နိုးမှုတွေက ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့ အနားမှာနေခွင့်ရတဲ့ “အချိန်” နဲ့ မနှိုင်းသာပါဘူး။

 

 

သူငယ်ချင်းဂါဂါအာ(ဒေါက်တာမောင်မောင်ကျော်) ရဲ ့အကောင်းဆုံးဘာသာပြန်လက်ဆောင်ပါ။

အားလုံးကိုခင်မင်လေးစားလျက်

ရွှေအိမ်စည်

5 comments

  • uncle gyi

    October 17, 2012 at 4:43 pm

    အဘိုးတန်လက်ဆောင်ဆိုတာလက်ခံသူရဲ့အသက်အရွယ်
    နဲ့ပေးသူရဲ့စိတ်ကူးပေါ်မူတည်မယ်ထင်ပါတယ်ဗျာ
    ဥပမာ၅ နှစ်အရွယ်ကလေးကိုအချိန်အကြောင်းသွားပြေ ာရင်စိတ်ဝင်စားမှာမဟုတ်သလို
    ကစားစရာအရုပ်ကလေးပေးလိုက်ရင်သူသိပ်သဘောကျသွားမှာပါ
    ဥပမာပြောတာနော်

  • အကောင်းဆုံးလက်ဆောင်ကတော့ အရွယ်မရွေးနှစ်သက်နိုင်တာကတော့
    အပြုံးလှလှလေးဘဲ ထင်ပါရဲ့

  • မောင်ပေ

    October 17, 2012 at 7:49 pm

    အကောင်းဆုံးလက်ဆောင်
    မပြောင်းပြုံးသက်မောင်
    ခေါင်းအုံးဆက်ထောင်
    မောင်းရှုံးကွက်ပြောင်

  • TTNU

    October 17, 2012 at 11:44 pm

    ရွှေ ရေ…
    အကောင်းဆုံးလက်ဆောင်ကို ပေးသူနဲ့ ယူသူ နှစ်ယောက်အကြား
    နားလည်မှ အကောင်းဆုံးဖြစ်ပေမယ်။

    တစ်ခါတစ်လေ တစ်ယောက်ယောက်အတွက် အဖိုးမတန်ပေမဲ့
    နောက်တစ်ယောက်အတွက် အရေးကြီးချင်ကြီးနေမယ်။

    တီချာထင်တာကတော့ အလိုအပ်ဆုံးအရာ ဟာ အကောင်းဆုံးလက်ဆောင်ပါပဲ။

    • pooch

      October 18, 2012 at 12:15 am

      ဟုတ်ပါတယ် တီချယ် အလိုအပ်ဆုံးဟာ အဖိုးတန်ဆုံး လက်ဆောင်ပါ။

Leave a Reply