တိုင်ပင်မထား တူညီကြရာ နေ့လည် ၁၂ နာရီဝန်းကျင်ပါ။

ခင္ခOctober 18, 20121min12724

တိုင်ပင်မထား တူညီကြရာ နေ့လည် ၁၂ နာရီဝန်းကျင်ပါ။

ကလင်—–ကလင်——–ကလင်———-ကလင်———ကလင်။

ဟေး ——- ဟေး —— ဟေး ။

မူလတန်းကျောင်းတစ်ကျောင်းက နေ့လည် ၁၂ နာရီ ထမင်းစားချိန် ကျောင်းဆင်းတဲ့ ခေါင်းလောင်းဘဲတီးသံ ကြားလိုက်ရတာနဲ့ စာသင်ခန်းထဲမှာ စာသင်နေကြတဲ့ ကလေးတွေ အော်ဟစ်ဆူညံတဲ့ အသံတွေ ကျောင်း ဝန်းကျင် တစ်ခုလုံးပျံလွင့်သွားတယ်လေ။ ကျောင်းသားကျောင်းသူ တွေထဲက ထမင်းချိုင့်ပါလာသူတွေ ကလည်းကိုယ်ခင်မင်ရာ သူငယ်ချင်းတွေစုလို့ နေ့လည်ထမင်းစားဖို့ပြင်ကြ စားကြတာပေါ့၊ တစ်ချို့တွေလည်း ကျောင်းမုန့်ဈေးတန်းဆီ ပြေးကြလေပြီ၊ တစ်ချို့တွေလည်း မိမိတို့အိမ်က လာပို့တဲ့ ထမင်းချိုင့်ကို ကျောင်း ပေါက်ဝမှာ သွားပြေးယူသူယူ။ တစ်ချို့တွေကတော့ မိမိတို့အိမ်က နေ့လည်ထမင်းစားချိန် လာရောက်စောင့် ကျွေးကြလို့ သစ်ပင်ရိပ်လေးတွေ၊ ကားနောက်ခန်းမှာတွေ စသည်ဖြင့် နေ့လည်စာကို စားသောက်နေကြတယ် လေ။ ကျောင်းဖွင့်ရက်နေ့စဉ် ကြုံခဲ့ရတဲ့ နေ့လည်ထမင်းစားချိန် ၁၂ နာရီမို့ အဲဒီအချိန်ရောက်တိုင်း နေ့လည် ထမင်းစားခေါင်းလောင်းထိုးသံကို မျှော်ခဲ့မိကြသလို အလယ်တန်း၊ အထက်တန်းကျောင်းတွေ ပြောင်းလဲတက်ခဲ့ ရပေမယ့် မပြောင်းလဲဘဲ ရှိခဲ့တာက နေ့လည်ထမင်းစားကျောင်းဆင်းချိန်ဆိုတဲ့ ၁၂ နာရီပါဘဲ။

ဒီင်္လိုနဲ့ တက္ကသိုလ်ဝင်စာမေးပွဲဆိုတဲ့ ဆယ်တန်းစာမေးပွဲအောင်လို့ တက္ကသိုလ်တက်ခဲ့ရတာပေါ့။

“ဘာစားမလဲ အကို´´

“ကျွန်တော် ထမင်းကျော်တစ်ပွဲ´´

“ဘာသားနဲ့လဲအကို´´

“ဝက်သားနဲ့ပါဘဲ´´

“ဟိုအကိုတို့ကရော´´

“ကျွန်တော် ဝက်ထမင်းပေါင်း´´

“ကျွန်တော်ကို ကြက်ဆီချက်ပေး´´

“ကျွန်တော်လည်း ထမင်းကျော် ကြက်ဥကြော်နဲ့´´

နောက်တစ်ဆိုင်မှာလဲ

“ခေါက်ဆွဲသုတ် အကြော်မထဲ့နဲ့ တစ်ပွဲ´´

“သမီးက ကြာဆံဟင်းခါးတစ်ပွဲ´´

“နင်ကရော ဘာစားမှာလဲ´´

“ငါ့ကထမင်းချိုင့်ပါတယ်၊ သံပုရာရေ တစ်ခွက်၊ ရေခဲလျော့ပေး´´

နောက်တစ်ဆိုင်ကတော့

“ချိုဆိမ့်တူး၊ ပုံမှန်ဒရီး´´

“ပေါက်ဆီ ရှိရင်ချပေးအုံး´`

“ဟုတ်ကဲ့´´

“နံပြားထောပတ်သုတ် တစ်ပွဲမှာထားတာမရသေးဘူးလား´´

“ရတော့မှာပါ ခဏလေးပါ ဒီအချိန် ထမင်းစာချိန် လူကျများနေလို့ပါဗျာ´´

“ဆာမူစာနဲ့ ကော်ပြန့်ကြော်ပါ ယူလာပေးနော်´´

အဲဒီလို တက္ကသိုလ်ကန်တင်း(မုန့်ဈေးတန်း) စားသောက်ဆိုင်တွေမှာ နေ့လည် ၁၂ နာရီဝန်းကျင်ဆို အတန်း အသီး ရဲ့စာသင်ဇယားမှာလည်း နေ့လည်ထမင်းစားနားချိန်ဖြစ်နေပြီး ကန်တင်းမှာလည်း စားချင်တာပွဲမှာ လို့ပြောကြသူ အချင်းချင်း စကားပြော၍ စားသောက်နေကြလို့ ဆူဆူညံညံ အသံတွေလွှမ်းလို့ နေ့လည်ထမင်း စားကျောင်းဆင်းချိန်ဆိုတဲ့ ၁၂ နာရီပါဘဲ။

တက္ကသိုလ်မှာ သက်ဆိုင်ရာဘာသာအလိုက် သတ်မှတ်နှစ်တွေကို တစ်နှစ်ပြီး တစ်နှစ်ကျော်ဖြတ်ခါ နောက်ဆုံး နှစ် စာမေးပွဲဖြေပြီး အောင်မြင်လို့ ဘွဲ့လေးတစ်ခုရတဲ့အခါ အလုပ်ခွင်အသီးသီး၊ရုံးဌာနအသီးသီးသို့ ဝင်ခဲ့ကြပြီ ပေါ့လေ၊ အဲဒီအခါမှာလည်း တစ်ချို့သောရုံးတွေ အလုပ်ရုံတွေမှာ နေ့လည်ထမင်းစားချိန်ကို နေ့လည် ၁၂ နာရီ ဝန်းကျင် သတ်မှတ်ထားတတ်ပြီး၊ ထမင်းဂျိုင့်ပါသူတွေကလည်း ရုံးမှာ ၁၂ နာရီဝန်းကျင်ရောက်ပြီဆိုတာနဲ့ ထမင်းစုစား တတ်ကြသလို ထမင်းဂျိုင့်မပါသူတွေကတော့ နီးရာစားသောက်ဆိုင် လဖက်ရည်ဆိုင်တွေမှာ သွားစာကြတဲ့အခါ လူစည်ကားဆူညံရာ နေ့လည်ထမင်းစားချိန်ဆိုတဲ့ ၁၂ နာရီပါဘဲ။

ပြင်ပမှာ သွားလာလှုပ်ရှားနေကြသူတွေ အလုပ်လုပ်သူတွေကလည်း နေ့လည် ၁၂ နာရီဝန်းကျင်ဆိုရင် မိမိ တို့နှစ်သက်ရာ စားသောက်ဆိုင်တွေကိုဝင်လို့ နေ့လည်စာမှာယူ စားသောက်ခဲ့ကြတာက အများစုပင် ဖြစ်နေ တတ်ကြပါတယ်။

ငယ်ငယ်တုန်းက မူလတန်း အလယ်တန်းကျောင်းသားဘဝ၊ အရွယ်လေးရတဲ့ အထက်တန်းနဲ့တက္ကသိုလ် ကျောင်းသားဘဝ၊ အရွယ်ရောက်လာတဲ့ ရုံးဝန်ထမ်း နဲ့ အလုပ်လုပ်နေတဲ့သူ စတဲ့အရွယ်စုံဘဝတွေမှာ နေ့လည်ထမင်းစားချိန်ဟာ သူငယ်တန်းကျောင်းနေအရွယ်ထဲက ကျောင်းကသတ်မှတ်ပေးခဲ့ရာ နေ့လည် ၁၂ နာရီဝန်းကျင်ဟာ မပြောင်းမလဲတည်မြဲစွာ ဖြစ်နေတယ်လေ။

တစ်ယောက်နဲ့တစ်ယောက် နေ့ခင်းဘက်တွေ့ကြတဲ့အခါ နေ့လည် ၁၂ နာရီကို စံအဖြစ်ထားပြီး နေ့လည် ၁၂ နာရီကျော်မှတွေ့ဆုံကြရင် “ ထမင်းစားပြီးပြီလား´´ တဲ့ မေးကြသလို၊ နေ့လည် ၁၂ နာရီ မတိုင်မှီလေးဆိုရင် “ထမင်း မစားသေးဘူးလား´´ တဲ့၊ အဲလိုဘဲ နေ့လည် ၁၂ နာရီ မတိုင်မှီ နေ့လည်စာ ထမင်းစားတာကြုံရင် လည်း“ထမင်းစား စောလှချည်လား´´ ဟုဆိုကြပြီး၊ နေ့လည် ၁၂ နာရီကျော်လို့ ၁-၂ နာရီလောက်မှ နေ့လည် စာထမင်းစားရသေး သူတွေကိုကျတော့ “ထမင်းစား နောက်ကျတယ်နော်´´တဲ့၊ ကဲ အဲဒါဘာကို စံပြုပြောဆို ကြတာလည်းဆိုတော့ တိုင်ပင်မထား တူညီကြရာ နေ့လည် ၁၂ နာရီဝန်းကျင်ပါ။

ဒါတင်ဘဲလား မဟုတ်သေးဘူးဗျ ပြီးခဲ့တစ်ပတ်က ရန်ကုန်ကို အလုပ်ကိစ္စလေးနဲ့ရောက်ဖြစ်နေလို့ အသက် ၇ဝ ကျော် အမေနဲ့နေ့လည်စာ ထမင်းစားရအောင် ခင်ခက “အမေ ထမင်းစားတော့မလားသားထမင်းပွဲပြင်လိုက် မယ်´´ ဆိုတော့ အိမ်ရှေ့ဧည့်ခန်းမှာ စာဖတ်နေတဲ့အမေက နံရံမှာချိတ်ထားတဲ့နာရီကိုလှမ်းကြည့်ပြီး ပြောလိုက် တဲ့စကားက “သား ခုမှ ၁၁ နာရီခွဲဘဲရှိသေးတာ သားက စာနေပြီမို့လား၊ မစာသေးဘူးဆို ၁၂ နာရီထိုးမှ စား မယ်လေ ခါတိုင်းလဲ ၁၂ နာရီထိုးမှ အမေစားနေကြ သားရယ်´´ တဲ့လေ——။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

24 comments

  • ဇမ္ဗူ့လောကပါလသီရိသုဓမ္မသိဂီ င်္အဂ္ဂမဟာကြောင်ဝတုတ်

    October 18, 2012 at 3:27 pm

    ရုံးမှာလဲ ၁၂ဆိုရင် ထမင်းစားနေကြဗျ…
    တစ်ရက်တစ်လေ အိမ်မှာ ၁၂ မထိုးခင်လေးများ ထမင်းစားလိုက်မိရင် စောစောစီးစီးပဲ ပြန်ဆာတတ်သလို…
    အော်…
    တိုင်မပင်မထားသော ၁၂ နာရီလေးပေါ့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 18, 2012 at 3:30 pm

    ကျနော်တို ့ကတော့
    တိုင်ပင်မထားရာ ကိုးနာရီပါ

    • aemoshu

      October 20, 2012 at 4:43 pm

      အူးဘဇင်းက ဘာလို့ ကိုးနာရီတာလည်းတော့သိဘူး၊ တပည့်တော်တိုကတော့ ကိုးနာရီမှ ဖယ်ရီက ရုံးကိုရောက် ရုံးပေါ်မတတ်သေးဘဲ .. အိမ်က မစားလာခဲ့တဲ ဘရိတ်ဖက်စ်ကို ကိုးနာရီရုံးရောက်မှ ထမင်းချိုင့်လေးဖွင့်ပြီး အပြိုင်အဆိုင်လွေးကြသဗျား .. ဒီတော့ တပည့်တော်လည်း တိုင်ပင်မထားရာ ကိုးနာရီပါဘုရား (မနက်ကိုးနာရီနော်)..

  • ကိုခင်ခ

    October 18, 2012 at 3:31 pm

    ဇမ္ဗူ့လောကပါလသီရိသုဓမ္မသိဂီ င်္အဂ္ဂမဟာကြောင်ဝတုတ်ရေ ဦးဆုံးကွန့်မန့်လေးအတွက်
    ကျေးဇူးတင်ပါတယ်ခင်ဗျ။

  • ဘုရား..
    လေးလေးရေ ပို့စ်နဲ့မဆိုင်တာ အရင်ပြောခွင့်ပြုပါ…
    တစ်မနက်လုံး ပျားတုပ်နေပြီးသကာလ ရွာထဲကို မဝင်ဘဲနေရာက လေးလေးပို့စ်ကို ဖွင့်လိုက်တဲ့အချိန်မှာ….
    ရွာထဲက အဓိပတိများ ဘွဲ့ထူးဂုဏ်ထူးများရရှိပြီးသကာလ ရေတစ်ပုလင်း (အခြားပုလင်းလည်း ဖြစ်ခွင့်ရှိပါတယ်) ဘေးချပြီး နာမည်တစ်ခုချင်းစီကို လိုက်ခေါ်ကြည့်လို့… အိုး… တစ်မနက်တည်းမှာ ပြောင်းလဲသွားလိုက်တာ..ဒီတူမတော့ ကျည်ဆန်ရထားစီးပြီး လိုက်ရမယ့်ကိန်းထင်ပါ့…

    အဟမ်း..
    မန့်တော့မယ်နော်…
    အတွေးလေးကို အားကျမိပါတယ် လေးလေးရေ… သမီးဆိုရင်လည်း ၁၂ နာရီမထိုးမချင်း ထမင်းမဆာတတ်သလို ၁၂ နာရီခွဲလောက်မှ မစားရသေးရင်လည်း စားချိန်လွန်နေပြီလို့ ခံစားမိပါကြောင်း..ဆိုတော့ကာ…
    တိုင်ပင်မထား တူညီကြရာ နေ့လည် ၁၂ နာရီဝန်းကျင်ပါ။ ဆိုတာကို အပြည့်အဝ ချွင်းချက်မရှိ ကန့်ကွက်မဲကင်းစွာ ထောက်ခံပါကြောင်း… 🙂

  • သီရိပျံချီ အဘိဓဇ မဟာပဏ္ဍိတ အဂ္ဂမဟာဇောတိကဥဥ

    October 18, 2012 at 3:40 pm

    ဟုတ်တယ်ဂျ…..
    အဲ့ဒီ အချိန်ပေါ့ဗျာ … အဲ့ဒီအချိန်ပေါ့.. ဟီးးးးးးးးးး :harr:

  • သူရဇော်

    October 18, 2012 at 3:42 pm

    ကိုခင်ခရေ သားတို့ကတော့ တိုင်ပင်မထား စားချင်သလို စားကြသဗျ…… ၁၁ နာရီလဲစားကြရဲ့….. ၁၂ နာရီလဲစားကြရဲ့……. ၁ နာရီလဲ စားကြရဲ့…..ဖြစ်နိုင်မယ်ဆို နာရီတိုင်းမှာ စားချင်နေသူပါခင်ည…..

  • Ma Ei

    October 18, 2012 at 3:46 pm

    ရုံးမှာလဲ ၁၂ နာရီကနေ ၁ နာရီထိ ထမင်းစားချိန်ပါ…
    ပိတ်ရက်ဆို ကိုယ်တိုင်ဝင်ချက်တော့ ချက်လိုက် မြည်းလိုက်မို့
    စောစောစားဖြစ်သွားတယ်…

  • အလုပ်မှာက အားတဲ့ အချိန်စားဆိုတော့ အလုပ်မရှိရင် 12 နာရီပေါ့
    ရှိရင်တော့ 1 နာရီလည်း မစားရ 2 နာရီလည်းမစားရနဲ့ တစ်ခါတစ်ခါများ 3နာရီခွဲလောက်မှ
    ထမင်းစားဖြစ်တယ် … အဲ့နောက်ပိုင်းဆိုရင်တော့ တဇွတ်ဇွတ်စားချိန်တွေပေါ့ ဟီးးးးးးး … 🙂

    • သူရဇော်

      October 18, 2012 at 4:07 pm

      ချစ်တောနွယ်ရေ တဇွတ်ဇွတ်စားနေဒါ သိဘာ့အေ…. အဟိ

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 18, 2012 at 4:17 pm

    ငယ်ငယ်လေးထဲက ၁၂နာရီဆို မုန့်စားဆင်းချိန် ရတဲ့အကျင့်က ကြီးထိပါလာတာနော်…
    ၁၂ နာရီမတိုင်ခင် ထမင်းစားမိရင် ရုံးမှာ ကိုယ်တစ်ယောက်ထဲစောဆာသလိုလို…
    :bar:

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 18, 2012 at 4:18 pm

    ကျမ ဘိုကလေးမှာ အလုပ်တာဝန်နဲ့ရှိတုန်းက အချိန်တွေကို သတိရမိပါတယ်။ တောက ရုံးလေးမာ(သုံးပင်နှစ်ခန်း) ဝန်ထမ်း ၁၅ယောက်လောက်စုနေကျရပီး မနက် ၆နာရီဆို မနက်စာ စားဖို့ပြင်နေကျပါဘီ။ ဂလိုဘဲ နေ့လည်၁၂နာရီထိုးလို့ မှ ရွာစဉ်လှည့်နေရတဲ့ ဝန်ထမ်းတွေ လူကုန်တက်စုံပြန်မရောက်ရင် ထမင်းစားဖို့မျှော်ကျရပါဘီ။ လူမစုံရင်လဲ စားထားနှင့်တဲ့အကျင့်မရှိတော့ မလာမချင်းထိုင်စောင့် မရောက်လာရင် မေတ္တာပို့နေကျ ခိခိ။ ညနေစောင်း ၆နာရီကျော်လို့မှ လူမစုံရင်လဲ ပြောခဲ့ပီးသလို စောင့် မေတ္တာပို့ စုံရင်စားကျတာပါဘဲ။ ပြောချင်တာက အချိန်သတ်မှတ်ချက်ထက်ပိုတဲ့ မိသားစုလက်ဆုံစားပွဲ သူငယ်ချင်းမောင်နှမ လုပ်ဖေါ်ကိုင်ဖက်တစု ထမင်းလက်ဆုံစားပွဲလေးဖြစ်မြောက်ဖို့လို့ခံစားမိပါတယ်။

    တော်သေးဘီ
    ခင်တဲ့
    ………………………………………………. :harr:

  • Good™

    October 18, 2012 at 4:29 pm

    အစား နဲ့ ပတ်သက် လို့ တော်တော် များများ တွေ့ နေ ဖတ်နေရပါလား။
    စားနိုင်ကြတာ ဝမ်းသာ ပါတယ်။
    ၁၅ ရက် နေ့ ထုတ် အလဲဗင်း မှာ တော့ ဝမ်းသာ စရာ မဟုတ်တဲ့ အစားနဲ့ ပတ်သက်တာ လေး ဖတ် လိုက် ရတယ်။
    တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ လူ ၈ ဦး မှာ တစ် ဦး ကာလရှည် ကြာ ငတ်မွတ် မှု ကို ခံစားနေရတယ် လို့ စစ်တမ်းများအရ ကမ္ဘာ့ စားနပ်ရိပ်ခါ အဖွဲ့ ကြီး က ပြော ပါတယ်။
    အဲလို တကယ် ဖြစ် နေတာ ကို လဲ လက်မခံချင်ဘူး လို့လဲ ကမ္ဘာ့ စားနပ်ရိပ်ခါ အဖွဲ့ ကြီး က ပဲ ပြောထားတာ ဖတ် ရပါတယ်။
    လူ ၈ ဦး မှာ ၁ ဦး ဆို တဲ့ ကိန်းဂ ဏန်း ကို ကျွန်တော်လဲ မယုံ ချင်ဘူး၊ ခု ရက်ထဲ ဘာပဲ စားစား အဲဒီ သတင်း က ခေါင်းထဲ ဝင်လာ တယ်။
    ကမ္ဘာပေါ် ရှိ လူသား အားလုံး ငတ်မွတ် မှု မှ ကင်းဝေးပါစေ။

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 18, 2012 at 4:42 pm

    ဦးခ အစားအစာဘက် ဓာတ်ကျနေတယ်နဲ့တူဒယ် 🙂

  • Hnin Hnin

    October 18, 2012 at 7:08 pm

    သရီးခေက..တွေးတတ်ပါ့…လူတိုင်းနီးနီး အဲ့ချိန်လောက်ပဲ စားကြမယ်ထင်တယ်…
    နေ့လယ် ၁၂…ည ၆ ပေါ့…စောစောစားလိုက်ပြန်ရင်လည်း စောစောပြန်ဆာတယ်ဆိုတာ
    လည်းအမှန်……စောင့်စားရဖို့ဆိုရင် ကြားမှာ သွားရေစာလေးနည်းနည်း တို့တိတို့တိ
    စားပြီးတော့ စောင့်လိုက်တာပဲ…နာရီတွေနဲ့ချီလာရင် လေကအောင့်တတ်လို့…
    ဟုတ်ပါ့နော်..မနေ့က အစပြုလိုက်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ဒီနေ့အတော်များလာလို့
    ဖတ်ရတာ ဘွဲ့တွေနဲ့တင် အတော်ကြာနေလို့…ဟီး…မျက်လုံးတွေတောင် မောနေပြီ…

  • ဟိုရွာအပြင် ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 18, 2012 at 11:00 pm

    ကွန်မန့်ဝင်ရောက်ရေး၍ အားပေးကြသောသူအပေါင်းကျေးဇူးပါနော်။

  • ခုစာလေးကိုပြန်ဖတ်လိုက်မှပဲ တစ်ချိန်တုန်းက အစိုးရဝန်ထမ်းဘဝတုန်းက ၁၂ နာရီကိုမျှော်ပြီး ထမင်းစားခဲ့တာ အမှတ်ရမိပြန်ပါသေးတယ်… အဲဒီတုန်းကတော့ ထမင်းစားချိန်ဆိုတာ ဆန္ဒဖော်ထုတ်ပွဲထက်တောင်မှ ပိုပြီးပြည့်စုံသေးတာမို့ နောက်ပိုင်းဝန်ထမ်းတွေ့ဆုံပွဲတွေကို ထမင်းစားရင်းလုပ်မလား စဉ်းစားမိပါသေးတယ်..

    ခုများတော့ စားချင်တဲ့အချိန်စားဖြစ်နေတာမို့ ၁၂ နာရီဆိုတာ ကျွန်တော်နဲ့ လုံးလုံးလျားလျား မသက်ဆိုင်တော့ပါကြောင်း..

  • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

    October 19, 2012 at 4:09 pm

    များစွာသော လူတွေကတော့ နေ့လည်ထမင်းကို နေ့လည် ၁၂ နာရီဝန်းကျင်မှာ စားကြတာတွေ့နေရလို့ပါ။
    မစားကြတဲ့ သူအနည်းစုလည်းရှိနိုင်ပါတယ်၊ လူတိုင်း နေ့လည် ၁၂ နာရီ စားကြရမယ်လို့ မဆိုလို မရေးခဲ့ သူမို့ အောင်ဆန်းသူရိယ သီဟသူရ သူရ ဗိုလ်ချုပ်တကာ့ဗိုလ်ချုပ်မှူးကြီး ရှူံးနိမ့်မှုများနဲ့.. လူ အနေနဲ့ မသက်ဆိုင်တာလည်း အဆန်းတော့မဟုတ်ဘူးပေါ့၊ ကွန်မန့်အတွက်ကျေးဇူးနော်။

  • Mobile

    October 20, 2012 at 10:01 am

    ဘွဲတံဆိပ်တော်များ နာမည်များကိုဖတ်ရင်းဖြင့် အမောဆို့သွားမိပါသည်။
    ကျုပ်တို့ကတော့ နေလည် ၁၂ နာရီဆိုရင် မနက်စာ အချိန်မှန်သလောက်နီးပါးစားဖြစ်ပါတယ်။

  • ရဟီးဆပ် မားသလူး မဟာချန်ဒရာစူလိယ ရဋ္ဌဂုရုဆာမိ

    October 20, 2012 at 10:12 am

    ကိုခင်ခကြီးက တကယ်ကိုရှာရှာဖွေဖွေ တွေးမိတာပဲ
    ဟုတ်ပါ ့ဗျာ ။နာရီကိုမှန်လို ့ နေ ့လည်ဗိုက်ဆာရင် ၁၂ နာရီဝန်းကျင်ပဲ
    ကျောင်းနေဖူးသူတိုင်းကိုကျင် ့ပေးထားသလိုပဲနော

  • မောင်ပေ

    October 20, 2012 at 10:05 pm

    ကျုပ်ကတော့ နေ ့လည်စာသိပ်စားလေ့မရှိဘူး
    ညနေစောင်းမှ ၂နှပ်စာကို အဝပေါင်းဆွဲလိုက်တာကလား

  • ကျနော်လည်း ငယ်ငယ်လေးကတည်းက အခုထိ ထမင်းဂျိုင့်ယူသွား ကျောင်းမှာ အလုပ်မှာဘဲ စားရတာကိုး
    အဲတော့ နေ့လည် 12ဆိုတာ ပုံမှန်ထမင်းစားချိန်လိုဖြစ်သွားပါတယ်။
    အလုပ်ထဲမှာ ကိုယ်လိုသူလို ဝန်ထမ်းအချင်းချင်း ရှိသမျှလေး ပါလာသမျှလေးတွေကို
    ကောင်းကောင်းဆိုးဆိုး မျှတ စားကြရတာ အချင်းချင်း ရင်းနှီးချစ်ခင်သူအဖြစ်ကို ရောက်စေပါတယ်။
    ကျနော်လဲအခုချိန်ထိရုံးမှာ ကျနော့်တပည့်ငါးယောက်နဲ့တစ်ယောက်ခွက်တစ်ယောက်နှိုက်ပြီးစားနေတုန်းပါဘဲ။
    သိပ်အရသာရှိလှပါတယ်။

Leave a Reply