မန္တလေး စားညွှန်

ဇီဇီOctober 19, 20121min77992

ဟင်?

ခေါင်းစဉ်မမှားပါဘူးဗျာ။ လမ်းကိုညွှန်မှာမဟုတ်ပဲ မန်းလေးမှာရှိတဲ့ စားသောက်ဆိုင်တွေကိုညွှန်မှာပါ။ သိသလောက်လမ်းတွေကိုလည်း ပြောပြသွားမှာဖြစ်ပါတယ်။

 

ဗျာ!!!

ကြော်ငြာခ?? မရပါဘူး။ ကြော်ငြာခရလို့တော့မဟုတ်ပါဘူး။ ကိုယ့်လို တစ်မြို့လုံးလည်ပြီး ဆိုင်တကာပေါက်စားကြည့်မဲ့သူတွေ၊ မန်းလေးကိုရောက်လို့ ဘယ်နားဘာကောင်းသလဲ၊ ဘယ်သွားစားရမလည်း မသိတဲ့သူတွေအတွက် ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်။

မန်းလေးမှာရှိစဉ်အခါကရော၊ တစ်နှစ်တစ်ခေါက်ပြန်ဖြစ်တဲ့ အတွေ့အကြုံပေါ်မှာအခြေခံပြီး ရေးမှာဖြစ်တဲ့အတွက် အချို့သောဆိုင်လေးတွေကိုတော့ သူငယ်ချင်းမိတ်ဆွေများရဲ့ အကူအညီယူရပါတယ်ဗျာ။ ဆိုင်အကုန်လုံးလည်းမရေးပါဘူး။ စားဖူး၊ကြိုက်ဖူးမှပဲညွှန်ပါမယ်။ ဥရောပစာကိုတော့ ကိုယ်တိုင်လည်းမကြိုက်တတ်လို့ မညွှန်တော့ပါဘူးဗျာ။ မှန်ခန်းမထဲမှာထိုင်ရတာထက် လမ်းဘေးမှာငေးရင်း ဆိုင်ထိုင်ရတာကို ပိုနှစ်သက်ပါတယ်။ ကဲ စပါပြီ။

မန်းလေးနာမည်ကြီး နန်းကြီးသုပ် (သို့) မုန့်တီသုပ်ကစညွှန်ပါ့မယ်။ မုန့်ဖတ်အကြီးအသေးပဲ ကွာသွားတာပါ။ မုန့်လုပ်နည်းကတော့ တူတူလောက်ပါပဲ။ မန်းလေးစာစစ်စစ်ဖြစ်သောကြောင့် ကြိုက်ရာလက်ဖက်ရည်ဆိုင်(သို့)တွေ့ရာမုန့်တီဆိုင်ဝင်သွားလိုက်ပါ။ ကောင်းသည်ဟုပြော၍ရသော လက်ရာများသာဖြစ်၏။ အခြားနယ်မှလာသောသူများကို အနည်းငယ်ကြွားလုံးလေးများနဲ့ခေါ်ကျွေးလိုပါက ၃၁ လမ်း၊ ၈၄ & ၈၅ လမ်းကြားကိုသွားလိုက်ပါ။ စိုးစိုး မုန့်တီဟုခေါ်၏၊။ ရန်ကုန်မှ နာမည်ကြီး မင်းသား၊ မင်းသမီးများလာတိုင်း စားသောဆိုင်လို့ ပြောနိုင်ပါတယ်။

ရှမ်းခေါက်ဆွဲ၊ ဤမည်သော အစားအသောက်မှာ လက်ညှိုးထိုးမလွဲရုံမက မျက်စောင်းထိုးရင်ပါမလွဲနိုင်ပါ။ မန်းလေးတွင် ရှမ်းစာ၊တရုတ်စာ၊ ရှမ်းတရုတ်စာပေါများလွန်းသကိုး။ ညွှန်ချင်တာကတော့ ၇၄ လမ်း၊ ၃၄&၃၅ လမ်းကြားက ရွှေမူဆယ်ပါ။ ဆန်စီး၊ ဆန်ပြား၊ အသားလုံး ဆန်ခေါက်ဆွဲ ကြိုက်ရာစားပြီး ဆန်ချိုအေးလေးကိုသောက်လိုက်ပါ။ကျွန်တော့မိတ်ဆွေကိုကြီးပေါက် အဆိုအရ ဘုရားကြီး၄၂လမ်းနဲ့၈၁လမ်းပေါ် လမ်းအရှေ့ဘက်ကဆိုင်လည်းကောင်းတယ်။ နောက် သတ်သတ်လွတ်သမားများအတွက် ၂၉လမ်း၊ ၈ဝနဲ့၈၁လမ်းကြားက ဆိုင်ကကောင်းပါသတဲ့။ ကိုကြီးခ ဆိုသူကတော့ ၈၃လမ်း၊ ၃ဝ နဲ့ ၃၁လမ်းကြား လမ်းအနောက်ဘက်ကဆိုင်ကို ညွှန်ပါတယ်။ ဘယ်ဆိုင်သွားသွား စားကောင်းတယ်ဆိုတာ ဖြစ်ချင်ရင်တော့ ၇၆လမ်း၊ ၃၄&၃၅လမ်းကြား ညဈေးတန်းကို သွားလိုက်ပါ။ မျက်စိပသာဒဖြစ်စရာလေးများကိုပါ ရှုစားနိုင်မှာဖြစ်ပါတယ်။

မြီးရှည် (မြီးရှေ)၊ ဘယ်လိုပေါင်းပေါင်း စားကောင်းတာတော့ အမှန်ပဲ။ခုနကပြောတဲ့ ညဈေးတန်းမှာလည်းရတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ ၇၁နဲ့၇၂လမ်းကြား၊ ၂၉လမ်း နဲ့ လမ်း၃ဝ ကြား၊ ဗထူးကွင်းနားက ဆိုင်ပါပဲ။ သူငယ်ချင်းဝယ်ကျွေးလို့ မြောက်ပြင်က ဒေါ်နီမြီးရှည်ကိုလည်း စားဖူး၊ ကြိုက်ဖူးပါတယ်။ နေရာကတော့ ၁၈နဲ့၁၉ လမ်းကြား၊ ၈၈နဲ့၈၉လမ်းကြားက လမ်းသွယ်လေးမှာပါ။ အဲဒီမြီးရှည်က ဝက်တစ်ကောင်လုံးထဲက စားလို့ရသော ကြိုက်ရာအပိုင်းကို ထည့်ပေးပါတယ်။ 

ဒင်း(မ)ဆမ်း စားချင်ရင် ဘယ်သူ့မေးမေး Oriental Houseကိုပဲညွှန်ကြမယ်ထင်တယ်ဗျ။ စားသူများလို့ မနက်အသွားနည်းနည်းနောက်ကျရင် အပေါင်းတွေမစုံတော့ဘူး။ ကော်ဖီလေးလည်းကောင်းတယ်။ ၆၄လမ်း နဲ့ ၂ရလမ်း ထောင့်မှာပါ။

ပေါက်စီ စားချင်ရင် တွေ့တဲ့ မန်းမြို့တော်ပေါက်စီဆိုင်ခွဲတွေထဲသာဝင်သွားလိုက်နော်။ ဆိုင်ပင်ရင်းကတော့ လမ်း ၃၀၊ ၇ရ နဲ့ ၇၈လမ်းမှာရှိပါတယ်။ ဆယ်လွှာပေါက်စီ စားချင်ရင်တော့ ၈၃လမ်း၊

လမ်း၃ဝနဲ့၃၁လမ်းကြားမှာရှိတဲ့ ရုံးရှိန်ကိုသွားလိုက်ပါ။ မနက်ခင်းလက်ဖက်ရည်နဲ့ ပေါက်စီအလွန်လိုက်ဖက်ပါတယ်။

မနက်စာအတွက် လက်ဖက်ရည်ဆိုင်ကိုတော့ အလွမ်းဆုံးပါပဲ။ ကိုယ်တိုင်ဘာစားရမယ်မှန်းမသိရင်၊ ဒါမှမဟုတ် ဧည့်သည်ကို မနက်ခင်းစာ ဘာကျွေးရမှန်းမသိရင် နီးစပ်ရာ မင်းသီဟ၊ ရွှေပြည်မိုး၊ ယူနီစန် စတဲ့တွေ့ရာဆိုင်ခွဲတွေကိုခေါ်သွားပါ။ ဘာကျွေးရမယ်၊ ဘာစားချင်တယ်၊ ဘာစားရမယ်ဆိုတာ သူ့အလိုလိုဉာဏ်ပွင့်လာပါလိမ့်မယ်။ဆနွင်းမကင်း၊ ပူတင်း၊ ကိတ်မုန့်၊ ပေါင်မုန့်ကအစ ပဲပလာတာလိတ်ခုတ်၊ သကြားထပ်တရာ၊ အိကြာကွေး၊ ပဲပြုတ် နဲ့နံပြား၊ ပေါက်စီ၊ ဝက်သားပေါင်းအလယ် ကြာဆံဟင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကော်ရည်၊ ရှမ်းခေါက်ဆွဲ၊ မုန့်တီအဆုံး စားလို့ရပါတယ်။ သောက်စရာ အနေနဲ့ ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည် ချိုစိမ့်၊ ပေါ့စိမ့်၊ ကျစိမ့်၊ ချိုပေါ့၊ ဖန်ပေါ့စိမ့် စသည်ဖြင့်အကုန်ရပါတယ်။ နောက်တစ်ဆိုင်ကိုညွှန်းချင်တာက ၃၅လမ်း၊ ၆၈ နဲ့ ၆၉ လမ်းကြား၊ နဝရတ်ရိတ်သာလမ်းသွယ် ၃ ထဲမှာ ဆိုင်နာမည် “နံနက်ခင်း” ဆိုတာရှိတယ်။ အိမ်မှာစားတဲ့အတိုင်း မနက်ခင်းစာလေးတွေ အကုန်ရပါ့။ အဲဒီဆိုင်လေးက မနက် ၆ နာရီကနေ နေ့လည် ၁ နာရီထိဘဲဖွင့်ပါတယ်။

မုန့်ဟင်းခါး စားမယ်ဆို အရင်ကတော့ ၈၁လမ်း၊ ၂၈လမ်းနဲ့၂၉ လမ်းကြားက ဒေါ်ရှုဘီက နာမည်အရမ်းကြီးတာ။ နှလုံးရောဂါရှိသူများ တစ်ပွဲ ဘယ်လောက်လည်းမမေးပါနဲ့။ အဲဒါနဲ့ ညွှန်ဖို့နောက်ဆိုင်တွေ ရှာရတော့တာပေါ့။ နန်းရှေ့ ၁၉ လမ်းက ရွှေလက်ရာမုန့်ဟင်းခါးကို ကြိုက်ပါတယ်။ ဆိုင်ခွဲကို ၈၄လမ်းအနောက်ဘက် ၃ဝနဲ့၃၁လမ်းကြားမှာဖွင့်ထားပါတယ်။ ဘူးသီးကြော်လေး၊ ငါးဖယ်ကြော်လေးထည့်၊ ငရုတ်သီးမှုန့်လေးနဲ့မွှေ၊ ငံပြာရည်နည်းနည်းဆမ်းပြီး သံပုရာသီးညှစ်လိုက်တဲ့အခါမှာ ထွက်လာတဲ့အနံ့လေးကို ခုရေးရင်းနဲ့ကို အမှတ်ရမိပါရဲ့။

ဆီချက်ခေါက်ဆွဲ သိပ်မကြိုက်တတ်လို့မစားဖြစ်ရာက ၂၉လမ်း၊ ၈၃လမ်းနဲ့၈၄လမ်းကြားက ဒေါ်ဆင်းယုံမှာ ဆန်ပြားဆီချက် စစားဖူးပြီး နောက်လည်း အဲဒီမှာပဲဆက်စားဖြစ်ပါတယ်။ ထမင်းပူပူကိုဝက်သားပေါင်းကော်ရည်လေးဆမ်းထားတဲ့ မန်းလေးထမင်းပေါင်းလည်း ရတယ်။ နေမကောင်းဖြစ်ရင်တော့ ကြက်ပေါင်းပူပူလေးကို ငရုတ်ကောင်းလေးနည်းနည်းနဲ့မှာသောက်ပေါ့။ ဘေးနားမှာစာအုပ်ရောင်းဆိုင်တွေ အများကြီးရှိလို့ သွားဖြစ်တာလည်းပါပါတယ်။ဂျုံခေါက်ဆွဲလက်ရာကောင်း စားချင်ရင်တော့ ၂၉လမ်း၊ လမ်း ၈ဝနဲ့၈၁လမ်းက မူလလက်ဟောင်း ဦးစိန်ဆိုင်ရှိပါတယ်။

ရှမ်းထမင်း၊ ရှမ်းဟင်းကတော့ တက္ကသိုလ်အတော်များများအနီးအနားမှာ ပုံစားထမင်းဆိုင်လေးတွေအများကြီးပဲ။ ဘိုင်ပြတ်ရင် အဲဒီနားတွေမှာသွားစားတယ်။ပုံစားလိုမျိုးဆိုင်အကြီးကတော့ လားရှိုးလေးပေါ့။ ၂၃လမ်း၊ ၈၃နဲ့၈၄လမ်းကြားမှာရှိတာပါ။ ဒါမှမဟုတ်လို့ကတော့ ဒကာရှိတုန်း ရှမ်းစာစားချင်ရင် ရေစစ်ကန်နားကိုသွား၊ ဝင်းစံပယ်ရှမ်းဆိုင်မှာ ငါးထမင်း၊ ငါးဒုက္ခ၊ ဟင်းထုတ်စသည်ဖြင့် မှာစားကြပေါ့။ လက်ရာကောင်းဆိုင်လေးပါ။ စားသောက်ဆိုင်လိုမျိုးမှသွားချင်ရင်တော့ ၆၈&၃၅လမ်းထောင့်ကရှမ်းယဉ်ယဉ်ကိုသွားပါ။ ဆန်ကောင်းကောင်းလေးနဲ့ ရှမ်းချက်ဟင်းကောင်းကောင်းလေးစားရပါတယ်။

ဒံပေါက် ဆို ဘယ်ဒံပေါက်ဘယ်လောက်ကောင်းတယ်ပြောပြော၊ တို့ကတော့ ကေမီမွန်မှကေမီမွန်ပဲ။ ခုဆိုရိုးတစ်ခုက ကေမီမွန်စားချင်ရင် အလှူအိမ်လိုက်ရှာပါတဲ့။ ဒီအတိုင်းမရောင်းတော့လို့မပြောတော့ပါဘူး။ ကေမီမွန်ဒံပေါက်ကျွေးတဲ့ အလှူလာဖိတ်ရင်သာ မပျက်မကွက်သွားလိုက်လို့ အကြံပြုချင်ပါတယ်။ နောက် ၈၃လမ်း၊ ၂၈နဲ့၂၉ လမ်းကြားက သင်္ဂဟဒံပေါက်က မဆိုးပါ။

မြန်မာ ထမင်း၊ ဟင်း ဆိုရင်တော့ တူးတူးစားမလား၊ အေးမတ္တာစားမလား။ ထမင်းဆိုင်နာမည်တွေပါ။ မြန်မာဟင်းဆီပြန်၊ ချဉ်ရည်ဟင်းလေး၊ ငပိရည်နဲ့ အတို့စုံတာနဲ့ကို ဘယ်ဆိုင်သွားရသွားရတန်ပါတယ်ဗျာ။တူးတူးဆိုင်က ၂ရလမ်း၊ ၇၄လမ်းနဲ့၇၅လမ်းကြားမှာပါ။ အေးမတ္တာကတော့ ၈၂လမ်း၊ ၃၆နဲ့၃ရလမ်းကြားမှာရှိပါတယ်။ နောက်ပိုင်း ဈေးသက်သာပြီးလက်ရာကောင်းတဲ့ဇလုံကြီးထမင်းဆိုင်ခွဲတွေမှာ အစားများတယ်လို့ကြားပါတယ်။ ကျွန်တော်မစားဖြစ်သေးလို့သေချာမသိသေးပါ။ ၃၁လမ်း၊ ၇၆လမ်း နဲ့ ၇ရလမ်းမှာ တစ်ဆိုင် ရှိတယ်လို့ သိရပါတယ်။

ကြက်ဆီထမင်းလေး များအာရုံရပြီဆိုရင်တော့ ၂၈လမ်း၊ လမ်း ၈ဝနဲ့၈၁လမ်းကြားမှာရှိတဲ့ ကုံးထက်ဆိုင်ကိုပဲ ညွှန်ချင်ပါတယ်။ စင်ကာပူက ကြက်ဆီထမင်းဟာ ကုံးထက်ကြက်ဆီထမင်းကို လုံးဝမမှီပါ။ အဲဒီက ပင်လယ်ကြော်ဆိုတာ စားပြီးရင်လည်း စလုံးမှာ ကော်ရည်ဆန်ပြားလိုဟာမျိုးမမှာကြပါနဲ့လို့။ ကြက်ကင်၊ ကောက်ညှင်းရေခဲမုန့်လည်း အဲဒီမှာပဲကောင်းတယ်။

ဝက်သားတုတ်ထိုး ကတော့ လမ်း ၃၀၊ ၈၁ & ၈၂လမ်းကြားက တစ်ဆိုင်ပဲ စွဲစွဲမြဲမြဲစားဘူးပါတယ်။ စားသူများပါတယ်။ညီမလေး ပု ကတော့ ၃၁လမ်း၊ ၇၉လမ်း နဲ့ လမ်း ၈ဝ ကြားက တုတ်ထိုးဆိုင်ကို သွားလေ့ရှိပါတယ်တဲ့။ အ.ထ.က ၁၆ ကျောင်းနားက မြင့်လွင်ဆိုင်ကို လည်းကြိုက်သူများပါတယ်။ ဒါပေမဲ့ ဈေးကြီးသလိုပဲ။

ဖက်ထုတ်ပေါင်း ဟု ဆိုတာနဲ့ စန္ဒာမေကိုပဲ ပြေးမြင်မိပါတယ်။ ဘယ်တုန်းက စားမိတယ်မသိ၊ သိလိုက်တဲ့ အချိန်မှာကြိုက်သွားပြီဆိုတာမျိုးပါ။ ဝက်သားလိပ်တို့၊ဖက်ထုတ်ကြော်တို့လည်းရတယ်။ ၇၈လမ်းနဲ့ ၃ရလမ်းထောင့်မှာရှိပါတယ်။ ၂ရလမ်း၊ ၈ဝနဲ့၈၁လမ်းကြားက မတင့်ဆိုင်ကတော့ ဖက်ထုတ်ပြုတ်စားလို့ကောင်းပါတယ်။ နာမည်လည်းကြီးတယ်။ ညနေဘက်မှဖွင့်တာပါ။

အာပူလျှာပူဆိုရင် ၂၄လမ်း၊ ၆၂နဲ့၆၃လမ်းကြား၊ ရှေ့နေရုံးနားက အာပူလျှာပူဆိုင်ကိုပဲ ညွှန်ချင်ပါတယ်။ သူ့ဆိုင်က ပဲသီးနဲ့ငါးဖယ်သုပ် စပ်စပ်လေးကိုပါတွဲရောင်းတယ်။

သူများနိုင်ငံမှာ သစ်သီးလက်ဖျော်ကို ဈေးကြီးကြီးပေးရတဲ့ အချိန်မျိုးဆိုရင် မန်းလေးက ဖောင်တော်သီတို့၊Breezeတို့ကိုလွမ်းမိတယ်။ တွန်းလှည်းလေးပေါ်မှာ ရာသီပေါ်သစ်သီးတွေကြိုက်ရာပြော၊ ဖျော်ထားတာကို အနားမှာရှိတဲ့ ဆိုင်လေးတွေက ကြာဇံကြော်တို့၊ ဆန်ပြားသုပ်တို့နဲ့ စားရတာကို ဘယ်တော့မှ မမေ့နိုင်ဘူး။ဖောင်တော်သီက လမ်း ၈၀၊ ၃၄နဲ့၃၅လမ်းကြား၊ ဖားသားလဖုန်းကျောင်းရှေ့မှာရှိတယ်။ Breezeက ၆ရလမ်းနဲ့၆၈လမ်း၊ ၃၂လမ်းနဲ့၃၃လမ်းကြားက လမ်းသွယ်လေးမှာ ရှိတယ်။

အကင်ဆိုင်၊ မာလာဟင်း ကိုညွှန်ရမယ်ဆိုရင်တော့ သူငယ်ချင်းတစ်စုလုံးစုံပြီဆို သောက်တတ်သောကိုကိုများနဲ့ စားတတ်သောမမများ အဆင်ပြေအောင် ၂ရလမ်း၊ ၇၃နဲ့၇၄လမ်းကြားက ဝင်းဝင်းကိုပဲသွားလေ့ရှိပါတယ်။ မာလာဟင်းလည်းကောင်းတယ်။ ဝင်းဝင်းက ၇ရလမ်း၊ ၃၄နဲ့၃၅လမ်းကြားမှာတစ်ဆိုင်ရှိပါတယ်။ နောက်တစ်ဆိုင်ကတော့ ယုံရှင်း ပါ။ ၁၉လမ်းနဲ့၈၂လမ်း ထောင့်က။ ဂဏန်းချဉ်စပ်၊ မာလာဟင်း၊ အကင်စုံ နဲ့ လမ်းဘေးထိုင်ငေးရလို့ကြိုက်တယ်။ (ခုံပုလေးတွေနဲ့ ထိုင်မိလို့ စောစော ဗိုက်အင့်တာကလွဲလို့ပေါ့။)

ဟော့ပေါ့ ဆိုရင်တော့ ၃၅လမ်းနဲ့ ၆၁နဲ့၆၂လမ်းကြားက အင်ကြင်းဟော့ပေါ့တစ်ဆိုင်ပဲစားဘူးတယ်။ မှာနိုင်တဲ့အမယ်တွေကတော့ အစုံပဲ၊ မိုးလေးအေးပြီဆိုရင်တော့ ရာသီဥတုကိုယ့်ဘက်ပါပြီပေါ့။ ကိုယ်ကြိုက်ရာ သွားမှာစားကြတော့နော်။

ကြေးအိုး ဆို ရွှေတောင်တန်းပေါ့။ ခုတော့၆၆လမ်း၊ ၂၆လမ်း နဲ့ ၂ရလမ်းကြားရောက်သွားပြီပြောတယ်။ နောက်တစ်ဆိုင်က ၈၂လမ်းနဲ့၃၃လမ်းထောင့်က ပတ္တမြားကြေးအိုးဆိုင်ရှိတယ်။ ကျွန်တော်က ရွှေတောင်တန်းကို ပိုကြိုက်တယ်။ မန်းလေးမှာ ရန်ကုန်ကြေးအိုးအရသာစားချင်ရင်တော့ မကြာမီက လမ်း ၃၀၊ ၆၅လမ်း နဲ့ ၆၄လမ်း ကြား မှာ YKKO ရန်ကုန်ဆိုင်ခွဲလာဖွင့်ထားပြီး၊ ကြေးအိုးနဲ့ အခြားအစားအစာတွေရပါတယ်။

စားသောက်ဆိုင် သန့်သန့်လေးစားချင်ရင်ဖြစ်ဖြစ်၊ လေကောင်းလေသန့်နဲ့ ရှုခင်းကောင်းကောင်းလေးနဲ့ နားနားနေနေစားချင်တာပဲဖြစ်ဖြစ်၊ ယိုးဒယားစာ၊ တရုတ်စာလက်ရာကောင်းကောင်းလေးတွေစားချင်တာပဲဖြစ်ဖြစ် မန်းလေးကန်တော်ကြီးပတ်လမ်းကိုသာသွားလိုက်ပါ။ ကုက္ကိုကျွန်း၊ ကောင်းကောင်း၊ သီရိသုခ၊ Royal lake၊ Smart Garden စတဲ့ ဆိုင်လေးတွေ လက်ရာသန့်ပါတယ်။ ကျနော်ကတော့ သူဌေးစာ တွေလို့သတ်မှတ်ထားတဲ့ အတွက် ဒကာရှိမှသွားပါတယ်။ သိပ္ပံလမ်းဘက်မှာလည်း သူငယ်ချင်းတွေ စုံရင်သွားတတ်တဲ့ ခိုင်လိ တို့ Jasmine Garden တို့ရှိသေးတယ်။ အဲ့ဘက်တော့ လိပ်စာကို လိပ်ပတ်လည်အောင်မပြောတတ်လို့ ပြောတော့ဘူး။

ကဲ နောက်ဆုံးမှာမှ ကြော်ငြာတကယ်ဝင်မှာပါ။ ၂၉လမ်း၊ ၇၂နဲ့၇၃လမ်းကြားက “Life Cafe” က သူငယ်ချင်းလင်မယားဖွင့်ထားတဲ့ဆိုင်ပါ။ လက်ရာကတော့ မစားဘူးသေးတဲ့ အတွက်မညွှန်းနိုင်သေးပါဘူး။ (ဒီတစ်ခေါက်လာရင်ခေါ်ကျွေးရင် စကားခေါ်ခြင်းဖြစ်၏။) ညဘက်လည်တတ်တဲ့ ကိုကို တွေအတွက်တော့ ၈၄လမ်းနဲ့၄၁လမ်းထောင့်မှာ ဒီည ဆိုတဲ့ဆိုင်ရှိပါတယ်။ သွားဖြစ်ရင် ကျနော့ နာမည်ပြောလိုက်ပါ။ ဆိုင်ထဲကို ဝင်လို့ရမည်မဟုတ်။ (ဟီး၊ ရန်ဖြစ်ထားသကိုး)။

ရေးရင်းနဲ့ အစားအစာတွေရော၊ သူငယ်ချင်းတွေပါလွမ်းလာလို့ ရပ်ပါရစေတော့။

(ရေးတာတော်တော်များနေပြီ။ ရပ်သင့်တာကြာပေါ့။)   :mrgreen:

ကျန်တာတွေကတော့ မကြိုက်တာတွေရော၊ မစားဖူးတာရောတွေကြောင့်မညွှန်ရဲပါ။ လက်ဖက်ရည်ဆိုင်တွေမှာလည်း စားလို့ရတာအများကြီးဖြစ်နေတာလည်းပါတာပေါ့။

မရောက်တာကြာလို့ ကိုယ်သိထားတာတွေခေတ်မမှီတော့ဘူးဆိုရင်တော့ ဆိုင် အသစ်လေးတွေသိသူများ လိပ်စာနဲ့တကွ တစ်ခါတည်း လမ်းညွှန်ပေးသွားပါ။ ဒီတစ်ခေါက်ပြန်ရင် သွားစားပါမယ်။

:harr:  :harr:

 

 

92 comments

  • ရွှေမိုးတိမ်

    February 27, 2014 at 12:57 pm

    ရှလွတ် ရှလွတ်
    ဒီစာကို ဖတ်မိတဲ့အချိန် နေ့လည် ဆယ့်နှစ် ငါးဆယ့်ခွင် …
    ဘုတ်အုတ်ထဲလိပ်စာဒွေ ရေးမှတ်ထားမယ်ဗျို့ 😀

    • မမချွိ

      February 27, 2014 at 1:24 pm

      ဟွန့်။
      သူတို့က ချက်ချင်းသွားစားလို့ရတယ်၊
      မနာလိုတာ။

      😀

  • Myo Thant

    February 27, 2014 at 3:10 pm

    ရွှေကူကအပြန် မန်းမှာနားရင်းစားမယ်ဗျို့ ၊
    ၄ လပိုင်း ဒိုးမှာ ၊

    • မမချွိ

      February 27, 2014 at 3:38 pm

      ပိုစားခဲ့နော်။

      🙂

Leave a Reply