တလောက အင်တာနက် ပျက်လွန်းလို့ စိတ်ပျက်စရာ အလွန်ကောင်းလို့ စိတ်ညစ်ခဲ့ရတာ လ နဲ့ ချီပြီး ကြာခဲ့ပါတယ်။ အဖြစ်တာ မနှစ်ကနဲ့ မတူအောင် ကို ပြသနာ ရှာထားသူ ရှိနေလို့ပဲ ပြောရမလားပဲ..

ဟူးးး. တွေးရင်းနဲ့တောင် စိတ်ကုန်တယ်။

 

ဒီလိုပါ.. ဆိုင်နဲ့ အိမ်နဲ့ နီးတော့ ဆိုင်မှာ ဖုန်းမရှိတော့ အိမ်က ဖုန်းကို သုံးချင်တယ်။ လိုင်းသမားကို တရားဝင် ပြောင်းဖို့ မေးတော့ ခက်ခဲတယ် သူလုပ်ပေးမယ် တလုံးကို ၁နှစ် ၁သိန်းပေးပါ ဆိုပြီး ညှိနိုင်းတယ်။ အိမ်မှာကော ဆိုင်မှာကော ၂ခုလုံး အဆင်ပြေအောင် လုပ်ပေးမှာ မို့ မပူနဲ့.. ဖုန်းပျက်ရင် သူ့ကိုသာ ပြောလိုက် ရုံးကို ပြောလည်း သူပဲ ပြင်ပေးရတာမို့ သူ လုပ်ပေးထားတဲ့ ဖုန်းတော့ ဦးစားပေး ပြင်ပေးမယ် ဆိုလာပြန်တော့.. ဘယ်လို တွေးတွေး ကောင်းတော့ ကောင်းသားပဲလို့.. စိတ်ကူး ရသွားပါတယ်။

အိမ်ကော ဆိုင်ကော ပိုင်ရှင်က တူတူပဲ ဆိုတော့ တစုံတခုပြသနာ ဖြစ်မယ် ဆိုရင် သူဖြုတ်ပေးလိုက်ယုံပဲ ပြသနာ မရှိဘူး အဆင်ပြေတယ် သေချာ ရှင်းပြရှာတယ်.. ပြန်စဉ်းစားကြည့်တော့လည်း ဒါလည်း မဆိုးပါဘူး

၂၀၀၉ ကတည်းက ဆိုင် နဲ့ အိမ်နဲ့ ဖုန်း ကို နေရာ ရွှေ့ချိတ်ပြီး ယူထားတယ်။ နှစ်စဉ် နှစ်ဆန်း ရက်ဆိုရင် တနှစ်စာ လာလာ ထုတ်ပါတယ်။ အဆင်ပြေနေတော့ ပြသနာ မရှိတာ အမှန်ပါပဲ။ နောက်ပိုင်းတော့ နည်းနည်း စီ ၁နှစ်စာ ကြိုထုတ်တဲ့ အပြင် ၂နှစ်စာပါ ကြိုထုတ်သွားပါတယ်။ ပိုက်ဆံ ထုတ်ပေးတဲ့ အချိန်မှာတော့ ဖုန်းလိုင်းက သိပ်အဆင်ပြေတယ်။ ဒီလိုနဲ့ ၂၀၁၂ အတွက် ပိုက်ဆံ ကျသင့်ငွေ ကို ၂၀၁၁ မကုန်ခင်မှာကတည်းက ကြိုထုတ်သွားခဲ့ပါတယ်။ မိုးကရွာ ဖုန်းက ပြတ်.. ဖုန်းလိုင်းက စပါယ်ရှယ်ကောင်းလာပါတော့လဲ… အင်တာနက် က လုံးဝ သုံးမရပါဘူး။

ဘာကြောင့်လဲ.. ဘာကြောင့်လဲ..

၂၀၁၂ မ၀င်ခင် ၂၀၁၁ ကုန်ခါနီးကတည်းက ပိုက်ဆံ ယူပြီးတာ နည်းနည်းကြာနေပြီမို့ ပျက်တယ် ပြောရင် မပြင်ပေးတော့ဘူး ပျက်တာကို လုံးဝ လှည့်မကြည့်ပဲ ထားတာ ၂ပတ်ကျော် လောက်နေမှ ပြန်ကောင်းတတ်တယ်။ အိမ်ဖုန်းမဟုတ်တော့ပဲ ဆိုင်ဖုန်း ဖြစ်တော့.. ဒီလို အကြာကြီး ပျက်နေရင် ဘယ်အဆင်ပြေမလဲ.. သို့သော်.. ဟန်းဖုန်းတွေ ရှိနေတော့ ၂ပတ်ကျော် ဖုန်းပျက်လည်း ခံနိုင်ရည် ရှိပါတယ်။ ဒီလိုနဲ့ ၁လလောက် ဖုန်းကောင်းသွားလိုက်.. ဖုန်းပြန်ပျက်သွားလိုက် ၁လ ကျော် ကြာတဲ့ အထိ ဖုန်းက မကောင်းသေးဘူး။ နောက်ဆုံးတော့ စိတ်ထားမကောင်းတဲ့ လိုင်းမန်း ကို အဖက်လုပ်ပြီး မပြောချင်တော့ဘူး။ စိတ်ကုန်လာတဲ့ အတွက် ဆက်သွယ်ရေးက လူကြီး တယောက်ကို မေးပြီးတော့ အတိအလင်း ဖုန်းရဲ့ လိပ်စာ ကို ရွေ့လိုက်ပါတယ်။ အိမ်အတွက်လည်း ကြိုးဖုန်း အသစ်တလုံး ထပ် လျှောက်ပြီး တပ်လိုက်ပါတယ်။ ပိုက်ဆံ မရတဲ့ ဖုန်းလိုင်းကို မပြင်ပေးပဲ ထားလို့ ဖုန်းလိုင်း အသစ်တပ်မှန်း သိတော့ တမင်တကာ ရည်ရွယ်ချက် ရှိရှိ နဲ့ အင်တာနက် သုံးမှန်း သိတဲ့ ဖုန်း လိုင်းကို ဖုန်းတိုင်မှာ ခလုပ်တခု ခံပေးထားလိုက်တယ်။ အဲဒီမှာ စတာပါပဲ.. လိုင်းမန်းက သူ့ကို ဆန့်ကျင်ပြီး ဖုန်း အသစ်လျှောက်ပြီး နှစ်စဉ်ကြေး မပေးတဲ့ လူတွေ အင်တာနက် မသုံးနဲ့.. တမင်ကို သုံးမရအောင် လုပ်ထားပါတယ်။ ဖုန်းလိုင်းကတော့ အရမ်းကောင်းပါတယ် ဒါပေမဲ့ အင်တာနက် သုံးမရပါဘူး။ နေပြည်တော် ရုံး ၁၀၆ ကို ဆက်ပြီးတော့ ဖုန်းပျက်တိုင်လည်း အဆင်မပြေဘူး ဖုန်းလိုင်းသာ ကောင်းတယ် အင်တာနက်က ပျက်လိုက် လာလိုက် နဲ့ သုံးလို့ လုံးဝ မရပါဘူး။ တနေ့ကို ၁နာရီလောက်သာ သုံးလို့ ရတဲ့ အထိပါပဲ။ ပထမတော့ မသိတော့ ရတနာပုံတယ်လီပေါ့ ကို ဖုန်းဆက် မေးတယ်။ သူတို့က ထုံးစံ အတိုင်း တယ်လီဖုန်းလိုင်းကြောင့် ဖြစ်ပါတယ်။ သူတို့ ဘက်က မဟုတ်ပါဘူး။ ဒီလို အဖြေတွေလည်း ရိုးအီစွာ ကြားခဲ့ရတယ်။ တကယ်လို့ လိုင်းစစ်ချင်ရင်တော့ ကွန်ပလိန်း ဖွင့်ပေးမယ်။ အဲဒါ စစ်ဆေးခ ဒေါ်လာ ၂၀ ပေးရမယ် ဆိုပါတယ်။ ဒေါ်လာ ၂၀ ပေးပြီး စစ်ခိုင်းလည်း မရခဲ့ဘူး။ ထုံစံ အတိုင်း လိုင်းပျက်မြဲ ဖြစ်နေခဲ့တယ်။

စိတ်ပေါက်ပေါက် နဲ့ ၁လ လောက် ဆက်တိုင် ၁၀၆ ကို နေ့တိုင်း ဖုန်းဆက်ပြီး တိုင်ပါတယ်။ ဖုန်းမကောင်းသေးဘူး ဖုန်းမကောင်းသေးဘူး တိုင်ကြားတဲ့ အခါ လိုင်းမန်းက ရုံးကို မဆက်ပါနဲ့ ကျွန်တော် ဟန်းဖုန်းကို ဆက်ပါဆိုပြီး ဖုန်းနံပါတ်ပေးသွားတယ်။ ပြင်ပေးမယ် စိတ်ချပါဆိုပြီး ပြင်ပေးပြီး တညနေတော့ အင်တာနက် ကောင်းသွားပါတယ်.. နောက်နေ့ မကောင်းတော့ပါဘူး။ ရိုးသားစွာ မကောင်းဘူး ထင်ထားခဲ့တယ်။ သူရဲ့ အကြောင်းပြချက်ကတော့ အမ တို့ ဖုန်းလိုင်း တောက်လျှောက် စစ်ဆေးခဲ့တာ အမတို့ အိမ်နားမှ သိပ်မကောင်းတာ အဲဒီနေရာ ကြိုးလဲရင် ကောင်းလိမ့်မယ်။ ဘယ်လောက်ကျမလဲ ဆိုတော့ တွက်ကြည့်လိုက်အုန်းမယ် ဆိုပြီး အရိပ်အခြေ လာမေးတဲ့ သဘောပါပဲ.. ကဲ.. ရက်ပေါင်းလည်း မနည်းဘူး လတွေနဲ့ ချီနေပြီမို့ ဒီတခါ သူလည်း ကျေနပ်အောင် တောင်းတာ ပေးလိုက်တော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ နောက်နေ့ ကြိုးလဲခ ၄၅၀၀၀ကျပ် ကျပါတယ် အမ ဆိုပြိး လာတောင်းတယ်။ ကဲ သွားလေရော့.. နင်လည်း ဒါရမှ ကျေနပ်မယ်.. ငါလည်း စိတ်အပြတ်ပဲ.. ယူလိုက်တော့.. နောက်တခါ မကောင်းလို့ကတော့ ဒီတခါ တောင်းသွားတဲ့ ပိုက်ဆံ အတွက် လက်မှတ်ထိုးထားတာကိုပဲ ပြပြီး တိုင်တော့မယ်။

အဲဒီနောက်ပိုင်းတော့ အင်တာနက်က ဖလမ်း ဖလမ်း ပြန်ထ လာပါတော့တယ်။

အင်တာနက် ကောင်းလာပေမဲ့ လူကတော့ ဖလမ်းဖလမ်း ထ လောက်အောင် မအားတော့ပါဘူး။

ဒီနှစ်ကုန်ရင်တော့ ဖုန်းလိုင်းကို အားကိုးပြီး အသုံးပြုရတဲ့ ADSL လိုင်းကို ဖြုတ်တော့မလားလို့ စဉ်းစားမိတယ်။ တပ်ဆင်ထားတာ ကြာလှပြီမို့ ကနဦး တပ်ဆင်ခ အကြောင်း မပြောလိုတော့ပါဘူး.. 128M ကို လစဉ် ဒေါ်လာ ၃၀ နဲ့  နှစ်စဉ်ကြေး ၆၀ ပေးရပါတယ်။ မနေ့က MPT က ဈေးတွေ လျော့တယ် 512M ကိုတောင်မှ ၁၇၀၀၀ တဲ့.. ရတနာပုံတယ်လီပို့ ကတော့ လျော့ဈေး ကိစ္စ မကြားသေးဘူးမို့ MPT က လျော့ချပေးတဲ့ ဈေးကို သရေကျယုံမှ တပါး အခြား မရှိတဲ့ အပြင် Plan ပြောင်းသုံးရင်လည်း ဖုန်းလိုင်းသမား ရဲ့ ယုတ်မာမှု ကို ထပ်ပြီး ကြုံရမှာမို့ ဒီလိုမျိုးတွေ မခံချင်တော့ပါဘူး။

 

ဖုန်းလိုင်းသမား မကောင်းတဲ့ အကြောင်း ဆက်လက်ပြီး ပြောရမယ် ဆိုရင်..

အိမ်မှာ ဖုန်း ၂လုံး ရှိတာမို့… အရင်ကတည်းက ဖုန်းတလုံးကို ၂နှစ်တခါ ဖုန်းကြိုးမကောင်းလို့ လဲမှ ရမယ် ဆိုပြီး အလှည့်ကျ လဲခိုင်းတတ်ပါတယ်။ ဆူး တို့ အိမ်ယာဝင်းမှာ ရှိသမျှ အိမ်တွေ အကုန်လုံး ဒီတိုင်းပဲ ၂နှစ်တခါ ကြိုးအသစ် ကို လဲခိုင်းပြီး ပိုက်ဆံ တောင်းပါတယ်။ အားလုံးကတော့ ပေးလိုက်ရတယ် ဆိုပေမဲ့ စိတ်မရှုပ်ရရင် ပြီးရော ဆိုပြီး ပေးနေကြတာလည်းဖြစ်နိုင်တယ် တအိမ်နဲ့ တအိမ် စကားမစပ်မိလို့ မပြောဖြစ်ပဲ ကိုယ့်အိမ်တင် ဖြစ်တာ ထင်ပြီး ပေးကြတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အတိတ်ကိုလည်း မမြေမလှန်ချင်တော့ဘူး ပြီးတာလည်း ပြီးပါစေတော့.. ဖုန်းလိုင်းသမား အားကိုးရတဲ့ အဖြစ်ကိုလည်း မလုပ်ချင်တော့ဘူး.. အခုခေတ်မှာ ဖုန်းတွေ ဒီလောက် ဈေးပေါနေတာ တလုံးမှ ၂သိန်းခွဲပဲ ရှိတာ ဆိုတော့ ဖုန်းအပါ အပြီး ၃ခွဲလောက်ဆို ရနေပါပြီ။ ဒါနဲ့ စကားမစပ် မကြာခင် ဖုန်းကဒ်ဈေးတွေ ထပ်လျော့ပေးတော့မလားလို့..

 

အင်တာနက် ပိုက်ဆံ သွင်းထားတာကုန်ရင် နောက်နှစ်ဆန်းပိုင်းက စပြီးတော့ ဖုန်းနဲ့ စသုံးတော့မယ်လို့ စိတ်ကူးထားပါတယ်။ တနေ့က သူများ ဖုန်းကို ယူပြိး အင်တာနက် လိုင်း ခဏယူသုံးမိတာ.. စိတ်ထဲမှာတော့ အဆင်မပြေဘူး အရမ်းကို နှေးကွေးနေတယ်။ ဘာပဲဖြစ်ဖြစ် သူများ အားကိုးပြီး သူများ ယုတ်မာတာ ခံရနိုင်တဲ့ ဟာ ကို ဖက်တွယ်ပြီး မသုံးချင်တော့တာ အမှန်ပါပဲ.. ဟန်းဖုန်းနဲ့ သုံးမယ် ဆိုရင်တော့ သုံးသလောက် ကုန်တာမို့.. ဘယ်လောက် နှုန်း သုံးလဲ ဆိုတာ သေချာတော့ မသိသေးဘူး… ဒီဟာ လွတ်ပြီး ဟိုဟာ ပြောင်းသုံးမှ စရိတ်တွေ မတရား တက်မှာလည်း တွေးမိသေးတယ်။

About ဆူး

has written 398 post in this Website..