မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေသစ်ကို ထုတ်ပြန်လိုက်ကြောင်း သစ်ထူးလွင်ဆိုက်မှာ တနေ့က ဖတ်ရတယ်။ ယခင် ၁၈၉၉ ရန်ကုန်ရဲအက်၊ ၁၉၄၅ ရဲအက်တို့ကို အစားထိုးပြီး ဖွဲ့စည်းပုံ ဖော်ပြထားတယ်။ ဖွဲ့စည်းပုံ ကြီးကြီးမားမား ပြောင်းလဲတာမျိုး အပြင်လူအနေနဲ့ မတွေ့မိဘူး၊ ရာထူး အခေါ်အဝေါ် အသစ်ဆိုပေမဲ့ ရဲချုပ်မှ ရဲဗိုလ်ချုပ်ကြီး၊ ရဲမှူးက ရဲဗိုလ်မှူး၊ ရဲအုပ်က ရဲဗိုလ် ဖြစ်သွားတာပါ၊ အတန်းအဆင့်အားဖြင် ၁၀မျိုး အတူတူပဲ။ အရင်လို ဒုရဲအုပ် (စခန်းမှူး) အပြာခံ တပွင့်အစား ရဲဗိုလ်တန်းပေးတယ်၊ အယင် မြို့နယ်မှူး ဒုတိယရဲမှူး သုံးပွင့်နေရာ အဆင့်တူ ရဲဗိုလ်မှူးပဲ ဆက်ထားမယ်ထင်တယ်။ ရဲတယောက် ပြောဖူးတယ်၊ ဒုရဲအုပ် တပွင့် အပြာခံဆိုတာ ကိုလိုနီခေတ် လက်ကျန် ရာထူးပေးပုံစနစ်တဲ့၊ ဒုရဲအုပ်ခြင်း အတူတူ စီနီယာသမားကို စခန်းမှူးတာဝန် ပေးထားလို့ ကြယ်ပွင့် အပြာခံ သတ်မှတ်ပေးရာကနေ ကြားမှာတဆင့် ပိုလာတာတဲ့။ ရဲနဲ့ နီးစပ်သူများ ပိုသိပါမယ်။ အဲလို တပွင့်နဲ့ နှစ်ပွင့်အကြား အပြာခံတာ အခြားယူနီဖောင်းဝတ် တပ်ဖွဲ့များမှာ မရှိပါဘူး။ လဝက၊ စသုံးလုံး၊ အကောက်ခွန် စစ်တပိုင်း အရပ်ဖက်ဌာနများကို မြင်ကြည့်နိုင်တယ်။

အပြာခံတော့ ဘာဖြစ်သလဲ.. အပြန်ခါတာပေါ့၊ ရာထူးတက် နှေးတာပေါ့ဗျာ။ ကိုယ်နဲ့အတူတူ ကျောင်းဆင်းတဲ့ အခြားဌာန နှစ်ပွင့်ဖြစ်ပေမဲ့ ကိုယ်မှာတော့ အပြာခံနေလို့ တော်ရုံနဲ့ အပွင့်မတက်ဘူး။ စခန်းရဲဆိုတာကလည်း အောက်ခြေနယ်ထိန်းဘဝမှာ စားရဝါးရတာဆိုတော့ သိပ်ပူညံပူညံ မလုပ်ကြဘူးနဲ့တူတယ်။ မကျေနပ်လည်း ပြောပိုင်ခွင့်မရှိ၊ ယူနီဖောင်းဝတ်ဆိုတော့ အမိန့်မနာခံမှုနဲ့ ကွိသွားမယ်လေ။ ဒါကြောင့် ရဲအစစ်ဆိုရင် မြို့နယ်မှုး သုံးပွင့်၊ အလွန်ဆုံး ရဲမှုး တခက်တပွင့်လောက်မှာတင် ဘားဆုံးတာများတယ်။ ဗိုလ်ချုပ်ခင်ညွှန့် အကိုကတော့ ရဲမှူးကြီးအထိ ဖြစ်ဖူးတယ်။ အရပ်သားထဲမှာ ရှားရှားပါးပါးပါ။ သောက်သောက်စားစား ရဲဘဝပျော်မွေ့သူများက အကြောင်းမဟုတ်ပေမဲ့ ငွေကြေးထက် ဂုဏ်သိက္ခာ ရာထူးအဆင့် တန်ဖိုးထားသူများကြတော့ ဂွကျပါတယ်။ နှစ်ပေါင်းများစွာ ရဲလုပ်ခဲ့ပြီးမှ ထွက်လို့လည်းမဖြစ်၊ အခြားလည်း မလုပ်တတ်။ အပွင့်မက်ပြီး ဌာနချုပ်၊ တိုင်းရုံး သွားနေပြန်တော့ အူမစို၊ ရာထူးလည်း ဟုတ်တိပက်တိ မတက် ဒီလိုနဲ့ ဇာတ်သိမ်းသွားသူတွေ အများကြီး…။

ရဲမကောင်းကြောင်းကို မရေးတော့ပါဘူး၊ အားလုံးလည်း ထိုက်သင့်သလောက် သိနေကြတာပဲ။ နို့မိုရင် ပို့စ်အရှည်ကြီး ဖြစ်သွားမယ်။ ပြောချင်တာ အခြားတခု…. ကိုရွှေရဲတွေကို မြှောက်ပေးမလို့။ ရဲဥပဒေသစ်မှာ အခွင့်ပေးထားသလား မသိဘူး၊ လွတ်လပ်တဲ့ ရဲသမဂ္ဂ ဖွဲ့ကြဖို့ပါ။ ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့၊ ဘဝတူ အခြင်းခြင်း ညီညွတ်ဖို့ အထက်အောက် အမိန့်ပေးစနစ် ကင်းလွတ်တဲ့ အစုအဖွဲ့လိုတယ်။ အရပ်သားများလို လွတ်လပ်မှု ရေချိန် တူခြင်မှတူနိုင်ပေမဲ့ ကိုယ်ပိုင်အမြင် တင်ပြတောင်းဆိုနိုင်ခွင့် ရှိရမယ်။ ဒီမိုကရေစီနိုင်ငံ ရဲတပ်ဖွဲ့တွေမှာ ဌာနတွင်း ဌာနပြင်ပ ပြသနာတက်လာပြီဆိုရင် အဲဒီအဖွဲ့တွေက အရေးယူခံရသူ ရဲများဖက်မှ အကာကွယ်ပေး ရှေ့နေလိုက်ပေးတယ်။ နို့မို့ရင် ရဲဆိုတာ အမိန့်ဆိုတာအောက်မှာ လည်စင်း ခံပေတော့။ အခုတောင် လက်ပံတောင်း အရေးအခင်းမှာ ရဲနှစ်ယောက် မီဒီယာကို ထုတ်ပြောလို့ အဖမ်းခံနေရတယ် မဟုတ်လား။ ဗျူရိုကရေစီ ယန္တရားအောက်မှာ တရားမျှတမှုဆိုတာ မမျှော်လင့် စကောင်းဘူး။ ယူအက်စ်မှာ ရဲတွေ မတရားဘူး အင်အားအလွန်အကျွံသုံးတယ် ဝေဖန်ရင် ရဲ၊ ဒေသခံအစိုးရ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း၊ တရားရုံး စတာတွေက မီဒီယာစောင့်ကြည့်မှုအောက်မှာ ဖြေရှင်းရတယ်။ ရဲတွေဖက်က သိပ်အဖိနှိပ်ခံရတယ် မတရားဘူးထင်ရင် ရဲသမဂ္ဂကနေ ပြန်လည်တုံ့ပြန်ပေါ့၊ ကာယကံရှင် နှစ်ဖက်စလုံး သဘောတူမှ ရေရှည် ကောင်းမည့် အရာမျိုးမဟုတ်လား။ ရဲတပ်ဖွဲ့ဖက်က လူကြီးတွေ ဖိအားပေးလို့ လိုက်လျောရပြီး အောက်ခြေ ရဲတွေက မကျေနပ်ရင် တကြိမ်မဟုတ်တကြိမ် ပြန်ဖြစ်အုံးမှာပဲ၊ ပြသနာက တအုံနွေးနွေး ရှိနေအုံးမှာပဲ၊ တချိန် မဟုတ်တချိန် ပြန်ပေါက်ကွဲအုံးမှာပဲလေ။

အစိုးရဖက်ကလည်း ဒီလို သမဂ္ဂဖွဲ့ခွင့် ပေးထားပေမဲ့ အများပြည်သူနဲ့ တိုက်ရိုက်ထိစပ်တဲ့ ဝန်ထမ်းအဖွဲ့မျိုးကို သပိတ်မှောက် ဆန္ဒပြခွင့် ငြင်းဆိုခွင့်အာဏာ ရယူထားတယ်။ မကျေနပ်ရင် အာဏာပိုင်နဲ့ ရဲသမဂ္ဂတို့ညှိကြ၊ မီယာကို အသိပေးကြ မရတဲ့အဆုံး ဆန္ဒပြနိုင်တယ်။ အစိုးရက အများပြည်သူ အခက်အခဲ တွေ့စေမယ်လို့ ကျိုးသင့်ကြောင်းသင့် ယူဆရင် သပိတ်မှောက်ခွင့် တားမြစ်ပိုင်ခွင့်ရှိတယ်။ ဘယ်ဟာ မတရားဘူး တရားတယ် ဆိုတာတော့ ပြသနာရှိတယ်။ ဥပမာ လခမတက်လို့ သပိတ်မှောက်တယ်ဆိုရင် မလုပ်နဲ့လို့ တားမြစ်နိုင်တယ်။ သိပ်ဖိနှိပ်လွန်းလို့ လုပ်ရပါတယ် ဆိုတောင်မှ သင်္ကေတ အထိမ်းအမှတ်လောက် အခွင့်ပေးတယ်။ ကိုယ့်ဖက်က သက်ဆိုင်ရာ လွှတ်တော်အမတ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဖိအားပေး တိုက်တွန်းပေါ့ဗျာ။ ဘာတုံ့ပြန်ခွင့်မှမရှိဘဲ ဘလိုင်ဂျီး ငြိမ်ခံနေရ၊ ရဲခုံရုံးအတင်ခံမှာနဲ့ စာရင်တော့ အပုံဂျီး သက်သာတယ်။ များသောအားဖြင့် အစုအဖွဲ့ သဘာဝအတိုင်း ပြသနာတက်လာရင် ကိုယ်လူကိုယ် ဖင်ပိတ်ကာကွယ်ပေးတော့တာပဲ၊ ဒါမှလည်း သမဂ္ဂလူဂျီး နေရာမြဲမယ်၊ အဖွဲ့ဝင်ကြေးလည်း ရမှာကို၊ ဘယ်သူက အလကားနေ အလကား အကျိုးမရှိဘဲ အဖွဲ့ဝင်ပါ့မလဲ။ ရဲဖမ်းတဲ့အခါ လက်ထိပ်ခတ် ရိုက်တာတောင် ကိုယ့်လူဖက်က တရားပါတယ် ဖြစ်အောင် ဆင်ခြေပေးရတာပေါ့။ ဒါ အကျိုးဆောင်တိုင်းရဲ့ ထုံးစံပဲ။ စွပ်စွဲသူဖက်ကလည်း ကိုယ်အနိုင်ရအောင် ရဲကိုပြုံးပြတာ အရိုက်ခံရပါတယ် လုပ်ရတာပဲ။ သဘာဝကို ပြောတာပါ၊ ဖြစ်သင့် မဖြစ်သင့်ထက် တကယ် ဖြစ်နေတာ ဘယ်သူမှ ငြင်းမရဘူးလေ။

လုပ်ပုံလုပ်နည်းမှန်ရင် နေရာတိုင်းမှာ အစုအဖွဲ့နဲ့ လုပ်တတ်တဲ့ သဘာဝ ထွန်းကားလာမယ်။ အမိန့်အောက် လုပ်ကိုင်နေရတဲ့ ယူနီဖောင်းဝတ်ဌာနများမှာ မတရားအာဏာပြမှု၊ လက်လွတ်စပယ် ပြုကျင့်မှုများ လျော့နည်း သက်သာသွားမယ်၊ ဦးရေးထောက် လုပ်ငန်းတွေမှာ မလိုအပ်ဘဲ အလုပ်ပိမနေတော့ဘူး၊ ကာယကံရှင်ရဲတွေ အနေနဲ့လည်း ကိုယ်ပိုင်ဆန္ဒပါလို့ ပါခွင့်ရှိလို့ အဖွဲ့အတွင်း တင်းမာမှု ပြေလျော့သွားမယ်။ အရပ်သားတွေနဲ့ ဆက်ဆံရေး ပိုလမ်းပွင့်သွားမယ်။ ခေတ်သစ်ရဲဆိုတာ ပရော်ဖက်ရှင်နယ် ဆန်ရုံနဲ့မပြီးဘူး ကာတက်ဆီဆိုတဲ့ ယဉ်ကျေးပြူငှာမှုလည်း ရှိရတယ်။ အမိန့်နဲ့ သင်ပေးလို့ မရဘူး၊ အရပ်ဖက် အသိုင်းအဝန်းထဲ ဝင်ဆံ့အောင် လုပ်ပေးထားမှ ပြည်သူ့ရဲအစစ် ဖြစ်လာပါမယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေသစ်  ဤနေရာတွင် ဖတ်နိုင်သည်။

 

ရဲဗိုလ်ချုပ်မှူးကြီး ဦးကြောင်ကြီး (ဖွဲ့စည်းပုံတွင် မပါသေး)

ရဲဗိုလ်ချုပ်ကြောင်ကြီး၏ ကိုယ်ရံတော်ရဲမေ

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး