အတွေးလေးများ…

zaylayJuly 13, 20101min520

လက်သီးကိုတင်းတင်းဆုပ်တာနဲ့ အရာအားလုံးကို ကိုယ်ဖမ်းဆုပ်မိပြီလို့
ထင်နေခဲ့တယ်။ တကယ်တော့ လေကိုတောင် ကိုယ်ဖမ်းဆုပ်မမိခဲ့ဘူး။
ကိုယ်ကိုထောင်မတ်ပြီး ပုခုံးကိုစွင့်ကားတာနဲ့ ကိုယ့်လက်နှစ်ဘက်က ဗလာလို့
ခံစားမိတယ်။ ဒါပေမယ့် လောကတစ်ခုလုံးက ကိုယ့်ရင်ခွင်မှာ…

ကိုယ့်ကိုယ်နှစ်သက်

ဒီနေ့မှာ မနေ့ကလောက် ကိုယ့်ကိုယ်ကို မနှစ်သက်နိုင်ခဲ့ရင် မနက်ဖြန်က
ကိုယ့်အတွက် ဘာအဓိပ္ပါယ်ရှိနိုင်မလဲ?

သံသယများသူ

တစ်ခါတလေမှာ လူတွေက သံသယများတတ်တယ်။ သံသယများတော့ ကိစ္စအသေးအမွှားတွေကအစ
စိတ်ထဲထည့်မိတတ်တယ်။ တခြားလူ ကိုယ့်ကိုပိုကြည့်ဖြစ်ရင် ကိုယ့်ကို
မနာလိုလု့ိ၊ ရန်ရှာချင်လို့လို့ ကိုယ်ထင်တတ်တယ်။ တခြားလူ
ကိုယ့်ကိုမကြည့်ပြန်တော့ ကိုယ့်ကိုလျစ်လျူရှူထားတယ်လို့ ထင်မိပြန်တယ်။
သံသယများတဲ့လူရဲ့ နေ့စဉ်ဘဝက ပင်ပန်းလွန်းတယ်။ တခြားလူကြောင့်
စိတ်ခံစားချက်တွေ အလွယ်တကူ ဖြစ်တတ်လို့ဖြစ်တယ်။ သံသယများတဲ့လူက
တောင်တောင်မြောက်မြောက် လျှောက်တွေးနေတတ်လို့ အရှုပ်အထွေးတွေကြားမှာ
ကိုယ့်စိတ်ကို ပိတ်မိနေတတ်တယ်။

ကိုယ်ဟာ သံလိုက်တစ်တုံး

ကိုယ်ဟာ သံလိုက်တစ်တုံးဆိုတာကို ယုံပါသလား? ကိုယ့်စိတ်ပျော်ရွှင်တယ်၊
ကိုယ့်ကိုယ့်ကိုနှစ်သက်တယ်၊ လောကကြီးကို အကောင်းစိတ်တွေနဲ့
ဖြည့်မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ကိုယ်ဆွဲငင်ယူမိမှာပဲ။ အဲဒီလိုပဲ
ဝမ်းနည်းမယ်၊ ပိတ်လှောင်မယ်၊ ဘယ်အရာမဆို ကိုယ်ကြည့်မရ ဖြစ်နေခဲ့ရင်
မကောင်းတဲ့အရာတွေက ကိုယ့်ဆီရောက်လာမှာဖြစ်တယ်။ ကိုယ်ဟာ
သံလိုက်တစ်တုံးဖြစ်လို့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာကိုပဲ
ကိုယ်ဆွဲငင်မိမှာဖြစ်တယ်။ ပျော်ရွှင်တဲ့ကိုယ်က ပျော်ရွှင်စရာ၊
ပျော်ရွှင်တဲ့ပတ်ဝန်းကျင်ကို ဆွဲငင်သလို စိတ်ရှုပ်ဝမ်းနည်းတဲ့ကိုယ်က
စိတ်ရှုပ်စရာပတ်ဝန်းကျင်ကို ဆွဲငင်မှာဖြစ်တယ်။ ကံကောင်းခြင်းနဲ့
ကံမကောင်းခြင်းကို ကိုယ်ဘယ်လိုစိတ်အစွမ်းနဲ့ ဆွဲငင်ယူမလဲ? ဒါဟာ
ကိုယ့်ယုံကြည်မှုရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။

ဒီနေ့ စိတ်လန်းဆန်းရဲ့လား?

ဒီနေ့ သင့်စိတ်လန်းဆန်းရဲ့လား? သင်မဖြေပေမယ့် သင့်မျက်လုံးထဲမှာ
အဖြေတွေရှိနေတယ်။ ဒါကြောင့် လေးလံတဲ့ စိတ်ရှုပ်စရာကိုယ်ထည်ထဲမှာ
သင်ပုန်းအောင်းမနေပါနဲ့တော့။ “စိတ်ရှုပ်စရာ”ဆိုတဲ့ လူကို စိတ်ညစ်စေတဲ့အရာက
လူတွေးလို့ဖြစ်လာတာပါ။ မတွေးရင် အဲဒီအရာတွေက ရှိမှာမဟုတ်ပါဘူးဆိုတဲ့
စကားကို သင်ကြားဖူးပါသလား?

ကော်ဖီထွက်သောက်မယ်၊ အင်္ကျီထွက်ဝယ်မယ်၊ ဆံပင်ပုံပြောင်းမယ်၊
ရေခဲမုန့်ဝယ်စားမယ်၊ လမ်းထွက်လျှောက်မယ်၊ ရုပ်ရှင်ကြည့်မယ်၊
သူငယ်ချင်းဟောင်းဆီ အလည်သွားပြီး အရင်က ပျော်စရာအကြောင်းတွေကို ပြောမယ်။
ညအချိန် ကြယ်လေးတွေကို ရေတွက်မယ်… ကိုယ့်စိတ်ကို လန်းဆန်းစေတဲ့နည်းက
များလွန်းပါတယ်။ လေးလံတဲ့စိတ်ရှုပ်စရာ အခွံထဲနေရတာ ပိုကောင်းတယ်လို့
သင်မထင်ခဲ့ရင်ပေါ့…

သိပ်ဂရုမစိုက်နဲ့

သူ့ရုပ်ကို ကိုယ်ကြည့်မရသလို ကိုယ့်ပုံစံကိုလည်း သူမျက်စိစူးရင်
စူးနေလိမ့်မယ်။ သူ့ဝတ်စားဆင်ယင်ပုံကို ကိုယ်မနှစ်သက်သလို
ကိုယ့်ဆံပင်ပုံစံကိုလည်း သူကြိုက်ချင်မှကြိုက်လိမ့်မယ်။ သူ့မှာ
သူ့ဆိုးကျိုးရှိသလို ကိုယ်လည်း ခြောက်ပစ်မကင်းပါဘူး။ ဒီလောကကြီးမှာ
လုံးဝပြည့်စုံတဲ့လူ မရှိသလို ရာနှုန်းပြည့်
ကိုယ့်နဲ့လိုက်လျောညီထွေမယ့်လူလည်း ရှားပါတယ်။ တခြားလူနှစ်သက်လာအောင်
ကိုယ့်ကိုယ်ကိုလည်း ဖိနှိမ်ထားစရာ မလိုသလို လူရှေ့ထွက်ပြီး
ခေါင်းမော့ရင်ကော့ပြစရာလည်း မလိုပါဘူး။ မသက်ဆိုင်တဲ့လူတွေအပေါ်
ကိုယ့်အချိန်ကိုဖြုန်းမှာထက် ကိုယ့်အတွက်အကျိုးရှိတဲ့ အလုပ်လုပ်ရတာက
ပိုမြတ်ပါတယ်။

စိတ်ရှုပ်တဲ့အခါ

စိတ်ရှုပ်တဲ့အချိန်က ကြိုးမငြိထားတဲ့ ဂီတာတစ်လက်နဲ့တူတယ်။ တီးလိုက်တာနဲ့
နားစူးပြီး နားဝင်မချိုတဲ့သံစဉ်တွေ ထွက်လာတတ်တယ်။ ချက်ချင်းဖြေရှင်းမရတဲ့
ကိစ္စတစ်ခုကြောင့် စိတ်ရှုပ်နေသလား? ဒါမှမဟုတ် မဖြစ်လာသေးတဲ့ကိစ္စကို
ကြိုတွေးပြီး စိတ်ပူနေသလား? ဒီလိုစိတ်ရှုပ်စရာကို ကိုယ်မနှစ်သက်ပေမယ့်
စိတ်ရှုပ်စရာအတွေးတွေက ကိုယ့်ခေါင်းထဲအလိုလို ရောက်လာနေခဲ့တယ်။
ဒီလိုအချိန်မှာ ကိုယ့်စိတ်တွေ ပိုရှုပ်ထွေးပြီး ရင်ဆိုင်ဖို့အင်အားတွေ
ကုန်ဆုံးကုန်တယ်။ စိတ်ရှုပ်တဲ့အခါ အခက်အခဲ၊ ပြဿနာတွေက
ကိုယ်တွေးထင်ထားသလောက် ဆိုးဝါးလိမ့်မှာမဟုတ်ဘူးဆိုတာကို ယုံကြည်ပါ။
များသောအားဖြင့် လူတွေမှာ ကိုယ့်ကိုယ်ကို ချောက်လန့်တတ်တဲ့အကျင့်ရှိတယ်။
ဒါနဲ့ပဲ အချိန်ကုန် လူပိုပန်းရတယ်။ စိတ်ရှုပ်တဲ့အခါ ကိုယ်ရောစိတ်ပါ
နစ်ဝင်နိုင်တဲ့ အရာတစ်ခုကိုရှာပြီး လုပ်ကြည့်ပါ။ တံမြက်စည်းလှည်းပါ၊
မှန်ပြတင်းတွေသုတ်ပါ။ ပုံထားတဲ့ အိုးခွက်ပန်းကန်တွေကို ဆေးကြောပါ။
အပြင်ကအရာတွေကို လှည်းကျင်းသန့်ရှင်းနေတဲ့အချိန် ကိုယ့်စိတ်ထဲက
စိတ်ရှုပ်စရာတွေကိုလည်း ကိုယ်လှည်းကျင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

တွင်းထဲကဖား မဖြစ်စေနဲ့

တွင်းထဲကဖားတစ်ကောင်လို တွင်းဝကမိုးကောင်းကင်ကိုပဲ ကိုယ်တွေ့နေခဲ့သလား?
ဒီကောင်းကင် နေထွက်တာနဲ့ တစ်လောကလုံး လင်းသွားပြီလို့ထင်ပြီး
မိုးရွာတာနဲ့ တစ်လောကလုံး မှောင်မိုက်သွားပြီလို့ ကိုယ်ထင်နေသလား?
တကယ်တော့ တွင်းဝပတ်လည်ကို ကိုယ့်ရဲ့တစ်လောကလို့ထင်ပြီး
တွင်းဝလောက်ပဲကျယ်တဲ့ ကောင်းကင်က ကိုယ့်အတွေးကို လွှမ်းမိုးသွားတာဖြစ်တယ်။
လောကကြီးက အဆုံးသတ်အနား မရှိဘူးဆိုတာကို ကိုယ်မေ့သွားလို့ဖြစ်တယ်။
ဒါမှမဟုတ် တွင်းဝရဲ့ကောင်းကင်အပြင် ဒီ့ထက်ကြီးမားတဲ့
ကောင်းကင်ကြီးမရှိတော့ဘူးလို့ ကိုယ်ထင်နေလို့လည်းဖြစ်တယ်။
ဒီလိုအဖြစ်မျိုး ကိုယ်ကြုံရတဲ့အခါ ကိုယ်ဟာ တွင်းထဲကဖားတစ်ကောင်အဖြစ်ကို
ရောက်မှန်းမသိ ရောက်သွားခဲ့တယ်။ စွတ်စိုမှောင်မိုက်တဲ့
တွင်းအောက်ထဲမှာနေပြီး ကိုယ့်ရဲ့နာကျင်မှုကိုပဲ တွေ့ခဲ့တယ်။
ဒီလိုအချိန်မျိုးမှာ တွင်းပေါ်ကို အားယူခုန်တက်ပြီး နာကျင်မှုထဲကနေ
လွတ်အောင်ရုန်းထွက်နိုင်ရမယ်။ နေရောင်ဖြန့်ကျက်ထားတဲ့ မိုးကောင်းကင်ကြီးက
တွင်းဝကမိုးကောင်းကင်ထက် ကြီးမားကျယ်ပြန့်ကြောင်း ကိုယ်ရှာဖွေမိလိမ့်မယ်။

ခံစားချက်မိုးရေတွေ ရွာချပါ

မြင့်မားတဲ့ တိမ်တိုက်ထဲကနေ ရေစက်တွေတစ်ပြိုက်ပြိုက်ကျပြီး
နွေရဲ့ဖုန်တွေကို ဆေးကြောတဲ့ မိုးဦးရာသီကိုရောက်တဲ့အခါ
ကိုယ့်ရဲ့ခံစားချက်တွေလည်း စွတ်စိုတဲ့ရာသီကြောင့် မျက်ရည်စို့ခဲ့ရရင်
တစ်ခါလောက် အားပါးတရငိုကြွေးလိုက်ပါ။ ရယ်မောခြင်းက ဘာအကြောင်းပြချက်မှ
မလိုသလို ငိုကြွေးခြင်းမှာလည်း ဆင်ခြေတွေမလိုခဲ့ပါဘူး။ ရယ်မောဖို့
လူတွေထောက်ခံအားပေးပေမယ့် ငိုကြွေးဖို့ကိုတော့ လူတွေအားမပေးကြဘူး။
ဒါပေမယ့် မငိုကြွေးဖူးတဲ့လူက မိုးမရွာဖူးတဲ့ကောင်းကင်လို
ညိုးနွမ်းခြောက်သွေ့နေတဲ့ ခံစားချက်တွေကိုပဲ ထိန်းချုပ်ထားရတယ်။
သွက်လက်ဖျတ်လတ်တဲ့ ရေစုံရေမွှားတွေကို မတွေ့ရဘူး။ ဒါကြောင့် ငိုချင်ရင်
တစ်ကြိမ်တစ်ခါလောက် အားရပါးရငိုပြီး ညိုးနွမ်းခြောက်သွေ့နေတဲ့
ခံစားချက်ဖုန်တွေကို ဆေးကြောပစ်လိုက်ပါ။ မိုးရွာပြီးနောက်
လောကတစ်ခွင်လုံး လန်းဆန်းသွားသလို ငိုကြွေးပြီးနောက်
စိတ်တွေပေါ့ပါးသွားပါလိမ့်မယ်။

ကံအတိုင်းလျှောက်

ကလေးဘဝတုန်းက တခြားကလေးတွေကို “ကြည့်….. ငါ့မှာရှိတာ နင်မရှိဘူး”
ဆိုပြီး ကိုယ်ကြွားဖူးကောင်း ကြွားဖူးလိမ့်မယ်။ ကိုယ့်မှာရှိတဲ့အရာက
လေတံခွန်၊ အရုပ်မလေး ဒါမှမဟုတ် ရောင်စုံခဲတံဖြစ်မယ်။

ကြီးပြင်းလာတဲ့အချိန် တခြားလူတွေကို “ဟင်း.. သူ့မှာရှိတာ ငါမရှိဘူး”
ဆိုပြီး ကိုယ်အားကျဖူးကောင်း အားကျလိမ့်မယ်။ သူတို့မှာရှိတဲ့အရာက
အလုပ်ကောင်း၊ ဖြောင့်ဖြူးတဲ့ချစ်ခရီးလမ်း ဒါမှမဟုတ်
ပျော်ရွှင်ဖွယ်ရာဘဝဖြစ်မယ်။

ကလေးဘဝ ကြွားဝါတာက အပြစ်မဲ့တယ်။ လူကြီးဘဝ အားကျတာက ကလေးဆန်တယ်။ တကယ်တော့
ကိုယ့်မှာရှိတဲ့ အဖိုးတန်အရာတွေ တခြားလူမှာမရှိနိုင်ဘူး။ ဥပမာ–
ခိုင်မာတဲ့ကိုယ့်ရဲ့ သွားတွေ၊ ပျော့ပျောင်းတဲ့အရာကို
တခြားလူစားနေချိန်မှာ မာတဲ့အရာကို ကိုယ်ကိုက်နိုင်တယ်။ ပြီးတော့
သွယ်လျတဲ့ ကိုယ့်လက်ချောင်းတွေ၊ တခြားလူ ပုလွေမှုတ်နေချိန်မှာ
ကိုယ်ကသွယ်လျတဲ့လက်နဲ့ စန္ဒားယားတီးနိုင်တယ်။ အဲဒီလိုပဲ သူတစ်ပါးကို
ကိုယ်အားကျနေချိန် တစ်ပါးသူကလည်း ကိုယ့်ကိုပြန်အားကျနေလိမ့်မယ်။
လောကကြီးမှာရှိတဲ့လူတွေက သူ့အရည်အချင်းနဲ့သူ ရပ်တည်နေကြပါတယ်။ ဘယ်သူကမှ
ဘယ်သူ့ထက် ကံပိုမကောင်းသလို ဘယ်သူထက်လည်း ပိုထူးခြားနေမှာမဟုတ်ဘူး။

လူ့ဘဝက ကံတရားအတိုင်း သွားနေပါတယ်။ ဒါကြောင့် ရယူပိုင်ဆိုင်တိုင်း
အရမ်းဝမ်းသာစရာ မလိုပါဘူး။ ပိုင်ဆိုင်ပြီးနောက် ဆုံးရှုံးဖို့ဆိုတာ
ရှိလာနိုင်တဲ့အတွက်ကြောင့်ပါ။ မရှိလို့လည်း ဝမ်းနည်းစရာ မလိုပါဘူး။
မရှိမှ ရယူနိုင်မယ့်အခွင့်အရေးတွေ ရှိလာနိုင်တဲ့အတွက်ကြောင့်ပါ။ ရယူတာနဲ့
ဆုံးရှုံးတဲ့ကြားထဲမှာ အကောင်းအဆိုးဆိုတာ မရှိပါဘူး။ အရာအားလုံးက
ကံစီမံရာအတိုင်း သွားနေလို့ဖြစ်တယ်။ ဒါကြောင့် စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့
အရာရာကို မြင်တတ်အောင်ကြိုးစားပါ။ ဒါဟာ ကိုယ်တကယ်ကြီးပြင်းခဲ့ကြောင်း
သက်သေပြနေတာပါပဲ။

……………….