ကရင်တာလဘော့ဟင်းလေးချက်ပါအုံး

NovyOctober 25, 20121min30327

ကဲဒီနေတော့ ကရင်တာလဘော့ဟင်းလေးချက်မယ်

ပါဝင်ပစ္စည်းတွေကတော့

ငါးခူ                -၂ ကောင် (သို့) ငါးဖယ်ခြစ်  တစ်ဆယ်သား

ဆန်လှော်မှုန့် – ထမင်းစားဇွန်း ၄ဇွန်း

ဂျင်း / စပါးလင် / ကြက်သွန်ဖြူ  / ပင်စိမ်း

ငံပြာရည် / ဆီ   အနည်းငယ်

အသီးအရွက်တွေကတော့ ကိုယ်ကြိုက်နှစ်သက်ရာကို နည်းနည်းစီထည့်လို့ရပါတယ်

မနိုထဲ့တဲ့ အသီးအရွက်တွေကတော့

ပိန်းဥ / ဒညင်းဝက် / မျှစ်စိမ်းပြုတ် /ဂျူးမြစ် / မုန့်ညှင်းစိမ်း /ချဉ်ပေါင်ရွက်/ ခရမ်းကြွပ်သီး /ပဲသီး

ဒီလောက်ပဲထဲ့ပါတယ်

ငါးခူ နှစ်ကောင်ကို အသားလွှာပြီး ငါးဆုပ်လုံးလုပ်ရပါမယ်

ငါးခူး (သို့) ငါးဖယ်ခြစ် တွေကို ထောင်းတဲ့ အချိန်မှာ

ညှပ်အောင် ထောင်းထားတဲ့  (စပါးလင် / ဂျင်း / ကြက်သွန်ဖြူ  )

ဆန်လှော်မှုန့်တစ်ဇွန်း / ငံပြာရည် /ဆီနည်း ကိုအားလုံးရောပြီးထောင်းရပါမယ်

ပြီးရင် အလုံးလေးတွေလုပ် ပြီး ဆီနည်းနည်းလေးနဲ့ ဆီသပ်ထားလိုက်ပါ

ရေ၃လီတာလောက်ကို ကျန်နေတဲ့ဆန်လှော်မှုန့်၃ဇွန်း / ငါးခူခေါင်းတွေ အလယ်ရိုတွေနဲ့ ချည်ထားတဲ့စပါးလင်အရွက်ကြမ်းတွေထဲ့ပြီးဆူလာအောင်တည်ပါ

ဆန်မှုန့်တွေပွပြီးရေဆူလာပြီဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအရွက်တွေကို ထဲ့ရပါ့မယ် မပါဖြစ်တာကတော့ ပင်စိမ်းပါဘဲ

ဆူလာပြီဆိုရင်တော့ ဆားနဲ့ ဟင်းခတ်မှုန့်ကို လိုသလိုထဲ့လိုက်ပါ

အသီးအရွက်တွေကျတ်ပြီဆို ရင်တော့ ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကရင်တာလဘော့ဟင်းလေးစားလို့ရပါပြီ

ငါးခူငါးဆုပ်လုံး /အလယ်ရိုးခေါင်းနဲ့ ချည်ထားတဲ့စပါးလင်အရွက်ကြမ်း

ပိန်းဥ / ဒညင်းဝက် / မျှစ်စိမ်းပြုတ် /ဂျူးမြစ် / မုန့်ညှင်းစိမ်း / ခရမ်းကြွပ်သီး /ပဲသီး / ပင်းစိမ်း /

ချဉ်ပေါင်ကတော့ ပုံထဲမှာ မပါဘူး

ကရင်တာလဘော့ဟင်းလေးချက်ပြီးသွားပြီး

ငါးသလောက်ဆီပျံဟင်း

ပုဇွန်ငပိချက်စပ်စပ်လေး

ကရင်တာလဘော့နဲ့တွဲစားရအောင် ဟင်းဆက်လေးပါတွဲပေးလိုက်တယ်နော်

 

 

 

27 comments

  • water-melon

    October 25, 2012 at 10:47 am

    အမလေး ဒီနေ့ချမ်းစိမ့်စိမ့်ဖြစ်နေတာနဲ့
    အတော်ဘဲတော့ တစ်ခွက်ယူသွားတယ်ဗျို့
    အဟီ
    ကျန်သွားလို့ ပုဇွန်ငပိချက်စပ်စပ်လေးရော ယူတွားတယ် 😀

  • weiwei

    October 25, 2012 at 10:53 am

    ငယ်ငယ်တုန်းက တစ်ခါပဲ စားဖူးတယ် … အရမ်းကြိုက်ပါတယ် …
    ပိတ်ရက်ကျရင် ချက်စားကြည့်ဖို့ အကြံရသွားပြီ … မှတ်ထားလိုက်ပါပြီ …

  • Novy

    October 25, 2012 at 11:22 am

    ဖရဲမ..
    တစ်ခွက်ယူသွားတယ်ဗျို့ တဲ့ ဘီယာနဲ့မှာနေအုံးမယ်

    မဝေဝေ..
    နိုဗွီလည်း ကြိုက်တယ် ကိုယ်အရင်ကချက်ဘူးတဲ့ တာလဘေ့ာဟင်းထက်
    အခုအိမ်မှာရောက်နေတဲ့ ကရင်မလေးချက်တဲ့ဟင်းပုံစံက ပိုစားကောင်းတယ်

  • Khaing Zar Win

    October 25, 2012 at 11:33 am

    ကော်ပီ သွားပြီဗျို့။
    ဒီရုံးပိတ်ရက် ချက်ကြည့်ဦးမယ်။
    ကျေးကျေးပါ။ 🙂

  • Ma Ei

    October 25, 2012 at 11:36 am

    ပရက်ရှာ တက်မစိုးလို့ ငါးသလောက်နဲ့
    ငပိချက်လေးကို တို့ရုံလေးတို့ပြီး
    တာလဘော့ ဟင်းလေးကိုတော့
    များများစားလိုက်ပါမယ်နော်…
    ကောင်းလိုက်တာ…
    :528:

  • မိုချို

    October 25, 2012 at 12:19 pm

    မနိုရေ
    တလဘော့ ဟင်း ကို တခါမှ ချက်မစား ဖူးဘူး။ ချက်စားကြည့် ချင်တယ်။ အိမ်က လူကြီးကို အဖေါ် စပ်ကြည့် လိုက်အုံး မယ်။ သူက အစား ဂျီး များတော့ သူ မကြိုက်တဲ့ ဟာ ဆို ကိုယ် တစ်ယောက်ထဲ စား ဖို့ အတွက် ကျတော့ မချက် ဖြစ်တော့ ဘူး။ ငါး သလောက် ကတော့၂ ယောက်လုံး ကြိုက်၊ ပေါင်း တာထက် ချက်တာကို ပို ကြိုက် တယ်။ ငါးသလောက် ဆီပြန် ကြည့် ပြီး သွားရေကျနေ ပြီ။

  • ကထူးဆန်း

    October 25, 2012 at 12:58 pm

    စားဘူးတဲ့ ကရင်တာလဘော့ နဲ့တော့ တူသေးဘူး ။ စားဖူးတာငါးဖယ် နဲ့ မဟုတ်ဘူး ။ ပုဇွန်စိပ်လေးတွေနဲ့ အရွက်တွေလည်း ဒီလောက် မများ သလိုဘဲ ။။နေရာ ဒေသ ကွာမယ်ထင်တယ် ။
    ဦးဆာမိကြီး မနိုဗွီ ချက်နည်းနဲ့ မတူရင် သင်ပေးပါဦး ..
    ကိုယ်လည်း မချက်တတ်ဘဲ နဲ့ ဂျီးများနေတာ … :harr:

    • Novy

      October 25, 2012 at 2:36 pm

      Khaing Zar Win@
      ချက်ပြီးရင်လည်းကျွေးအုံးနော်

      မအိရေ..
      များများစားပါနော်

      မိုချိုရေ..
      မနိုလဲ ငါးသလောက်ဆို ချက်တာကို ပိုကြိုက်ပါကြောင်း

      ကထူးဆန်းရေ.
      မတူဘူးလား ဒီချက်နည်းကတော့ မြောင်းမြဘက်နားကရင်ရွာကလေးက နည်းပါ

      • pooch

        October 25, 2012 at 5:21 pm

        ဟုတ်တယ် အမ အိမ်က အမေချက်တာနဲ့ နည်းနည်းလေး ကွာတယ်။ အိမ်က ပိန်းဥမပါဘူး။ပြီးရင် ငရုတ်သီးစိမ်းထောင်းထဲ့ပြီး သောက်ရတာ ရှုးရှဲုနဲ့ ။ အမေက တောင်ငူဇာတိလေ ။ ဒေသကွဲလို့ ထင်ရဲ့။

  • may flowers

    October 25, 2012 at 3:37 pm

    ကရင်တာလဘော့ဟင်း ချက်နည်းကိုသိချင်နေတာကြာပြီ နိုဗွီရေ ကျေးကျေးနော် ကူးယူထားလိုက်ပြီ

    နောက်အပါတ်စနေ့မှ ချက်စားတော့မယ်။

  • ကိုငြိမ်းချမ်း

    October 25, 2012 at 5:10 pm

    ကျနော်တို ့ရွှေကျင် ကျောက်ကြီးဘက်က ကရင်တွေချက်တာကတော့ ဒီလိုမဟုတ်ဘူး…
    (မတူတာဘဲသိတယ်.. ချက်နည်းတော့ သိဘူး)
    ရွာကရင်အိမ်တွေမှာ တာလဘောဟင်းသွားစားတော့ ဇွန်းနဲ ့အားရပါးရခပ်လိုက်တာ ဖားကလေးက မျှစ်ကိုကိုင်ပြီးပါလာတာ ဇော်က ကနေသလိုဘဲ….

  • Onyx

    October 25, 2012 at 7:46 pm

    ငယ်ငယ်ကပဲ စားဖူးပါတယ် နယ်မြို့လေးမှာပါ ကြိုက်ပေမယ့် အခုအိမ်မှာ ဘယ်သူမှ မချက်တက်လို့ မစားရဖြစ်နေတာ ကျေးကျေးပါ မနိုရေ …….

  • မောင်ပေ

    October 25, 2012 at 9:29 pm

    ကူးသွားတယ်ဗျို ့
    စားလဲ မစားဘူး
    မြင်လဲ မမြင်ဘူး လို ့
    လုပ်စားကြည့်မည် ဖြစ်ပါကြောင်း

  • အရီးခင်လတ်

    October 25, 2012 at 9:35 pm

    ငါးနဲ့တော့ မဟုတ်ဘူး။
    ကြက်သား နဲ့ ချက်စားကြည့်မယ်။
    ဟင်းချက်နည်းလေးတွေအတွက် ကျေးဇူးပါ မနိုရေ့။
    ငါးသလောက် မစားရတာ နှစ်ချီပြီး အတော်ကြာပေါ့။
    ဒီတစ်ခေါက် သင်္ကြန် ဈေးတွေပိတ် နေတာ ကြုံ တာနဲ့ တစ်ချို့ အစာတွေ မစားခဲ့ရဘူး။

  • padonmar

    October 25, 2012 at 9:35 pm

    မြစ်ဝကျွန်းပေါ်ကရင်တွေက ဒီလိုတာလပေါ မချက်တတ်ဘူးထင်တယ်။ တစ်ခါမှ မစားဖူးသေးဘူး။
    ကရင်ပြည်နယ်က ကရင်တွေချက်တာဖြစ်မယ်ထင်တယ်။
    အားရင် ချက်စားကြည့်အုံးမယ်။ စားကောင်းမှာသေချာတယ်။

    • ကထူးဆန်း

      October 25, 2012 at 10:59 pm

      ကျုံပျော်ဘက် က ကရင်အဒေါ်ကြီးမေးကြည့်တာ သူတို့ မသိဘူး ။
      ကျွန်တော့် အဒေါ်တွေက ကရင်မဟုတ်ပေမဲ့ ကိုငြိမ်းချမ်းပြောတဲ့ ရွှေကျင်ဘက် က ။ သူတို့ပြောပြတာ ကိုငြိမ်းချမ်းပြောသလိုဘဲ ။ ဖား ပေါက်လေးတွေထည့်ချက်တယ် ဆိုတဲ့ အကြောင်း ။
      အိမ်မှာ ချက်ကျွေးရင်တော့ ပုဇွန်စိပ်လေးတွေနဲ့ ။
      တောင်ငူဘက်နဲ့ တော့ နီးစပ်မယ်ထင်တယ် ။ pooch ရေ အမေ့ကိုမေးပြီး ရေးတင်ပေးပါဦး။ :hee:

      • surmi

        October 25, 2012 at 11:31 pm

        လာမယ်နော်
        အခုမှ ခရီးကပြန်ရောက်လို့ ။ ကျနော့်နည်းက ရွှေကျင်နဲ ့ နည်းနည်းဆင်မယ် ။
        ကဝ ဘက်က ကရင်တွေဆို ကြားတောင် မကြားဖူးဘူး ။
        မြစ်ဝကျွန်းပေါ်ကရင်နည်းက အချဉ်ထည့်လေ့ရှိတယ် ။ မနိုဗွီက ချဉ်ပေါင်ရွက်ထည ့်သလို
        တချို ့က ခရမ်းချဉ်သီးထည် ့တယ် ။
        ကျနော်ပြောမဲ့ နည်းက အချဉ်မပါဘူး ။
        တခါက ရိုးမတောင်ခြေမှာ စာဖူးတဲ့ ကျနော့မိတ်ဆွေကရင်ဘိုးတော်ကြီးဆိုရင် ငါးလည်းမရှိ ၊
        ဖားလည်းမရ ၊ ပုဇွန်ဆိုဝေလာဝေး ….ဒီတော့ ပဒတ် (ပုတက်) နဲ့ချက်သဗျာ ။
        ချိုလိုက်သမှ ဆွေမျိုးတောင်မေ ့သွားလိမ့်မယ် ….။
        အင်း ……အဲဒီ ရိုးမတောအကြောင်းလေးလည်း တနေ ့ ရေးချင်သားဗျာ . ….။

      • ကိုငြိမ်းချမ်း

        October 26, 2012 at 5:43 pm

        အားတဲ့ တစ်နေ ့ ပဒတ်ဖမ်းတဲ ့နည်းလေးရွာထဲမှာပြောပြဦးမယ်

  • Crystalline

    October 26, 2012 at 8:48 am

    အစ်မက ငါးခူငါးဆုပ်နဲ့ရှယ်ချက်ထားတာပဲ.. ကျမတို့အိမ်ကအစ်မတွေချက်တာတော့ ဂုံးတွေဘာတွေနဲ့ချက် တယ်. တခါတလေလည်း ငါးကျပ်တိုက်ခြောက်၊ ကြက်ဆိုရင်လည်းမီးသင်းနံ့မွှေးတဲ့အကင်နဲ့ချက်တယ်. အရွက်ကတော့ ဘူးညွန့်လို ဖရုံညွန့်လိုအညွန့်လေးတွေထည့်တယ်..ဝါးပိုးမျစ်စိမ်း ပြုတ်ထည့် တယ်..ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်း ခပ်တယ်. နောက်ပင်စိမ်းပေါ့… အစ်မရေ ချက်တဲ့ဟင်းတွေက အစ်မအမေအတွက်ဆိုရင်တော့ သွေးတက်စေမလားမသိ.. ကျမကတော့ ငါးသလောက်စားရင် အသေဇက်ကြောတက်တာ..အဲဒါကြောင့်မစားဖြစ်ဘူး

  • metallic

    October 26, 2012 at 9:02 am

    ကြက်သွန်ဖြူနီ ဂျင်း ထောင်း ဆီသတ် ( အကြောက်ဆုံး အလုပ်)
    ငါးကို အသားလွားထောင်း အဆုပ်လုံးစတဲ့အလုပ်တွေ (မပါရင်ပိုကောင်း)
    ဟင်းချက်ပြီးပိုတဲ့စပါးလင်ကို (ဘာလုပ်ရမည်မသိ / ဘယ်နားသွားထားရမှာဒုန်း/ ဘယ်တော့မှပြန်သုံးဖြစ်မည်မသိ)

    တော်ပါပြီ မချက်တော့ပါဘူး
    ဓာတ်ပုံထဲက ဟင်းကိုပဲ စားလိုက်တော့မယ်

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 26, 2012 at 10:20 am

    တာလဘော
    သာဗျော
    လာရော
    ငါဖော
    တခါသော
    မှာတော
    ဖျာပေါ
    ရွာဝေါ..။
    စားခဲ့ဘူးတဲ့ တာလဘောဟင်းကတော့ မော်တော်ကား အိပ်ဇောခိုးနံ့ဂျီးနဲ့ တွေ့ကရာ အရွက်ကို ရေနွေးပြုတ် ဆားထည့်ထားတဲ့ ဟင်းပါဗျာ။ အခန့်မသင့်ရင် ဝမ်းကိုက်ဝမ်းနာ ဖြစ်တယ်။ မုန်းတယ် နိုဗွီ့ကို အတိတ်ကို ပျံသတိရအောင် လုပ်လို့… :eee:

  • အရီးခင်လတ်

    October 26, 2012 at 5:54 pm

    မနိုရေ

    မနေ့က အဲဒီဟင်းမျိုး စားချင်လွန်းတာနဲ့ နီးရာ ဆိုင်မှာ စပါးလင်ရှာတာ မရှိ။
    ဒီတော့ မရှိရှိတာ ချက်လိုက်တယ်။
    ကြက်သား ချက်
    ဆန်ကို လှော် ထောင်းထည့်
    halloween pumpkin ကို တုံးပြီး ထည့်
    ဥနီထည့်
    ပြောင်းဖူး ထည့်
    ဆန်လှော်ရဲ့ အရသာ နဲ့ ဘဲ စိတ်ဖြေ ပေါ့။
    အခုတောင် လက်ကျန် လေး ကို နေ့လည်စာ လွေးနေတယ်။

    ထပ်တင်ပေးပါဦး။
    ကျေးဇူးတင်ပါတယ်နော်။
    :hee:

  • မမလေး

    October 27, 2012 at 3:29 pm

    ကိုယ့်ဘာသာကိုယ်ချက်ရင်ကောင်းမှာမဟုတ်ဘူး … ချက်ကျွေးတာ ပိုအဆင်ပြေမယ်ထင်တယ် …

    ကချင်ချက် တို့ ရှမ်းချက် တို့ချက်တတ်ရင်သင်ပေးပါဦး … အရမ်းကြိုက်လို့ပါ …

  • တာလပေါဟင်း ဆန်လှော်နဲ့ချက်တယ်လို့ကြားဘူးပေမယ့်မစားဘူးသေးပါ
    ပုရစ်ကြော်နဲ့တွဲစားရင်တော့ အတော်လိုက်ဖက်မယ်လို့ထင်မိပါကြောင်း

  • မမလေး

    October 28, 2012 at 11:28 pm

    ပုရစ်ကြော်ကို ကြည့်တာနဲ့တင်ကြောက်တယ် … စားရဲတာ နည်းတဲ့ သတ်တိမဟုတ်ဘူးနော် … အီးးးး … ကြောက်တယ် …

Leave a Reply