သင်နှင့် ရယ်မောပျော်ရွှင်စရာ သစ်သီးချိုချိုများ

 

(က)

ကျွန်တော် ရေဆာနေပြီ။ ရေမသောက်ရသေးလို့တော့ မဟုတ်။ ရေသောက်ပြီးသား ထပ်ဆာနေတာမျိုးလည်း မဟုတ်ပြန်။ ကျွန်တော်ကတော့ တကယ့်အစစ်အမှန်ပုံစံမျိုးနဲ့ ရေဆာလို့ နေခဲ့ပြီ။ အဲဒီအချိန်မှာ ကျွန်တော့်ကို ရေတိုက်မယ့် လူတစ်ဦးရောက်လာတယ်။

“မင်းရေဆာနေတယ်ဆို”

“ဟုတ်ပါ့ .. အစစ်ပဲ”

“ရေဆာမှာပေါ့ .. မင်းရေမသောက်တာ နှစ်ပေါင်းများစွာ ကြာပြီ”

“ဟုတ်ပါဘူး.. ကျွန်တော် ခုနလေးကမှ သောက်ထားတယ်”

ထိုလူ တွေဝေသွားတယ်။

“မဖြစ်နိုင်ဘူး .. မင်းပုံစံက နှစ်ပေါင်းများစွာ ရေမသောက်လာတဲ့ လူနဲ့ တူနေတယ်”

နောက်တော့လည်း ဘာဆက်ဖြစ်တယ် မသိဘူး။ တောင်တန်းတွေဘက်ကို သူထွက်သွားလိုက်တာ ပြန်မပေါ်လာတော့ဘူး။ အဲဒီတောင်တန်းတွေဘက်က တောင်ကျချောင်းရေများ ခပ်လာမလားလို့ သူ့ကို မျှော်ကြည့်ဖြစ်သေးတယ်။ မဖြစ်နိုင်ဘူး။ တကယ်က သူရောက်လာကတည်းက ကျွန်တော့်ကို တကယ် ရေတိုက်ချင်တဲ့ပုံမပေါ်ဘူး။ ဒီလိုနဲ့ပေါ့.. ရာသီဥတုက ရုံးတက်လက်မှတ်ထိုးလိုက်တာ မိုးရာသီကို ရောက်ခဲ့တယ်။

 

(ခ)

မတတ်နိုင်ဘူး။ ရေဆာလို့ ရေဆာတယ် ပြောတာပဲ။ ဘာကြောင့်များ လူတွေက လူထူးလူဆန်းလို ကျွန်တော့်ကို ဝိုင်းကြည့်နေကြသလဲ။ ကျွန်တော်ကိုယ်တိုင် တွေဝေရင်းပါပဲ။ ကျွန်တော်ရေဆာနေတာ ရေကို ဆာတာလား။ ဆာနေတာက ရေမှရေလို့ ပြန်သတ်မှတ်လိုက်တာလားပေါ့။ မသိတော့ပါဘူး။

“ငါတို့ရွာ မိုးခေါင်နေတာ .. မင်းကြောင့်ပဲ”

ခေါင်းဖြူ ဘိုးတော်တစ်ဦးကပြောတော့ ကျွန်တော် စိတ်ညစ်သွားတယ်။

“မိုးခေါင်တာက ရာသီဥတု ဖေါက်ပြန်မှုပဲ ကျွန်တော်နဲ့ ဘာဆိုင်လဲ”

“ဆိုင်တာပေါ့ .. မင်းဟာ ရေအမြဲသောက်ပြီး ရေဆာတယ် လုပ်နေတဲ့ကောင်ပဲ

မင်းကို ရေမရအောင် .. မိုးမရွာတော့တာ ..”

ကျွန်တော် အဲဒီရွာက ထွက်လာခဲ့ပါတယ်။ တောင်တန်းတွေဆီကိုလည်းကောင်း၊ ရိုးမတွေဆီကိုလည်းကောင်း ကျွန်တော် ခြေဦးတွေ လိုက်တည့်မိနေခဲ့တယ်။

 

(ဂ)

ပြဿဒါးရက်စွဲတို့ကို ကိုယ်စားပြုတဲ့ နတ်မင်းကြီးနဲ့ တွေ့တယ်။

“မင်းက ဘယ်သူလဲ”

“ကျွန်တော်က လူပေါ့ .. တိတိကျကျပြောရရင် ရေဆာနေတဲ့လူ”

နတ်မင်းကြီးက ကျွန်တော့်ကို ခင်ပုံရပါတယ်။ သူ့ပြဿဒါးနေ့တွေထဲက ရေကြီးတဲ့ နေ့တွေကို ထုတ်ပြီး ကျွန်တော့်ကို အဲဒီရေတွေ တိုက်တယ်။ ကျွန်တော်လည်း သောက်ကြည့်မိပါတယ်။

“ဟင် .. ဒါက ဂျပန်နိုင်ငံ ငလျင်လှုပ်တုန်းက ရေကြီးဖူးတဲ့ ရေပဲ ..

ပင်လယ်ရေကြီး မကောင်းဘူး”

နတ်မင်းကြီးက နောက်တစ်ခွက်တိုက်တယ်။

“ဟာ .. ဒါကြီးကလည်း ဆူနာမီရဲ့ ရေတွေ .. ဒီထဲမှာ သွေးတွေတောင် ရောနေတယ်”

နောက်တစ်ခွက်၊ နောက်တစ်ခွက် ကျွန်တော် လိုက်သောက်ကြည့်တယ်။ အဆင်မပြေပါဘူး။ နတ်မင်းကြီးလည်း လက်လျှော့သွားပုံရပါတယ်။ ပြက္ခဒိန်ထဲ ပြန်ဝင်သွားလိုက်တာ အဲဒီလက သုံးရက်ဆက်တိုက် ပြဿဒါးဖြစ်နေလေရဲ့။

 

(ဃ)

“ရှင့်နာမည် ဘယ်သူလဲ”

“………………”

“အော် .. ရှင်က နာမည်မရှိတဲ့လူလား”

“မဟုတ်ဘူး .. နာမည်က သပ်သပ် လူက သပ်သပ်ဖြစ်နေတဲ့လူ”

သူမက ကျွန်တော့်ကို ကလေးတစ်ယောက်ကို သဘောကျသလိုမျိုး ခိုးခိုးခစ်ခစ်ရယ်တယ်။ ကျွန်တော် သိပ်တော့ ဘဝင်မကျပါဘူး။

“ခင်ဗျားက ဘာရယ်တာလဲ”

“ဘာရယ်မဟုတ်ပါဘူး … ရှင်က ပင်လယ်ထဲ သောင်ထွန်းချင်တဲ့လူလို့ မြင်မိလို့ပါ”

ကျွန်တော် မကျေနပ်လို့ ပြန်ပြောဖို့ သူမကိုလှည့်အကြည့်မှာ … ကျွန်တော်တွေ့လိုက်ရတာက သူမကိုပဲ။ သူမကို လှည့်အကြည့်မှာ သူမကို မြင်လိုက်ရမယ်လို့ ကျွန်တော် ထင်မထားမိခဲ့ဘူး။ ဖြစ်နေတာက ကျွန်တော် မမြင်ဖူးတဲ့ သူမကို ကျွန်တော်မြင်ဖူးတဲ့ထဲကလို့ ထင်ထားမိနေတာပဲ။ မဖြစ်သင့်ဘူး။ နေလုံးကို ရေခဲသေတ္တာထဲ ထည့်ထားသလိုမျိုး သူမက လှနေတယ်။

“မမိုးစွေ..

ခင်ဗျားကို ကျွန်တော်ချစ်ကြည့်ရမလား”

သူမက “အင်း…” ဟုဖြေပါတယ်။ ကျွန်တော် မချစ်ကြည့်ဖြစ်လိုက်ဘူး။ အဲဒီနေ့က ကျွန်တော့်အတ္တတွေ အရိပ်မထွက်တာ စိတ်ညစ်ရင်း ကျွန်တော် သူမကို မချစ်ကြည့်ဖြစ်လိုက်ပါဘူး။

 

(င)

အဲဒီနေ့က အောင်မိုးသူရဲ့ ကျွန်မနဲ့ ဘက်စ်ကားပေါ်က လူတစ်ယောက်ကို ပြန်ဖတ်ကြည့်ဖြစ်တယ်။ သူရေးထားတဲ့ ဘက်စ်ကားပေါ်က လူက ကျွန်တော်ဖြစ်နေမလား။ ဒါဆို ဘေးနားက သူရေးထားတဲ့ ကျွန်မဆိုတာ မမိုးစွေဖြစ်နေမလား။ ကျွန်တော် ဝေခွဲမရဘဲ အဲဒီဝတ္ထုကို ပိတ်လိုက်တယ်။

“ဖြစ်တတ်ပါတယ်ကွယ် … ကြယ်တွေလင်းတိုင်း ညမှ မဟုတ်ဘဲ”

မမိုးစွေစကားကို ကျွန်တော် ကြားတော့ ဘယ်သူနဲ့ မတိုင်ပင်ဖြစ်သေးတဲ့ စကားတစ်ခွန်းကို ကျွန်တော်ပြောလိုက်မိတယ်။

“မမိုးစွေ ……… ခင်ဗျား နှလုံးလမ်းကြောင်းပေါ် ကျွန်တော် မီးပွိုင့်မိချင်တယ်”

တကယ့်တကယ် ကိုယ်ကျင့်တရားရာသီဥတုများနှင့် တွေ့တဲ့အခါ ကျွန်တော်မိနေတဲ့ မီးပွိုင့်များက ကျွန်တော် နှလုံးလမ်းကြောင်းရဲ့ ကျွန်းတွေပေါ်မှာပဲ။ စိုင်းထီးဆိုင်ကို ကျွန်တော် အပြင်းအထန်မုန်းလိုက်မိတယ်။ မမိုးစွေဟာ ကျွန်တော့်အတွက် ဝါရီဝေတဲ့ မိုးသည်းဆောင်းတစ်ခုပဲ။ ကျွန်တော်ဘာကိုမှ မကွဲပြားတော့ဘူး။

 

(စ)

တစ်ရက်မှာ ကျွန်တော် ဘက်စ်ကားတစ်စင်းပေါ် ခန္ဓာကိုယ်ကို အစုလိုက်အပုံလိုက် တက်စီးဖြစ်ခဲ့တယ်။ ကြေကွဲသွားတယ်။ ကျွန်တော် နေရာရပေမယ့် သူမမှာ နေရာမရခဲ့ရ။ ဘဝကို သူစိမ်းဆန်ဆန် ကျွန်တော် ဘာသာပြန်ကြည့်ဖြစ်တယ်။ ဖြစ်တည်မှုတိုင်း သံသရာရှည်ကြောင်းတွေပဲ။ စိတ်ညစ်တယ်။ ကျွန်တော် မဟုတ်ဘူး။ စိတ်ညစ်တယ်ဆိုတာ သူမပဲ။ သူမ လက်ထဲက ထမင်းချိုင့်ကို ကျွန်တော် ယူကိုင်ပေးခဲ့ပေမယ့် ကျွန်တော့်နေရာကို သူမကို ပေးရကောင်းနိုးနို်း မပေးရကောင်းနိုးနိုး စိတ်တွေ တွေဝေနေခဲ့တယ်။

သူမအသက်ရှူသံဟာ ကျွန်တော့် နားထင်ကို ဖြတ်ပြီး ကျွန်တော့် အသံရှူသံကတော့ သူမ လက်ဖမိုးတွေကို ဖြတ်သန်းနေခဲ့တယ်။

“ဖွေးဖွေး …”

“ရှင်……”

“မင်းကို ငါချစ်လိုက်တော့မယ်နော် …”

“မြင့်မြင့်ခိုင် ပါးရိုက်တဲ့ ညကတည်းက ရှင်ချစ်နေတာ ကျွန်မသိပြီးသားပါ ..”

“မဟုတ်ဘူး .. မင်းကိုချစ်တာ မြင့်မြင့်ခိုင်စီးနေကျ ကားသော့ပျောက်သွားကတည်းကပဲ”

“နိုး .. ရှင်က ကျွန်မကို သီချင်းတစ်ပုဒ်ကို ဆုံးအောင်နားမထောင်သေးဘဲ ကြိုက်မိနေတာပဲ”

ကျွန်တော် စကားလုံးတို့ ခဏတာ အသံရှူရပ်သွားတယ်။ အဲဒီလို ကျွန်တော် အသက်ရှူရပ်နေချိန်မှာ ဖွေးဖွေးက သူ့အသက်ကို ကျွန်တော့်ထံ ပေးရှူခဲ့တယ်။

 

(ဆ)

ဖြစ်သင့်တာထက် ကျော်လွန်မိပြီး ဖွေးဖွေးက ကျွန်တော့်ကို အားရပါးရ နမ်းတယ်။ ကျွန်တော်ကလည်း ကိုယ်ရောစိတ်ပါ အနမ်းခံခဲ့တယ်။ ပြီးသွားပါတယ်။ နောက်တော့လည်း တောင်တန်းတွေဘက် ထွက်သွားတဲ့လူက ကျွန်တော့်ကို ရေတစ်ခွက်လာတိုက်တယ်။ ကျွန်တော် သောက်လိုက်မိတဲ့ ရေတွေက အနာဂတ်ကို ကြိုတင်မေ့စေတဲ့ ရေတွေပဲ။ ဖွေးဖွေးနဲ့ ကျွန်တော့်အနာဂတ်တွေကို ကျွန်တော် မေ့သွားတယ်။ အဲဒီနောက်မှာ ကျွန်တော့်ဖုန်းထဲက သီချင်းက ဖြူဖြူကျော်သိန်းဆိုလိုက်တဲ့ သီချင်းတစ်ပုဒ်ပဲ။

“နေနိုင်ပါပြီ……………. မင်း………… မရှိတဲ့ ဘဝမှာ …….

ပျော်နိုင်ပါပြီ ………… မင်း ………….မ”

သီချင်းမဆုံးခင်မှာ အဖြစ်အပျက်တွေ မြန်လွန်းခဲ့တယ်။ ဖွေးဖွေးကို အားပါးတရနမ်းပြီး သူမရဲ့ လည်ပင်းကို ကျွန်တော်ဓါးနဲ့ လှီးထုတ်ပြီး သတ်ပစ်လိုက်တယ်။ တကယ်နူးနူးညံ့ညံ့လေးပါပဲ။ ဘဝဆိုတာ အစိမ်းရောင် ပင်လယ်ပြင်နဲ့ အပြာရောင်သစ်တောပဲ။ သစ္စာမရှိတဲ့ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက် ရှေ့မှောက်မှာ  ဘယ်လို ကျရှုံးခဲ့ရလဲဆိုတာ သူမကို ကျွန်တော် သိစေခဲ့တယ်။

 

(ဇ)

ကျွန်တော်ဟာ မနက်ဆို … ခုနှစ်နာရီဆို နိုးပြီ။ မနက်ခင်းတွေက ကျွန်တော့်ကို နေ့စဉ်ရက်ဆက် ကျွန်တော့်ကို ခုနှစ်နာရီထိုးကြောင်းပြောတယ်။ တစ်ရက်ပါပဲ။ စိမ်းတဲ့ ရက်စွဲတစ်ခုက ကျွန်တော့် ပြဿဒါးကို ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်တယ်။

“ခင်ဗျားက မမိုးစွေပဲ.. ကျွန်တော်သိပါတယ်”

“ရှင် ကျွန်မ ရုပ်ပြောင်းထားတာတောင် ဘယ်လိုသိလဲ”

“ခင်ဗျား အသံရှူသံဟာ ဘယ်သူနဲ့မှ မတူဘူး”

သူမက ကျွန်တော့်ကို အုပ်မိုးပြီး ပြုံးလိုက်တယ်။ ကျွန်တော် အဲဒီအပြုံးထဲက ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သိခဲ့တယ်။ ဒါပေမယ့် မမိုးစွေကို ကျွန်တော့်သူငယ်ချင်း မောင်ညီခနဲ့ ပေးမတွေ့ဖြစ်သေးဘူး။ ပြီးတော့ ကျွန်တော်နဲ့သူ အောင်မိုးသူ ဝတ္ထုထဲကလို ဘက်စ်ကားပေါ်မှာ စတွေ့ကြောင်းလည်း မပြောရသေးဘူး။

ကျွန်တော်ခက်နေတယ်။

သူမကလည်း မလွယ်ခဲ့ပါဘူး။

ကျွန်တော်ဆာနေတဲ့ ရေတစ်ခွက်အတွက် သူမက မိုးချုပ်ဖို့ တတ်နိုင်လွန်းတဲ့သူ……….။

“ခင်ဗျားလူကူးမျဉ်းကြားမှာ ကျွန်တော် ကားတိုက်သေချင်တယ် မမိုးစွေ..”

သူမက ထုံးစံအတိုင်း ရာသီဥတုမဆန်တဲ့ အပြုံးမျိုးပြုံးပြတယ်။

“ရှင်က ဘာလို့ အမြဲ ပေးဆပ်သူ ဖြစ်ချင်နေတာလဲ

ဒီတစ်ခါ ရယူပိုင်ဆိုင်သူ လုပ်ကြည့်မလား”

ကျွန်တော်တွေဝေသွားတယ်။ မမိုးစွေက ကျွန်တော့်တွေဝေမှုတွေကို ဓါးနဲ့ မထိုးဘဲ သတ်ပစ်လိုက်တယ်။ အဲဒီနောက်မှာ ကျွန်တော့်ကို မမိုးစွေကို ပိုင်ဆိုင်သွားခဲ့တယ်။ လောက၏ ရေဆာမှုများရော၊ ရေမဆာမှုများရော ကျွန်တော့်ဟာ ကိုယ့်သွေးနဲ့ ကိုယ့်သားနဲ့ မတွေဝေဖြစ်ခဲ့တော့ဘူး။

“မမိုးစွေ”

“ပြောကြည့်”

“ခင်ဗျားကို ကျွန်တော် တော်တော်ကြီးကို ချစ်မိသွားပြီ”

“ရှင် ရေဆာနေပြန်ပြီလား”

ကျွန်တော်တို့ ခိုးခိုးခစ်ခစ် ရယ်ဖြစ်ကြပြန်တော့တယ်။

 

ရင်နင့်အောင်

 

3 comments

  • Mobile

    October 26, 2012 at 12:16 am

    ရင် နင့် အောင်လို့နာမည်တပ်ထားတဲ့အတွက် ဖတ်လို့ကောင်းမယ်ထင်ခဲ့တာ
    ဘာမျှအကြိုးမရှိခဲ့ရတာကိုတွေ့ရပါတယ် သဘောမတွေ့ပါ

  • မောင်ပေ

    October 26, 2012 at 1:23 am

    စာကိုဖတ်ရင်း အချစ်အကြောင်းမရောက်ခင် ခရိုနီတွေအကြောင်းကို ခံစားရသလိုပါပဲ

Leave a Reply