တွံတေး ပရဟိတကျောင်း အတွက် လှူဒါန်းနိုင်ရန် စာရင်း…

မေတ္တာ တရားအတွက် မန်းဂဇက်၏ စတုထ္တခြေလှမ်း…

ကြောင်ဝတုတ်ရေ…

တွံတေး ဘုရားကြီး မင်္ဂလာတိုက်ကျောင်း ရဲ့ မင်္ဂလာပရဟိတကျောင်း ကို အမတို့ Co., Group က Executive Residences ကြီးတစ်ခုက ဦးဆောင်ပြီး ( May:06 ) လောက်ကနေစလို့ နှစ်စဉ် လှူခဲ့ကြတာ (Sept;12 )ခုထိဖြစ်ပါတယ်…

စလှူကြတဲ့အချိန်က ကလေး 200 ကျော်လောက်ဘဲရှိပါသေးတယ်…ဟင်းတွေချက်ယူသွားပြီးကိုယ်တိုင်ပြင်ဆင်ကျွေးမွေး ကြပါတယ်…

(ကြက်သား၊0က်သား)ဟင်းနှစ်တုံး၊ ဘာလချောင်ကြော်၊ ချဉ်ပေါင်းဟင်း ခွဲတမ်းနဲ့ပါ..ထမင်းကတော့ လိုအပ်ရင် လက်ညှိးထောင်

ထမင်းလိုက်တဲ့သူတွေ မနိုင်အောင်ပါဘဲ…

ဆန်အိတ်၊ကုလားပဲအိတ်၊ဆီပုံး၊စောင်၊အခင်း စသည်ဖြင့် အလှူပစ္စည်းတွေကလည်း ကျောင်းပေါ်မှာ အပုံလိုက် ဆိုတော့

အလှူရှင်တွေ လာလှူကြပေမဲ့ ဒီလို ကား ၇ စီး ၈ စီးနဲ့ လာပြီး အလှူပစ္စည်းတွေနဲ့ အလှူရှင်တွေ အများကြီး

လာလှူကြတာ ပထမဦးဆုံးဘဲလို့ ဆရာတော်က ၀မ်းပမ်းတသာနဲ့ မိန့်ခဲ့ဘူးတာ အမှတ်ရမိပါတယ်…

မိဘ ဆုံးပါးသွားတဲ့ကလေးတွေ၊အမိအဘတွေက စွန့်ပစ်သွားတဲ့ ကလေးတွေ ဆင်းရဲနွမ်းပါးကြတဲ့ ကလေးတွေကို

ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးနေတဲ့ အကြောင်း၊အမှိုက်ပုံမှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးကို ကောက်ယူ ပြုစုထားကြောင်းတွေလဲပြောပြခဲ့ပါတယ်…

တစ်နေ့ ထမင်းနှစ်နပ် ကျွေး ထိန်းကျောင်း ပဲ့ပြင် ပညာသင်ပေးကာ အေးအေးလူလူ နေစေခဲ့တာပါ …

မရှိဆင်းရဲ မိဘတွေနဲ့ အတူ ရုန်းကန် ရှာဖွေရင်း ပင်ပန်းဆင်းရဲစွာနေကြရတဲ့ ကလေးတွေ ထက်သူတို့လေးတွေကများ

ပိုကံကောင်း တယ်ဆိုရမလား.. အမတို့ အမြင် သနားစရာကောင်းပေမဲ့ ကလေးတွေကတော့ အများအားဖြင့် ပျော်နေပုံရပါတယ်

လို့ စိတ်ဖြေခဲ့ရပါတယ်…မိဘမေတ္တာ လိုချင်ကြသူတွေမို့ လာတဲ့ ဧည့်သည် မလွတ်တမ်းလက်ဆွဲကာ တီတီတာတာ

ပြောကြသူလေးတွေလဲ ရှိရဲ့…ရင်ခွင်ထဲ တိုးဝင်တဲ့ ကလေးလေး တစ်ယောက်ဆို ခေါင်းမှာအုန်းဆီရွှဲအောင်လူးထားတာ.. .

ကိုယ့်အ၀တ်အစားတွေကိုပေမှာစိုးပေမဲ့ မဖယ်ရက်တဲ့ အပြင်ထွေးပွေ့ထားမိခဲ့ရဲ့…ရင်ထဲ နင့်အောင် ခံစားရပါတယ်…

ကလေးမလေးတွေ တစ်ချို့ ကျောင်းထဲက စပါယ်ပန်းကလေးတွေ စည်းထားပြီး ပန်ဘို့ပေးပါတယ်…

ချက်ခြင်းပန်လိုက်တော့ သူတို့ ပျော်သွားကြတယ်…လှလိုက်တာ တဲ့လေ…

ကလေးတို့ ဘ၀လေးတွေလဲ လှပပါစေလို့ စိတ်ထဲက ဆုတောင်းပေးမိပါတယ်…

ဦးဆောင်သူတွေက ကျောင်းဝင်းထဲ လှည့်ကြည့်ကြပြီး လိုအပ်ချက်တွေ မှတ်သားလို့ အလှူရှင်ရှာဖွေရေး စီစဉ်ကြတဲ့အခါ

အင်္ဂလန်က သီလရှင်ကြီးတစ်ပါးက ခုမြင်တွေ့ခဲ့ရတဲ့ နှစ်ထပ်ကျောင်းဆောင်ကြီး ၊အိမ်သာများ စသည်ဖြင့် လှူနိုင်ခဲ့ပါတယ်…

အလှူပစ္စည်းတွေလည်း တစ်နှစ်ထက် တစ်နှစ် ပိုလှူလာနိုင်ခဲ့ပေမဲ့ ဆင့်ပါးစပ် နှမ်းပက်တယ်လို့ ပြောရမလား သမင်မွေးရင်း ကျားစားရင်း

လို့ဘဲ ပြောရမလား ဘယ်လောက်နိုင်မှာလဲနော်…အလှူရှင်တွေများမှ ဒီလောက်မိသားစုကြီးကို ပံ့ပိုးနိုင်မှာပါ…

နာဂစ် ဖြစ်ခဲ့တုန်းကလဲ ရုံးကအဖွဲ့တွေ အလှူပစ္စည်း ပစ္စယာ အစုံအလင်နဲ့ သွပ်တွေမိုး၊လှေကားပြင်၊ သစ်ပင် သစ်ကိုင်းတွေရှင်းလင်း

လုပ်အားပေးခဲ့ကြပါတယ်… စနေ၊တနင်္ဂနွေ နေ့တွေမှာ ရန်ကုန်က ဆရာဝန်ကလေးတွေ စာလာသင်ပေးကြတာတွေ့ခဲ့ပါတယ်..

ကလေးတွေအတွက် အလှူရှင်တွေရဲ့ ပစ္စည်းတွေနဲ့ပေါ့…ကလေးတွေက သူ့ထက်ငါ ဦးအောင်ကြိုကြ ၀ိုင်းဖက်ကြနဲ့

ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာတောင်ဖြစ်နေသေး…စာကျက်ခိုင်းထားတာရပလားမေးသံလဲ ကြားရဲ့..

သန့်ရှင်းရေးလဲ စစ်မယ်ဆိုဘဲ..စာသင်ပြီးရင် ကစားကြဘို့ နည်းအသစ်တွေလဲ ပါတယ်တဲ့…

အမတို့ GM က အလှူသွားတဲ့သူတွေ ကျောင်းမှာ ၀န်မပိရအောင် ကိုယ့်မုန့်၊ထမင်းနဲ့ လာရတာ…ဒါပေမဲ့ နောက်အခေါက်တွေ

မှာ ဆရာတော်က မေတာရပ်ခံလို့ ကျောင်းကကျွေးတဲ့ ထမင်းဟင်းစားရတယ်…ဧည့်သည်တွေအတွက်ကျွေးတာမို့

ကလေးတွေနဲ့ မတူတဲ့ ထမင်းဟင်းကို မြိုမကျခဲ့ပါဘူး…မုန့်ဟင်းခါးကတော့ အရမ်းကိုကောင်းလွန်းတယ်..

နောက်နောက် အခေါက်တွေ ထမင်းမစားပါဘူး ..မုန့်ဟင်းခါးတော့ စားပါမယ်ဘုရားလို့  လျှောက်ရတယ်လေ…

အလှူကအပြန်တော့ တွံတေးရွှေဆံတော်ဘုရား၊ ဘောင်းတော်ချုပ်ဘုရား များသွားရောက်ဖူးမျှော်ခဲ့ကြပါတယ်။

တွံတေးမြို့မှာရှိတဲ့ မိရိုးဖလာ အိုးလုပ်ငန်း၊ အိုးဖိုကြီးများကိုလဲ ဒေသန္တရ ဗဟုသုတအဖြစ် ၀င်ရောက်လေ့လာခဲ့ကြပါတယ်။

အိုးလုပ်ငန်း များကို အလှူရှင် ဖောရိန်နာများ အင်မတန်သဘောကျကြပါတယ်..ပျဉ်ချပ်ဝိုင်းကို အပြားလိုက်လှည့်လို့

အဲ့ဒီပေါ်မှာ ရွံ့တုံးကို လက်နဲ့ ပုံစံသွင်းရင်း အိုးကလေးတွေဖြစ်သွားတာရယ်…မြန်မှမြန်…ရွံ့အိုးစိမ်းတွေကို ဖိုကြီးထဲထည့်ဖုတ်ပြီးမှ

အသုံးပြုလို့ရတဲ့ အိုးတွေရတာ ဖြစ်ပါတယ်…အိုးပုတ်ကလေးကနေ ပန်းအိုး၊ ရာဝင်အိုး ထိ ပြုလုပ်ကြပါတယ်…

 

မင်္ဂလာပရဟိတကျောင်း မှာတစ်နှစ်ထက် တစ်နှစ် ခိုလှုံသူတွေ များလာလိုက်တာ ခု 1000 ကျော်ရှိနေပါပြီ…

အလှူခံရရှိငွေနဲ့ ကျွေးမွေးနေပြီး လိုအပ်လျှင် ဆန်ဆိုင်ကနေ အကြွေးယူကျွေးရတာပေါ့လို့ ဆရာတော်မိန့်စကားကို

AGM မမ က ဆရာတော်ရယ် ကိုယ်နိုင်သလောက်ဘဲ လက်ခံရောပေါ့..ဒီလောက်လူများကြီး ကို လို့ စေတနာ ဒေါသောလျှောက်မိတဲ့အခါ

အော်…မေတ္တာပေါ့ကွယ်..ကိုယ့်ဆီကို ခိုကိုးရာ အဖြစ်လာတဲ့သူကို နင်တို့မလာနဲ့တော့လို့ မပြောရက်ပါဘူး..မေတ္တာနဲ့ပါတဲ့

မေတ္တာတရားကြီးမားလှတဲ့ ဆရာတော်ကို ဦးတင်ကာ မန်းဂဇက် ရွာသူားများရဲ့ စတုထ္ထခြေလှမ်းအလှူကို ပါဝင်လို့ မိဘမဲ့ ကလေးများကို မေတ္တာထားကြရအောင်ပါနော်…

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..