ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတမှအသိပေးကြေညာခြင်း – Edited by Mod7

Yel KaungOctober 26, 20121min57

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

၁၃၇၄ ခု၊ သီတင်းကျွတ်လဆန်း ၁ဝ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ၂၀၁၂ ခုနှစ် မေလ နှင့် ဇွန်လ တို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအလျောက် အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ (၁၄)ရက်အထိ သေဆုံးသူ (၅၀)ဦး၊ ဒဏ်ရာရရှိသူ (၅၄)ဦးရှိခဲ့၍ လူနေအိမ် (၂၂၃၀)အိမ်နှင့် ဘာသာရေး အဆောက်အဦ (၁၄)ခု မီးလောင်ဆုံးရှုံး ခဲ့ပါသည်။ ဒေသခံပြည်သူ (၆၁၄၆၂)ဦး တို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့ကြရပါသည်။

၂။ အဆိုပါ ပဋိပက္ခဖြစ်ပွားနေခြင်းများနှင့်ပတ်သက်၍ အလျင်အမြန် အေးငြိမ်းသွားစေရန် ရခိုင်ပြည်နယ်အစိုးရက မြို့နယ်အချို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာ၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်အပါအဝင် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ပါသည်။ အရေးပေါ်အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကိုလည်း ဥပဒေနှင့် အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူ ဆောင်ရွက်ခဲ့ပါသည်။

၃။ အထက်ပါဖြစ်စဉ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသို့ပင် တင်ပြခဲ့ရာ၊ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရပါသည်။ တစ်ချိန်တည်းမှာပင် ဒုက္ခသည်များအတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် လူသားချင်း စာနာထောက်ထားသည့် ထောက်ပံ့ကူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပါသည်။

၄။ ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦး မြို့နယ် တို့တွင် မမျှော်လင့်ဘဲ ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၄)ရက်အထိ သေဆုံးသူ (၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး ရှိပြီး၊ လူနေအိမ် (၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အဦ (၈)ခု မီးလောင်ပျက်စီး ဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။

၅။ လက်ရှိအခြေအနေသည် ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှုများကို အချိန်တို အတွင်း ညင်သာစွာ အသွင်ကူးပြောင်းနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အသိအမှတ်ပြု ထောက်ခံလျက် ရှိသကဲ့သို့၊ ဆက်လက် တိုးတက်ဖြစ်ပေါ်လာမည့် အခြေအနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလ လည်း ဖြစ်ပါသည်။

၆။ ဤသို့သောအခြေအနေတွင် တစ်ကျော့ပြန် ဖြစ်ပွားလာသော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့်အကျိုးစီးပွားကို ထိခိုက်နစ်နာ စေနိုင်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

——————————————————–

စာဖတ်သူများအား သတင်းတစ်ခုအနေနှင့်သာသိရှိစေလိုသလို

ဂဇက်ကိုပြသနာဖြစ်စေနိုင်တဲ့ အရေးအသားများပါဝင်နေသောအတွက်

ပိုစ့်ရဲ့အချို့သောအစိတ်အပိုင်းများကိုဖျက်လိုက်ပါတယ်…

Mod7