အခုကြားနေရတာကတော့ အကြောင်းအမျိုးမျိုးကြောင့် အပြင်မှာ ကျန်နေသေး မောင်းနေသေးတဲ့ ၀စ်သောက်ကား ခေါ် လိုင်စင်မဲ့ကားတွေကို အခွန်ဆောင်စေပြီး တရားဝင်လိုင်စင်ထုတ်ပေးတော့မယ် လို့ ကားပွဲစားတန်းမှာရော အပြင်မှာပါ သတင်းထွက်နေတယ်။ ၀စ်သောက်ကားတွေ ကို ကားဈေးကွက်မှာ လိုင်စင်ရပြီး ပေါက်ဈေးရဲ့ ၈၅% အခွန်ဆောင်ခိုင်းလို့ လိုင်စင်ထုတ်ပေးမယ်လို့ပြောနေကြပါတယ်။ အဲဒီလိုဘာကြောင့်များ လုပ်ရသလဲဆိုတာ စဉ်းစားလို့မရသလောက်ပါပဲ။ လိုင်စင်မဲ့ကားတွေကို မထိမ်းနိုင်တော့လို့လား…? ဒီလိုဆိုရင်လည်း ဆိုင်ကယ်ကို သင်ခန်းစာယူကြည့်ရင် သိသာနေတာပါပဲ။ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးလိုက်တာ လိုင်စင်မဲ့ဆိုင်ကယ်တွေ ပျောက်မသွားပဲ ပိုလို့သာ တိုးလာတာလေ။ နောက်တစ်ခါ ကားတွေ ပေးသွင်းစေချင်လို့လား.. ဒီလိုဆိုရင်လည်း တရားဝင် ကားအသစ်တွေပေးသွင်းလိုက်ပါလား။ အဲဒါဆိုရင်ပိုပြီးကောင်းတဲ့ကားတွေကို တရားဝင်စီးခွင့်ရမှာပေါ့။ အခုတော့ ၀စ်သောက်ကား ကိုင်တဲ့ ကိုင်ရဲတဲ့ မမှန်မကန် လုပ်စားနေသူတွေအတွက်ပဲကောင်းမယ့်ကိစ္စဖြစ်နေတယ်။ နောက်တစ်ခုက စဉ်းစားစရာ ပြဿနာက ကားဈေးကွက် ပေါက်ဈေးဆိုတာ ဘယ်လိုဖြတ်မတုံး ၊ အဲဒါ “ခွင်” ပဲလား။ ဈေးဖြတ်တဲ့ကိစ္စ ကို ကိုင်တွယ်ဖို့ ကော်မတီတောင် ဖွဲ့ပြီးပြီဆိုပဲ။

တကယ်ဖြစ်သင့်တာက မှန်မှန်ကန်ကန်နဲ့ ဈေးကြီးပေးပြီး ကားအဟောင်းတွေ ၀ယ်စီးနေတဲ့ ဥပဒေလေးစာလိုက်နာတဲ့ ပြည်သူတွေကို အခွင့်အရေးပေးသင့်ပါတယ်။ အခွင့်အရေးပေးတာထက် တိုင်းပြည်က လမ်းမတွေပေါ်မှာ ကားအစုတ်တွေ ဖြစ်နေတာကို အစားထိုးဖို့အတွက်လည်းဖြစ်ပါတယ်။ လိုင်စင်နံပါတ်အဟောင်းရှိပြီးသား အနှစ်၂၀ အောက် ကားအဟောင်းတွေကို စက်အမှတ်၊ ဘောင်အမှတ် ပြောင်းလဲ မှတ်ပုံတင်ခွင့်ပြုမယ်လို့ အခွင့်ပေးသင့်ပါတယ်။ စက်အဟောင်း ဘောင်အဟောင်းတွေကို အစိုးရကို ပြန်အပ်စေပြီး သံရည်ကျို စက်ရုံအသစ်တွေ အတွက် ကုန်ကြမ်းလုပ်ပစ်သင့်ပါပြီ။ အခုအဲဒီစက်ရုံတွေအတွက် သံကုန်ကြမ်းတွေ ၀ယ်ပြီးတင်သွင်းနေရတာပါပဲ။ ဒီလိုသာ လုပ်ပေးမယ်ဆိုရင် တိုင်းပြည်လမ်းမတွေပေါ်မှာ ကားအဟောင်းတွေ နည်းသွားပြီး မြင်ရတာလည်း တိုးတက်သယောင်ယောင်နဲ့ လူတွေအတွက်လည်းကောင်း မှာပါ။ အခုတော့ ကားအစုတ်တွေကြောင့် အန္တရာယ်လုံခြုံမှုနည်းပြီး ထိခိုက်မှုတွေ တိုးနေပါတယ်။

လူတွေအတွက် ကောင်းရာကိုစဉ်းစားပြီးလုပ်ပေးကြပါ။ စားဖို့ခွင်လောက်ကိုသာ ကြည့်ပြီး ဖန်တီးမနေကြပါနဲ့။ အများလည်းကောင်း တိုင်းပြည်လည်းကောင်းအောင်လုပ်ပေးကြပါဦး။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism