“ပတ္တမြားဆံကျိုး အဖိုးပြည်တန်” (EPISODE 1)

nicolus agralOctober 29, 20121min14113

ယင်းမာတို့ဖိုးဖိုးဟာ အလုပ်ကအနားမယူခင်က စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ကြည့်ရတာ ပိုက်ဆံထက်စာရင် စာအုပ်တွေကို ပိုပြီး မက်မက်စက်စက် ရှိပုံပေါ်ပါတယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီအာဏာရလာတဲ့အခါ ရှန်ဟိုင်းကနေ ဟောင်ကောင်ကို ပြောင်းရွှေ့အခြေချလာခဲ့ပြီးတဲ့နောက် ယင်းမာက ကျောင်းအိပ်ကျောင်းစား သွားနေရလို့ မြေးအဖိုးနှစ်ယောက် ကျောင်းပိတ်ရက်များကျမှပဲ ကျားထိုး၊ စာဖတ်၊ စပ်မိစပ်ရာ ပုံတိုပတ်စကလေးတွေ ပြောဖြစ်ကြတယ်။ တခါတော့ အစုံလုပ်သည် ဦးကြယ်နီ ဖြစ်နေတဲ့ ယင်းမာဖေဖေရဲ့ အလုပ်အကိုင်ကို မျက်စိလည်သွားတာကြောင့် “ဖိုးဖိုးရေ သူများတွေမေးလာရင် ဘယ်လိုဖြေရမလဲ။” လို့ အရွှန်းဖောက်တဲ့အခါ ဖိုးဖိုးက “ငါ့မြေးဖေဖေက တော်ရှာပါပေတယ်။ ထုတ်ကုန်သွင်းကုန်ဆိုလည်း လုပ်လိုက်တာပဲ။ စက်ရုံအလုပ်ရုံတွေ ထောင်တော့လည်း ပါလိုက်သေးတယ်။ အိမ်ခြံမြေရောင်းဝယ်ငှားဘက်လည်း မကျန်စေရဘူးကွဲ့။” လို့ ပြုံးပြုံးကြီးဖြေတယ်။ “ဘယ်အလုပ်က အမြတ်အစွန်း အများဆုံးဖြစ်မလဲ မသိဘူးနော်။” ဆိုတော့ “အိမ်း … ဒါကတော့ ငါ့မြေးက ဘာကို အမြတ်အစွန်းလို့ ယူဆသလဲဆိုတဲ့အပေါ်မှာ တည်တာပေါ့။” လို့ တွေးတွေးဆဆလေး ပြောတယ်။ “အမြတ်အစွန်းပါဆိုမှ ပိုက်ဆံကိုမတွက်လို့ ဘာကိုသွားတွက်ရမတုန်း။ လောကကြီး ပိုက်ဆံထက် တန်ဖိုးကြီးတဲ့အရာများ ရှိလို့လား။” လို့ မေးကလေးထိုးပြီးပြောလိုက်တော့ ဖိုးဖိုးက ခေါင်းတယမ်းယမ်းနဲ့ “ဘာလို့မရှိရမှာလဲ ငါ့မြေးရယ်။ ခင်မင်ရင်းနှီးမှုတွေ၊ ကျင့်ဝတ်သိက္ခာတရားတွေ၊ ပညာအရည်အချင်းတွေဟာ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့မရအောင် အရေးကြီးတယ်။ လူတွေဟာ ငွေနောက်လိုက်ရင်းနဲ့ ပညာတွေ၊ သိက္ခာတွေကို အလေးမထားတော့တဲ့အခါ တန်ဖိုးရှိတဲ့လူတစ်ယောက် ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူး။ တန်ဖိုးရှိတဲ့လူဆိုတာက ပတ္တမြားဆံကျိုးလည်း အဖိုးတော့ ပြည်တန်သကွဲ့။ “Qi huo ke ju.” (Precious treasure worth cherishing.) တဲ့။ ဖိုးဖိုးအတွက်တော့ လောကမှာ ထက်ထက်မြက်မြက် နဲ့ ကျင့်ဝတ်သိက္ခာ လုံခြုံတဲ့ ပညာတတ်တစ်ယောက်လောက် အဖိုးတန်တာ ဘယ်ဟာမှ မရှိဘူး။ ဒါကြောင့်မို့ မြေးကို စကားပုံကလေးတွေ ပုံပြင်ကလေးတွေနဲ့ လူ့အဖိုးတန်တစ်ယောက်ဖြစ်လာအောင် သွန်သင်နေရတာပေါ့။ တနေ့ကျ အဲဒါတွေဟာ မြေးရဲ့ ကိုယ်နဲ့မကွာ လိုက်ပါလာမယ့် အဖိုးတန်ရတနာကလေးတွေ ဖြစ်လာမှာပေါ့ကွယ်။”

တရုတ်ပြည်မှာ ဘီစီ ၂၆၅ တုန်းက အဓိကကျတဲ့ ပြည်နယ်ကြီး ခုနှစ်ခု ရှိသတဲ့။ ချူပြည်နယ်က စိုက်ပျိုးမြေ ဧရိယာအကျယ်ဝန်းဆုံး၊ ချင်ပြည်နယ်က စစ်အင်အားအကြီးမားဆုံး နဲ့ ချောင်ပြည်နယ်ကတော့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေ အကြွယ်ဝဆုံးဖြစ်သတဲ့။ တခါတော့ လျူဖုဝေဆိုတဲ့ ကုန်သည်တစ်ယောက်ဟာ ချောင်ပြည်နယ်ရဲ့မြို့တော် ဟန်းတန်မြို့ကိုရောက်လာသတဲ့။ (နောက်ဆို သိုင်းလောကရဲ့ စိန်ခေါ်သံ ရေးစားလို့ ရလောက်ပြီ) အဲသည်ခေတ်က ကုန်သည်တွေရဲ့ ထုံးစံအတိုင်း ချိုချိုချောင်ချောင်ရသမျှဝယ် နောက်တနေရာရောက်တော့ အမြတ်တင်ပြီး ပြန်ရောင်း၊ အဲသလိုနဲ့ တစတစ ငွေတော်တော်များများလည်း စုမိလာသတဲ့။ ဟန်းတန်မြို့ကိုရောက်တဲ့အခါ ပစ္စည်းဥစ္စာကလည်း အတော်အသင့်စုမိဆောင်းမိနေ၊ ယဉ်ကျေးပျူငှာစွာ နန်းဆန်ဆန် မြို့ဆန်ဆန်နေလေ့ရှိတဲ့ ဟန်းတန်လူမှုပတ်ဝန်းကျင်ကိုလည်း သဘောကျမိတာကြောင့် အဲဒီမှာပဲ အခြေချဖို့ ဆုံးဖြတ်လိုက်သတဲ့။ ဒါပေမယ့် ကုန်သည်တို့ရဲ့ ဉာဉ်အတိုင်း ရှိတာလေးထိုင်စား လုံးပါးပါးသွားမှာစိုးလို့ ရင်းနှီးမြှုပ်နှံမှု တစ်ခုခုတော့ လုပ်ဦးမှ ဖြစ်မယ်လို့ တွေးမိပြီး ဖခင်ဖြစ်သူကို တိုင်ပင်ပါသတဲ့။

“အဖေ။ ခုချိန်မှာ မြေတွေယာတွေဝယ်ပြီး ရင်းနှီးလုပ်ကိုင်စားရင် အမြတ်ဘယ်လောက်လောက် ကျန်နိုင်မလဲ။”

“ဆယ်ဆလောက်တော့ ရှိပေလိမ့်မယ်။”

“ရွှေငွေရတနာ အရောင်းအဝယ်လုပ်ရင်ကော။”

“အဆတစ်ရာလောက်တော့ မြတ်ပါလိမ့်မယ်။”

“ဒါဆို မင်းလောင်းတစ်ယောက်ကို နန်းတင်ပေးဖို့ အရင်းအနှီးပြုရင်ကော။”

“အဲဒါကတော့ အတိုင်းအဆမရှိ အကျိုးအမြတ်များမှာ သေချာပါတယ်။” လို့ ဆိုသတဲ့။

အဲသလိုဆိုတော့ သူတို့သားအဖတိုင်ပင်နေရာ တရုတ်ပြည်နယ်ကြီးရဲ့ ပထဝီနိုင်ငံရေး၊ သမိုင်းနိုင်ငံရေး အခြေအနေကလေးလည်း ရိပ်ဖမ်းသံဖမ်းသိထားမိဖို့ လိုလာပြီ။ အဲဒီအချိန်က ချင်နိုင်ငံကိုအုပ်စိုးနေတဲ့ ဘုရင်မင်းမြတ်က ချူနိုင်ငံ ဝူနိုင်ငံတွေကို တိုက်ခိုက်အောင်မြင်ပြီးတဲ့အခါ သူတို့ ချောင်နိုင်ငံဘက်ကို မြားဦးလှည့်လာပြန်သတဲ့။ ဒါပေမယ့် ထင်သလောက် ခရီးမပေါက်တာမို့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီး အာမခံအဖြစ်နဲ့ မင်းသားချင်း အပြန်အလှန်ဖလှယ်ကြပါသတဲ့။ ချောင်ဘုရင်မင်းမြတ်က အိမ်ရှေ့အရာထားတဲ့ သူ့သားကြီးကို မျက်စောင်းထိုးလာမှာစိုးလို့ ဒုတိယသားတော်နဲ့ မောင်းမငယ်တစ်ယောက်ကမွေးတဲ့ မြေးတော်သူ ဇီချူမင်းသားလေးကို ချင်နိုင်ငံထည့်လိုက်သတဲ့။ သူတို့ခေတ်က ရှင်ဘုရင် မင်းညီမင်းသားများထုံးစံ မိဖုရား မောင်းမမိဿံ လျှံလန်နေတာမို့ သားသမီးဆိုတာများ တောင်းနဲ့လိုက်ကောက်လို့တောင် မနိုင်အောင်ပေါတယ် မဟုတ်လား။ အခုဟာက မောင်းမအငယ်ကမွေးတာမို့ ဇီချူကလေးကို သူ့အိမ် သူ့မိသားစုကတောင် သတိတရ အရေးတယူ မရှိတော့ပါဘူး။ ဟိုရောက်တဲ့အခါ ရန်သူ့နိုင်ငံမှာ ပိုလို့တောင်ဆိုးတော့တာပေါ့။ အိမ်နိမ့်မှာ နွမ်းဖတ်သိမ်ငယ်စွာနဲ့ စီးစရာဝေါယာဉ်တောင် မရှိပါဘူးတဲ့။ မင်းသားရယ်လို့တောင် သူ့ကိုဘယ်သူမှ သတိမရကြတဲ့အချိန်မှာ ကုန်သည်ကြီးလျူဖုဝေကတော့ ပတ္တမြားဆံကျိုးလည်း အဖိုးတော့ပြည်တန်မှာကို မြင်ထားသတဲ့။ မင်းသားနဲ့ တွေ့ဖူးစမှာတင် ချောင်နိုင်ငံမှာ နောင်တော်အိမ်ရှေ့စံ ကံကုန်လို့ ခမည်းတော်မင်းတရားကြီးက ဒုတိယသားတော်ကို နန်းလျာထားလိုက်တယ်လို့ သတင်းကြားခဲ့ပြီးပြီကိုး။ စောစောက သူ့အဖေနဲ့တိုင်ပင်စဉ်ကလို လူတစ်ဦးတစ်ယောက်အပေါ်မှာ ရင်းနှီးမြှုပ်နှံရမယ်ဆိုရင် ဇီချူမင်းသားလေးဟာ အလားအလာလည်း သိပ်မဆိုးရှာဘူး။ ကုန်ကျစားရိတ်လည်း သက်သာမယ်။ ဩဇာလည်းညောင်းမယ့်ပုံ ရှိတာပေါ့။

ကုန်သည်ကြီးလျူ မင်းသားဖီချူအိမ်ကို လက်ဆောင်ပစ္စည်းများနဲ့ အလည်သွားတော့ အိမ်ပေါက်ဝနဲ့မဆန့်သလို ထိုင်စရာတောင် ကောင်းကောင်းမရှိလို့ မင်းသားခမျာ ရှက်ကိုးရှက်ကန်း အားတုံ့အားနာလည်း ဖြစ်ရသေးသတဲ့။ ကျားသားမိုးကြိုး၊ ဧည့်သည်ဆိုလို့ မိုးဝင်ခိုဖို့တောင် မလာစဖူး မဟုတ်လား။ “သင်မင်းသားရဲ့ အိမ်ပေါက်ဝတော့ ချဲ့ဖို့ကောင်းလှပေါ့ဗျာ။” လို့ဆိုတော့ “ဒုက္ခမရှာပါနဲ့ ရောင်းရင်း။ ကိုယ့်အိမ်တံခါးဝသာ ကိုယ်ချဲ့ဖို့ စဉ်းစားပါ။” လို့ဆိုသတဲ့။ ဒီအခါ လျူက “ကျွန်တော်မျိုးကြီးအိမ်ပေါက်ဝကျယ်ဖို့က အရှင့်အိမ်တော်ဝကို အရင်ချဲ့ရမှာမို့ပါ။” လို့ဆိုလိုက်တဲ့အခါ မင်းသားက ဒီဧည့်သည်ကတော့ သာမာန်အလည်လာတာ မဟုတ်ပေဘူးဆိုပြီး အိမ်အတွင်းခေါ်သွားသတဲ့။

“ဘိုးတော်မင်းတရားကြီးက မောင့်ခမည်းတော်ကို အိမ်ရှေ့အရာနှင်းတဲ့ သတင်းကောင်းများ ကြားပြီးပါစ။ မောင့်ခမည်းတော် အိမ်ရှေ့စံလွန်ရင် မောင့်မှာထီးနန်းအရိုက်အရာ ဆက်ခံဖို့ အလားအလာတော့ ရှိတာပေါ့။ သို့သော်ငြား ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာတောင် သေချာတဲ့အမှုတော့ မဟုတ်လေဘူး။ သင်မင်းသားက သားတော်အကြီး မဟုတ်သလို ရင်သွေးတော် နှစ်ကျိပ်ခွဲထဲက သူလိုကိုယ်လို မင်းသားတစ်ပါးမျှသာဖြစ်တယ်။ ခုချိန်မှာ မောင့်ခမည်းကတောင် မောင့်ကို အမှတ်တရရှိနေမယ်မဟုတ်လို့ သူ့အရိုက်အရာလွှဲပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေဘူး။ လက်ရှိအုပ်စိုးတော်မူနေတဲ့ ဘိုးတော်မင်းတရားကြီးကလည်း မာမာချာချာပဲ ရှိပေသေးတယ်။ အကယ်၍များ သင်မင်းသားက အကျွင်္နုပ်နဲ့ လက်တွဲမယ်ဆိုရင်တော့ ထီးနန်းကိစ္စ ကျွင်္နုပ်တာဝန်သာ ထားပါဘိ။ အတုန့်အပြန်အားဖြင့် သင်မင်းသားသဘော ဘယ်လိုရှိမည်ကို သိလိုလှပါ၏။” လို့ နှစ်ကိုယ်ကြားဆိုသတဲ့။

မင်းသားကတော့ သူ့နားတောင် သူမယုံနိုင်ပါဘူး။ သူ့မယ်တော်ကလည်း ဖခင်အိမ်ရှေ့မင်းသားကတောင် မျက်နှာသာအပေးခံရတာ မဟုတ်သလို သူကိုယ်တိုင်လည်း တိုင်းခြားပြည်ခြားမှာ အိမ်နိမ့်စံဘဝနဲ့ဆိုတော့ ဘယ်လိုမှ ဖြစ်နိုင်စရာ မရှိပဲ။ ခုလောက်ရှိ နန်းတော်မှာကျန်ရစ်ခဲ့တဲ့ ညီတော်နောင်တော်တွေက နေ့နေ့ညည ခစားဖူးမြှော်နေကြမှာပဲ။ “မောင်မင်းက ဘယ်လိုမှော်အစွမ်းနဲ့ ငါ့ကို နန်းလျာထားချင်နေရသလဲ” လို့ မေးပါသတဲ့။ “အကယ်၍များ ငါကောင်းစားပါမူ မင်းကိုလည်း အကြီးတော်အရာထားလို့ နန်းဦးမှာ ရွှေပိန်းချထားလိုက်မပေါ့” လို့ ကတိပေးပါသတဲ့။ Project ကြီးကြီးမို့ Plan ကြီးကြီး Fund ကြီးကြီးရှိပြီးသား လျူက “ကိုယ်တော့်ဘက်ကသာ ကတိတည်ပါစေလေ။” လို့ အပိုင်ချည်လိုက်သတဲ့။

ပထမဆုံးခြေလှမ်းကတော့ ဘာပရောဂျက်ပဲစစ လူကြီးအိမ်အထုပ်နဲ့ အရင်ဝင်တဲ့ဆီက စရတာပေါ့ကွယ်။ (အခုမှပဲ ငါတို့ရိုးရာ တရုတ်က လာပါကလား လို့ သဘောပေါက်မိတော့တယ်)။ အိမ်ရှေ့မင်းသားမှာ အင်မတန် မြတ်နိုးတော်မူပြီး နန်းလျာရင်သွေး မထွန်းကားတဲ့ မိဖုရားငယ်တစ်ပါးရှိသတဲ့။ ဝှာယန်းမင်းသမီးလို့ခေါ်တယ်။ နံမယ်ဘယ်လိုခေါ်ခေါ် မိန်းမမှန်ရင် ရတနာစိန်ကျောက် ဇယ်တောက်ပြီး ကစားချင်ကြတာချည့်ပဲ။ လျူဟာ မင်းသားဆီက ကတိရပြီးတာနဲ့ ချင်နိုင်ငံမြို့တော် ရှမ်းယန်ကိုတက်ပြီး အဖိုးတန်ဆုံးရွှေငွေလက်ဝတ်ရတနာတွေကို ဝယ်တော့တာပဲတဲ့။ မင်းသားကိုတော့ ရွှေစင်ငါးရာပေးခဲ့ပြီး မင်းသားအဆင့်အတန်းနဲ့အညီ လူမြင်သူမြင် ထည်ထည်ဝါဝါနေ၊ လူရှိန်အောင်နေ၊ ဂုဏ်သတင်းကျော်ဇောအောင်နေ လို့ မှာခဲ့သတဲ့။ နှစ်နိုင်ငံပရောဂျက်ဆိုတာ တစ်ဘက်တည်းကိုချည့် ပုံနေအောင်ဖို့လို့လည်း မပြီးမြောက်ဘူးဆိုတာ ခရစ်တော် မပေါ်မီက ပေါက်ဖော်ကြီးတောင် သဘောပေါက်ပြီးသားမို့ သည်တစ်ခါတော့ ချောင်နန်းတော်ထဲတလှည့် ဝင်လိုက်ကြဦးစို့ကွယ်။

ပိတ်သတ်ကြီးရေ။ အကြံဘယ်လောက်ကြီးကြီး၊ လူကြီးအိမ်ဆိုတာ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ သာလာယံဇရပ်တော့ မဟုတ်လေဘူးကွဲ့။ ဒါကြောင့် အဆက်အသွယ် ရှာရပြန်တာပေါ့။ (စီးပွားရေးစီမံခန့်ခွဲမှုပညာတွေ ဖြန့်ဝေနေတယ် လို့ သဘောထားကြနော်)။ ဝှာယန်းမင်းသမီးရဲ့ ညီအမတော်သူနဲ့ ချိတ်မိသတဲ့။ ရည်ရွယ်ချက် လျာထားချက်တွေပြီးရင် ဗျူဟာဆိုတာကလည်း အရေးကြီးလာတာပေါ့ကွယ်။ ဒီနေရာမှာ လူကြီးမင်းလျူရဲ့ နှစ်ဘက်စလုံးကို နားဝင်အဆင်ပြေအောင် မက်လုံးပေးပြီး စည်းရုံးနိုင်တဲ့ နှုတ်မှုနှုတ်ရေး နှလုံးရည်ကို အံ့မခန်းတွေ့ရပြန်ပါတယ်။ “အဝေးရောက်မင်းသားလေး ဇီချူထံမှ အမိအရာထားလို့ လက်ဆောင်ပဏ္ဏာများ ပို့သအပ်ပါသည် အရှင်မိဖုရား။” (သူတို့ဆီမှာလည်း အဲသလို တဆင့်ပိုခေါ်ရတယ် လို့ မှတ်လိုက်ပါကွယ်) လို့ နိဒါန်းချီပြီးမှ အချင်းချင်း ရင်းနှီးအောင် မိတ်ဆက်ပါသတဲ့။ “အို… အားနာစရာကြီး။ ဘာဖြစ်လို့ယူလာရတာတုန်း။ ဒုက္ခရှာလို့ကွယ်။ နံမယ်လေး ပြန်ပြောပါဦး။ ဘယ်သူတဲ့။ ဘာကိစ္စများရှိပါလိမ့်။ အိမ်ကမောင်တော်ပြန်လာတော့ ပြောပြလိုက်မယ်နော်။ စိတ်ချပါ။ အဟင်း အဟင်း။” စသည်စသည်ဖြင့် ခါတိုင်းလာနေကျ ဧည့်ခံသိုင်းကွက်ကို လျူတာရဲက “အို … သည်ဥစ္စာတွေက ကိုယ်တော်ကြီး အိမ်ရှေ့စံအတွက် မဟုတ်ပါဘူး။ သခင်မလေးအတွက်ပါ။ ကျွန်တော်မျိုးကြီးလာသွားတယ်လို့တောင် ကိုယ်တော်ကြီး မသိပါစေနဲ့။” လို့ ချေဖျက်ပလိုက်တဲ့အခါ ဝှာယန်းမင်းသမီးလည်း “အင်း ။ ဒီဘစ္စနက်ကတော့ ငါ့ဘစ္စနက်ပဲကိုး။” လို့ သဘောပေါက်သွားပြီး ရံရွေတော်များကို ကိုရီးယားကားသွားကြည့်ကြလို့ နှင်ထုတ်လိုက်သတဲ့။

“အရှင်နန်းမတော်ဖျား။ ယခုအခါ ဘဝရှင်မင်းတရားကြီးလည်း သက်တော်ကြီးရင့်လို့ မှည့်ချိန်ပျော်ချိန် တန်ပါတော့မယ်။ သခင်မထိပ်တင် အိမ်ဦးအရှင်သာ ရွှေတောင်တက်ဖို့ သေချာသလောက်ရှိတယ်။ သို့သော်ငြားလည်း သခင်မမှာ နန်းလျာရင်သွေး ကပ်တော်မမူ။ လက်ရှိအချိန်တွင် သခင်မသာလျှင် ကိုယ်တော်အရှင်၏ ချစ်သည်းလျာစင်စစ် ဖြစ်တော်မူသော်လည်း နောင်သောအခါ သခင်မထံတွင် ဇရာဒုလ္လဘတို့ ခ လာငြားပါက အချစ်တော်များ တိုးပွားလာစရာ မမြင်ပါ။ မြောက်သားတော်တို့ လက်ထက်တွင်မူကား သခင်မ၏ အိုဇာတာသည် ကျားသနားမှ နွားချမ်းသာရမည့် အခြေရှိပါအံ့။” လို့ ကုလားထိုင်ကိုင်လှုပ်ပလိုက်တော့ ဟိုကလည်း ငုတ်တုတ်မေ့သွားပါတယ်။ မြားတစ်ချောင်း စိုက်ဝင်သွားတာသေချာတော့မှ “ကျွန်တော်မျိုးအရှင် ဇီချူမင်းသားမှာမူ သခင်မအပေါ် အမိရင်းခြာသဖွယ် ချစ်ခင်ပါသောကြောင့် ဤမျှသောပဏ္ဏာစေလျက် အမိအရာထားခွင့်ပြုရန် တမန်စေလှာပါသည်။ အိမ်ရှေ့ကိုယ်တော်၏ ရင်နှစ်သည်းချာလည်း အမှန်ဖြစ်ပါသောကြောင့် ကျွန်တော်မျိုးအရှင် ကောင်းစားလျှင် သခင်မလည်း နန်းဦးပလ္လင် မယ်တော်အရှင်အဖြစ် စည်းစိမ်မပျက် နန်းသက်ရှည်ဦးမည် ဧကန်ဖြစ်ပါသည်။” လို့ ဆွယ်လုံးကလေးနဲ့ တုပ်လိုက်တော့ ဟိုခမျာ လှုပ်တောင် မလှုပ်နိုင်တော့ဘူးပေါ့ကွယ်။

ဟိုဘက်သည်ဘက် အစိုးရနှစ်ဘက်စလုံး စာချုပ်ချုပ်ပြီးပြီမို့ “သိပ်ပိုင်တဲ့မင်းပဲ” ဆို ထင်တိုင်းကျဲဖို့တော့ မစဉ်းစားနဲ့ဦးနော်။ (မျိုးကန်းသွားတဲ့သူတွေ မြင်ဖူးလို့ပြောတာ)။ အသေးစိတ်ခေါင်းစားရမယ့် လက်ရုံးရည်တွေ ပါသေးတယ်။ နှစ်နိုင်ငံအကြား တင်းမာမှုတွေက ညှိနှိုင်းလို့မရတော့တဲ့အခါ ချူနိုင်ငံဘက်မှာရှိတဲ့ ဇီချူမင်းသားကို ဘေးမသီရန်မခပဲ ချောင်နိုင်ငံဆီ အရောက်ပြန်နိုင်ဖို့အရေး ကြေးစားသိုင်းသမားများနဲ့ အာမခံကုမ္ပဏီတွေ အကူအညီယူလိုက်ရသလို ချူဘက်က ရဲမက်တွေ (ပိုက်ဆံမက်တဲ့ရဲလို့ ဆိုလိုတာမဟုတ်) ကိုလည်း တော်တော်များများ လာဘ်ထိုးခဲ့ရပါသတဲ့။ ကုန်သည်ကြီးတွေ နိုင်ငံရေးထဲဝင်လာရင် တယ်ကြောက်စရာကောင်းသကိုး ပိတ်သတ်ရယ်။ သူ့ဘက်ကလည်း အရင်းအနှီး တော်တော်များရှာပါတယ်။ ဘယ်လောက်ထိများသလဲဆို လျူအိမ်တော်ကို ဇီချူမင်းသားဖိတ်ဖိတ်ပြီး ညချမ်းသဘင် ဆင်ယင်ရတာ ခဏခဏတဲ့။ တခါတော့ လျူလောင်ပန်းရဲ့ အချစ်တုံးပူတူတူးကလေးက ခေမီကိုအကတွေနဲ့ ထွက်ဖျော်ဖြေလိုက်တဲ့အခါ မင်းသားခမျာ ကြွေဆင်းသွားပြီး “အဲသည်အမဲသားမှ မစားရရင် သေရပါတော့မယ်” လို့ဆိုတော့ သည်တစ်ခါ နားကားသွားရတာ လောင်ပန်ကြီးပေါ့ကွယ်။ အဲသည်မနက်ကမှ သူငယ်မကလေးက ရုပ်ရှင်ထဲကလို တိုးတိုးလေး နားနားကပ်ပြီး ကိုဝင်းကြည်ရှိတယ် လို့ ပြောသွားတာ မဟုတ်လား။ သည်တစ်ခါနင်တဲ့ အလုံးကြီးက တော်တော်ကြီးပါတယ်။ ပြန်ထွေးလို့လည်းမရ မြိုလို့လည်းမရတဲ့ အလုံးကြီး။ မင်းသားအတွက် ရင်းထားတာတွေကလည်း များလှပြီ။ စားဖို့ကလေးပဲ ကျန်တော့တာ။ တဘက်က ပူတူတူးလေးကလည်း ကိုယ့်သွေးကလေးတောင် အဆစ်ပါသေးတယ်။ မျက်နှာကြီးနီပြီး အူနုကျွဲခတ်ခံရတဲ့ လျူက ရုတ်တရက်ကြီး ဝါးလုံးကွဲထရယ်လိုက်တာကတော့ သူ့အတွက် နင့်နေအောင် မြတ်မယ့်ကိစ္စတစ်ခုကို တွေးမိသွားတာကိုး။ ဘာစိတ်ဆိုးစရာရှိသလဲ။ မင်းသားကို အဆုံးထိ ဂျင်းထည့်လွှတ်လိုက်ရင် သူ့ရင်သွေးကလေးကတောင် တစ်ချိန်မှာ တရုတ်ပြည်ရဲ့ ဧကရာဇ်မင်းမြတ် ဖြစ်လာဦးမှာ မဟုတ်လား။

အခုလောက်ဆိုရင်တော့ ချစ်ပိတ်သတ်ကြီးလည်း ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ လူစွမ်းအားအရင်းအမြစ်ကို မြှုပ်နှံတာသာလျှင် နောင်အနာဂတ်မှာ အကျိုးအမြတ်အများဆုံး ဖြစ်စေမယ်ဆိုတာ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ သယံဇာတဆိုတာက ကုန်ခန်းတတ်သောသဘော ရှိတယ်။ ကုန်ထုတ်လုပ်မှုဆိုတာကလည်း ဈေးကွက်က ချုပ်ကိုင်ထားတယ်။ လူဆိုတာက ဘာနဲ့မှ ကန့်သတ်လို့မရတဲ့ အရည်အသွေးတွေ အစွမ်းအစတွေတင်မကဘူး။ မျိုးပွားတဲ့စွမ်းရည်ပါ ရှိနေတယ်လေ။ ဟုတ်ဘူးလား။ ကိုယ်တို့ဘဘကြီးတွေဟာ ဒါကြောင့်မို့လည်း မော်စကို စိန်ပီတာစဘတ်မှာ လူညွန့်ကလေးတွေ သွားပျိုးထောင်နေတာ ဖြစ်လိမ့်မယ်။ ယောကျင်္ားဘသား အားကောင်းမောင်းသန်ကလေးတွေ ပို့ထားတာဆိုတော့ ခုလောက်ရှိ အဲသမှာ ချူချာသာဂိတို့၊ နာတာရှာဖိုးထောင်တို့တောင် သူငယ်တန်းတက်ကုန်ကြရော့မယ်။ ကိုယ်တို့ကတော့ ရွက်ပုန်းသီး ပိုးထိုးလောက်ကိုက်ကြီးတွေဆိုတော့ အမှည့်ကြွေခြွေဖို့တောင် မျက်စောင်းအထိုးခံရတာ မဟုတ်ပေါင်ကွယ်။ (ဒါကြောင့် အမ်းမှာ ချောင်ထိုးထားတာ မတွေ့ဘူးလား)။ စာရေးဆရာမကြီး ဒေါက်တာယင်းမာကတော့ သူရေးတဲ့စာကို ရစရာမရှိအောင် ဖျက်ဆီးပစ်ပါတယ် လို့ ဆွေ့ဆွေ့ခုန်နေတော့မှာပဲ။ ဉာဉ်ဆိုတာက ဖျောက်မရဘူးဗျ။ ရေးတုန်းကတော့ အကောင်းပဲ။ ပြီးကာနီးမှ ရွဲ့သွားတာ။

စာရေးသူအလိုအရတော့ သူတို့တရုတ်ရာဇဝင်သမိုင်းကြောင်းကို လေ့လာကြည့်လိုက်ရင် ငွေကြေး ပစ္စည်းဥစ္စာပိုင်ဆိုင်မှုထက် မိသားစုသံယောဇဉ်တွေ၊ မိတ်ဆွေချင်းခင်မင်ရင်းနှီးမှုတွေ၊ ပုဂ္ဂိုလ်ရေးစွန့်လွှတ်မှုတွေဟာ အများကြီး စကားပြောတယ် လို့ ဆိုချင်တာပါ။ သမိုင်းပုံပြင်ထဲကလို နိုင်ငံရေးအာဏာကို ကြိုးကိုင်လွှမ်းမိုးဖို့ကြိုးစားရင် အဲသည်အချက်တွေကို လွန်ဆန်ပြီး ကိုယ်လိုချင်သလို ချယ်လှယ်နိုင်ဖို့ ခဲယဉ်းတယ် လို့ ထောက်ပြထားတယ်။ အရင်တုန်းကမှ မဟုတ်ပါဘူးတဲ့။ ၁၉၄ဝ မှာ ဥက္ကဌကြီးမော်စီတုံး တက်လာတော့လည်း ကွန်မြူနစ်ပါတီခေါင်းဆောင်အားလုံးဟာ သူနဲ့ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေ ရဲဘော်ရဲဘက်များသာဖြစ်တယ် လို့ဆိုတယ်။ အဲသည်လူတွေကပဲ မော်စီတုံးရဲ့ ဩဇာအာဏာကို တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်အောင် ဝါဒဖြန့်ပေးတယ်။ ပတ္တမြားဆံကျိုးကို အဖိုးပြည်တန်အောင် အရောင်တင်ပေးခဲ့တယ် လို့ ဆိုပါတယ်။ နောက်ဆုံးမတော့ သူတို့တင်တဲ့ဘုရားကို သူတို့ဘာသူတို့ လူမက နတ်တမျှ ကိုးကွယ်လာကြတဲ့အခါ မော်ဘာလုပ်လုပ် မှန်တယ်ဆို ထောက်ခံခဲ့ကြပါသတဲ့။ ချန်ကေရှိတ်ရဲ့အမျိုးသားပါတီကို တရုတ်ပြည်က မောင်းထုတ်လိုက်နိုင်ပြီးတဲ့နောက်မှာတော့ သူတို့ဟာ အရင့်အရင်က အစဉ်အဆက်စိုးစံလာခဲ့ကြတဲ့ ဘုရင်မင်းမြတ်များထက်တောင် တစ်သွေး တစ်သံ တစ်မိန့်အောက်မှာ ပျားပျားဝပ် အသားသေလာခဲ့ကြတာဆိုပဲ။ ဒီလိုနဲ့ နောက် အနှစ်နှစ်ဆယ်အကြာမှာ အရင်တုန်းက ဝမ်စွေ့ဝမ်စွေ့ အော်ခဲ့တဲ့ မော့်အနားက ဘက်တော်သားတွေကပဲ အရှင်ငုတ်တုတ်ကြီးနဲ့ မော့်ဈာပနအခမ်းအနား ကျင်းပငိုကြွေးကြပြန်သတဲ့။ ဘာဖြစ်လို့ဆိုတော့ မော်က ၁၉၆၆ မှာ သူ့အာဏာပိုမိုခိုင်မြဲစေဖို့ ယဉ်ကျေးမှုတော်လှန်ရေးကြီးဆင်နွှဲပြီး သူ့အနားမှာ အနှစ်သုံးဆယ်ကျော် လက်တွဲလာခဲ့တဲ့ မိတ်ဆွေအရင်းအချာအားလုံးကို ရုံခါပြီး အဝေးကို နှင်လိုက်တာကိုး။ တရုတ်ရှေးဟောင်း စာပေယဉ်ကျေးမှုအမွေအနှစ်တွေကို ခေတ်နောက်ပြန်ဆွဲဝါဒ၊ ပဒေသရာဇ်မှိုင်းတိုက်တဲ့ဝါဒလို့ စွပ်စွဲပြီး ရှီဝေါင်တီခေတ်က စာအုပ်တွေ မီးရှို့ဖျက်ဆီးသလို ကန့်ကွက်ရှုံချကြ၊ ပီကင်းအော်ပရာကတဲ့ အနုပညာရှင်တွေကို တော်လှန်ရေးက သွေဖီတဲ့သစ္စာဖောက်တွေဆိုပြီး လမ်းလည်ခေါင်စာဆွဲ ခဲနဲ့ပေါက်လုပ်ခဲ့ကြသတဲ့။ အဲသည်အမည်းစက်တွေက မော်စီတုံး ကွယ်လွန်ပြီးတဲ့အချိန်မှာတောင် ကွန်မြူနစ်ပါတီအနေနဲ့ ဆေးကြောလို့မရတဲ့ အဖြစ်နဲ့ကြုံရပြီး တရုတ်ပြည်ရဲ့ ကွန်မြူနစ်ဝါဒဆိုတာ မာခ်စ်တို့၊ အိန်ဂျယ်လ်တို့၊ လီနင်တို့နဲ့ ဘာမှမဆိုင်တဲ့ မော်မင်းဆက် ရဲ့ မော်ဝါဒလမ်းစဉ်လို့ ကွယ်ရာမှာ ကမ္ဗည်းတင်ကြသတဲ့ကွယ်။ ရှန်ဟိုင်းကနေ ဟောင်ကောင်ကိုထွက်ပြေးပြီး အမေရိကမှာဆေးကုဖူးတဲ့ စာရေးဆရာမက ရေးတဲ့အမြင်မို့လား မသိ။ တရုတ်ပြည်မှာ သွားဖတ်ရင် အဖမ်းခံရလိမ့်မယ် ထင်တယ်။ ဒါပေမယ့် သင်ခန်းစာယူစရာကောင်းတဲ့အမြင်မို့လို့ ဆက်ပြီး အစဆွဲထုတ်ပေးလိုက်ပါရဲ့။ မှားတယ် မှန်တယ် ငြင်းခုန်ဖို့တော့ မဟုတ်ပါဘူး။ အတွေးအမြင်ကိုတော့ ကိုယ်သန်သလို ဆက်တွေးလို့ရပါတယ်။ သူများပြောတိုင်း လွယ်လွယ်နဲ့ မယုံတတ်တဲ့အကျင့်ရလည်း နည်းမှတ်လို့။

13 comments

  • nicolus agral

    October 29, 2012 at 10:35 am

    credit to Dr Soe Min and it’s original owner Dr Yin Mar

  • ဦးကြောင်ကြီး

    October 30, 2012 at 8:13 am

    ဝိုး…. ဗဲရီး ဗရာဗို…. ပို့စ်တင်သူရော၊ မူးရင်းစာရှင် ဆရာစိုးမင်းကိုရော… ကျနော့်ကိုယ် ကျနော်ရော အတွက်ပါ။
    ၁။ ပို့စ်တင်သူက တန်ဖိုးရှိတဲ့ စာပြန်ဝေငှပေးတဲ့အတွက်
    ၂။ ဆရာဒေါက်တာစိုးမင်းကတော့ သိပ်ကောင်းတဲ့ သရော်စာ၊ ပညာပေးစာ ရေးပေးတဲ့အတွက်
    ၃။ အကျွန်ုပ်ကြောင်ကြီးကတော့ ဖတ်ရင်းတန်းလန်းနဲ့ ဒီစာရေးသူဟာ ဆရာစိုးမင်းများ ဖြစ်နေမလား တွေးမိနေလို့ပါ။
    အကယ်၍ nicolus agral သည် ဆရာစိုးမင်းကိုယ်တိုင် သို့မဟုတ် အဆက်အသွယ်ရှိသူ ဖြစ်နေမယ်ဆိုရင် ရွာမှာမြေကွက်ဝယ်ပြီး အိမ်လာဆောက်ဖို့ ဖိတ်ခေါ်ပါတယ်။
    သဂျီးသမက်ဦးကြောင်ကြီး :harr:

  • nicolus agral

    October 30, 2012 at 10:32 am

    ကျွန်တော်က ဆရာစိုးမင်းရဲ ့ပရိတ်သတ်ပါ
    သူ ့Facebook ကနေကူးတင်ပေးတာပါ
    ဆက်ကူးပါဦးမယ်

  • padonmar

    October 30, 2012 at 10:39 am

    ဒီစီးရီးက အစဉ်လိုက် ဖတ်ရင် ပိုအရသာရှိမှာမို့
    ဆရာစိုးက တစ်ပုဒ်စီ နာမည်ပေးပေမယ့် Nicolus ကပဲ အမှတ်စဉ်ထိုးပေးရင် ပိုကောင်းမလားလို့ နှမ်းဖြူးပါတယ်။
    သဂျီးသမက်ပြောသလို
    ဆရာစိုးကို ပင့်လာနိုင်ရင်တော့ ပိုကောင်းတာပေါ့၊ခြေကြွခ မကုန်တော့ဘူး။

  • nicolus agral

    October 30, 2012 at 11:26 am

    ဟုတ်ကဲ့ နံပတ်စဉ်တပ်ပေးပါ့မယ်
    ဆရာစိုးကိုသာကျွန်တော်ကသိတာ ဆရာကတော့ကျွန်တော့်ကိုသိမယ်မထင်ဘူး
    ဘာပဲဖြစ်ဖြစ်ပြောတော့ပြောကြည့်ရမှာပေါ့ ဆရာ့ကို

  • nicolus agral

    October 30, 2012 at 12:13 pm

    ဒါနဲ ့ရွာကိုဝင်ချင်ရင် senior တယောက် ထောက်ခံပေးရတဲ့ Rule ကရှိသေးလား

  • padonmar

    October 30, 2012 at 1:18 pm

    ဆရာစိုးဆိုရင် ထောက်ခံဖို့တောင်မလိုပါဘူး။
    လိုရင်လည်း ကျမရော ဦးကြောင်ရော ထောက်ခံမှာပေါ့။

    • kai

      October 30, 2012 at 1:31 pm

      ကျုပ်လည်းဝင်ထောက်ခံလိုက်ပြီး.. ရွာတခါးပြန်ဖွင့်ပေးလိုက်ပါကြောင်း…။ :528:

      • နေဝန်းနီ

        October 30, 2012 at 9:28 pm

        တတ်လည်း တတ်နိုင်ကြပါတယ်….။ ရွာတံခါး ကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ကလေးတွေလို ဆော့နေတာက အရေးမကြီးဘူး ….။ ပျက်သွားလို့ တံခါးပြင်ဖို့ အလှူငွေလာကောက်ရင်တော့ မထည့်ဘူး…..။ ဒါဗြဲ ….။ :528:

  • ဦးကြောင်ကြီး

    October 31, 2012 at 10:18 am

    အဲလိုဒေါ့ လုပ်နဲ့လေ။ ရွာခမျာ ကူးစာတွေကြောင့် အဆဲခံရပေါင်းများပြီ။ ရွာပေါ်လစီအရ ကိုယ်ပိုင်အရေးအသားကိုသာ အားပေးပါတယ်။ ဆရာစိုးမင်း စာတွေကြိုက်ပေမဲ့ အခြားသူများလည်း အလားတူ လိုက်ကူးကြမှာစိုးလို့ တခါတရံသာ ကောင်းမည်ထင်တယ်။ သဂျီးခွင့်ပြုတယ်ဆိုရင်တော့ အိုကေတယ် သို့ပေမည့် ဆရာစိုးမင်း သဘောတူညီချက် ပါရပါမည်။ (ဆွေးနွေးတာပါ)
    နောက်ပြီးတော့ အပုဒ်ရေများများ နေ့ဆက်တင်တာထက် တပုဒ်ချင်း ရက်ခြားတင်တာ ပိုကောင်းမယ်ထင်သည်။ (အကြံပြုချက်သက်သက်ပါ)
    အင်း… ရွာလူဂျီးအဖွဲ့ မျက်စေ့မှောက်နေလို့ ဂျားလူက ဝင်ပြောနေရတယ်။ (ဝေဖန်တာပါ)

  • nicolus agral

    November 1, 2012 at 8:47 am

    12:09pm
    Nicolus Agral

    ဆရာစိုးမင်းခင်ဗျား
    ကျွန်တော် ဆရာ့စာအချို ့ကို mandalay gazette ဆိုတဲ့ဆိုဒ်တခုမှာ share ခဲ့ပါတယ်
    ဖြစ်နိုင်ရင် ဆရာကိုယ်တိုင် siteမှာလာပြီး ရေးစေချင်ပါတယ် ။ လိပ်စာက myanmargazette.net ပါ၊
    ခင်မင်လေးစားစွာဖြင့်
    Nicolus

    3:03pm
    Soe Min

    ရပါတယ်ဗျ။အဆင်ပြေသလို ရှဲပါ။

  • nicolus agral

    November 1, 2012 at 9:06 am

    (Conversation started Tuesday
    12:09pm
    Nicolus Agral

    ဆရာစိုးမင်းခင်ဗျား
    ကျွန်တော် ဆရာ့စာအချို ့ကို mandalay gazette ဆိုတဲ့ဆိုဒ်တခုမှာ share ခဲ့ပါတယ်
    ဖြစ်နိုင်ရင် ဆရာကိုယ်တိုင် siteမှာလာပြီး ရေးစေချင်ပါတယ် ။ လိပ်စာက myanmargazette.net ပါ၊
    ခင်မင်လေးစားစွာဖြင့်
    Nicolus

    3:03pm
    Soe Min

    ရပါတယ်ဗျ။အဆင်ပြေသလို ရှဲပါ။)

    ဆရာစိုးမင်းဆီကခွင့်ပြ ုချက်တောင်းပြီးပါပြီ
    အဲ သဂျီးခွင့်ပြုချက်တော့မတောင်းရသေးဘူး အခုတခါတည်းခွင့်တောင်းပါတယ်
    post အရေအတွက်များတာကတော့ 2post/day နဲ ့မြန်မြန်တင်လိုက်မိတာပါ
    ကျွန်တော်ကစောင့်ဖတ်ရတာမကြိ ုက်လို ့သူများတွေလည်းမစောင့်ရစေချင်လို ့ပါ
    ပြီးတော့နောက်ပိုင်းရက်တွေမှာအလုပ်မအားဖို ့များနေလို ့ပါ
    ၁ရက်ခြား ၁ပုဒ်ပဲတင်တော့မယ်လေ
    လောလောဆယ်တော့ internet ဆိုင်မလာအားလဲသုံးလို ့ရအောင် ph ကို internetသွားလျှောက်လိုက်ဦးမယ်

Leave a Reply