-အသေစောလိုက်တာ… အဖေရယ်-

(၁)
မောင်မိုး စင်္ကာပူကနေ ရန်ကုန်သို့ အလောတကြီး ပြန်လာတယ်။
ပြန်လာတဲ့ကိစ္စက စင်္ကာပူမှာ သူစာမေးပွဲ ဖြေပြီးနောက် သူငယ်ချင်း မောင်ဥက္ကံက ဖုန်းဆက်တာကြောင့်ပါ။
အကြောင်းရင်းက မောင်မိုးအဖေ ရောဂါအသည်းအသန်ဖြစ်နေသောကြောင့် သူ့ကို အမြန်ပြန်လာစေချင်ကြောင်း
မှာတာပါ။

ဒီလို အရေးပေါ်ကိစ္စကြောင့်ပဲ မောင်မိုး ရန်ကုန်သို့ ဖုတ်ပူမီးတိုက် ပြန်လာရတယ်။
သမိုင်းလမ်းဆုံက သူ့အိမ်ကို ရောက်ရောက်ချင်း သူ့အဖေ့ကို မတွေ့လို့ ဘေးအိမ်က လူတွေကို မေးရတယ်။

ဘေးအိမ်ကလူတွေ ပြောပြချက်အရ သူ့အဖေရောဂါဖောက်တာကြောင့် အရေးပေါ်အထူးကုဆေးခန်းသို့
တင်ထားရကြောင်း သိရတယ်။ ဒါကြောင့် ပါလာတဲ့အထုပ်တွေထဲက သူ့အဖေအတွက်လိုမယ့်ဟာယူပြီး
သူဆေးခန်းသို့ ဒုန်းစိုင်းနှင်လာတယ်။

မောင်မိုး ဆေးခန်းကိုရောက်တော့ အဲ့ဒီမှာ လူတွေ ရှုပ်ယှက်ခတ်နေတာပဲ။
မစည်းကားသင့်တဲ့အရပ်မှာ လူတွေစည်ကားနေကြတယ်။
လူနာစုံစမ်းရေးဌာနမှ တာဝန်ကျသူတွေကို မေးကြည့်မှ သူ့အဖေအခန်းကို သိရတယ်။

ဒီလိုနဲ့ သူ့အဖေရှိရာ အရေးပေါ်လူနာဆောင်ဒုတိယထပ်အခန်း(၁၃)သို့ မောင်မိုးဆိုက်ဆိုက်မြိုက်မြိုက်
ရောက်သွားတယ်။သူအခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ မှိန်းနေတဲ့
သူ့အဖေကိုတွေ့ရတယ်။ တွေ့တွေ့ချင်းမှာပဲ မောင်မိုး သူ့အဖေလက်ကို အပြေးသွားကိုင်ပါတယ်။

သူ့အဖေ့လက်ကို မောင်မိုးထိလိုက်တဲ့အခါမှာ အရိုးတွေကိုင်နေရသလိုပဲလို့ ထင်မိတယ်။
သူ့အဖေရောဂါဒဏ်ကြောင့် တော်တော်လေးပိန်သွားပါလားလို့ သူတွေးနေမိတယ်။
ဘယ်တည်းက ဖြစ်နေတာလဲမသိဘူး။ အဖေ့ သူ့ကို စိတ်ဆင်းရဲမှာစိုးလို့ထင်ပါရဲ့။ တစ်ခါမှ မပြောခဲ့ဘူး။

သူ့အဖေကိုယ်တွင်းမှာ ရောဂါနှိပ်စက်လို့ ထင်ပါရဲ့။ သူ ဘေးမှာရှိနေတုန်း တစ်ချက်လူးလွန့်လာပြီး
ရုတ်တရက် မျက်စိပွင့်လာတယ်။ သူ့ကိုလည်းမြင်ရော…
‘သားပြန်ရောက်နေပြီလား…
စာမေးပွဲကော ဖြေနိုင်ရဲ့လား’
သူ့အဖေက သူဝေဒနာကို မျိုသိပ်ရင် အပြုံးနဲ့ သူ့အားမေးတယ်။
မောင်မိုးက ခေါင်းညိတ်ပြလိုက်တော့ သူ့အဖေလည်း ခေါင်းတညိတ်ညိတ်။

ဒါနဲ့ပဲ သူအဖေက မတွေ့တာကြာတဲ့အချိန်တွေအတွက် မောင်မိုးကို စကားတွေ အတိုးချပြောလာတယ်။
သူ့အဖေက လူက အားမရှိလို့ထင်ပါရဲ့။ အသံက သိပ်မပီသဘူး။

မောင်မိုး သူ့အဖေ စကားသာပြောနေတာ မောနေပုံရကြောင်း ရိပ်မိတယ်။
ဒါကြောင့် သူက အဖေ့ကို လှမ်းပြောတယ်။
‘အဖေ… စကားတွေ သိပ်မပြောနဲ့ မောနေအုံးမယ်’
‘ရပါတယ်…သားရဲ့
အဖေ့ကို အဖေသိတယ်…အဖေကြာကြာနေရမှာ မဟုတ်တော့ဘူး
ဒါကြောင့် သားကို မှာစရာရှိတာ မှာခဲ့ချင်တယ်’
‘အဖေကလည်းဗျာ….
သားခံစားရအောင် သေစကားတွေ မပြောပါနဲ့လား’
‘ပြောရမယ်…သားရဲ့
လူဆိုတာ သေမျိုးချည်းပဲ၊ ဘုရားနဲ့ ရဟန္တာတွေတောင်လွတ်တာ မဟုတ်ဘူး
ဒါကြောင့် အဖေမရှိတဲ့နောက် အဖေ့ဆိုဆုံးမစကားတွေကို သားအမြဲအမှတ်ရနေရမယ်နော်’

ဒါနဲ့ သူ့အဖေက စကားတွေဆက်ပြောနေတယ်။ အဲ့ဒီစကားတွေထဲမှာ အရေးကြီးတဲ့ အကြောင်းအရာက
သူ့ညီဆီမှာ ပိုက်ဆံသိန်း၅ဝ ယူထားတဲ့ကိစ္စပဲ။ အဲ့ဒါကို မောင်မိုးက တာဝန်ယူပြီးဆပ်ပေးဖို့ ခဏခဏ ပြောတယ်။
အဖေစိတ်ချမ်းသာစေဖို့ သူကလည်း လွယ်လွယ်ပဲ ကတိပေးလိုက်ပါတယ်။
၃လ အချိန်ပေးထားတယ်ဆိုတဲ့စကားကိုလည်း သူ အသည်းထဲစွဲအောင် မှတ်ထားလိုက်တယ်။

မောင်မိုးရဲ့ ကတိစကားကြောင့် သူ့အဖေလည်း စိတ်ချသွားပုံရပါတယ်။
သူ့ကို စကားတွေ အများကြီးပြောလိုက်ရလို့ မောသွားတာလည်း ပါမယ်ထင်ရဲ့။
မျက်လုံးပိတ်ပြီး သူ့အဖေပြန်မှိန်းနေတယ်။ မောင်မိုး သူ့အဖေအတွက် ယူလာတဲ့အရာထဲကမှ
တရားခွေသွင်းထားတဲ့ အမ်ပီသရီးကိုထုတ်ပြီး အဖေနားထောင်ဖို့ ဘေးမှာချပေးတယ်။
ပြီးရင် သူကိုယ်တိုင်ပဲ အဖေ့နားမှာ တပ်ပေးလိုက်တယ်။

သူလည်း ခရီးပန်းလာတာကြောင့် သူ့အဖေနားမှာစောင့်ရင်း အိပ်နေလိုက်တယ်။
နေ့ခင်း သူတရေးနိုးလာတော့ သူ့အဖေပုံစံကြည့်လိုက်တော့ ငြိမ်လွန်းတာကြောင့် သူမသင်္ကာသလိုဖြစ်လာတယ်။
ဒါကြောင် သူ့အဖေရင်ဘတ်ကို မောင်မိုးကပ်ကြည့်လိုက်တယ်။
တကယ်ပဲ ရင်ခုန်သံမကြားရတော့မှန်း မောင်မိုးရိပ်မိသွားပြီ။ သူအဖေ ငြိမ်ငြိမ်သက်သက်နဲ့
လောကကြီးကနေ ထွက်ခွာသွားပါရောလား။ သူယောက်ျားပီပီ ရင်ထဲမှာပဲ ကြိတ်ငိုနေမိတယ်။
——————————————————————————–
(၂)
မောင်မိုး သူ့အဖေအတွက် ရက်လည်ဆွမ်းသွပ်လို့လည်း ပြီးသွားပါပြီ။
သူအဖေပေးရမဲ့ ပိုက်ဆံသိန်း(၅၀)အတွက် သူအလုပ်ရှာရအုံးမယ်။
စင်္ကာပူက စာမေးပွဲအောင်လက်မှတ်လည်း လူကြုံနဲ့ သူ့ဆီရောက်လာပါပြီ။
ဒါကြောင့်ပဲ ဂျာနယ်နဲ့ သတင်းစာတွေ လှန်လှောပြီး ရန်ကုန်မြို့တစ်လျှောက် သူအလုပ်ရှာတော့တယ်။

အတော်များများအလုပ်က အင်တာဗျူးတွေ သူဖြေပြီးပြီ။ အဖြေက လကုန်မှသိရမယ့်အလုပ်တွေက များနေတယ်။
ဒါနဲ့ပဲ သူ လောလောဆယ်ပိုက်ဆံရှာဖို့အတွက် ရရာအလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါကြောင့် သူ့သူငယ်ချင်း မောင်ဥက္ကံကို အပူကပ်တော့တာပါပဲ။

သူ့သူငယ်ချင်း မောင်ဥက္ကံက တက်စီဆွဲစားနေတာဆိုတော့ သူ့ကို ကားတစ်စီးတာဝန်ယူပြီး
ငှားပေးပါတယ်။ သူလည်း လတ်တလောအချိန်ကြောင့် အဲ့ဒီကားလေးကို မောင်းရတော့တာပဲ။

ကားလေးက သူ့ကို တော်တော်အကျိုးပေးပါတယ်။ လဝက်လောက်မှာတင် သူ့မှာ အသာတင်(၈)သောင်းလောက်
စုမိတယ်။ သူ့အဖေရဲ့ဆုံးမစကားတွေကို သူနားထောင်တာလည်း ပါမယ်ထင်တယ်။အဲ့ဒါတွေက
လူအများနဲ့ဆက်ဆံရာမှာ မေတ္တာနဲ့ဆက်ဆံဖို့၊ အလုပ်ကို မှန်မှန်ကန်ကန်အလေးထားလုပ်ဆောင်ဖို့၊
ကိုယ်ကျင့်တရားကောင်းဖို့ စသည့်ဖြင့်ပေါ့ဗျာ။

အဲ့ဒီဆုံးမစကားတွေရဲ့ကျေးဇူးကြောင့် သူ့ကို စီးဖူးတဲ့ခရီးသည်တိုင်းဟာ နောက်ဆို သူ့နာမည်ကိုမေးပြီး
သီးသန့်ငှားစီးရတဲ့အထိပဲ။ အခုတော့ သူက တက်စီ(Taxi) လောကမှာ အောင်မြင်နေတယ်။
သူ့အဖေရဲ့ ကျေးဇူးလို့လည်း မောင်မိုးအမြဲတွေးပါတယ်။ အဲ့ဒီလိုတွေးတဲ့အချိန်တိုင်းလည်း
မောင်မိုးသူ့အဖေကို လွမ်းဆွတ်လာတာပဲ။
—————————————————————————————————————————————
(၃)
တစ်နေ့သော နေ့လည်ခင်းမှာပေါ့။ ပါစင်ဂျာဦးလေးကြီးတစ်ယောက်က မောင်မိုးကို ကားလာငှားတယ်။
ဒဂုံ-ဧရာအဝေးပြေးဂိတ်ကို သွားမှာတဲ့။ သူလည်း ကျသင့်ငွေပြောပြီး လိုက်ပို့လိုက်ပါတယ်။

ဦးလေးကြီးက မှန်လုံးကားကိုမှီအောင်မောင်းပေးပါဆိုလို့ သူလည်း အမြန်မောင်းပေးတယ်။
မောင်မိုးကားလည်း ဂိတ်ကိုရောက်ရော မှန်လုံကားက ထွက်ခါးနီးနေပါပြီ။ ဒါနဲ့ပဲ ဦးလေးကြီးက
သူ့ကိုကျသင့်ငွေချေပြီး စက်နှိုးထားသော မှန်လုံးကားပေါ်သို့ ဒရောသောပေါး ပြေးတက်သွားပါတော့တယ်။
သူလည်း ခရီးဆုံးရောက်တဲ့အထိ ပို့ပေးပြီးတာမို့ ဂိတ်ပြန်ထိုးဖို့ နောက်ကြောင်းပြန်မောင်းလာပါတယ်။

အပြန်လမ်းမှာလည်း ခရီးသည်ကောင်မလေးနှစ်ယောက် လက်ပြတားတာမို့ သူ့ကားရပ်ပေးလိုက်တယ်။
သူတို့သွားမဲ့ခရီးကလည်း မောင်မိုးနဲ့ လမ်းကြုံတာမို့ လျှော့လျှော့ပေါ့ပေါ့နဲ့ မောင်းပို့ဖြစ်ပါတယ်။
အဲ့ဒီနှစ်ယောက်ကားပေါ်တက်ခါနီးမှာပဲ ပြဿနာက စလာပါတယ်။
အဲ့ဒါက ထိုကောင်မလေးနှစ်ယောက်အနက် တစ်ယောက်က…
‘အစ်ကို.. ဒီအိတ်ကို ကားနောက်မှာထားထားတော့
ကျွန်မတို့ ဘယ်လိုထိုင်ရမှာလဲ’

သူလည်း အဲ့ဒီစကားကြောင့် နားမလည်းနိုင်အောင် ဖြစ်သွားတယ်။
အဲ့ဒါကြောင့် သူ ကားနောက်ကို လှည့်ကြည့်လိုက်တယ်။ အဲ့ဒီစကားက အဟုတ်ပဲ။
သူ့ကားနောက်မှာ ဘေးသိုင်းလွယ်အိတ်မဲတစ်လုံးက နောက်မှီထိုင်ခုံမှာ ဇိမ်ကျနေလေရဲ့။
ဒါနဲ့ပဲ သူအဲ့ဒီလွယ်အိတ်ကို ဖယ်ပေးပြီး နေရာရှင်းပေးလိုက်ရတယ်။
‘ထိုင်…ထိုင် ညီမလေးတို့..’

အဲ့ဒီတော့မှ ထိုကောင်မလေးနှစ်ယောက်လည်း ကားနောက်မှာ ဝင်ထိုင်ကြပါတယ်။
အဲ့ဒီကောင်မလေးနှစ်ယောက်ကို လိုက်ပို့နေရင်း သူစဉ်းစားတယ်။ ဒါ ဘယ်သူ့အိတ်များလဲလို့ပေါ့။
နောက်မှ အဖြေတွေ့သွာတယ်။ ဒါက ခုနက လိုက်ပို့လိုက်ရတဲ့ ဟိုဦးလေးကြီးအိတ်ပဲလို့ သူသတိရသွားတယ်။
ဟိုဦးလေးကတော့ ရန်ကုန်-ပုသိမ်အဝေးပြေးမှန်လုံကားနဲ့ ပါသွားပါပြီ။
အခုဖြစ်နေတာက ဟိုဦးလေးအိတ်ဟာ သူ့ကေားပေါ်မှာ သောင်တင်နေတာပဲ။

ဟိုကောင်မလေးတွေကို လိုက်ပို့ပြီးတော့ သူ့အဲ့ဒီအိတ်ကို ဇစ်ဖွင့်ကြည့်လိုက်တယ်။
ပြန်ပေးဖို့အတွေးနဲ့ သဲလွန်စများ ရလိုရငြားပေါ့။ ထိုသို့ သူဖွင့်ကြည့်လိုက်မှပဲ ကားမှန်ထဲကို
ခုန်ဝင်လာတဲ့အလင်းနဲ့ ဖွင့်တဲ့အိတ်ထဲကပစ္စည်းတွေဟာ အလင်းပြန်ကုန်ကြပြီး သူတောင်
မျက်စိတော်တော်ကျိန်းသွားတယ်။
‘ဟင်…ကျောက်မျက်ရတနာတွေပါလား’ လို့ သူ့ပါးစပ်က ယောင်ပြီး ပြောရတဲ့အထိ။
ရတနာတွေက ဖြိုးဖြိုးဖျက်ဖျက်ပါပဲ။ အဲ့ဒီလွယ်အိတ်ထဲက ရတနာတွေက သူကို့ သတိလက်လွတ်
လောဘစိတ်တွေ ခေါင်းထောင်လာစေတယ်။

အဲ့ဒါတွေကြောင့်ပဲ မောင်မိုးတွေးလာတယ်။ ဒီရတနာတွေကို သူသာပြန်မပေးဘဲ ယူထားလိုက်ရင်
အဖေချန်ခဲ့တဲ့အကြွေးတွေလည်း ချက်ချင်းဆပ်နိုင်မယ်။
နောက်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်လို့လည်းရမယ်။
ပြီးတော့ ဒီပိုင်ရှင်ကလည်း သူ့ပစ္စည်းဘယ်မှာကျန်ခဲ့မှန်း သေချာသိမှာမဟုတ်ဘူး။
ဆုံးပြီလို့ အမှန်တွက်မှာပဲ။ မောင်မိုးကားပေါ်ကျန်ခဲ့တယ်ဆိုတာလည်း သူမှတ်မိချင်မှ မှတ်မိလိမ့်မယ်။

ထိုသို့ လောဘစိတ်နဲ့ မောင်မိုးတွေးနေရာမှ ရုတ်တရက် သူ့အဖရဲ့ဆုံမစကားသံတွေ ပြန်ကြားယောင်လာတယ်။
‘သား… တချို့မကောင်းမှုတွေဟာ အခြားသူမသိနိုင်ပေမဲ့မိမိကိုယ်မိမိတော့ ညာလို့မရဘဲ သိနေတယ်
အဲဒီလိုသိနေတာကြောင့် ဘယ်လိုပင် ဖြေတွေးတွေး နောက်ဆုံးမှာ ကိုယ့်ကိုကိုယ်
အကြည်ညိုပျက်လာတော့တာပဲ၊ အဲ့ဒီလိုအကြည်ညိုပျက်ခြင်းကပဲ ငရဲဘုံကို့ရောက်စေတတ်တယ် သားရဲ့၊
ဒါကြောင့်အဖေကုန်ကုန်ပြောရရင် မကောင်းမှုဆိုတာမျိုးကို သူတစ်ပါးသိသိ၊ မသိသိ လုံးဝမလုပ်မိစေနဲ့သားရဲ့..’

သူ့အဖေစကားကြားယောင်မိမှ မောင်မိုး ဘုရားတမိတာပါပဲ။
သူကိုယ်တိုင် ဒီလိုအဖြစ်မျိုးနဲ့ ဆင်တူနေတယ်လေ။
သွေးအေးအေးနဲ့ သူစဉ်းစားမိတော့မှ သူတစ်ပါးပစ္စည်းကို မပေးဘဲ မသိအောင်ယူတာဟာ
ခိုးတာနဲ့အတူတူပဲဆိုတာ ရိပ်မိလာတယ်။ ကံသီပေလို့ဟု မောင်မိုးရွတ်မိတယ်။
ငယ်ငယ်က ဆုံးမခဲ့တဲ့ သူ့အဖေစကားသာ အချိန်မှီ သတိမရရင် သူငရဲကျမှာပါလားလို့ တွေးမိတယ်။

ဒါနဲ့ပဲ သူမှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ကို ချလိုက်ပါတယ်။
သူ့အဖေချေးထားတဲ့ပိုက်ဆံကို သူကိုယ်တိုင်ရိုးရိုးသားသားပဲ ရှာပြီး ဆပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
သူတစ်ပါးပိုက်ဆံကိုလည်းသူအလကားမလိုချင်တော့ပါဘူး။
သူအမြင်မှန်ရသွားပါပြီ။
ဒါနဲ့ပဲ ထိုဦးလေးဆီကို ပစ္စည်းတွေပြန်ပို့ဖို့ လိပ်စာရလိုရငြားလွယ်အိတ်ထဲ သူနှိုက်ရှာတယ်။

သိပ်မကြာခင်မှာပဲ မောင်မိုး လိုချင်တာ ရှာတွေ့သွားပါတယ်။ အဲ့ဒါက ခရီးသည်ဦးလေးကြီးရဲ့မှတ်ပုံတင်ပါပဲ။
အဲ့ဒီနောက်တော့ ဒီထဲကလိပ်စာကို သူမှတ်ထားပြီး မနက်ဖြန်အကူးတောင်မစောင့်ဘဲ အိပ်တိုင်ရာရောက်
သူသွားပေးပါတော့တယ်။

ဟိုဦးလေးရဲ့အိမ်ကို လိပ်စာအတိုင်း သူရောက်သွားတော့ သူ့မိသားစုတွေနဲ့ပဲ ဆုံရတယ်။
သူက အဲ့ဒီမိသားစုကို အကြောင်းစုံရှင်းပြပြီး အိတ်ကိုပြန်အပ်လိုက်တယ်။
ထိုသို့ပေးလိုက်တာကိုပဲ အဲ့ဒီမိသားစုတွေက တအံ့တဩဖြစ်နေကြတယ်။
အဲ့ဒီဦးလေးရဲ့မိန်းမဆိုရင် သူ့ယောက်ျားကိုယ်စား ကျေးဇူးတင်ကြောင်း မောင်မိုးကို တဖွဖွပြောတယ်။
သူ့ကိုလည်း ကျေးဇူးတင်လွန်းလို့ ပိုက်ဆံနဲ့ကျေးဇူးဆပ်ပါရစေပြောလို့ သူငြင်းလိုက်ရသေးတယ်။

အဲ့ဒီမိန်းမကြီးက သူရဲ့အကြောင်းကိုလည်း မေးတယ်။
သူလည်း စင်္ကာပူက စီမံခန့်ခွဲရေးပညာနဲ့ လောလောလတ်လတ်ဘွဲ့ရထားကြောင်း၊ အလုပ်ရှာထားကြောင်း၊
အခုလောလောဆယ်တော့ အချိန်ရှိခိုက် ရရာအလုပ်ဝင်လုပ်ဖြစ်ကြောင်း အကြောင်းစုံပြောပြဖြစ်တယ်။
အဲ့ဒီမိန်းမကြီးက သူပြန်ခါနီးမှာ လိပ်စာတောင်းလို့ ပေးလိုက်ရသေးတယ်။
———————————————————————————————————————————-
(၃)
အဲ့ဒီကိစ္စတွေဖြစ်ပြီး တစ်ပတ်အကြာမှာပဲ မောင်မိုးကို ကုမ္ပဏီတစ်ခုက အလုပ်ခန့်ကြောင်း အကြောင်းကြားစာ
ရောက်လာတယ်။ အလုပ်က မန်နေဂျာရာထူးခန့်မှာဖြစ်ပြီး သူ့ပညာအရည်အချင်းနဲ့လည်း ကိုက်ညီတယ်။
လစာကလည်း မက်လောက်စရာပဲမို့ သူဝမ်းသာသွားတယ်။ ဒါပေမယ့် အဲ့ဒီမှာ သူစဉ်းစားမရတာက
ဒီကုမ္ပဏီမှာ တစ်ခါမှ အလုပ်မလျှောက်ဘဲ ဘာဖြစ်လို့ခန့်တာလဲဆိုတာကိုပေါ့။

ဒါကြောင့်ပဲ အဲ့ဒီကုမ္ပဏီကိုသွားပြီ ပိုင်ရှင်နဲ့ သွားတွေ့ဖြစ်တယ်။
အဲ့ဒီတော့မှ မောင်မိုး အကြောင်းစုံသိရတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
အဲ့ဒီကုမ္ပဏီရဲ့ပိုင်ရှင်ဟာ ဟိုတစ်ခါ ပြန်ပို့လိုက်တဲ့ ရတနာအိတ်ရဲ့ပိုင်ရှင် ဦးလေးကြီးပေါ့။

အဲ့ဒီဦးလေးကြီးက မောင်မိုးတွေ့တော့ မန်နေဂျာရာထူးခန့်အပ်ကြောင်း ပြောတယ်။
ခန့်အပ်ရခြင်းအကြောင်းကိုလည်း မောင်မိုးကို ရှင်းပြပါတယ်။
အဲ့ဒါတွေက ဟိုုတစ်ခါအိတ်ပြန်ပို့တဲ့ကိစ္စ ကျေးဇူးဆပ်ချင်တာလည်းပါကြောင်း၊
အထူးသဖြင့် မောင်မိုးလို ရိုးသားကြိုစားပြီး ဖော်ရွေတတ်သူကို သူတို့ကုမ္ပဏီကလည်း
အမှန်တကယ်လက်တွဲလိုကြောင်း ပြောပြပါတယ်။ အဲ့ဒါနဲ့ပဲ မောင်မိုး အလုပ်ကောင်းကိုပိုင်ဆိုင်ခွင့်ရလာပါတယ်။
ဒီလို အကျိုးဖြစ်ထွန်းခဲ့ရတာကလည်း သူ့ဖခင်ရဲ့ဆုံးမစကားတွေကြောင့်လို့ မောင်မိုးကျေးဇူးတင်နေမိတယ်။
—————————————————————————————————————————————
(၄)
မောင်မိုးအဖေဆုံးတာလည်း သုံးလပြည့်သွားပါပြီ။ သူ့ လက်ထဲမှာ သိန်း(၅၀)မက စုမိနေပါပြီ။
အဲ့ဒါကြောင့်ပဲ သူ့ဦးလေးဆီကို ပိုက်ဆံသွားဆပ်တယ်။
သူ ဦးလေးက အဖေ့ထက်ချောင်လည်သူဖြစ်ပြီး ရှေ့နေတစ်ယောက်လည်း ဖြစ်ပါတယ်။

အဲ့ဒီကို ရောက်မှပဲ သူ့အဖေ့အစီအစဉ်တွေကို ထင်မှတ်မထားဘဲ သိရတယ်။
ဦးလေးရဲ့ ပြည့်စုံစွာပြောပြချက်တွေကလည်း မောင်မိုး သူ့နားကို သူမယုံနိုင်အောင်ပါပဲ။
ဦးလေးပြောတာတွေက သူ့အဖေဟာ လူပျိုစစ်စစ်ဖြစ်ကြောင်း၊ သူ့ဖခင်ရင်းလည်း မဟုတ်ကြောင်း၊
မွေးကင်းစကတည်းက သူ့မိဘတွေက အဖေ့ဆီမှာ စွန့်ပစ်ထားတာမို့ သနားပြီး ခေါ်ယူမွေးစားခဲ့ကြောင်း၊
ဒါပေမဲ့ သားအရင်းကဲ့သို့လည်း ချစ်ခဲ့ကြောင်းအစုံပါပဲ။ နောက်ဆုံးပြောတာက (၃)လအတွင်း
အကြွေးသိန်း(၅၀)ဆပ်ဖို့ သူ့အဖေမှာခဲ့တယ်ဆိုတာကလည်း သူ့သားကို ပိုက်ဆံစုဖြစ်စေလိုသောဆန္ဒသာ
ဖြစ်ကြောင်း၊ တကယ်တော့ ဘယ်တုန်းကမှ မချေးခဲ့ကြောင်းရှင်းပြပါတယ်။

သူ့မှာသာ အဖေ့အစီအစဉ်တွေကို ပါးစပ်အဟောင်းသားနဲ့ တစ်ခုပြီး တစ်ခု လက်ခံနေရတယ်။
အဲ့ဒါက သူ့အဖေက မောင်မိုး(၂၅)နှစ်အပြည့်မှာ ရှိသမျှအမွေအကုန်လွှဲပေးဖို့ သူ့ညီရှေ့နေကိုလည်း
မှာထားခဲ့ကြောင်း ပြောပြတယ်။ အခုလည်း မောင်မိုး ၂၅နှစ်ပြည့်ပြီးသွားတာမို့ အဆင်သင့်ပဲ လက်ခံဖို့
လက်မှတ်ထိုးလိုက်ရတယ်။

အဖေ့ရဲ့ သားအပေါ်ထားခဲ့တဲ့မေတ္တာတွေကို သူ့မှာ မျက်ရည်တစို့စို့နဲ့ လက်ခံနေရတယ်။
အဖေဟာ သူ့အတွက် မွေးစာအဖေဖြစ်ခဲ့တယ်ဆိုပေမဲ့ ငယ်စဉ်ကတည်း အမိလိုတစ်မျိုး၊
အဖလိုတစ်သွယ် ကျွေးမွေးပြုစုစောင့်ရှောက်တာတွေက တကယ့်အဖေ၊အမေအရင်းနဲ့ မခြားပါဘူး။
သူလူလားမြောက်ခဲ့တဲ့ အချိန်အထိပဲဆိုပါတော့။ အရမ်း တာဝန်ကျေခဲ့သူပါ။
သူ့မှာသာ အဖေ့ကို တစ်ဖန်ပြုစုစောင့်ရှောက်ဖို့ အခွင့်အရေးမရခဲ့တာတွေအတွက် ဝမ်းနည်းနေရတယ်။

အဲ့ဒါကြောင့် ကြီးမားတဲ့အဖေ့မေတ္တာကိုမြင်ယောင်ရင်း ဝမ်းနည်းစွာ သူမြည်တမ်းမိတာက…
‘အသေစောလိုက်တာ….အဖေရယ်….’ လို့။ ။

ချစ်ခင်လေးစားစွာဖြင့်…
စေပိုင်ထွဋ်(ပုသိမ်)

6 comments

  • candle .

    October 30, 2012 at 12:59 pm

    အဖေ့ရဲ ့ကျေးဇူးတွေကို လှပတဲ့ အချိတ်အဆက်လေးတွေနဲ ့ဖွဲ ့နွဲ ့ရေးသားထားတာ ဖတ်လို ့အရမ်းကောင်းပါတယ်….
    အဖေကအသေစောခဲ့ပေမဲ့ သားအတွက်တော့ အားလုံး အစီအစဉ်တကျ ဖန်တီးပေးခဲ့တာဘဲ….
    လေးစားအားကျစရာ ဖခင်ကောင်းတစ်ယောက်ပါ….
    အားပေးလျှက်….

  • padonmar

    October 30, 2012 at 1:15 pm

    မောင်မိုးလို လိမ္မာတဲ့ သားလေး မွေးစားမိခဲ့တဲ့ အဖေလည်း အသေစောပေမယ့် ကျေနပ်မှာပါ။

  • Foreign Resident

    October 31, 2012 at 12:38 am

    မြင်မိတာပြောမယ်နော် ၊ စိတ်မဆိုးပါနှင့် ။
    ဇတ်က မြန်မာ VDO တွေလိုပဲ ၊
    တမင်လုပ်ယူထားမှန်း သိသာနေတယ် ။
    ပါးပါးလေး လုပ်ပါလား ။

  • Hnin Hnin

    October 31, 2012 at 1:16 am

    အထက်က ပြောသွားသလိုပဲ ဖတ်ရင်းနဲ့ကို ဇာတ်လမ်းဆင်ထားတာပဲလို့
    ခံစားရတယ်…..ဆေးရုံမှာ အဖေနဲ့အခန်းမှာလည်း မျက်ရည်ဝဲဖို့ ပြင်ထားတာ…
    မျက်ရည်စို့လောက်အောင် အဖွဲ့အနွဲ့က မနူးညံ့၊မဆွဲဆောင်နိုင်ခဲ့ဘူး…
    ခံစားမိတာ အပြုသဘော တင်ပြခြင်းသာ…

  • Ma Ei

    October 31, 2012 at 4:18 pm

    အဖေရက်လည်ပြီး မှ အလုပ်ရှာ မရတော့မှ ကားမောင်း ၊
    ကားမောင်းလို့ လဝက်မှာမှ (၈)သောင်းလောက်စုမိတယ်…
    နောက် ရတနာ အိတ်ရှင်နဲ့တွေ့ တစ်ပါတ်ကြာမှာ အလုပ်ရ…

    မောင်မိုးအဖေဆုံးတာလည်း သုံးလပြည့်သွားပါပြီ။ သူ့ လက်ထဲမှာ သိန်း(၅၀)မက စုမိနေပါပြီ။

    လ နဲ့ ငွေ တွေများနည်းနည်းလွဲ နေမလားနော်…
    အလုပ်လုပ်တဲ့ နှစ်လလောက်မှာ သိန်း ၅ဝ မက စုမိတယ်ဆိုတော့လေ…
    အဲ့ဒါလေးတွေ သတိထားစေချင်ကြောင်းစေတနာစကားလေးပါနော်…

  • ကိုရင်စည်သူ

    October 31, 2012 at 4:51 pm

    ချိတ်တော့ချိုးနဲ့နော်.. မြန်မာဘီဒီလို ချပ်ကား ကြည့်ဘီးတော့
    ရေးထားတယ်လို့ပဲ မြင်မိဒယ်။ အဲဒလာမျိုးပုံစံနဲ့ နိုင်ငံခြား ဒလမ်မာ
    ချတ်ကားကြည့်ပီးတော့ ဇာတ်ညွှန်းပြန်ရေးပါလား..
    မြန်မာဘီဒီလိုလောကမှာ ကျော်ကြားတဲ့ ဇာတ်ညွှန်းရေးစရာ ဖြစ်နိုင်ပါဒလယ်…
    သုံးလနဲ့ အလုပ်လုပ်လို့ သိန်းငါဆယ်စုမိတဲ့ ကုမ်ပဏီလေးဘာလေး
    ရှိရင် ပြောပါလား။ ဒီမှာ ပင်ပန်းပြီး ပြဲနေအောင်အလုပ်လုပ်ရဒါတောင် သုံးလ သိန်းငါးဆယ်မစုမိလို့
    အဲ့အလုပ်လုပ်မလားလို့..။ 😛

Leave a Reply