အိမ်လွမ်းနာ

Zaw WonnaJuly 14, 20101min771

ဒီနေ့ ရာသီဥတုကလည်း မိုးတစ်စိမ့်စိမ့်နဲ့မို့ မြန်မာပြည်က အိမ်ကိုလွမ်းနေမိတယ်။ ငယ်ငယ်တုန်းကတော့ အခုလို အိမ်နဲ့ဝေးနေရတဲ့ နေ့ရက်တွေမှာ အမေ့အိမ်ကို လွမ်းဖူးပါရဲ့။  အခုတော့လည်း ဇနီးမယား၊ သမီးသားတွေ ရှိတဲ့ကိုယ့်အိမ်လေးကို ပိုပြီးလွမ်းနေမိတယ်။ အတူတူနေချင်လို့ လက်ထပ်ပြီးကာမှ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့ အိမ်သူကိုလည်း အရမ်းလွမ်းတယ်။
အဖေ၊ အမေ ရှိပါရက်နဲ့ မိသားစု စုံစုံလင်လင်နဲ့ မနေရရှာတဲ့ သား၊သမီးတွေကိုလည်း သနားနေမိတယ်။ သူတို့ကရော အနားမှာ ယုယုယယ ကြင်ကြင်နာနာနဲ့ မနေပေးနိုင်တဲ့ ကိုယ့်ကို နားလည်ပေးနိုင်ပါ့မလား။
ကိုယ်ကိုယ်တိုင်က ငယ်ငယ်တုန်းက မိဘနဲ့ ခွဲနေဖူးခဲ့တော့ သူတို့လေးတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာ နားလည်မိပါတယ်။ ကိုယ်လည်းဒီမှာ သားသမီးစုံစုံညီညီနဲ့ ပျော်နေတဲ့ မိသားစုတွေ၊ ကလေးငယ်ငယ်လေးတွေကို တွေ့ရင် အရမ်းခံစားရတယ်။
တကယ်တမ်းကျတော့ ဒီခေတ်ကြီးမှာ အကြောင်းကြောင်းကြောင့် ကိုယ့်လိုပဲ ခွဲခွာနေရတဲ့ မိသားစုမျိုးတွေ ဘယ်လောက်တောင်မှ များနေပြီလဲမသိဘူး။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်နိုင်ငံမှာ ကိုယ့်မိသားစုလေးနဲ့အတူ အေးအေးချမ်းချမ်းလေး နေရရင် ဘယ်လောက်ကောင်းမလဲ။ သားသမီးဆိုတာလည်း ကိုယ်ကဘယ်လောက်တောင် အဆင်ပြေအောင် ထောက်ပံ့ပေးထားပေမဲ့ အတူတူ ဖက်လှဲတကင်း မနေနိုင်ရင် မိဘအနေနဲ့ တာဝန်ကျေပွန်တယ်လို့ ပြောလို့ရပါ့မလား။ နောက်ပြီး သူတို့တတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ။ အို … စဉ်းစားမိရင် အများကြီးပါပဲ။ အိုမင်းနေကြပြီဖြစ်တဲ့ ကိုယ့်ရဲ့မိဘတွေရော။ သူတို့နေထိုင်မကောင်းဖြစ်တဲ့ အချိန်တွေမှာ ကိုယ်ကအနားမှာ ပြုစုချင်တာတောင်မှ မပြုစုနိုင်ဘူး။ (မပြောကောင်းမဆိုကောင်း) ချွတ်ချော်တိမ်းပါး သွားခဲ့ရင်တော့ မတွေးဝံ့စရာပဲ။ မိဘတွေအတွက်လည်း ကိုယ်ဟာ တာဝန်ကျေပွန်တဲ့ သားသမီးကောင်းတစ်ယောက် မဖြစ်နိုင်ဘူးလို့ထင်တယ်။
သေချာတွေးကြည့်တော့လည်း သူများနိုင်ငံမှာ အလုပ်လုပ်ရတယ်ဆိုတာ ကိုယ်ကရတာထက် ဆုံးရှုံးရတာတွေ များလွန်းလှပါတယ်။ နိုင်ငံခြားက ဘယ်နိုင်ငံမှာပဲ အလုပ်လုပ်ပါစေ၊ အနည်းနဲ့အများတော့ အနှိမ်ခံရတာပါပဲ။ ဒါတွေက ထားလိုက်ပါဦး။ တခြားပြဿနာတွေက အများကြီးပါ။ လင်နဲ့မယား ခွဲခွာနေတာကြာရာက အိမ်ထောင်ရေးဖောက်ပြန်လို့ ဒါမှမဟုတ် အထင်အမြင်လွဲမှားလို့ ကွဲကွာသွားရတဲ့ မိသားစုတွေ အကြောင်းလည်း မကြားချင်အဆုံးပါ။ မိဘကိုယ်တိုင် အနီးကပ် ကြပ်ကြပ်မတ်မတ် မဆုံးမနိုင်လို့ ပျက်စီးနေတဲ့ ကလေးတွေလည်း မြန်မာနိုင်ငံမှာ အများကြီးပါ။ နိုင်ငံခြားမှာ အကြာကြီး အလုပ်လုပ်ကိုင်ရင်း အိမ်ထောင်ပြုရမဲ့ အရွယ်လွန်သွားလို့ လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်သွားကြတဲ့ လူငယ်တွေလည်း အများကြီးပါ။ ကိုယ့်ကိုယ်ကို မထိန်းသိမ်းနိုင်လို့ နိုင်ငံခြားရောက်မှ ပျက်စီးနေတဲ့ လူငယ်တွေလည်း အများကြီး။ နိုင်ငံခြားမှာ ကိုယ့်နိုင်ငံသား အချင်းချင်းမို့လို့ ရင်းနှီးရာက တစ်ယောက်အကြောင်းတစ်ယောက် အမှန်အတိုင်းမသိပဲ အတူပေါင်းသင်းနေပြီး  အိမ်ထောင်ရှိတဲ့လူ ဖြစ်နေမှန်း နောက်ကျမှသိရလို့ ဘဝပျက်ခဲ့ရတဲ့ မိန်းကလေးတွေလည်း များလှပါပြီ။ တချို့လည်း နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျလို့ ကိုယ့်တိုင်းပြည်ကိုတောင် ပြန်မရောက်တော့တာတွေ စုံလို့ပါပဲ။
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေအများစုကလည်း ဖြစ်နိုင်ရင် ကိုယ့်နိုင်ငံမှာပဲ မိသားစုနဲ့မခွဲမခွာ နေချင်ကြတာပါ။ ဒါပေမဲ့ ကိုယ်တတ်တဲ့ပညာနဲ့ ဘဝအာမခံချက်ပေးနိုင်တဲ့ အလုပ်မျိုးက ရှားပါးလွန်းတာကြောင့် နိုင်ငံခြားကို ထွက်လာကြရတာကိုး။ အခုဆိုရင် ငွေကြေးတတ်နိုင်တဲ့ မိဘတွေက သူတို့ သား၊ သမီးတွေကို ငယ်ငယ်ကတည်းက နိုင်ငံခြားမှာ ကျောင်းထားတာတွေ ခောတ်စားနေပြီ။ အဲဒီကလေးတွေ ကျောင်းပြီးရင်ရော ဘယ်နှစ်ယောက်ကများ မြန်မာပြည်မှာပြန်ပြီး လုပ်ကိုင်စားကြမှာပါလိမ့်။ နိုင်ငံတော်အတွက်တော့ ဘယ်လောက်အကျိုးရှိမယ်မသိပါ။ ပြောနေကြတာကတော့ Brain drain တွေရော၊ Brain gain တွေရော အမျိုးမျိုးပါပဲ။ သေချာတာကတော့ မိသားစုတွေ တကွဲတပြား နေကြရတာပါ။
ဒီလိုပုံ ဒီအဖြစ်မျိုးတွေက ဘယ်တော့မှ အဆုံးသတ်ပါ့မလဲ။ ကိုယ့်သားသမီး၊ မြေး၊ မြစ်တွေအထိ ဒီလိုပဲ နိုင်ငံခြားမှာ သွားလုပ်နေကြရဦးမှာလား။ ကိုယ့်အထင်ကတော့ မြန်မာနိုင်ငံကြီး နိုင်ငံတကာနဲ့ ရင်ဘောင်မတန်းနိုင်သရွေ့  ဒီအဖြစ်မျိုးက လွတ်မယ်မထင်ပါဘူး။
ရွှေမြန်မာတွေအားလုံး မိသားစု စုံစုံညီညီနဲ့ နေနိုင်မဲ့နေ့တွေ အမြန်ဆုံး ရောက်ကြပါစေဗျာ။

One comment

  • sususan

    July 14, 2010 at 3:50 am

    နိုင်ငံခြားကိုအလည်သွားတာပဲကောင်းပါတယ်။
    ဘဝတွက်ရုန်းကန်ဖို့ဆိုတာသွားလို့ကောင်းတဲ့နေရာ
    မဟုတ်ပေမဲ့..အခြေအနေရတော့သွားနေကြရဦးမည်။
    ဖြစ်ချင်တာဖြစ်စိတ်မညစ်နှင့်
    တောင်တွေးမြောက်တွေး
    စိတ်မလေးနှင့်
    တောင်ကြံမြောက်ကြ
    မပူပန်နှင့်
    လူမှန်သမျှထိုက်တန်သော
    အကျိုးကိုရမည်သာ
    လမ်း တခါတလေတော့
    သစ်ရွက်ခြောက်တွေနဲ့ပေါ့
    တခါတလေတော့
    ဆူးငြောင့်တွေနဲ့ပေါ့
    တခါတလေတော့
    သားရဲတွေပေါတယ်
    တခါတလေတော့
    လမ်းခွဲတွေပေါတယ်
    ဘာပဲဖြစ်ဖြစ်
    လျှောက်ဖြစ်အောင်လျှောက်
    ပေါ့

Leave a Reply