နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး

တဖန် နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး ပိဋကတ်တော်များတွင်လာရှိတာများကို ဖော်ပြပေးရမယ်ဆိုရင်

(၁) နတ်တို့ချစ်မြတ်နိုးစေရန် မေတ္တာသုတ်ကို အမြဲရွတ်ဆိုပေးပါ။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၀၁)

(၂) နတ်ဆိုတာ သမုတိနတ်၊ ဥပပတ္တိနတ်၊ ဝိသုဒ္ဓိနတ်ဆိုပြီး (၃)မျိုးသာ ရှိတယ်။ မင်း၊ မိဖုရား၊ မင်းသားတွေဟာ သမုတိနတ်များ ဖြစ်တယ်။ ဥပပါတ်ပဋိသန္ဓေနဲ့မွေးဖွားလာတဲ့ စတုမဟာရာဇ်စတဲ့ နတ်ပြည်(၆)ထပ်ဟာ ဥပပတ္တိနတ်များ ဖြစ်တယ်။ ပူဇော်အထူးကို ခံယူထိုက်တဲ့ ဘုရား၊ ရဟန္တာများဟာ ဝိသုဒ္ဓိနတ်များ ဖြစ်တယ်။ အလှူပေးခြင်း၊ ဥပုသ်သီလစောင့်ထိန်းခြင်းများ ပြုလုပ်သူဟာ မင်းစည်းစိမ်၊ သူကြွယ်စည်းစိမ်၊ နတ်ပြည်ခြောက်ထပ်စည်းစိမ်တို့ကို ခံစားရပါတယ်။ လူတို့ရဲ့အသက်ဟာ အသက်(၁၀၀)ကနေ တစ်ရာထက် အနည်းငယ်လွန်ပြီး (၁၆၀)မျှလောက်သာ အသက်ရှည်ကြပါတယ်လို့ မြတ်ဗုဒ္ဓက မိန့်ကြားခဲ့ပါတယ်။ (ဝိဘင်္ဂပါဠိတော်-၄၃၇)

(၃) ကုသိုလ်ကောင်းမှုပြုပြီးတိုင်း နတ်တို့ကို အမျှဝေရင် နတ်တို့က ပြန်လည်စောင့်ရှောက်ပေးကြတယ်။ သူတို့ကို အမျှဝေခြင်းနဲ့ပူဇော်ရင် နတ်တွေဟာ အထူးနှစ်သက်တယ်။ အမျှဝေခြင်းနဲ့ ပူဇော်တဲ့သူကို နတ်တွေက တုံ့ပြန်တဲ့အနေနဲ့ မိခင်တစ်ယောက်က မိမိရင်သွေးကို စောင့်ရှောက်ကာကွယ် သလို ပြုလုပ်ပေးကြတယ်။ နတ်တွေရဲ့ စောင့်ရှောက်မှုကို ခံရသူဟာ မကောင်းတဲ့အနိဋ္ဌာရုံများနဲ့ မတွေ့ရဘဲ ကောင်းတဲ့အာရုံများနဲ့သာ ကြုံတွေ့ရပါတယ်။ (ဥဒါန၊ ပါ၊ ၁၈၈၊ ဋ္ဌ၊ ၃၇၉)

(၄) နတ်တို့ကို အမျှဝေပေးတဲ့သူကို နတ်တို့ကစောင့်ရှောက်ကြတဲ့အတွက် ဖြစ်ပေါ်နေတဲ့ဒုက္ခတွေ ငြိမ်းစေနိုင်ပြီး စည်းစိမ်တိုးပွားပါတယ်။ (အံ၊ ဋ္ဌ၊ ၇၊ ၁၅၄)

(၅) အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ည၌လည်းကောင်း နတ်များကို ပူဇော်ကြတယ်။ ထိုသူတို့ကို အကြင်နတ်များက မမေ့မလျှော့ဘဲ ကာကွယ်စောင့်ရှောက်ကြပါလို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။ (ခုဒ္ဒကပါဠိတော်၊ ၅)

(၆) ဗေဒင်သုံးးပုံတက်ကျွမ်းသူ၊ မင်းဘုရင်၊ နတ်မင်းကြီးလေးယောက်၊ တာဝတိံသာနတ်စသူတို့က ရှိခိုးရတဲ့ သိကြားမင်းဟာ ကောင်းမှုကုသိုလ်ပြုလုပ်သူ၊ သီလရှိသူ၊ ရတနာသုံးပါးကို ဆည်းကပ်သူ၊ တရားနဲ့အညီ မိဘ၊ သားမယားကို လုပ်ကိုင်ကျွေးမွေးသူတို့ကို ရှိခိုးပါတယ်။ (သံ၊ ၁၊ ၂၃၆)

သိကြားမင်းကတောင် အထက်ပါအင်္ဂါ(၄)ချက်နဲ့ ပြည့်စုံသူကို ရှိခိုးတယ်ဆိုမှတော့ မိမိတို့ကသာ အထက်ပါအချက်များပြည့်စုံအောင် ပြုလုပ်နေထိုင်ဖို့ လိုပါတော့တယ်။ သိကြားမင်း ရှိခိုးခံရတဲ့သူဆိုရင် သိကြားမင်းထက်နိမ့်တဲ့ပုဂ္ဂိုလ်တွေက ဒုက္ခပေးမှာ ကြောက်စရာ မလိုတော့သလို သိကြားမင်းလောက်မှ အစွမ်းအစမရှိတဲ့သူတွေက ကူညီစောင့်ရှောက်မယ်ဆိုတာလည်း ယုံကြည်စရာ မလိုတော့ပါဘူး။ တကယ်တမ်း ကူညီမစထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် သိကြားမင်း ကိုယ်တိုင် ကူညီမစပေးပါလိမ့်မယ်။

ဒါဆို မိမိတို့က သိကြားမင်းထက်သာလွန်တဲ့ ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ပြီး မိဘဆရာသမားတို့ ကျေးဇူးကိုသိတတ်တဲ့အနေနဲ့ ကျေးဇူးဆပ်ကာ ရှိခိုးဖို့ လိုပါတော့တယ်။ သိကြားမင်းထက်နိမ့်တဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေကို ကိုးကွယ်ရှိခိုးစရာလည်း မလိုတော့ပါဘူး။ ကျန်တဲ့အရာများကို ကိုးကွယ်ရှိခိုးတယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ အထက်ပါအင်္ဂါ(၄)ချက်နဲ့ မပြည့်စုံလို့သာ ဖြစ်ပါလိမ့်မယ်။

ရှိခိုးတဲ့အခါ ရှိခိုးသူနဲ့ ရှိခိုးခံသူတို့မှာ ရှိခိုးသူကသာ ကုသိုလ်ရပြီး ရှိခိုးခံသူက ကုသိုလ်မရပါ။ ရှိခိုးခံသူဟာ ရှိခိုးခံထိုက်တဲ့ အရည်အချင်းများ မရှိဘူးဆိုရင် အပြစ်သာ ရပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေလေးစားထိုက်တဲ့ အရည်အချင်များရှိပါက ရှိခိုးနိုင်ပါတယ်။ ရှိခိုးခံရသူကသာ မိမိမှာ အရည်အချင်း ရှိမရှိ စမ်းသပ်ပြီး ရှိခိုးခံသင့် မခံသင့်ကို စဉ်းစားရပါမယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံတစ်ရပ်ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး လက်အုပ်ချီတာမျိုးဆိုရင်တော့ ဒါဟာ နှစ်ဦးနှစ်ဘက်လုံးပေါ် လေးစားမှုသာပြတာကြောင့် ဘယ်သူမှာမှ အပြစ်မဖြစ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်အုပ်ချီသူစိတ်ထဲမှာ ယဉ်ကျေးမှုဓလေ့အနေနဲ့သာ ပြုလုပ်ခြင်း ကြောင့် ဖြစ်ပါတယ်။

ဒါကတော့ ဦးဇင်းလေ့လာတွေ့ရှိသမျှ ကိုးကွယ်ခြင်းနဲ့ပတ်သတ်တာ၊ နတ်ပူဇော်ခြင်းနဲ့ ပတ်သတ်တာတွေပါ။

ဦးဇင်းတက်သိသမျှ ရေးဖြေပေးခြင်းကို ယခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။ စာဖတ်ပရိသတ်များအားလုံး အသိပညာ ကြွယ်ဝကြပြီး ကိုးကွယ်ရာအစစ်ကို ကိုးကွယ်ရင်း အမှန်တရားရှိရာသို့ လျင်မြန်စွာ ရောက်ရှိခံစားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်……။

အရှင်ကောမလ ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

 

ခင်ခ FB ထဲကို သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တာကို ဖတ်မိပြီး ဗဟုသုတအဖြစ် ရွာထဲကို Share ပေးလိုက်တာပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

 

About ခင္ခ

ခင္ ခ has written 458 post in this Website..