တိုတို ထွာထွာ၊ ပေါက်တတ်ကရ

 

ဘာကြီးတုန်းလို့မထင်လိုက်ကြပါနဲ့ဗျို့။ ရေးချင်တာတွေက များပြီး ဘာရေးရမှန်းမသိလို့ စိတ်ထဲရှိတာတွေ ရေးလိုက်တာမို့ပါ။

အစားအသောက်၊ လှပရေးရာ၊ ချစ်မှုချစ်ရေး စသည်ဖြင့် ရေးပါ့မယ်။ လိုရာယူကြပါ။ ဖတ်ထား၊ မှတ်ထားတာတွေထဲက ကိုယ်တွေ့တွေပဲ ပြောမှာနော်။

၁) ဘီယာ တစ်လုံး လိုရာသုံး

မျက်စိပြူးမသွားကြပါနဲ့။ သူများတွေ သီလယူနေတဲ့ ကာလမှာ ဘီယာသောက်ဖို့ ဆွဲဆောင်နေခြင်းမဟုတ်ပါ။ အသုံးချပုံကိုသာ ရေးလိုခြင်းဖြစ်၏။

ဘဲနဲ့ပေါင်းပါ။ (အပျိုကြီးများ တခြား အဓိပ္ပာယ် မတွေးစေလိုပါ။) ဘဲပေါင်း ပေါင်းရာတွင် ရေ အစား ဘီယာသုံးရန် ဆိုလိုခြင်းပါ။ ဘဲတစ်ကောင်ကို ဘီယာတစ်ဘူးထည့်ပါ။ ကောင်းကျိုးတွေကတော့ အနူးမြန်၏။ ပိုမွှေး၏။ အရသာပိုကောင်း၏။ တော်ရုံ အစားအသောက် စိတ်မဝင်စားသော ကိုကို များပင်လျှင် ဘီယာနဲ့ ပေါင်းသော ဘဲပေါင်းဆိုသည်နှင့် မျက်လုံးအရောင်များ လက်လက်ထလာသည် အထိ စိတ်ဝင်တစားဖြစ်လာပါမည်။ ပရက်ရှာ ကွတ်ကာ ရှိရန်မလို။ ရိုက်(စ) ကွတ်ကာရှိရင် ချက်လို့ရပါတယ်။ ဘဲ တစ်ကောင်ကို အနေတော်ခုတ်ပြီး ဆား/ငံပြာရည် နယ်ထားပါ။ အချိုအရသာနဲ့ အရောင်အတွက် သကြားထမင်းစားဇွန်း နဲ့ ကြာညို့ (ပဲငံပြာရည် အနောက်) ထည့်ပါ။ ပြီးတော့ ချင်း အပြားဝိုင်းလေး ၅ ခု၊ ကြက်သွန်ဖြူ တစ်လုံးစာ အမွှာလေးများ၊ ပိုမွှေးချင်ရင် နာနတ်ပွင့် ၃/၄ ပွင့် ထည့်ပါ။ ရေအစား ဘီယာ တစ်ဘူး ထည့်ပြီး ခလုပ်နှိပ်ထားပါရန်။ မီးဝါလေး လင်းလာပြီဆိုမှ အဖုံးဖွင့်လိုက်တာနဲ့ အရောင်၊ အဆင်း၊ အနံ့၊ အရသာနဲ့ ပြည့်စုံသော ဘဲဘီယာပေါင်းရမယ်ဖြစ်ပါတယ်။

နောက်တနည်းသုံးဖို့ကတော့ ဆံပင် အလှ အတွက်ပါတဲ့။ ဘီယာနဲ့ ခေါင်းလျှော်ပါဆိုပဲ။ စမ်းပြီးပါပြီ။ ဆံပင်သားတော့ ပြောင်သွားပါရဲ့။ တစ်ကိုယ်လုံးလည်း ဘီယာနံ့ ထောင်းထောင်းထပေါ့။ (မိဘနဲ့ နေတဲ့သူများ၊ ချစ်သူနဲ့သွားတွေ့မဲ့သူများ မစမ်းသပ်စေချင်ပါ။ ဟီးဟီး)        :kwi:

 

၂) ဘာလာလာ (DOM)

ရုံးက တရုတ်မတွေ အကြံပေးလို့မှာပြီး သောက်ရာက စတာပါ။ ညဦးသောက်ရင် တရေးမနိုးပဲ အိပ်ကောင်းတယ်ဆိုလို့ တစ်ဖန်ခွက်သောက်လိုက်တာ တစ်ခဏအတွင်းမူးပြီး အိပ်သွားတာပါ။ အဲဒါနဲ့ မကောင်းဘူးသွားပြောတော့ သောက်ရမှာက လက် နှစ်လုံးလောက်ပါတဲ့။ ဟုတ်ကဲ့။တော်တော်လွဲသွားတာပါ။ မေမြို့ဝိုင်လိုမှတ်နေတာကိုး။       :oops:  အမျိုးသမီးများအတွက် သင့်တော်သော တောနစ် ဝိုင်လို့လည်း ညွှန်းကြပါတယ်။ ပြီးတော့ဟင်းချက်တဲ့ဝိုင်အနေနဲ့သုံးလို့ရတယ်လို့ပြောတာကြောင့် ကျနော် အကြိုက်တွေ့သွားတာပါ။ သောက်ရတဲ့ အရသာကိုမှ မကြိုက်တာကိုး။ ဆေးမြစ်တွေပါတဲ့ အနံ့ မွှန်မွှန်ကြီးနဲ့ပါ။ အဲဒါနဲ့ ဘာလာလာ (DOM) ဆိုပြီး အသားနယ်တိုင်း သူ့ကို ထည့်နယ်၊ ဟင်းရွက်ကြော်တိုင်း သူ့ကို ထည့်ကြော် စသည်ဖြင့်သုံးပါတော့တယ်။ စလုံးက လုံး…ဝ အရသာမရှိတဲ့ မွေးမြူရေးကြက်ကကို ချိုတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ တရုတ်မှာတော့ မီးနေသည်တွေ သောက်ကြတယ်။

 

၃) ဒိန်ချဉ်

ဟိုနေ့က မမလေး ရေးသွားတာလေး ဖတ်လိုက်ရတယ်။ ဒိန်ချဉ်နဲ့ နနွင်းမှုန့် ရောလိမ်းခိုင်းတဲ့ ဟာလေ။ ကျနော် ရောမလိမ်းဘူးပါ။ တစ်ခုချင်းဆီကို တော့ အလှ အပ ရေးရာအတွက် သုံးဖူးပါတယ်။

မြန်မာပြည်က ရောင်းတဲ့ ဒိန်ချဉ်အစစ်ရရင် အကောင်းဆုံးပါပဲ။ တစ်ပတ် ၂ခါလောက် မျက်နှာသစ်ပြီးတိုင်း ဒိန်ချဉ် လက်ဖက်ရည် တစ်ဇွန်းနဲ့ ယူ မျက်နှာပေါ် ခရင်(မ) လိမ်းသလို တို့ပြီး လက်ထိပ်လေးတွေနဲ့ ဖွဖွလေး ဖိလိမ်းပါ။ မျက်လုံးတော့ရှောင်ပေါ့နော်။ ပြီးရင် မျက်နှာမှာဒိန်ချဉ်ဖြူဖြူလေးတွေနဲ့ကျန်နေပါလိမ့်မယ်။ ခြောက်သွားအောင် ဒီ အတိုင်းထားလိုက်ပါ။ ခြောက်လာရင် နဲနဲ ပူလာသလိုဖြစ်ပါလိမ့်မယ်။ ဆပ်ပြာအပြော့စားလေးနဲ့ မျက်နှာပြန်သစ်လိုက်ပါ။ ၁ လ  အတွင်း ထူးခြားပါတယ်။ မျက်နှာအသားချောပြီး နွားနို့ရောင်သန်းလာတာပါ။ (အသားအရေ အရမ်းပါးရင်တော့ မသင့်တော်ပါဘူး။) အိမ်ကလူတွေကတော့ ကျနော် လိမ်းတဲ့နေ့ကစပြီး ဒိန်ချဉ်မစားကြတော့ပါ။  :harr:

နောက် သုံးရမဲ့နေရာက ဆိတ်သားချက်ရင်သုံးကြပါတယ်။ တစ်ချို့လည်း ဒီ နည်းကို ကြားဖူးကြမယ်ထင်ပါရဲ့။ မနက်ဖြန် ဆိတ်သားချက်မယ်ဆို ဒီ နေ့လို ဆိတ်သားတုံးလေးများကို ဒိန်ချဉ်နဲ့ နယ်ပြီး ရေခဲ သေတ္တာထဲထည့်ထားလိုက်ပါ။ နောက်ရက်ချက်ရင် မညှီတဲ့ အပြင် အနူးမြန်ပါတယ်။

 

၎) နနွင်း

အမှုန့်ကိုတော့ ဟင်းချက်ရာမှာသုံးတာ လူတိုင်းအသိပါလေ။ နနွင်းတက်ကိုလည်းလူတိုင်းမြင်ဘူးမယ်ထင်ပါတယ်။ ခြင်ပေါတဲ့ရာသီဆို နနွင်းမှိုင်းတိုက်ကြတာလေ။ ခုပြောမှာ အဲဒီ နနွင်းတက်ပါ။ မှိုင်းတိုက်တဲ့ ပိန်ချောက်ချောက်နနွင်းတက်မဟုတ်ဘူးနော်။ ချိုးကြည့်လိုက်ရင် အထဲမှာ ဝါထိန်နေတဲ့ နနွင်းတက် အကြီးမျိုးကိုရှာပါ။ လက်တို့ ခြေထောက်တို့ များ သနပ်ခါးလိမ်းရင် အဲ့ဒီ အတက်လေးပါ ရောသွေးပြီးလိမ်းနိုင်ပါတယ်။ နနွင်းက ပူပါတယ်။

ဒါပေမဲ့ ကျနော်လိမ်းရင်တော့ နွေရာသီရေချိုးပြီးတိုင်းလိမ်းတာပါ။ အသားအရေဝါဝင်းစေတယ်၊ ချွေးပုတ်တွေ ထွက်ပြီး ကိုယ်နံ့ ဆိုးတာတွေလဲ ပျောက်ပါတယ်။ မျက်နှာတော့ မလိမ်းပါနဲ့။ တင်းတိမ် ထွက်တတ်လို့ပါ။

 

၅) လှရာပရာ အတိုအထွာ

တကယ် အတိုအထွာလေးတွေလာပါပြီ။ အဖွား၊ အမေ၊ အဒေါ် ဆရာ့ ဆရာမကြီးများရဲ့ လှရေးပရေး လက်ချာများကို စုဆောင်းရရှိပြီးသကာလ……….

အသက် ၃၀ ကစ နှုတ်ခမ်းနီ တစ်ဘူးပဲဆောင်ထားမယ် ကြံရင် အနီရောင်ပဲဝယ်ပါတဲ့။ လိုတဲ့ အချိန် ရဲရဲတောက်လှချင်ရင် အရေးပေါ် ထင်းထင်းလေး ဆိုးပြီး သဘာဝကျကျ လှချင်ရင် ပါလေကာပဲ ဆိုးပါ ဆိုပဲ။ အဝတ်အစားဘာရောင်နဲ့ဖြစ်ဖြစ်လိုက်တယ်ပေါ့လေ။ ကိုယ့်မလဲ ဒီတစ်ရောင်ပဲ ရှိတော့တယ်။

နောက် လွယ်တဲ့ အိတ်ထဲမှာ ပဝါ လေး တစ်ထည် အမြဲဆောင်တဲ့။ အရေးဟယ် အကြောင်းဟယ် ကိုယ့်မလှတဲ့နေရာတွေ ဖုံးရဖိရတယ်တဲ့။ ဘယ်လိုသုံးရမလဲ ဆိုတာတော့ ဓာတ်ပုံကို သာကြည့်ကြပါ။ (from Internet)

နောက် အသက်ကြီးလာရင် မျက်လုံး အရောင်တောက်မှုကျတတ်လို့ အိုင်းရှဲဒိုး ထက် လိုင်နာဆိုးပါဆိုပဲ။ ဘယ်လို ဆိုးမလည်း ဆိုတာလည်း ပုံတွင်ရှူ့ပါ။ (Credit to SIG)

၆) အဟမ်း၊ ဒါကတော့ အချစ်ရေးအတွက်ပါ။ ဟိုလိုလို ဒီလိုလို တစ်ဆုံးမတွေးကြနဲ့နော်။ ဘယ်သူဖြစ်ဖြစ် ချစ်တဲ့နည်းဆိုလို့ပေးမှာ။

လူချစ်လူခင် များချင်ရင်တဲ့၊ သနပ်ခါးနဲ့ အုန်းရည်လေး နဲ့သွေးပြီးတဲ့၊ ငှက်ပျောဖက်ပေါ်တင်ပြီးမှတဲ့ မျက်နှာမှာလိမ်းပါတဲ့။

ယုံမှလိုက်နာပါနော်။     :528:

 

ဝန်ခံချက်။     ။ အမှန်တော့ ဒီပို့(စ) က ဓာတ်ပုံတင်တာကို စမ်းသပ်ချင်လို့ တင်တာ။

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120