ငါးများများစားပါ နှင့် ကျန်းမာရေးအတွက် ထိရောက်သော ငါးစားနည်း။

ငါးလေးလို့ဆိုတဲ့ ငါးက ငါးသလဲထိုး လို့လည်းခေါ်ကြတယ်၊ ခေါင်းတစ်ရာသားလေးတွေလို့လည်း ခေါ်ကြ တယ်၊ တစ်ချို့ရယ်စရာပြောတာရှိတယ် တစ်ခါက ခေါင်းတစ်ရာငါးစားရင် ချမ်းသာသက်ရှည်တယ်ဆိုလို့ ကြက်၊ ၀က်၊ ဘဲငန်းများကို အကောင်တစ်ရာသတ်ပြီး ဟင်းပွဲတည်သည့် သူဌေးသားကတော့ မွဲသွားပါတယ်တဲ့၊ ခေါင်းတစ်ရာသားဆိုတာ ရှေးလူကြီးတွေပြောခဲ့တာ ဈေးသက်သာသည့် ငါးသလဲထိုး ငါးကို များများစားပါလို့ တင်စားပြောခဲ့တာဖြစ်ကြောင်း ဖတ်ဖူးပါတယ်။

ငါးသလဲထိုးမှာ ရေထဲတွင် အလွန်လျှင်မြန်စွာ ကူးနိုင်သောငါးအမျိုးအစားဖြစ်ပြီး မြန်မာတိုင်းရင်းဆေး ဆရာများ အဆိုအရ လေဖြတ် ဝေဒနာသည်များကို အာရုံကြောများ ပြန်လည်ရှင်သန်စေရန် အတွက် ငါးကလေးအိုးကပ် စားပေးသင့်ကြောင်း ညွှန်းဆိုကြပါတယ်၊

ငါးအမျိုးမျိုးတို့အပေါ် တိုင်းရင်းဆေးရှု့ထောင့်မှနေပြီး ဒီလိုခွဲခြားပြောပါတယ်၊ ငါးခူ၊ ငါးကျည်း၊ ငါးပြေမ၊ ငါးသလဲထိုး စသည်တို့မှာ တက်စာဖြစ်သည်။ (တေဇောနှင့်ဝါယော) ဓာတ်ကိုကြွစေသောအစာ ဖြစ်သဖြင့် ဆေးကုသောအခါ (ပထ၀ီနှင့်အာပေါ) ဖွဲ့သဖြင့် လေးလံထိုင်းမှိုင်းသူ၊ မတက်ကြွသူ၊ အကြောဆိုင်းသူ၊ လေဖြတ် သူများကို စားစေလေ့ရှိပါတယ်၊ ငါးမြင်း၊ ငါးတန်၊ ငါးပတ်တို့မှာ သက်စာ (သွေးလေးစေသောအစာ) များဖြစ်ပြီး ဓာတ်သဘောအရ (ပထ၀ီနှင့်အာပေါ) ဦးဆောင်သောအစာများ ဖြစ်သည်။ အစာကြေခဲသဖြင့် ရောဂါသည်နှင့် သက်ကြီးရွယ်အိုများ ချင့်ချိန်စားသင့်ပါတယ်၊ ငါးကြင်းသည် လူတို့အစားများသော မွေးမြူရေးငါးဖြစ်ပြီး အဆီ များသောငါးမျိုးတွင်ပါဝင်၍ လူတို့နှင့်တည့်သည်၊ တိုင်းရင်းဆေးကျမ်းတွင် လူတို့အတွက် မြတ်သောအသား ငါးဟုပင်ဆို၏၊ လေကိုနိုင်သည် သည်းခြေအားကောင်းစေသည် ခွန်အားကိုဖြစ်စေသည် ခံတွင်းပါးရွဲ့စေသော လေရောဂါ မျက်လုံးစွေစောင်းသော လေရောဂါတို့ကိုနိုင်သည်ဟု ဖော်ပြထားပါတယ်၊ ငါးကြင်းဖြူနှင့် မျက်ဆန် နီနှစ်မျိုးစလုံး အာဟာရတူ အကျိုးတူပင်ဖြစ်ပါသည်။

ငါးသလောက်မှာလည်း လူကြိုက်များသောငါး အစားများသောငါးတစ်မျိုးဖြစ်ပြီး အရိုးများသဖြင့် ပေါင်းစားလေ့ရှိ ကြပါတယ်၊ ငါးသလောက်သည် ဆူဖြိုး၏ ဆိမ့်၏ တက်၏ သွေးတက်စာဖြစ်သော်လည်း ဖောရောင်သောရောဂါ လေနာရောဂါကိုနိုင်စေသော အနိသင်ရှိ၍ ၀မ်းကျနာ(၀မ်းကိုက်)ခြင်းကို နိုင်ကြောင်း တိုင်းရင်းဆေးကျမ်းများ တွင်ဖော်ညွှန်းကြပါသည်၊

အခုခေတ်တွင် လေဖြတ်သူများများပြားလာပြီး နှလုံးနှင့်လေဖြတ်ဝေဒနာခံစားမှု့များလာကြောင်းလေ့လာမှု့ အရသိရပါတယ်၊ လေဖြတ်သူအတော်များများမှာ နှလုံးကြောင့် လေသင်တုန်းဖြတ်ခြင်းနှင့် ဆီးချိုသွေးတိုးရောဂါ တို့ကြောင့် နာတာရှည်လေဖြတ်ခြင်းတို့ အဖြစ်များနေပါတယ်၊ ထောပတ်၊ မလိုင်၊ နွားနို့၊ နွားနို့ခဲ၊ ဒိန်ခဲ စတဲ့ ချိုဆိမ့်အီသောအစာကြိုက်သူများ၊ အမဲသား၊ ပုဇွန်ထုပ်ကြီး၊ ငါးမြင်း၊ ငါးတန်၊ ငါးရောင်၊ ငါးထွေ၊ ငါးရွေး၊ ငါးဥများ များစွာစားခြင်းမှာ ဆီးချိုနှင့် သွေးတိုးရောဂါကို ဖိတ်ခေါ်နေသူများဖြစ်ပြီး အသက် ၅၀ ကျော်လျှင် ထိုအစား အစာများကို ရှောင့်သင့်ပါသည်။

ဒန်ပေါက်၊ အုန်းထမင်း၊ ရေခဲမုန့်များကို မက်မောစွာ စားသုံးလေ့ရှိသူများလည်း ဆီးချို၊ သွေးတိုးရောဂါနှင့် နောက်ဆက်တွဲလေဖြတ်ခြင်း ဝေဒနာကိုရနိုင်ပါတယ်၊ ကြက်၊ဘဲ ဆိုလျှင်လည်း အရေခွံကို ရှောင်သင့်ပြန်ရော၊ ထိုအရေခွံအစားများခြင်းသည် အဆီတက်၍ မွေးညင်းပေါက်များပိတ်ကာ ချွေးမထွက်သောရောဂါ တိုင်းရင်း ဆေးအခေါ် အာကာသပိတ် စေသောအစာဟုသတ်မှတ်ပါတယ်၊ အာကာသပိတ် ချွေးမထွက်ခြင်းကြောင့် အသားပပ်ခြင်း၊ အသားအက်ကွဲခြင်း၊ မွေးညင်းများ ကျွတ်ခြင်း၊ အသားအရေကြမ်းတမ်းမွဲခြောက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သွေးတိုးတက်ခြင်းများ ဖြစ်နိုင်ပါသည်။

အဲဒီတော့ လေဖြတ်ခြင်းကို ကာကွယ်ရန်အတွက် ခေါင်းတစ်ရာသားခေါ် ငါးသလဲထိုးလေးများကို ဆီခြောက် ခြောက်ဖြင့်ချက်ပြီး နံနံပင်လေးအုပ်ကာထားသောဟင်းကို မြန်မာတို့က “ငါးကလေးအိုးကပ်ဟင်း´´ ဟုခေါ် ကြပြီး မက်မက်မောမောစားသုံးတတ်ကြပါတယ်၊ ဆင်းရဲသား၊ လယ်သမားများ မြစ်နား ချောင်းနားနေထိုင်သူ များက ပိုပြီးစားသုံးကြသလို ထိုသူတို့မှာ လေဖြတ်ရောဂါဖြစ်ပွားမှု့နည်းကြောင်း လေ့လာစမ်းစစ်မှု့အရတွေ့ ရပါတယ်၊ ငါးသလဲထိုး ငါးလေးများသည် သလိပ်နာ သည်းခြေနာ အညောင်းရောဂါတို့ကို နိုင်ပြီး ဆီးအောင့် ခြင်းကို ပျောက်စေသည်လို့ ဆိုပါတယ်၊ တစ်ချို့တောကမြန်မာတွေမှာ တိုင်းရင်းဆေးအသိရှိတယ် ပြောရ မလားဘဲ ငါးတိုင်းကိုမစားကြပါ၊ ငါးသလောက်ကို တက်သည်ဟု သိပ်မစား၊ အဖောအရောင်ရောဂါရှိလျှင် ငါးရံ့ မစား၊ နေမကောင်းလျှင် အကြေးပါသောငါးကို မစား၊ ကဘီလူးငါးစားလျှင် အဖျားတတ်သည်ဟု ယူဆမှု့များ ရှိနေကြပါသည်။

သွေးယားရောဂါရှိသူများအနေနဲ့ ငါးပတ်၊ ငါးရံ၊ ငါးဖယ်အောင်း(ငါးဖန်းမ) တို့သည် ယားနာ၊ အရေပြားရောဂါ ကို ကြွတက်စေတတ်သဖြင့် သတိထားဆင်ခြင်စားသုံးသင့်ပါသည်။

ငါးလူး၊ ငါးလဲ သည်လည်း ၀မ်းမီးတောက်စေသည်၊ အစာကြေစေသည်၊ သည်းခြေငြိမ်းစေတတ်သည်၊ သွားများ ကို ခိုင်မာစေပါတယ်၊ ငါးမြွေထိုးကို မဆာလာနှင့်ရောချက်စားလျှင် ၀မ်းကိုက်ရောဂါ အမြစ်ပြတ်ပျောက်စေပါ တယ်၊ ငါးမြွေထိုးသည် သလိပ်နာ၊ သည်းခြေနာ၊ ၀မ်းကိုက်ရောဂါ၊ ဆီးဝမ်းအောင့်သော ဝေဒနာနှင့် ညောင်းညာ နာတို့ကို ပျောက် စေတတ်၏၊ ထိုအတူ ငါးဖယ်သည်လည်း ဆီးအောင့်နာကို သက်သာပျောက်စေပါတယ်၊ ဒါကြောင့်တိုင်းရင်းဆေးအဆိုမှာ “၀မ်းကိုက်လျှင် ငါးမြွေထိုး၊ ဆီးအောင့်လျှင် ငါးဖယ်´´ ဟုမှတ်သားထားကြ ပါတယ်၊ နှလုံးသွေးကြောကျဉ်းရောဂါ နှင့် လေဖြတ်သူတွေမှာ ငါးအစားနည်းကြောင်း ဒါမှမဟုတ် ရေခဲရိုက်ငါး များစားဖြစ်တာများကြောင်းတွေ့ရပါတယ်၊ ရေခဲကြာကြာရိုက်ထားသောငါးမျာတွင် အာဟာရဓာတ် ကြွယ်ဝမှု့ နည်းတာကိုတွေ့ရပါတယ်။ လေဖြတ်ခြင်းကင်းအောင်တော့ ခေါင်းတစ်ရာငါးဆိုတဲ့ ငါးသလဲထိုးအိုးကပ်လေး ကို ခံတွင်းမြိန်မြိန်ဖြစ်အောင် ချဉ်ဟင်းလေးတစ်ခွက်နဲ့ များများသာစားခြင်းသည် ငွေကြေးကုန်ကျမှု့နည်းပြီး ကျန်းမာရေးအတွက်လည်း အကျိုးပြုသော မြန်မာရိုးရာ အစားအစာအနေနှင့် တိုက်တွန်းလိုက်ပါရစေ။

ဒါကြောင့် ငါးများများစားပါ လို့ဆိုချင်ပြီး၊ မည်သည့်အချိန်မှာ ဘယ်လိုငါးတွေကို ရွေးချယ်စားရင် ကိုယ့်ခန္ဓာနဲ့ ကိုယ်အတွက် အရွယ်အတွက် သင့်လျော်မလဲ သိရအောင်လေ့လာဖတ်ခဲ့သမျှတွေထဲကပြန်လည် လို့မျှဝေရေး လိုက်တာပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ၊

ကိုခင်ခ

 

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..