ချီးမြှောက်ခြင်းနှင့် လှူဒါန်းခြင်း

etoneJuly 14, 20101min771

(သင်္ဂဟ) ဆိုတာ ဘဝလုံခြုံရေးအတွက် ရင်းနှီးမြုပ်နှံတဲ့ သဘောဖြစ်တယ်။ လှူဒါန်းခြင်း (ဒါန) ဆိုတာ မိမိနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းကြားမှာ တွယ်တာနေတဲ့ သံယောဇဉ်ကို ဖယ်ရှားတဲ့ သဘောဖြစ်တယ်။

တောင်တွင်ကြီး နတ်မှီတောရ ဆရာတော်ကြီး

မိမိပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာကို သူတစ်ပါးအတွက် ပေးကမ်းတာနဲ့ ပတ်သတ်လို့ မင်္ဂလာတရားတော်မှာ သင်္ဂဟနဲ့ ဒါနဆိုပြီး နှစ်မျိုး ပါရှိတယ်။ ဒီနှစ်မျိုးထဲမှာ သားမယားတို့ကို ပေးကမ်းတာ၊ ဆွေမျိုးတို့ကို ပေးကမ်းထောက်ပံ့တာကို သင်္ဂဟ လို့သုံး ပါတယ်။ အလှူခံ ပုဂ္ဂိုလ်တို့ကို ပေးကမ်းတာကိုတော့ ဒါန လို့ သုံးပါတယ်။

သင်္ဂဟရဲ့ သဘောက မိမိက သားမယား ဆွေမျိုးတို့ကို ပေးကမ်းတဲ့ အတွက် လောလောဆယ်မှာ လက်ခံရယူလိုသူတို့ရဲ့ ဘဝကို လုံခြုံပြည့်စုံစေတယ်။ ရယူသူတို့ရဲ့ ကျေးဇူးသိမှု၊ ကျေးဇူးတုန့်ပြန်မှုတို့ကြောင့် ပေးကမ်းသူရဲ့ ဘဝကိုလည်း လုံခြုံပြည့်စုံစေပါတယ်။ ပေးသူ ယူသူ နှစ်ဦး နှစ်ဖက်တို့ရဲ့ ဘဝလုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။ ဒါနရဲ့ သဘောက အလှူခံ ပုဂိ္ဂုလ်တို့ အပေါ်မှာ အကျိုးဆောင်ပေးလိုတဲ့ စေတနာနဲ့ ဂုဏ်ကျေးဇူးကို ပူဇော်လိုတဲ့ စေတနာ သက်သက်နဲ့ မိမိပိုင်ပစ္စည်းကို တွယ်တာငဲ့ကွက်မှု မထားပဲ လွတ်လွတ်စွန့်ကြဲတဲ့ သဘောပါ။ မိမိနဲ့ ပစ္စည်းတို့ အကြားမှာ တွယ်တာ ကပ်ငြိနေတဲ့ သံယောဇဉ်အစွဲ ဥပါဒါန်ကို ပယ်ရှားတဲ့ သဘော၊ တဖြည်းဖြည်းပါးရာကနေ ပြတ်သွားတဲ့ အထိရောက်အောင် လေ့ကျင့်ပေးတဲ့ သဘောသက်သက်ပါ။ အတွယ်အတာ အနှောင်အဖွဲ့ဖြစ်တဲ့ အနှောင့်အယှက်တွေ နည်းပါးသွားစေတဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ အလှူရေစက်လက်နဲ့ မကွာ ဆိုသလို ဒါနတွေ ဒီလောက်ကြိုးစားနေရက်နဲ့ ကြီးပွားချမ်းသာတာ ကျတော့ အနောက်နိုင်ငံက လူတွေကို ဘာ့ကြောင့်မမီရတာလဲ ဆိုတဲ့အကြောင်း တချို့က ပြောကြပါတယ်။ ဒီနေရာမှာ ကြီးပွားချမ်းသာခြင်းကို ကံအကြောင်းတရား တစ်ခုတည်းအပေါ်မှာသာ တည်မှီနေတယ်လို့ အယူအဆမှားနေတယ်လို့ပဲ ဆိုရမှာပါ။ အမှန်တော့ မြတ်စွာဘုရားဟောတော်မူတဲ့ ကြီးပွားချမ်းသာခြင်း အကြောင်းတရားက လေးပါး ရှိပါတယ်။ ရှေး ကုသိုလ်ကံရှိခြင်း၊ သင့်လျော်တဲ့ အရပ်ဒေသမှာ နေရခြင်း၊ သူတော်ကောင်း၊ ပညာရှိတို့ကို မှီခိုခွင့်ရခြင်း၊ မိမိကိုယ်ကို ကောင်စွာ ဆောက်တည်နိုင်ခြင်းဆိုတဲ့ သမ္ပတ္တိစက် လေးပါး ပါပဲ။

ဗုဒ္ဒဘာသာဝင်တွေ အနေနဲ့ သင်္ဂဟတရားနဲ့ဒါနကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ ကိုယ့်ပစ္စည်း သူများကိုပေးလိုက်ရင် ဒါနချည်းပဲ ထင်နေကြတယ်။ မင်္ဂလာကဗျာကို သေသေချာချာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ သင်္ဂဟနဲ့ ပတ်သတ်လို့…
~ ကြွေးသစ်ချကာ သားနှင့် မယားကို မြှောက်စားချီးမြှင့် ဝဋ်ကုန်စေ။
~ ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
ဒီနေရာမှာ သင်္ဂဟတရားဆိုတာ တစ်ဘဝ အိုစာ မင်းစာအဖြစ်နဲ့ ကြွေးသစ်ချတဲ့ သဘောမျိုး ပေးတာ၊ ဆွေမျိုးတွေကို ပြင်ပမထားနဲ့ ဆိုတာကလည်း အရေးကြုံရင် ကိုယ့်ရဲ့ အတွင်းလူယုံ အဖြစ်အားကိုးရအောင် စည်းရုံးရေးသဘောနဲ့ ပေးတာမျိုးပါ။ နတ်မှီတောရ ဆရာတော်မိန့်သလိုပဲ ဘဝလုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံတဲ့ သဘောနဲ့ ပေးတာမျိုးကို ဆိုလိုတာပါ။

ဒါန ဆိုတာကိုကျတော့… ~ သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။ သုံးတန်စေတနာ ဖြူစင်လန်းလို့ ဆိုတာ မလှူမီကော လှူဆဲမှာကော လှူပြီးတဲ့ နောက်မှာကော စေတနာသုံးတန်လုံးမှာ လောဘ၊ ဒေါသစတဲ့ ကိလေသာ အညစ်အကြေးတွေ စင်စင်ကြယ်ကြယ်ထားပြီး ပေးကမ်းလှူဒါန်း ရမှာဖြစ်ပြီး ရရှိမယ့် အကျိုးကိုတောင် ကိုယ့်အတွက်ဆိုတဲ့ လောဘစိတ်မထားပဲ အမျှအတန်းပါ ပေးဝေရမယ်လို့ ဆိုတာပါ။

ဒါနလို့ အမည်တပ်ထားပေမယ့် ကိုယ့်အတွက် ဘဝလုံခြုံရေး လောကီစည်းစိမ်ရရှိရေးကို တောင့်တပြီး ပေးကမ်းတယ်ဆိုရင် ဒါဟာ သင်္ဂဟ သဘောနဲ့ ပေးကမ်းမှုသာဖြစ်တယ်။ ဒါန မဟုတ်ပါဘူး။ ဒါနဖြစ်အောင် ပေးတာဖြစ်ရင်လည်း အတွယ်အတာ အစွဲဥပါဒါန်ကင်းရေး အတွက် လေ့ကျင့်တာဖြစ်လို့ ပါရမီမြောက်တဲ့ ကုသိုလ်ပဲ ဖြစ်ရမှာပါ။

တောင်မြို့ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ မိန့်ကြားတဲ့… တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘဝနောက်နှောင်း တာရှည်ကောင်း၏ ဆိုတာလည်း ပါရမီမြောက်အောင် စေတနာသုံးတန် အစင်အကြယ်နဲ့ ပြုလုပ်ခြင်း ဒါနစစ်စစ်ကို ပြောတာပါပဲ။ သင်္ဂဟ သဘော ပေးကမ်းခြင်းနဲ့ ပတ်သတ်လို့ ဝိသုဒ္ဒိမဂ်မှာ…

ယသကာမတာယ ပဝတ္တိတံ ဟီနံ = လောကီအခြံအရံ အကျော်အစောကို တောင့်တပြီး ဖြစ်စေတဲ့ ပေးကမ်းမှုဟာ အနိမ့်စားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ လောကီကောင်းကျိုးလောက်ကိုသာ တောင့်တပြီး ပြုလုပ်တယ်ဆိုရင်လည်း ပုညဖလ ကာမတာယ ပဝတ္တိတံ မဇ္ဈိမံ = ကောင်းမှု အကျိုးကို မျှော်ကိုးတောင့်တပြီး ပြုလုပ်တဲ့ ကုသိုလ်ဟာ အလယ်အလတ်တန်းစား အဆင့်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။

ပါရမီမြောက်တဲ့ ကုသိုလ်စစ်စစ်နဲ့ ပတ်သတ်လို့ ကျတော့…

ကတ္တဗမေဝိဒန္တိ အရိယဘာဝံ နိဿာယ ပဝတ္တိတံ ပဏီတံ = ဒီလို ကုသိုလ်အလုပ်ဆိုတာ အရိယာလောင်းလျာတို့ ပြုရိုးပြုစဉ် ပြုလုပ်ထိုက်တဲ့ အလုပ်တယ်လို့ ခံယူပြီး ကိလေသာ ကင်းစင်တဲ့ အရိယာ အဖြစ်ကို အမှီပြုဖြစ်စေအပ်တဲ့ ကောင်းမှုသာ အမြတ်ဆုံး ဖြစ်တယ်လို့ ဆုံးဖြတ်ပါတယ်။ ဒီလိုဒါနမျိုးမှသာ ကိုယ်က ကန့်သတ်တောင့်တခြင်း မရှိတဲ့ အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အထိ အကန့်အသတ်မရှိ အကျိုးကြီးမားတယ်လို့ ဆိုလိုတာပါ။

ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ဘယ်ကုသိုလ်မဆို သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင် အဖြစ်နဲ့ ပြုလုပ်မှသာ စင်ကြယ်မြင့်မြတ်တဲ့ အလှူဖြစ်မယ်လို့ အစွဲသန်တတ်ကြပါတယ်။ မြတ်စွာဘုရား ပါရမီဖြည့်ခဲ့တဲ့ အချိန်ကာလဟာ လေးသချေင်္နဲ့ ကမာ္ဘတစ်သိန်း ကြာတယ်။ ဘဝပေါင်းများစွာ မရေမတွက်နိုင်ပါဘူး။ ဒီလောက်ကြာတဲ့ အချိန်ကာလအတွင်း မှာ သဗ္ဗညုတ ဘုရားရှင်ပေါင်း ၂၄ဆူသာ ပွင်းပါတယ်။ ဘုရားမပွင့်တဲ့ ကပ်ကမာ္ဘတွေ အများကြီးပါပဲ။ အဲဒီအချိန်ကာလ တွေမှာ ဘုရားအလောင်း ဖြည့်ခဲ့တဲ့ ပါရမီကုသိုလ်တွေကို မစင်ကြယ်တဲ့ ကုသိုလ်တွေလို့ မှတ်ယူရမလား စဉ်းစားသင့် တယ်။ ဒါနပရမတ္ထ ပါရမီရဲ့ သာဓကဖြစ်တဲ့ ယုန်မင်းဟာ ဘယ်ဘာသာဝင်လို့ ပြောရပါ့မလဲ။

ဒီနေရာမှာ ကွဲကွဲပြားပြား နားလည်ဖို့က ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးကလွဲလို့ တခြားနည်း မရှိပါဘူး။ မဂ္ဂင်ရှစ်ပါးဆိုတာက သဗ္ဗညုတ ဘုရားရှင်တို့ရဲ့ သာသနာတော်က လွဲလို့ တခြားဘယ်မှာမှ မရှိနိုင် ပါဘူး။ ဒါက လုံးဝ ပုံသေကားကျပါပဲ။ မြင့်မြတ်တဲ့ ပါရမီ ကုသိုလ်ဖြစ်ဖို့ရာကတော သာသနာတွင်း သာသနာပ ရယ်လို့ ကန့်သတ်ချက်မရှိပါဘူး။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ
ဆိုတဲ့ အတိုင်း စေတနာ ဓမ္မဟာ အဓိကပဲ။ စေတနာ ဓမ္မဆိုတာ ဓမ္မနိဿတ္တ နိဇ္ဇိ သဘောဖြစ်လို့ သတ္တဇီဝ ဆိုတဲ့ ကန့်သတ်ပိုင်းခြားထားခြင်း မရှိပါဘူး။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မာသာထရီဇာ တို့လို ကိုယ်ကျိုးအားလုံးကို စွန့်လွှတ်ပြီး ဒုက္ခိတ သတ္တဝါမှန်သမျှကို လူမျိုး ဘာသာ ကန့်သတ်ခွဲခြားမှု မထားပဲ စာနာထောက်ထား ရိုင်းပင်းကူညီတဲ့ ကုသိုလ်မျိုးကို မစင်ကြယ်ဘူးလို့ လုံးဝ ပြောလို့ မရပါဘူး။ ဗုဒ္ဓလမ်းစဉ်ရဲ့ မမြင့်ဆုံး ရည်မှန်းချက်က အစွဲဥပါဒန်တွေ အားလုံးချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို အာရုံပြုနိုင်ရေး ဖြစ်ပါတယ်။ ဒါနဆိုတာ မိမိကိုယ်နဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာတို့ အပေါ်မှာ တွယ်တာစွဲလမ်းနေမှု (ဥပါဒါန်) တရားကို ပယ်ဖြတ်နိုင်အောင် လေ့ကျင့်ပေးတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီကို ပထမဆုံး ထားရတာဟာ လူတိုင်းလည်း လုပ်နိုင်လို့၊ ပြုလုပ်ရတာလည်း လွယ်ကူလို့ လို့ တချို့က ပေါ့ပေါ့လေး မှတ်ထင်တတ်ကြပါတယ်။ အမှန်ကတော့ ငါ… ငါ့ဥစ္စာလို့ သတ်မှတ်စွဲလမ်းနေတဲ့ အတ္တဝါဒနဲ့ ဥပါဒါန် ထုထည်ကြီးကို တဖြည်းဖြည်း ပါးရာကနေ ပျောက်သွားအောင် လေ့ကျင့်ပေးတဲ့ တကယ့် အခြေခံ အလုပ်ပဲ ဖြစ်ပါတယ်။ စွဲလမ်းမှု ဥပါဒါန်အားကြီးနေရင် သီလလည်း မစင်ကြယ်နိုင်ဘူး။ ကျန်တဲ့ နေက္ခမ္မ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာပါရမီတို့ ဆိုတာတွေလည်း လုံးဝ မစင်ကြယ်နိုင်တော့ပါဘူး။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒါနရဲ့ အရေးပါမှုကို အလေးအနက် သဘောပေါက်ကြဖို့နဲ့ တန်ဖိုးထားတတ်ကြဖို့ပါ။ သာသနာတော်နဲ့ ကြုံကြိုက်လို့ ဒါနဆိုတဲ့ အလုပ်ကြီးတစ်ခုကို လုပ်ကြတဲ့ အခါမှာ တစ်ဘဝစာပဲ ဖြစ်ဖြစ်၊ တစ်သံသရာလုံး အတွက်ပဲဖြစ်ဖြစ် လောကီ ဘဝလုံခြုံရေးအတွက် အရင်းအနှီးမြှုပ်နှံတဲ့ အလုပ်တစ်ခုလို့ သဘောထားလုပ်ကိုင်နေရင် ဒါန မဟုတ်ဘူး။ သင်္ဂဟ မင်္ဂလာသာဖြစ်တယ်။ ဒါနရဲ့ အစွမ်းသတ္တိဟာ အစွဲဥပါဒါန်အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ ပေးစွမ်းနိုင်တဲ့ အမြင့်မြတ်ဆုံး မင်္ဂလာလုပ်ငန်းကြီးဖြစ်လို့ သင်္ဂဟ မင်္ဂလာ အဆင့်လောက်နဲ့ ရပ်တန့် မနေသင့်ဘူးဆိုတာပါ ပဲ။ လောကရဲ့ ဒုက္ခတွေ အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ အကျိုးပြီးစေနိုင်တဲ့ ဒါန စစ်စစ်ကြီး ဖြစ်ပြီဆိုရင်တော့ တခြားမပြီးစေနိုင်တဲ့ ကိစ္စရယ်လို့ ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကို နားလည် တန်ဖိုးထားကြဖို့ပါ။

ဒါနစစ်စစ်ဖြင့် ပါရမီအားလုံး အထောက်အကူဖြစ်ပြီး နိဗ္ဗာန်တိုင်အောင် ရောက်နိုင်ကြပါစေ…

ဝန်ခံချက်။ ။ဓမ္မဘေရီ ဆရာတော်ကြီး ရေးသားသော မထေရ်မြတ်တို့စကားဝိုင်း(၇) စာအုပ်ပါ ဆောင်းပါးများမှ ထုတ်နှုတ်ရေးပါသည်။

ရေးသားသူ အောင်ဦး

One comment

  • kopauk mandalay

    July 14, 2010 at 12:38 pm

    ကောင်းတာလုပ်ဘို့ကခက်တဲ့ခေတ်ကြီးဆိုတော့လဲ
    ကောင်းအောင်နေဘို့ ကြုးိစားနေပါတယ်။

Leave a Reply