“တစ်ခါပစ် နှစ်ယောက်ကြွေ ကျနော့် ရဲ့ဘိုးအေ” “ငယ်လွမ်းချင်း( မိုးမင်းသားနောက်မှလိုက်ခြင်း)”

                                 “တစ်ခါပစ် နှစ်ယောက်ကြွေ ကျနော့် ရဲ့ဘိုးအေ”

                     “မတ္တရာက ဆရာမောင်ဆေးနီလုံး”

         “ငယ်လွမ်းချင်း( မိုးမင်းသားနောက်မှလိုက်ခြင်း)”

 

 

တကယ်တမ်းပြောကြကြေးဆိုရင်အတိတ်ဆိုတာ တိုက်ဆိုင်တိုင်းသတိရစေတတ်တဲ့အရာတစ်ပါးပါဘဲ။

ဝမ်းနည်းစရာကောင်းသည်ဖြစ်ပျော်ရွှင်ကြည်နူးစရာဖြစ်စေ သတိမရချင်တာဘဲရှိချင်ရှိနို်င်မယ်

ပြန်သတိမရဘူးဆိုတဲ့အတိတ်ဆိုတာမရှိပါဘူး။

ဟိုတစ်ချိန်က ပျော်ရွှင်ခဲ့ရတယ်ဆိုတဲ့အရာက လက်ရှိအချိန်မှာ ဝမ်းနည်းစရာဖြစ်ကောင်းဖြစ်နေနိုင်သလို

စိတ်ညစ်ကြေကွဲရတယ်ဆိုတဲ့ အကြောင်းအရာတွေကလဲ ရယ်ပွဲ့ဖွဲ့စရာလေးတွေဖြစ်နေတတ်ပါတယ်။

ဘာပြောပြော လူတိုင်းလူတိုင်းမှာတော့ အတိတ်ဆိုတာရှိစမြဲပါဘဲ။

ဟိုတစ်ရက်ကတော ့မန်းလေးဂေဇက် ဝက်ဆို်ဒ်ထဲက“ မိုးမင်းသား“ရဲ့ပိုစ်မှာ ကျနော်ငယ်စဉ်ကာလတုံးကအချိန်အတော်များစွာ ဆက်စပ်ထိတွေ့ခဲ့တဲ့

“ မတ္တရာ“ မြို့အကြောင်းပါလာတော့ ကုန်လွန်ခဲ့တဲ့နေ့ရက်တွေ အကြောင်းတွေက

နောက်ပြန်ရစ်ပြီးကြည့်တဲ့ ရုပ်ရှင်ကားလို ကျနော့်အတွေးထဲမှာ တရေးရေးပေါ်လာပါတယ်။

ပြောသာပြောရတယ် ကျနော်အဲဒီမြို့နဲ့အဆက်အသွယ်ပြတ်သွားခဲ့တာ ဆယ်စုနှစ်သုံးခုတောင်ရှိခဲ့ပါပြီ။

 

 

“ မတ္တရာ“မြို့ဆိုတာ မြန်မာပြည်မှာထူးခြားတဲ့မြို့လေးတစ်မြို့လို့ပြောရတဲ့အကြောင်းက

မီးရထားဘူတာ လမ်းဆုံးတဲ့မြို့လေးဖြစ်နေလို့ပါဘဲ။

(တိုက်ဆိုင်တယ်လို့ဘဲဆိုနိုင်မလားတော့ မသိဘူး “မုတ္တမ”ဆိုတဲ့မြို့လေးက လဲ မီးရထားလမ်းဆုံးမြို့လေးပါဘဲ)

မန္တလေးမြို့ရဲ့မြောက်ဘက်မှာရှိပြီး “  အုန်း၊ငှက်ပျော၊ကွမ်းသီး “ထွက်တဲ့ဒေသလဲဖြစ်ပါတယ်။

မြို့ရဲ့အရှေ့ဘက်ကတော့ မိုးကုတ်မြို့ကိုသွားတဲ့ ကားလမ်းရှိပြီး အနောက်ဘက်မှာတော့ ရွှေတစ်ချောင်းမြောင်းရှိပါတယ်။

ရွှေတစ်ချောင်းမြောင်းရဲ့ အနောက်ဘက်မှာတော့  ရှောက်ချိုသီးပင်တွေ အုန်းပင် ကွမ်းသီးပင် ပိန္နဲပင်တွေရှိတဲ့နှစ်ရှည်ခြံတွေက တစ်ခြံနဲ့တစ်ခြံဆက်ပြီး အုံ့မိူင်းစိမ်းမှောင်လို့ နေပါတယ်။

 

ကျနော်တို့ငယ်စဉ်ကတော့ မီးရထားနဲ့ဘဲအသွားများကြပါတယ်။

မန်းလေးဘူတာကြီးထဲကနေထွက် ကျုံးကိုကျော်ပြီး နန်းတွင်းထဲကို ဝင်  သွားတဲ့အခါ ထောင်အုတ်နံရံကြီးဘေးက ရထားက ဖြတ်ချိန်ဆိုရင် အဲဒါကြီးကိုလက်ညိုးထိုးပြပြီး

“ဆိုးတဲ့လူတွေကို အဲဒီအထဲ ထည့်ထားတာ”လို့ လူကြီးတွေပြောပြတာကိုတော့ အခုထိမှတ်မိနေဆဲ။

အဲဒီအချိန်တုံးကတော့ ထောင်ဆိုတာ လူဆိုးတွေနေရာအရပ်လို့စိတ်ထဲမှာစွဲနေခဲ့ပေမယ့် အသက်အရွယ်ရလာချိန်မှာတော့ ထောင်ထဲရောက်နေတိုင်းလူဆိုးမဟုတ်ဘူးဆိုတာကို

ခံစားချက်တွေနဲ့ယှဉ်လို့သိလာခဲ့ရပြန်ပါတယ်။

နန်းတွင်းကနေထွက်ရင် “သူရဲဈေး”ဘူတာ အဲဒီကမှဆက်လို့

“လွန်တောင်း”ဝါးရင်းဒုတ် “တောင်ပြုံး” စတဲ့ဘူတာတွေကိုဖြတ်ပြီး မှလမ်းဆုံးမြို့“  မတ္တရာ “ရောက်ပါတယ်။

“ တောင်ပြုံး  “ပွဲတော်ချိန်ဆိုရင်တော့ မီးရထား အစင်းရေတိုးဆွဲတာတောင်ပြည့်ကျပ်ညပ်သိပ်နေအောင်

တိုးဝှေ့လို့စီးခဲ့ရတာလေးကလဲ မမေ့နိုင်စရာ။

အခုနောက်ပိုင်းမှာတော့ မတ္တရာကို သွားတဲ့မီးရထားက နန်းတွင်းကို မဖြတ်ရတော့ပါဘူး။

ဘူတာအစ ကိုလည်း “သူရဲဈေး”ကိုပြောင်းလိုက်ပါတော့ မြို့ထဲကနေသွားမယ်ဆိုရင်

သွားရတာ လမ်းတော့ ခု သွားပါတယ်။

မြို့ထဲက သွားတဲ့လူတွေက တော့ အိမ်တော်ရာဘုရားနားကစီးစီး ၂၅လမ်း-၈၆လမ်းဒေါင့်

ကနေစီးစီး အလွယ်တကူစီးလို့ရ နိုင်တဲ့ လိုင်းကားနဲ့ဘဲသွားကြပါတော့တယ်။

ကားလမ်းကောင်းလဲကောင်း လမ်းကလဲ အန္တရာယ်ကင်းသွားတော့ ကားနဲ့ဘဲအသွားများပြီး

မီးရထားနဲ့သွားတယ်ဆိုတာမရှိသလောက်။

(အရင်ရှေးရှေးကတော့ ဒီကားလမ်းမှာ ဓမြတိုက်ခံရတာမျုးိ ရှိခဲ့ဘူးပါတယ်)

 

မီးရထားလမ်းတစ်လျောက်က အင်မတန်သာယာပါတယ်။

မိုးတွင်းခါများမှာဆိုရင် ရထားလမ်းဘေး ဝဲ-ယာမှာရှိတဲ့ လယ်ကွင်းတွေထဲက နုစိမ်းမြမြကောက်ပင်တွေကို လေအဝေ့မှာနွဲ့နွဲ့လေးယိမ်းနေတဲ့ မြင်ရရင်စိတ်ကိုကြည်လင်အေးမြစေပါတယ်။

ရိတ်သိမ်းချိန်နီးပြီဆိုရင်တော့ တကွင်းလုံးက ရွှေဝါရောင်တွေနဲ့တောက်ပ။

ဆောင်း ညနေခင်းအချိန်မှာများဆိုရင် ဝင်လုဆဲဆဲနေမင်းကြီးဆီကဖြန့်ကျဲလိုက်တဲ့

အနီနုနု ရွှေရောင်နုနု နေခြည်တွေကြောင့် ရွှေဝါရောင်စပါးခင်းတွေကြည့်ရတာ ပိုမိုလှပလို့နေပြန်ပါတယ်။

တစ်ခါတစ်လေတော့လဲ ပန်းရောင်အသွေးကောင်းကင်နဲ့ စိမ်းမြမြကောက်ပင် အင်မတန်ကိုလှပတဲ့အတွဲပါဘဲ။

ဒီလမ်းခရီးကတော့ ရထားစီးသွားရတဲ့မြင်ကွင်းတွေက မမေ့နို်င်စရာပါဘဲ။

ကျနော်တို့ ငယ်ငယ်က ရထားတွေက ကျောက်မီးသွေးရထားတွေပါ။

တစ်ခါတစ်ရံအဆင်မသင့်ရင် ကျောက်မီးသွေးမူံတွေက မျက်လုံးထဲဝင်တတ်ပါတယ်။

ကျနော်တို့ကလေးတွေရထားပြူတင်းပေါက်ကနေခေါင်းထွက်ရင် လူကြီးတွေဆီက “တဟဲ့…..ဟဲ့”အော်သံတွေကမကြားချင်မှအဆုံးပါဘဲ။

သူတို့ကလဲ  စိတ်ပူရင်အော်စမြဲ ကျနော်တို့ကလေးတွေကလဲ စိတ်ဝင်စားစရာ

လေးတွေမြင်မိရင် “ဟိုမှာ……ဟိုမှာ “ဆိုပြီး လက်ညိုးတစ်ထိုးထိုးနဲ့ခေါင်းပြူလို့ကြည့်စမြဲ။

ပြန်တွေးကြည့်ရင် ကျနော်မီးရထားနောက်ဆုံးစီးခဲ့တဲ့ အချိန်က 1983ခုနှစ်ရန်ကုန်ကနေ

မန္တလေးပြန်လမ်းပါဘဲ။

ငယ်ငယ်က မီးရထားနဲ့ခရီးသွားခဲ့ရတာကို လွမ်းလိုက်တာ……………………။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ကျနော်အဖေဘက်က အဖွားရဲ့မောင်အငယ်ဆုံးတစ်ယောက်က အဲဒီမြို့လေးမှာနေပါတယ်။

ကျောင်းပိတ်ရက်ဆိုရင်အဖွားက သူ့မောင်ကိုတွေ့ဘို့နေ့ချင်းပြန်အလည်သွားကြပါတယ်။

မနက်ပိုင်းမှာ မန်လေးဘူတာက ထွက်တဲ့ မီးရထားကိုစီးပြီး မတ္တရာကနေ ညနေ ပြန်ထွက်တဲ့ ရထားနဲ့ ပြန်လာလို့ရတော့ နေ့ချင်းပြန်သွားကြတာပါ။

မတ္တရာမှာနေတဲ့ ကျနော်တို့ရဲ့အဖုးိလေး နာမယ်အရင်းကို ပြန်စဥ်းစားရင် မပေါ်တတ်ပါဘူး။

တစ်မျုးိလုံးကချစ်စနိုးနဲ့ခေါ်ကြ တဲ့ နာမယ် “ဆေးနီလုံး” ကိုဘဲမှတ်မိနေပါတယ်။

ကျနော်တို့အဖိုးလေးက တရားဝင် မိန်းမ နှစ်ယောက်ရှိပါတယ်။

တစ်ယောက်ကတော့ မန်းလေးသူ နောက်တစ်ယောက်ကတော့ မတ္တရာမြို့အရှေ့ဘက်က

ရန်ကင်းရွာသူပါ။

ဖြစ်ပုံကတော့ လူပျိုဘဝကတည်းက အဲဒီမြို့မှာ အစိုးရဝန်ထမ်းအဖြစ်နဲ့ရောက်နေပါတယ်။

နောက်တော့ သူနဲ့တစ်ရုံးထဲလုပ်တဲ့ မန်းလေးသူ “မသန်းမြင့်”

နဲ့ အိမ်ထောင်ကျပါတယ်။

ကျနော်တို့ကတော့ သူကို “အန်တီမြင့်”လို့ခေါ်ပါတယ်။

မြို့သူဆိုတော့ ဖြူဖွေးဖွေး ခေတ်မီမီ ခေတ်ဆန်ဆန် လှလှပပ နုပ်ခမ်းနီတွေမိတ်ကပ်တွေနဲ့

ကြွကြွရွရွနေတတ်သူ။

သူတို့အိမ်မှာ နေရင်တော့ မောင်ရေ မြင့်ရေ ယူတွေ အိုင်တွေ ဆိုတဲ့ဘိုဆန်ဆန်အသံတွေက

လွင့်ပျံ့။

နေတာက မတ္တရာမြို့ထဲမှာပါ၊

ရန်ကင်းရွာသူ  “မအုန်းရင်” ကတော့ ညိုညိုပုပု။

ကွမ်းကြိုက်သူဆိုပြန်တော့ ပါးစပ်က ကွမ်းလေးတရဲရဲ။

ဒါပေမယ့်စကားပြောရင်တော့ အိအိနွဲ့နွဲ့။

ကျနော်တို့ အဖိုးလေးကိုတော့ သူက “ဆရာ” လို့ခေါ်ပါတယ်။

သူကို့တော့ ကျနော်တို့ က “အမေရင် “လို့ခေါ်ကြပါတယ်။

အဲဒီအိမ်ရောက်ရင်တော့ မယ်ရင်ရေ ဆရာရေ ကျုပ်ရေ တော်ရေ ကျေးလက်ဆန်ဆန် အသံက ဝေစည်စည်။

ဒါပေမယ့် အမေရင် ရဲ့ “ဆရာ……” လို့ခေါ်လိုက်တဲ့အသံက ချိုနွဲ့နွဲ့က တော့

ဘယ်လိုပြောရမှန်းတောင်မသိတဲ့အသံမျိုးပါ။

သူတို့မှာက သားချည်းဘဲနှစ်ယောက်။

 

အဖိုးလေး မိန်းမနှစ်ယောက်ရတဲ့အကြောင်းနဲ့ ဆေးနီလုံးလို့ နာမယ်တွင်တဲ့ အကြောင်းကတော့လူကြီးတွေပြောပြလို့သိရတာပါ။

ပထမဆုံးအိမ်ထောင်က အန်တီမြင့်နဲ့ပါ။

လက်ထပ်ပြီး(၂)နှစ်လောက်အကြာ ပထမဦးဆုံးကိုယ်ဝန်ဆောင်တဲ့အချိန်လင်မယားစကားများပြီး

အန်တီမြင့်က အိမ်ပေါ်ကဆင်းသွားပါသတဲ့။

အဖိုးလေးက ၂ခါ ၃ခါသွားခေါ်ပေမယ့်ပြန်လိုက်မလာပါဘူးတဲ့။

နောက်တော့ အဖိုးလေးကလဲ ထပ်သွားမခေါ်တော့ဘူးတဲ့။

အဲဒီအချိန် မှာဘဲ အဖိုးလေးတို့ရုံးရှေ့ကနေ နေ့စဉ်ဖြတ်ပြီး မြို့အနောက်ဘက်ကဈေးကိုသွားတဲ့

အုန်းသီးငှက်ပျောသီးရောင်းတဲ့ မအုန်းရင်ကို သတိထားမိလာပါသတဲ့။

အဲတော့ လဲ နောက်ရက်ဈေးအပြန်ဆို ထိုင်ထိုင်ကြည့်ရင်းမျက်မှန်းတန်းမိသွားပါသတဲ့။

ဒီထက်ပိုပြီး ရင်းနှီးအောက်ပြုံးပြနုတ်ဆက်နဲ့ဇာတ်လမ်းတွေရို်က်ပါတော့တယ်။

အိမ်ထောင်သည်နဲ့ရီးစားမထားဘူးတဲ့ရွာသူအပျိုလေး တွေ့ကြတော့တာပေါ့။

ညနေပိုင်းဆို သူတို့ ရန်ကင်းရွာထဲကို လိုက်လိုက်သွားပြီးလူပျိုလှည့်ပါသတဲ့။

အဖိုးလေးက မယ်ဒလင်အတီးကောင်းတော့ရွာက ကာလသားတွေနဲ့အတော်လေးအဖွဲ့

ကျပါသတဲ့ ညညဆို မအုန်းရင်တို့အိမ်နဲ့မလှမ်းမကမ်းက မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်မှာ

ဆိုကြတီးကြပေါ့။

 

ရီးစားမရှိဘာမရှိ မအုန်းရင်ကလေးကလဲ မြို့ကြီးသားကို စိတ်လည်ရာကနေ

စိတ်ပါသွားတဲ့ အချိန် အိမ်ထောင်ရှိမှန်းသိသွားတော့ မအုန်းရင်တို့ရဲ့မောင်ဖွားတွေနဲ့

ပြဿနာတက်ပြီးရိုက်မယ်နှက်မယ်လုပ်ကြပါလေရော။

အဲဒီမှာ တစ်ရက်တော့ အဖိုးလေးက မအုန်းရင်ဈေးပြန်အလာကိုစောင့်ပြီး စက်ဘီးနဲ့တင်ပြီး

ခိုးပြေးသွားပါသတဲ့။

မတ္တရာမြောက်ဘက် ကရွာလေးတစ်ရွာကို ခိုးပြေးသွားတာပါတဲ့။

ဖြစ်စကတော့ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတွေဘာတွေလုပ်ပေမယ့် နောက်တော့လဲ

မထူးပါဘူးဆိုပြီး ပေးစားဘို့လုပ်ကြပါသတဲ့။

ရန်ကင်းရွာမှာ အဖိုးလေးနဲ့ မအုန်းရင်မင်္ဂလာဆောင်မယ့်နေ့မှာဘဲဒီသတင်းကိုကြားလိုက်တဲ့

မသန်းမြင့်ကလဲကိုယ်ဝန်ကြီးတကားကားနဲ့ အပြေးအလွှားရောက်ချလာပါသတဲ့။

အဲဒီမှာ မသန်းမြင့်ဘက်က လဲ ခပ်စွာစွာ။

ရွာခံ မအုန်းရင်တို့ကလဲ အညံ့မခံဆိုတော့ တစ်ဘက်နဲ့တစ်ဘက်ပြောကြဆိုလိုက်ကြတာကို

တစ်ရွာလုံးကလာကြည့်လိုက်ကြတာ ပွဲခင်းကြီးတောင်ဖြစ်လို့။

ရွာခံမအုန်းရင်ကတော့

“ဒီအခြေထိရောက်နေမှ ဆရာနဲ့ခွဲရ ရင်ကျုပ်ကတော့ သတ်သေမှာဘဲ”လို့အဆို

“မောင့် ရင်သွေးလေးကိုလွယ်ထားရတဲ့ မြင့်ကို မသနားတောင်မှ အထဲက ကလေးကိုတော့

ညှာသင့်ပါတယ် မောင်ရယ်”ဆိုပြီး မဲဆွယ်ပါသတဲ့။

မအုန်းရင်က လဲ “ဆရာ”ရဲ့ “ဆရာ”ရဲ့ လို့တပ်တပ်ပြီးမျက်ရည်လည်ရွဲနဲ့ပြော

မသန်းမြင့်ကလဲ “မောင်ရေ………” “မောင်ရေ………” လို့ မျက်ရည်တွေဝဲပြီး

အသံတုန်တုန်လေးနဲ့ ပြောဆိုပြန်တော့ ဘေးလူတွေမှာဘာလုပ်လို့လုပ်ရမှန်းမသိအောင်

ဖြစ်နေပါတယ်။

 

နောက်ဆုံးတော့ ရွာကလူကြီးတွေကဘဲ

“မောင်အေးကို မင်းသဘောထားလေးလဲပြောပါအုံး”လို့မေးတဲ့အခါမှာတော့

ဖျာထဲကိုဝင်သွားမတတ် ခေါင်းကြီးငုံ့ထားရာကနေ အံ ကို တင်းတင်းကြိတ်တဲ့ပြီး

“နှစ်ယောက်လုံးကိုပေါင်းမယ်ဗျာ”လို့ပြောသံလဲကြားရောလာကြည့်သူ့အားလုံးမတိုင်ပင်ဘဲရီလိုက်ကြတာ

တဝေါဝေါနဲ့ပါတဲ့။

ဒါနဲ့ဘဲ မအုန်းရင် နဲ့ မသန်းမြင့်နှစ်ယောက်လုံးကို လဲ သဘောတူသလားမေးရတော့တာပေါ့။

အဲဒီတော့ မှ နှစ်ဘက်လုံးက အင်တင်တင်နဲ့ခေါင်းငြိမ့်ကြတော့မှလူကြီးတွေမှာလဲ သက်ပြင်းချနိုင်ပါသတဲ့။

မအုန်းရင် အကိုတွေကိုတော့ အရက်မူးအောင်တိုက်ပြီးသိပ်ထားရပါသတဲ့။

ဒါနဲ့ဘဲ ကျနော်တု့ိ အဖိုးလေး လဲ နာမယ်သစ်တွင်သွားပါသတဲ့။

“တစ်ယောက်က ဆရာ တစ်ယောက်က မောင် ဒို့မင်းသားကြီး “ဆေးနီလုံး “ကတော့ နိပ်ကွာ”လို့

ရွာထဲကလူတစ်ယောက်က ပြောလိုက်တာကစပြီး ကျနော်တို့အဖိုးလေးခဗျာ

“ဆေးနီလုံး”လို့ အမည်တွင်သွားပါတော့တယ်။

အဲဒီခေတ်က မြန်မာဆေးထဲမှာ “ဆရာမောင် ဆေးနီလုံး”ဆိုတာ နာမယ်ကြီးဆေးကိုဗျ။

ဟိုအိမ်တလှည်ဒီအိမ်တလှည့်နေရင်းက မြို့သူ မသန်းမြင့်နဲ့က သမီးချည်းဘဲ သုံးယောက်

ရွာသူမအုန်းရင်နဲ့က သားချည်းဘဲ နှစ်ယောက်နဲ့ အခြေတကျ။

မြို့ထဲအိမ်က ကလေးတွေက ရွာထဲက အိမ်ကိုမသွားပေမယ့် ရွာထဲက ယောက်ျားလေးနှစ်ယောက်ကိုတော့

သမီးချည်းဘဲမွေးထားတဲ့ မသန်းမြင့်ကအရမ်းချစ်ပါတယ်။.

ကျောင်းနေတဲ့အရွယ်ရောက်တဲ့အခါ မြို့ထဲနေတဲ့ မသန်းမြင့်က ဒီသားလေးနှစ်ယောက်ကိုနေ့လည်သူ့အိမ်မှာ

ထမင်းလာစား ညနေ သူသမီးတွေနဲ့အတူ စာတွေဘာတွေသင်ပေးပြီးမှ ရန်ကင်းရွာထဲကအိမ်ပြန်လွှတ်ပါသတဲ့။

ဒါပေမယ့်မသန်းမြင့်နဲ့ မအုန်းရင်ကတော့ ဘယ်တော့မှ မျက်နှာခြင်းမဆိုင်သလို ရန်ဖြစ်တယ်ဆိုတာလဲမရှိပါဘူးတဲ့။

သူ့သားလေးတွေကိုစောင့်ရှောက်ထားတာကြောင့် မသန်းမြင့်တို့အိမ်ကို

ဆန်ဆီဆား နဲ့ ရွာထွက်အသီးအနှံတွေဘာတွေကိုတော့ မပြတ်တန်းပို့ပေးပါသတဲ့။

 

ကျနော်တို့အဖွားတို့ကတော့ မန်းလေးသူဘက်ကို မဲသာပါတယ်။

မတ္တရာကိုလာရင်လဲ မသန်းမြင့်အိမ်မှာဘဲ တစ်နေကုန်နေပါတယ်။

ဒါပေမယ့် မအုန်းရင်ကတော့အဖွားတို့လာတယ်ဆိုတဲ့အသံကြားတာနဲ့ အပြန်မှာ ခြံထွက်အသီးအနှံတွေ

တောင်းကြီးတစ်တောင်း ဘူတာရုံကို လာပို့ထားတတ်တာ ကတော့ အခေါက်တိုင်းပါဘဲ။

တစ်ရက်မှာတော့ ဘယ်တော့မှ အဖွားတို့နဲ့မျက်နှာချင်း မဆိုင်ဘူးတဲ့ မအုန်းရင်က

မန်းလေးအိမ်ကို ရောက်ချလာပါတယ်။

သူရောက်တာနဲ့ အဖွားတို့ ညီအမတွေအားလုးံကို ခေါ်လို့ မအုန်းရင်က သူပြောချင်တာ

တွေကို ပါးစပ်မပိတ်စတမ်း ဒလစပ်ပြောချလိုက်ပါတယ်။

နောက်မှ

“ ကျုပ်သဘောကတော့ ဒါဘဲ အမတို့ တိုင်ပြင်ပြီးရင် အကြောင်းပြန် ပါ”လို့စကားပိတ်ပြောပြီး ပြန်လဲသွားရော ကျနော်တို့ မန်းလေးအိမ်က

အမျိုးတွေကြားမှာ ဆွေးနွေးလို့တိုင်ပင်လို့ ပြောလို့ မပြီးအောင်ဖြစ်သွားတာ တစ်ပါတ်လောက်ကြာပါတယ်။

မအုန်းရင်ပြောသွားတာကို သဘောတူတဲ့လူက တူ

မတူတဲ့လူကမတူ

ကြားနေတဲ့လူကနေ

မဖြစ်နိုင်ပါဘူးပြောတဲ့လူကပြော

ငါတို့ကတော့မပါဘူးလို့ ဆိုတဲ့လူကဆို

မကျေမနပ်နဲ့ပွစိပွစိလုပ်သူက လုပ်နဲ့ ငြင်းကြ ခုန်ကြ

တကယ့်ကို မပြီးနိုင်မစီးနိုင်ဖြစ်နေတဲ့အဆုံးမတော့

အမျိုးထဲမှာ အကြီးဆုံးကျနော်တို့ အဖွားက ဗွီတိုအာဏာသုံးပြီး တစ်ချက်လွတ်အမိန့်ချမှကိစ္စပြတ်သွားပါတယ်။

ဒါနဲ့ဘဲ……………………………………………………………………..

 

 

 

 

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်ရဲ့ငယ်လွမ်းချင်းအမှတ်တရများ

(1-11-12)

 

 

26 comments

  • kyeemite

    November 3, 2012 at 11:44 am

    တော်တော်နောက်တဲ့ ကိုပေါက်…
    ကောင်းခန်းရောက်မှ..
    တန်းလန်းကြီးထားသွားတယ်..လူဇိုးဂျီး :harr:

  • မောင်ပေ

    November 3, 2012 at 11:47 am

    ဘိုးအေခြေရာကို မနင်းနိုင်သော ကိုပေါက် ပါကလား
    ဟီဟိ

  • အလင်းဆက်

    November 3, 2012 at 8:25 pm

    မိုးမင်းသား ရဲ ့မတ္တရာ ပိုစ် လည်းဖတ်ပြိးပြီ ။

    လေးပေါက်ရဲ ့ မတ္တရာ..လည်း..အခု ဖတ်လိုက်င်္ပြီ

    🙂

    သိစရာ မှတ်စရာလေးတွေ ….မို ့..ကျေးဇူးပါ..လို ့။

    ပြောပြီ ။နော် ။

  • candle .

    November 3, 2012 at 8:29 pm

    ကောင်းခန်းရောက်မှ အဲလို လုပ်နဲ ့လေ….:)

  • ဦးကြောင်ကြီး

    November 4, 2012 at 8:37 am

    ” အံ ကို တင်းတင်းကြိတ်တဲ့ပြီး..”
    ဖစ်မဖစ်ရလေ အဘနီရယ်… ကျနော်လည်း အံကို တင်းတင်းကြိတ်ပြီး မိုးစက်၊ ပုရှ်၊ ရွှေအိ၊ ရွှေကြည်၊ ခရစ်စတယ်လိုင်း၊ ခိုင်ဇာဝင်း၊ မမလေးတို့ ညီအမခုနှစ်ဖော်နဲ့ ရှင်းရတော့မှာပဲ…။ ဘာမှမပူနဲ့ ဆရာကြောင်ဆေးနီလုံးက ဆယ်ဆပိုစွမ်းတယ်… :harr:

    • ကိုကြောင်ဆယ်ဆပိုစွမ်းတယ်ဆိုရင် သုံးယောက်လိုသေးတယ်
      အခုမှ (ရ)ယောက်ဘဲရှိသေးတယ်
      “ရှာလျာ အပိုပါ”ပါလေးရော ဘယ်နားချန်ထားခဲ့သလဲကွဲ့

  • Hnin Hnin

    November 4, 2012 at 9:58 am

    ဘိုးစွံပဲနော်…ဟိ..တူလိုက်တာ
    ခေါင်းစဉ်ကြည့်ပြီး ဆေးကြော်ငြာထင်လို့ မဖတ်ဖြစ်တာဗျ… :mrgreen:
    ဖတ်လိုက်တော့လည်း ကောင်း…..
    ဘိုးစွံအကြောင်း အဓိကပါနေတော့
    ‘ဘိုးဆေးနီ’ သို့ ‘ကျွန်တော့် ဘိုးအေ ဦးဘိုးစွံ’ လို့ ခေါင်းစဉ်တပ်လိုက်ရင်
    ပိုစိတ်ဝင်စားကုန်မှာ 😀 😀

  • ဟုတ်ပါ့ မယ်နှင်းပြောမှ သတိထားမိတယ်
    ဆေးကြော်ငြာမှတ်နေတာ
    “တစ်ခါပစ် နှစ်ယောက်ကြွေ ကျနော့် ရဲ့ဘိုးအေ” ဆိုပိုစိတ်ဝင်စားသွားမှာနော်
    တော်ပါပြီ ပြင်တော့ပါဘူးအေ့

  • Hnin Hnin

    November 4, 2012 at 10:28 am

    အဲ့ခေါင်းစဉ် လန်းတယ်…ပြင်လိုက်ပါလား…လေးပေါက်…အဟုတ်..
    ဖတ်အားတက်လာမှာ… း)
    အမှန်ပြောရရင် နော်ဖတ်မလို့ကြည့်နေတာ…၄၊၅ခါ ရှိနေပြီ…
    ခေါင်းစဉ်ဖတ်ပြီး လှည့်လှည့်ပြန်နေတာ…ဒီမနက်မှ ဖတ်ဖြစ်လိုက်တာ…

  • nature

    November 4, 2012 at 11:00 am

    တော်သေးတာပေါ့ တခါပဲပစ်လို့။

  • မိုး မင်းသား

    November 4, 2012 at 12:02 pm

    ကိုပေါက်ရေ……

    မိုးတိမ်ယံ…ဆိုတာဘယ်သူလဲဟင်…..

    သားသားကတော ့…မိုးမင်းသားပါနော်……

    ကျွန်တော်တောင်..မတ္တရာကိုပြန်လွမ်းပြီး….ပြန်ခံစားသွားပါကြောင်း…..

    ချစ်ခြင်းမေတ္တာဖြင် ့

    မိုးမင်းသား

  • အဲလူမှားရေးမိပြီထင်တာဘဲ။
    ဒီပိုစ်လေးရေးနေတုန်းက ဇာတိနွယ်သီချင်းဖွင့်ထားတာ။
    အဲဒီမှာ မိုးတိမ်ယံခါဝယ် ရွာလယ်ပြင်လမ်းမှာလ…………ဆိုတာကိုနားယောင်ပြီး
    မိုးမင်းသားကနေ မိုးတိမ်ယံဖြစ်သွားတာနေမှာ။
    ထူးပါဘူး မိုးတိမ်ယံလို့ ပြောင်းလိုက်ကွာ ပိုလှတယ်ထင်တာဘဲ။
    (အမှန်က ကျနော်ပြင်ရမှာ ကြောက်နေလို့)

  • အလင်းဆက်က အချက်တွေပြနေတာတောင် မကြည့်မိတော့ ဖွင့်ပြောမှ မှားနေမှန်းသိပါတော့တယ်။
    ပြင်ပေးလိုက်ပါပြီ မိုးမင်းသားရေ
    စိတ်မဆိုးပါနဲ့ စိတ်စွဲသွားလို့ပါ

  • အရီးခင်လတ်

    November 5, 2012 at 4:01 am

    မြန်မြန်တင်ပါဗျို့။
    မဟုတ်ရင် (အဖွား) မအုန်းရင် ဘာပြောသွားနိုင်တယ် ဆိုတာ စဉ်းစားရင်း ခေါင်းဖြူတော့မယ်။ 😆

  • Mon Kit

    November 5, 2012 at 9:59 am

    လေးပေါက်နော်…… ရွာသူ လုံမတို့.. မေဖါးဝါးတို့ကို အတုခိုးနဲ့… :hee:
    လူကို မျှော်လင့်ချက်တွေ ချန်ထားခဲ့ဒယ်….. 😆

  • uncle gyi

    November 5, 2012 at 10:43 am

    ဆရာမောင်ဆေးနီဆိုလို့အဟုတ်မှတ်ပါတယ်
    ကိုပေါက်ရဲ့ဆေးနီလုံးကမဏိကွမ်စားတဲ့ဆေးနီလုံးဖြစ်နေတာကိုး
    ချောင်းရိုးမြောင်းရိုးတိမ်ကောသွားမယ်
    မျိုးရိုးမတိမ်ကောဖူးလို့တော့မှတ်သားဖူးတာပဲကိုပေါက်ရေ
    ဝတ္ထုဖတ်ဖူးတဲ့ခေါင်းစဉ်ကလေးမှတ်မိတာက
    ငါတို့ခေတ်ကြမှညံ့ကြတော့မှာလားဆိုလာပဲ

  • Good™

    November 5, 2012 at 3:08 pm

    ဖတ်လို့ကောင်းတယ်။ ဒုတိယ ပိုင်း လား ဇာတ်သိမ်းပိုင်းလား စောင့်နေမယ်။
    ပို့ ဖတ်အပြီး မှာ မိန်းမ နောက်တစ်ယောက် ရ သွားရင် ဘယ်လို လုပ်ရမလဲ။

  • မိုး မင်းသား

    November 5, 2012 at 6:24 pm

    လေးပေါက်ရေ..
    ကျွန်တော် စိတ်ဆိုးလို ့ပြောတာ မဟုတ်ဘူး ။ စိတ်ဆိုး ဘူး .. စိတ်ဆိုးဘူး….

    :kwi:

    • စိတ်မဆိုးမှန်းသိပါ၏
      ကျနော်ကိုယ်တိုင်ကို မိုးမင်းသားလို့ဘဲ ရေးထားတာမှတ်နေတာ။
      နောက်မှ မိုးတိမ်ယံဖြစ်နေတာကို သိလိုက်တာ.။
      ကျေးဇူးတင်ပါ၏ မိုးမင်းသားပိုစ်လေးကိုဖတ်ပြီး အစက မင်းဒင် ဆိုတဲ့ကောင်လေးအကြောင်းရေးဘို့စဉ်းစားတာကနေ အခုလို ငယ်လွမ်းချင်းလေးဖြစ်လာခဲ့လို့

  • nozomi

    November 5, 2012 at 7:51 pm

    ကိုပေါက်ကြီး ရေ
    အပိုင်း ၂ ဖတ်ပြီးမှ အပိုင်း ၁ ပြန်ဖတ်ရတယ်
    စ ဖတ်ကတဲ က စိတ်က ပါသွားတာ အဆုံးကျမှ ဟင်း ချ နိုင်တယ်
    အပိုင်း ၃ လဲ စောင့်ဖတ်နေပါ့မယ်

  • Mr. MarGa

    November 7, 2012 at 4:43 pm

    လေးပေါက်
    ဆေးနီလုံး ဆိုတာ ဘာကို ပြောတာလဲမသိဘူး
    နာမည်ပြောင်ဆိုတော့ ဘာက်ို ကြည့်ပြီး ပေးထားတာလဲဟင်
    သိချင်လို့ မေးတာပါနော် စိတ်ဆိုးနဲ့

Leave a Reply