ကြို့ထိုးတာကို ရပ်စေလိုလျှင်

ခင္ခNovember 3, 20121min46527

ကြို့ထိုးတာကို ရပ်စေလိုလျှင်

ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကိုစိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်းတွေထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။

၁) အချိုစားပါ
ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။

၂) နားထဲ လက်ချောင်းထည့်ပါ
နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁ဝ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ ဆောင်ရွက်ဖို့တော့ လိုပါတယ်။

၃) ရုတ်တရက် ထိတ်လန့်အောင်လုပ်ပါ
သင်ကြို့ထိုးနေချိန်မှာ ရုတ်တရက် အံ့ဩစရာတွေ့တာ၊ လန့်သွားတာတွေက ကြို့ထိုးတာကိုရပ်တန့်စေ ပါတယ်။

၄) ရေများများသောက်ပါ
ရေကို အသက်မရှူဘဲ ဆက်တိုက် သောက်လိုက်တာကြောင့် ကြို့ထိုးတဲ့ ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။

၅) လျှာကို ဆွဲထားပါ
ကြို့ထိုးနေချိန်မှာ သင့်လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ ဆွဲထားတာကလည်း ကြို့ထိုးတာကို ရပ်တန့်သွား စေပါတယ်။

၆) သင့်အာခေါင်ကို နှိုးဆွပေးပါ
ဂွမ်းစအနည်းငယ်ကို သင့်အာခေါင်နားမှာ ထားပေးပါက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

၇) အသက်ရှူ အောင့်ထားပါ
သင့်နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ရေထဲကို ခုန်ဆင်းသလိုမျိုး ခဏတာ အသက်ရှူအောင့်ထားပေးပါ။ ကြို့ထိုး တာ ရပ်တန့်သွားစေပါတယ်။

၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ
စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ် လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာ စေပြီး ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

၉) လေဆေးသောက်ပါ
မဂ္ဂနီဆီယမ်ပါဝင်တဲ့ လေဆေးသောက်ပေးတာက ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။ မဂ္ဂနီဆီယမ်က အာရုံကြော နှိုးဆွမှုတွေကို လျော့နည်းစေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ လေဆေးတစ်ပြား ဒါမှမဟုတ် နှစ်ပြားကို ဝါးစားပါ။

ဒါတွေကတော့ ကြို့ထိုးနေသူတစ်ဦး သက်သာပျောက်အောင် ပြုလုပ်နိုင်တဲ့ အလွယ်ဆုံးနည်းလမ်းလေးတွေပါ၊ ကြို့မထိုးအောင် စားသောက်သင့်ပုံလေးတွေကို ပြောပြရမယ်ဆိုရင်ဖြင့်-

၁) အစာကို ဖြည်းဖြည်း စားပါ
အစာကို မြန်မြန်စားတတ်သူတွေဟာ အစာကို ကြေညက်အောင် မဝါးဘဲ မျိုချတတ်ကြပါတယ်။ အစာကို မြန်မြန်စားတာက လေတွေခိုအောင်းနေစေပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။

၂) အစားအလွန်အကျွံစားတာကို လျှော့ပါ
အစာကို အလွန်အကျွံ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ပြည့်ကျပ်ပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာလျှော့စားတာက ကြို့ထိုးတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၃) အစပ်များသော အစာများကို ရှောင်ပါ
အစပ်များတဲ့ တချို့အစားအစာတွေက အစာရေမျိုနဲ့ အစာအိမ်နံရံတွေကို နှိုးဆွတာကြောင့် အစာအိမ်ထဲမှ အက်စစ်တွေ အပေါ်ကို ဆန်တက်လာတတ်ပါတယ်။ အစာရေမျိုဆီကို အက်စစ်တွေ ဆန်တက်လာက ကြို့ထိုး တာကို ဖြစ်စေပါတယ်။

၄) အရက်လျှော့သောက်ပါ
အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ အရက်ကို များများနဲ့ မြန်မြန်သောက်တာက ရုတ်တရက် အစာမကြေတာကို ဖြစ်စေပါတယ်။ အရက်က အစာအိမ်နဲ့ အူလမ်းကြောင်းကို နှိုးဆွတာကြောင့် အစာရေမျို ရုတ်တရက် ကျယ်သွားပြီး ကြို့ထိုးတာကို ဖြစ်စေလို့ပါ။

 

ကျွန်တော်တစ်ညနေ ထမင်းစားအပြီး ကြို့ထိုးနေတာမို့ အသက်ရှုအောင့်ပြီးနေလိုက်မှ ပျောက်သွားတာနဲ့ တစ်ခါတလေ ကြို့ထိုးနေရင် ဘာတွေအလွယ်တကူလုပ်ပြီး သက်သာစေလဲဆိုတဲ့ ဖတ်ဖူးတဲ့နည်းလေးတွေကို ဗဟုသုတအဖြစ် မျှဝေရေးပေးလိုက်ပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

27 comments

  •    

    November 3, 2012 at 2:34 pm

    ကျနော်ကတော့ တော်ယုံ သိပ်မထိုးတတ်ဘူး
    အဆာလွန်ပြီး စားမိတဲ့ တစ်ခါတလေလောက်ပဲထိုးတတ်တယ်
    ထိုးရင်လဲ ရေကို အသက်အောင့်ပြီး သောက်ရင် ပျောက်ကောဗျ
    တစ်ချို ့ကျတော့ ထိုးပြီးရင် တော်တော်နဲ ့ မပျောက်တတ်ဘူး..
    စာတစ်ခုထဲ ဖတ်ဖူးတာ ချိုင်းအောက်က အကြောတွေ နှိပ်ပေးရတယ် ဆိုဂလားပဲ..
    အွတ်ခ်စ်…အွတ်ခ်စ်…

    • ဘဲဥ

      November 3, 2012 at 3:07 pm

      ဟဲ့ ဟဲ့
      ညည်း ညနေပိုင်းတွေဆိုရင် တ ဂေ့ ဂေ့ နဲ့ ကျို့ထိုးနေတတ်တာလေ အဲ့လာ ဘာဆေးသောက်လိုက်ရင်ပျောက်တာလဲအေ့ 😀

      •    

        November 3, 2012 at 3:45 pm

        တက်တက်လာတဲ့ လေကို ဘီအီးနဲ ့ မျှောချလိုက်ရင် ပျောက်ကောအေ့
        အွတ်ခ်စ်..အွတ်ခ်စ်..

  • ရွာသူ jujuma .

    November 3, 2012 at 2:52 pm

    ကျေးဇူးပါ ..
    ကြို့ ထိုးနေပြီဆိုရင် ရေကိုအသက်အောင့်ပြီးသောက်လိုက်တာပဲ..
    ခုလိုနည်းမျိုးစုံသိရတော့ ပိုအဆင်ပြေတာပေါ့ဗျာ …

  • Good™

    November 3, 2012 at 2:56 pm

    ကျောင်းတက်တုံး က သူငယ်ချင်းမလေး တယောက် အဲဒီ ကျွတ်ထိုး တာ နံပါတ် (၃) နည်းနဲ့ ကု ပေးဖူးတယ်။
    ကို က တကယ် မသိဘဲ ပေါက် ကရ ပြော ပြီး အာရုံ ပြောင်း လိုက်တာ သူတကယ့် အဖြစ် နဲ့ တိုက်ဆိုင် နေတော့ အာရုံ ပြောင်း ရုံ တင် မက ဘူး စိတ်ဆိုးတဲ့ အထိ ဖြစ်သွား လို့ ၃ ရက် လောက် ကောက်သွား တယ်။ နောက် တော့ လဲ စိတ်ဆိုးပြေ ရုံ မက သူ ငယ်ချင်း ဆို တာ ခု ချိန် ထိအကြောင်းကြီးငယ် တိုင်ပင်ဖော် တိုင်ပင်ဖက် ပါဘဲ။

    ယောက်ကျားလေး အချင်းချင်း ဆိုရင်တော့ ဘယ်ရ မလဲ နဘမ်း ဖက်လုံး ပစ် လိုက်တယ်။

  • မောင်ပေ

    November 3, 2012 at 7:36 pm

    အရက် ၊ ဘီယာ သောက်သူများအနေနဲ ့
    အမြည်းစားတဲ့အခါ အရမ်းစပ်တဲ့ အမြည်းမျိုးကို မစားသင့်ပါဘူး
    အရမ်းစပ်တာမျိုးကို စားလိုက်တဲ့အခါ ကြို ့ထိုးတတ်ပါတယ်
    ဟုတ်ကဲ့
    ကျေးဇူးပါ
    ဟီဟိ

  • သကြားလုုံးကြော်

    November 3, 2012 at 10:49 pm

    ”၅)လျှာကို ဆွဲထားပါ” ဆိုုတာမျက်စိဘဲမြင်ကြည့်ရုုံနဲ့ ရီမဆုုံးလိုု့ ကြို့ထိုုးတာရပ်လောက်တယ်

  • သီဟသူရ တိမ်မည်း (ခေတ္တ-ရန်ကုန်)

    November 4, 2012 at 12:04 am

    လျှာကိုအပြင်ဆွဲထုတ်ပီး လူကိုလန့်အောင်လုပ်လိုက်ရင် ဘာဖြစ်သွားနိုင်လဲဟင်……..
    😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 4, 2012 at 3:06 am

    ကြို့ ထိုးတယ်ဆိုတာ အစာအိမ်ချဲ့တာဆို 💡

  • ဦးကြောင်ကြီး

    November 4, 2012 at 8:14 am

    ကျနော်ကတော့ ငရုတ်ကောင်းပါတဲ့ဟင်း စားမိရင် ကြို့ထိုးရောဗျို့…။ အသက်အောင့်ပြီး ရေသောက်တဲ့နည်း အလွယ်လုပ်လေ့ရှိတယ်။ မရတော့လည်း သူ့အတိုင်း မေ့မေ့ပျောက်ပျောက် ထားလိုက်ရင် ပြီးသွားတာပဲ။ အများနဲ့ ဆက်ဆံနေရတဲ့ အခါဆိုရင်တော့ သိပ်မနိပ်ဘူး…။ ဘုရားသခင် အလိုတော် အတိုင်းပေါ့ဗျာ… အာမင်..။

  • ကျနော်ကတော့ အမြန်စားတဲ့အကျင့်ရှိတော့ ကြို့ထိုးတတ်တယ်.
    တစ်ခါတော့ ကြု့ိထိုးလို့ရေသောက်လိုက်တဲ့အချိန်နဲ့ ကြို့ထိုးချိန်ထပ်တူကျသွားတော့
    အတော်လေး ဒုက္ခများသွားဘူးပါတယ်။
    နောက်တော့ကြို့ထိုးရင် ကျနော်မသိအောင် နောက်ကျောကို ပုတ်ခိုင်းလို်က်ပါတယ်။
    မကြာခဏဖြစ်လွန်းတော့ အစာကို ဖြေးဖြေး စားတဲ့ အကျင့်လုပ်ထားပါတယ်။

  • aye.kk

    November 4, 2012 at 10:59 am

    ကြို ့ထိုးနေတုံးအချိန်ပေါ့နော်
    သူငယ်ချင်းကမထင်မှတ်ဘဲ
    အသံကျယ်ကျယ်နဲ ့“ဟိတ်”ဆိုပြီး၊နောက်ကျောဘက်ခြမ်းကနေ
    အသံပြုလိုက်တော့ကြို ့ထိုးနေတာတချက်ထဲ“အောင်မယ်လေး”အော်မိပြီးလန် ့သွားတာ
    ကြို ့ထိုးနေတာတချက်ထဲရပ်သွားတယ်။(အတွေ ့အကြုံလေးပါ)

  • ကျုပ်ကတော့ ကြို့ထိုးရင် ..
    နံပါတ် ၄ နဲ့ နံပါတ် ရ နည်းတွေကို
    အသုံးပြုသဗျ ..
    နောက်ခါ ကြို့ထိုးရင်တော့ဖြင့်
    ကျန်တဲ့နည်းတွေပါ စမ်းသုံးကြည့်ရဦးမယ် ..
    ကျေးဇူး ..

  • kai

    November 4, 2012 at 1:04 pm

    ကြို့ထိုးရင်..ကြို့ထိုးတဲ့အကြောင်းရာကို.. ပြောင်းပြန်ဖတ်ကြည့်ရင်ရပ်သွားပါတယ်..
    ဥပမာ..
    “ထမင်းအမြန်စားလို့ကြို့ထိုး”တယ်ဆိုရင်…
    “ထိုးကြို့လို့စားမြန်အမင်းထ” လို့စိတ်ထဲတွေးပြီး.. စိတ်ထဲကပြန်ဖတ်ကြည့်ပါ.. :kwi:

    • ဘဲဥ

      November 4, 2012 at 1:27 pm

      တဂျီးမင်းတူတော်မောင် ဘဲဥ
      ဥဘဲ မောင်တော်တူမင်းဂျီးတ :mrgreen:

  • myanmarcitizen

    November 4, 2012 at 5:37 pm

    ၄) အရက်လျှော့သောက်ပါ အဲ့အချက်ကြီးမထဲ့ပါနဲကလားဂျာ 🙂

    • myanmarcitizen

      November 4, 2012 at 5:40 pm

      ငါ့နှယ် မြန်မြန်ရိုက်ခါမှပဲမှားပြန်ပြီ။ shift + u ကိုနှိပ်ကာမှပဲ shift ကမမိလိုက်ဘူး။ ဟိုသူတွေတော့ ဝိုင်းအော်ကြတော့မှာပဲ ခေါ်ပြန်ပြီဆိုပြီးတော့ 🙂

  • nicolus agral

    November 4, 2012 at 7:12 pm

    ၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ
    စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ် လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာ စေပြီး ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။

    အဲဒီနည်းအဆင်ပြေဆုံးပဲထင်တယ်
    ဒီနည်းက ရင်ခေါင်းနဲ ့ဝမ်းခေါင်းကိုခြားထားတဲ့ diaphragm ကြွက်သားရဲ ့လှုပ်ရှားမှုကိုထိမ်းစေပြီး
    ကြို့ထိုးတာကို သက်သာစေပါတယ်။

  • အလင်းဆက်

    November 4, 2012 at 8:35 pm

    တားတားကတော့..ကြို ့ထိုး ရင်…
    အနှီး စ…က ချည်စကလေးတစ်စ ဆွဲ ထုတ်ပြိး..တံတွေးလေး ဆွတ်..လုံးထွေးပြီး..
    န ဖူး မှာ ကပ် ထားလိုက်တာပဲ ။

    ကလေး.ဆ.ိုတော့လေ…
    🙂

  • ကို သာ

    November 5, 2012 at 8:30 am

    ရေခဲတုန်းအနေတော်ကို ခဏငုံထားယင်လည်း ပျောက်တတ်တာတွေ.ဖူးပါတယ်။

  • ကိုခင်ခ

    November 5, 2012 at 9:30 am

    ကွန်မန့်ပေးကြသောသူများအားလုံးကို ကျေးဇူးပါ။
    ( + )လေးတွေပေးကြသူတွေကိုလည်း ကျေးဇူးတင်မိသလို ( – ) နုတ်ခမ်းနီပြုသူတွေကိုတော့
    ခင်ခကလည်း နုတ်ခမ်းလေးနဲ့ ဝမ်းသာ kiss ပါ။

    • ရွာသူ jujuma .

      November 5, 2012 at 11:24 am

      နီတော့ဘူးနော် ….. ဖြူပေးလိုက်ပီ … :kwi:

  • ပန်းစံပါယ်

    November 5, 2012 at 11:46 am

    ကြို့ထိုးရင် ကျမသုံးတဲ့နည်းလေးကတော့ ရေကို ဟင်းရည်သောက်တဲ့ပုံစံမျိုးနဲ့သောက်တာပါ။ ချက်ချင်းပျောက်ပါတယ်။ ရေသောက်တဲ့ပုံစံနဲ့ ဟင်းရေသောက်တဲ့ပုံစံ သေချာသတိထားမိရင် မတူပါဘူး။

    • ဘဲဥ

      November 5, 2012 at 2:48 pm

      ဟုတ်တယ်
      ဟင်းရည် သောက်တာက ရှလူး……… ဆိုပီးဒေါ့ အားရပါးရသောက်ပလိုက်တာ 😀

  • သမီးကတော့ ကြို့ထိုးရင် အသက်အောင့်ပြီး ရေကို (၇)ကျိုက်သောက်ပစ်လိုက်တယ်…ပျောက်တဲ့အခါလည်းရှိ၊ မပျောက်လို့ ထပ်သောက်ရတဲ့အခါလည်းရှိပေါ့…
    အခုတော့ (၉)နည်းတောင်သိသွားပြီဆိုတော့ အေးဆေးဖြစ်သွားပြီ… ကျေးဇူးပါလေးလေး…

    အင်း…ကြို့မထိုးအောင် စားသောက်နည်းမှာ စားနည်း (၃)နည်း၊ သောက်နည်း (၁)နည်း ပေးထားတဲ့သကာလ…သောက်နည်း (၁)နည်းသာ မသောက်သောကြောင့် အဆင်ပြေပြီး စားနည်း(၃)နည်းမှာတော့ သမီးနဲ့ ကွက်တိကို ဖြစ်နေပါတယ်… :mrgreen:

  • မမလေး

    November 8, 2012 at 2:17 am

    အသက်အောင့်ပြီး ရေ ရ ငုံသောက်ရင်လည်း ပျောက်ပါတယ် … နားထဲလက်ထည့်တာက နားကို သေသေချာချာ မကြားရအောင်ပိတ်ရတယ်လို့ ပြောပါတယ်ရှင့်

Leave a Reply