ဂျော့အိုဝဲ ခြေရာကောက်

မြန်မာပြည်မှ ဂျော့အိုဝဲ ရှာပုံတော်ခရီး

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ဝ၄ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၁၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။           ။ ကမ္ဘာကျော် ဗြိတိသျှ စာရေးဆရာ ဂျော့အိုဝဲ George Orwell ၏ မြန်မာပြည်တွင်း
ခြေရာကောက် ခရီးစဉ်တခုကို ၂၀၁၂ ခုနှစ်၊ ဆောင်းရာသီအတွင်း စတင်ရန် ခရီးသွားလုပ်ငန်းတခုဖြစ်သည့် Slow Burma Travel က စီစဉ်နေသည်။

George-Orwell-bookစာရေးဆရာကြီး ဂျော့အိုဝဲ သည် ကိုလိုနီ မြန်မာပြည်တွင် ရဲအမှုထမ်းအဖြစ် ၁၉၂ဝ စုနှစ်များက နေထိုင်ခဲ့ဖူးသည့် စစ်ကိုင်းတိုင်း၊ ကသာမြို့ထိ ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆန်တက်ကြမည့် ခရီးစဉ်တွင် ခရီးသွားစာပေပညာရှင် Keith Lyons နှင့် သမိုင်းပညာရှင် Robert Percival တို့က ဦးဆောင်မည်ဖြစ်ဟု e-Travel Blackboard အင်တာနက် စာမျက်နှာတွင် ဖော်ပြပါရှိသည်။ ယဉ်ကျေးမှုနှင့် စာပေအမွေအနှစ်များ ကြွယ်ဝသည့် မြန်မာပြည်အား လေ့လာလိုသူ များ ထိုခရီးစဉ်တွင် လိုက်ပါနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံဖွား ဂျော့အိုဝဲသည် ကမ္ဘာကျော် သရော်စာ ‘Animal Farm’  (ခြေလေးချောင်း တော်လှန်ရေး – သခင်ဘသောင်း မြန်မာပြန်)နှင့် ‘Nineteen Eighty Four’ စာအုပ်များ ရေးသားခဲ့သည်။

၎င်း၏အဆိုအရ “နယ်ချဲ့အင်ပါယာ၏ ညစ်ညမ်းကမ္ဘာ” အား ငါးနှစ်တာ အမှုတော် ထမ်းပြီးနောက် ၁၉၂ရ ခုနှစ်တွင်
မြန်မာပြည်မှ ပြန်လည်ထွက်ခွာခဲ့သည်။ ထို့နောက်ပိုင်း ၎င်းရေးသားသော စာများတွင် မြန်မာပြည်အတွေ့အကြုံများက ရုက်ခတ်ခဲ့ပြီး ထိုအတွေ့အကြုံများကို ‘Burmese Days’ ဟူ၍ ဝတ္ထုကြီးတပုဒ် ရေးသားခဲ့သေးသည်။

အဖွားဖြစ်သူ နေထိုင်ခဲ့သည့် မော်လမြိုင်မြို့ တည်ရှိရာ မြန်မာနိုင်ငံသို့ ၁၉၂၂ ခုနှစ်က ရောက်ရှိလာကာ မန္တလေး ပုလိပ်ကျောင်း၊ မေမြို့၊ မြောင်းမြ၊ သံတွဲ၊ သံလျင်၊ အင်းစိန်နှင့် ကသာ မြို့များတွင် ပုလိပ်အရာရှိအဖြစ် အမှုထမ်းခဲ့ပြီး ကသာတွင် တုပ်ကွေးရောဂါ ခံစားလာရပြီး အင်္ဂလန်သို့ ဆေးခွင့်ဖြင့် ပြန်သွားခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်မလာတော့ဘဲ အလုပ်ထွက်ကာ စာရေးဆရာတဦးအဖြစ် ဂျော့အိုဝဲ ကလောင်အမည်ဖြင့် အသက်မွေးခဲ့သည်။
Slow Burma Travel ၏ အစီအစဉ်တွင် ဂျော့အိုဝဲ နေထိုင်ခဲ့ရာ မန္တလေး၊ မေမြို့၊ ကသာ တို့အပြင် လူသူအလာနည်း
ရာ လီဒိုလမ်းမကြီးနှင့် ရှမ်းပြည်နယ်ခရီးစဉ်တို့လည်း ပါဝင်ကာ နိုဝင်ဘာလ မီးပုံးပျံပွဲတော်သို့လည်း သွားရောက်မည်ဟု ဆိုသည်။

————————————————

၂ဝ၁၂ခု၊ အောက်တိုဘာ ၄ရက်နေ့ထုတ်၊ မဇ္ဈိမသတင်းဌာန ဝက်ဆိုက်မှာ ဖတ်လိုက်ရတဲ့  သတင်းတစ်ပုဒ်ကတော့ အထက်ပါအတိုင်းဖြစ်ပါတယ်။

ဂျော့အိုဝဲ ရဲ့ ဘဝခရီးစဉ်ကို ဆက်လက်ပြီး ခြေရာကောက်ရမယ်ဆိုရင် …

ကမ္ဘာတစ်ဝှမ်းလုံးမှာ ခေတ်အဆက်ဆက်ထွက်ပေါ်ခဲ့တဲ့ အနုပညာလက်ရာစာအုပ် အရေအတွက် ဘယ်လောက် ရှိနိုင်မလဲ၊ သင်ခန့်မှန်းနိုင်ပါသလား။ ဘီလီယံချီနေတဲ့  စာအုပ်ပေါင်းများစွာထဲကမှ ကမ္ဘာ့အကောင်းဆုံးစာအုပ် ၁ဝဝ ထဲမှာ အခိိုင်အခံ့ စာရင်းဝင်နိုင်ဖို့ ဘယ်လိုကြိုးပမ်းအားထုတ်မှုမျိုး၊ ဘယ်လိုပေးဆပ်မှုမျိုးကို စာရေးဆရာဘက်က ဒုက္ခခံထားရနိုင်မလဲ သင်မှန်းဆမိပါသလား။ ကမ္ဘာသိစာရေးဆရာတစ်ယောက်ရဲ့ဘဝကို ခြေရာ ကောက်လိုက်တဲ့အခါမှာ … တကယ်တော့ မြန်မာပြည်မှ ဂျော့အိုဝဲ ရှာပုံတော်ခရီးဆိုတာထက် ဂျော့အိုဝဲရဲ့ ဘဝခရီးစဉ်ရှာပုံတော်ကသာလျှင် သူ့ဘဝကို ပိုလှစ်ဟပြနိုင်ပါလိမ့်မယ်။

ဂျော့အိုဝဲဟာ တကယ်တော့ ကလောင်အမည်ပါ။ သူ့ရဲ့အမည်ရင်းက  Eric Arthur Blair   ဖြစ်ပါတယ်။ (ဖတ်ရလွယ်ကူအောင် ဒီဆောင်းပါးထဲမှာ အိုဝဲ  လို့ပဲရေးပါမယ်) ၁၉ဝ၃ ခု၊ ဇွန်လ ၂၅ရက်နေ့မှာ သူ့ကိုမွေးဖွားခဲ့ပါတယ်။ အိုဝဲ ရဲ့ဘိုးအေကြီးက ဒိုဆက်မှာ သူကြွယ်တစ်ဦးဖြစ်ခဲ့ပေမယ့် အိုဝဲ တို့လက်ထက်အထိ ဥစ္စာဓနကဆင်းသက်မလာခဲ့ပါဘူး။ အိုဝဲ ရဲ့ဖခင်    R.W.Blair   ကအိနိ္ဒယအစိုးရ၊ မူးယစ်ဆေးဝါးဌာနမှာ အလုပ်လုပ်ပြီး မိခင်  Ida Mable Blair   ကတော့ မြန်မာပြည်မှာကြီးပြင်းခဲ့သူပါ။

အိုဝဲ တစ်နှစ်သားအရွယ်မှာ မိခင်   Ida   က  အင်္ဂလန် ခေါ်ဆောင်သွားခဲ့ပြီး အိုဝဲ ငါးနှစ်သားမှာ ကက်သလစ်ကွန်ဗင့်ကျောင်းအပ်ခဲ့ပါတယ်။ ကျောင်းသားဘဝကတည်းက အိုဝဲဟာ ကဗျာနှစ်ပုဒ်ရေးပြီး လက်စွမ်းပြနိုင်ခဲ့သူပါ။ သူ့ရဲ့ကဗျာနှစ်ပုဒ်ဟာ ဒေသတွင်းသတင်းစာထဲ ဖော်ပြခံရရုံတင်မက ကျောင်းပြင်ပ လေ့လာသူများရဲ့ ချီးမွမ်းမှုကိုပါခံယူရရှိခဲ့ပြီး အထင်ကရ ကျောင်းကြီးနှစ်ကျောင်းဖြစ်တဲ့ ဝယ်လင်တန် နဲ့ အီတန်ကျောင်းတက်ဖို့ ပညာသင်ဆုရရှိခဲ့ပါတယ်။ ဝယ်လင်တန်ကျောင်းမှာ သင်ရိုးတစ်ခုတက်ခဲ့ပြီး ဘုရင့်ကျောင်း ဖြစ်တဲ့ အီတန်မှာ ၁၉၂၁ ခုထိပညာသင်ခဲ့ပါတယ်။

ဂျော့အိုဝဲ ပညာသင်ပြီးလို့ အလုပ်ရှာတဲ့အခါ မြန်မာပြည်၊ မော်လမြိုင်မှာ အဖွားရှိတာကြောင့် မြန်မာပြည်မှာအလုပ်လုပ်ဖို့ အိုဝဲ  ကိုယ်တိုင် ရွေးချယ်ခဲ့ပါတယ်။ မြန်မာပြည်က   Indian  Imperial Police  နဲ့ဆက်သွယ်ဖို့    ၁၉၂၂ ခုမှာ သင်္ဘောပေါ်တက်၊ စူးအက်တူးမြောင်းကိုဖြတ်၊ တစ်လအကြာမှာ ရန်ကုန်ရောက်၊ ပြီးတော့ မန္တလေးတက်လာခဲ့တယ်။ မေမြို့မှာ ယာယီတာဝန်ကျပြီး မြောင်းမြကိုပြောင်းရွှေ့အမှုထမ်းရပါသေးတယ်။ ၁၉၂၆ ခုရောက်မှ အဖွားရှိရာ မော်လမြိုင်ကိုပြောင်းရွှေ့နေနိုင်ပြီး တဖန် ကသာ ကိုပြောင်းရပြန်တယ်။ မြန်မာပြည်မှ ဂျော့အိုဝဲရဲ့ ရှာပုံတော်ခရီးဆိုပါတော့။

ကသာတွင် အိုဝဲ နေထိုင်ခဲ့သော ဘိုတဲ (ထိုစဉ်က အပေါ်ထပ်မပါ)

၁၉၂ရ ခုမှာ တုပ်ကွေးမိပြီး အင်္ဂလန်ပြန်ရောက်လာတဲ့အခါမှာတော့ အိုဝဲဟာ စာရေးဆရာဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် အခိုင်အမာနဲ့ အလုပ်ထွက်ခဲ့ပါပြီ။ သူကြည်ညိုတဲ့စာရေးဆရာကြီး   Jack London   ရဲ့ နည်းလမ်းအတိုင်း အိုဝဲ ဟာ ရှာရှာဖွေဖွေစွန့်စားခန်းတွေလုပ်ခဲ့တယ်။  အခြေအနေမဲ့ ဆင်းရဲသားတစ်ယောက်လို ဝတ်စားပြီး လန်ဒန် ဆင်းရဲသားကျူးကျော်ရပ်ကွက်တွေထဲ ကျင်လည်တယ်။ ၁၉၂၈ခု နွေဦးမှာ ပဲရစ်ကို ပြောင်းရွှေ့ပြီး ဆင်းရဲသားတွေနဲ့ တစ်တန်းတည်းနေ၊ စာအုပ်ရေးဖို့ကြိုးစားတော့ အဒေါ်လုပ်သူက ငွေရေး ကြေးရေး ထောက်ပံ့ခဲ့တယ်။ ၁၉၂၉ မှာ အိုဝဲ  အပြင်းအထန်ဖျားတယ်။ ဖျားပြီးဘာမှမကြာ တည်းအိမ်ကသူပိုင်ငွေ အခိုးခံရပြန်တယ်။ ဂျော့အိုဝဲ   ဆိုတဲ့ ကမ္ဘာကျော်စာရေးဆရာလောင်းလျာလေး ဟာ ဟိုတယ်မှာ ပန်းကန်ဆေး အလုပ်ထိလုပ်ခဲ့ရတယ်။

ဒီလိုနဲ့   Adelphi  မဂ္ဂဇင်းမှာ မှန်မှန်ရေးသားရင်း ၁၉၃၁ မှာ  A Hanging   ဆိုတဲ့လက်ရာတစ်ခုရယ်၊ ၁၉၃၂ မှာ  Clink    ဆိုတဲ့အက်ဆေးရယ် ထွက်ပေါ်ခဲ့ပါတယ်။ တကယ်တော့    Down  and  Out  in  Paris  and  London  ဆိုတဲ့လက်ရာကို ၁၉၃၃ ခုမှာထုတ်ဝေတဲ့အခါမှာမှ ကလောင်အမည်     George  Orwell   ကိုယူခဲ့ခြင်းဖြစ်ပါတယ်။   အိုဝဲ ဟာ   Burmese  Days   ကိုရေးနေစဉ်မှာပဲ ဂျာနယ်လစ်အဖြစ် ပိုမိုအောင်မြင်ခဲ့ပါတယ်။

၁၉၃၆ ခုမှာ O’Shaughnessy   နဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ စပိန်ပြည် နိုင်ငံရေးတင်းမာမှု ပေါ်ပေါက်ခဲ့တဲ့အတွက် အိုဝဲဟာ စပိန်ပြည်တွင်း မရရအောင်ဝင်ပြီး ရီပတ်ဗလီကင်တို့ဘက်မှ စေတနာ့ဝန်ထမ်းဝင်တိုက်တဲ့အခါ လည်မျိုကို ကျည်ဆံထိပြီး ကံကောင်းလို့မသေခဲ့ပါ။ ဇနီးမောင်နှံနှစ်ဦး အဖမ်းခံရမယ့်ဘေးကနေ သီသီကလေးလွတ်ပြီး စပိန်ပြည်တွင်းမှထွက်လာနိုင်ခဲ့တယ်။ ၁၉၄၃ မှာ   Tribune  မဂ္ဂဇင်းကြီးရဲ့ စာပေဆိုင်ရာအယ်ဒီတာအဖြစ် အိုဝဲ အလုပ်ခန့်အပ်ခြင်းခံရပြီး စာပေဝေဖန်ရေးပေါင်း ၈ဝ ကျော်ကိုရေးသားခဲ့ပါတယ်။

တကယ်တော့ အိုဝဲဟာ နိုင်ငံရေးသမားပါ။ တစ်သက်လုံးနိုင်ငံရေးလုပ်လာခဲ့တဲ့လူ၊ နိုင်ငံရေးစာပေကို သရော်စာ အဖြစ်ရေးခဲ့တဲ့လူပါ။

Animal  Farm

၁၉၄၄ ဧပြီလမှာ အိုဝဲရဲ့ Animal  Farm  ကို ထုတ်ဝေဖို့ အသင့်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် သူ့စာအုပ်ကိုထုတ်ဝေဖို့    Gallancz    ကပယ်ချသလို တခြားထုတ်ဝေသူတွေကလည်း ပယ်ချတယ်။    Jonathan  Cape   တစ်ဦးတည်းသာ ထုတ်ဝေဖို့သဘောတူခဲ့တယ်။ ၁၉၄၄၊ ဇွန်လမှာ အိုဝဲရဲ့အိမ် ဗုံးစာမိတာကြောင့် အိုဝဲခမျာ နေစရာရှာဖွေရ၊ အပျက်အစီးပုံကြားထဲက စာအုပ်တွေပြန်ကောက်ပြီး လည်တွန်းလှည်းနဲ့သယ်ရနဲ့ ဒုက္ခရောက်နေချိန်မှာ Cape  က စိတ်ပြောင်းပြီး စာအုပ်မထုတ်တော့ပြန်ပါဘူး။ ၁၉၄၅ မတ်လမှာ အိုဝဲရဲ့ ချစ်ဇနီး ဆေးရုံတက် ခွဲစိတ်ကုသရာမှ ကွယ်လွန်ခဲ့ပါတယ်။ အိုဝဲရဲ့ Animal  Farm   ကို ၁၉၄၅ ဩဂုတ်လရောက်မှ   ဗြိတိန်မှာ ထုတ်ဝေနိုင်ခဲ့ပြီး စစ်ပြီးခေတ်ရဲ့ ရသမြောက်စာအုပ်အဖြစ် ကမ္ဘာတဝှမ်းအောင်မြင်မှုရခဲ့တယ်။ အင်မတန် နာမည်ကြီးတဲ့စာအုပ်တစ်အုပ် ရဲ့ ခယောင်းလမ်းလို့ခေါ်ရပါမယ်။

အဲဒီစာအုပ်ကို သခင်ဘသောင်းက ”ခြေလေးချောင်းတော်လှန်ရေး” ဆိုပြီး မြန်မာဘာသာပြန်ခဲ့တာ အင်မတန် ဖတ်ကောင်းပါတယ်။ ‘သခင်အစ ဘသောင်းက’ ဆိုတဲ့ သခင်ဘသောင်းရဲ့ ဘာသာပြန်အစွမ်းဟာလည်း တကယ့် အံ့မခန်းပါပဲ။ စာအုပ်ကို   A Fairy Story  လို့ ခေါင်းစဉ်တပ်ထားပေမယ့် နတ်သမီးပုံပြင် မဟုတ်၊ နိုင်ငံရေးသရော်စာပါ။

ဂျော့အိုဝဲရဲ့ နာမည်ကျော်စာအုပ်ဖြစ်တဲ့   Burmese  Days   ကိုတော့ မောင်မြင့်ကြွယ်က ”မြန်မာပြည်မှ နေ့ရက်များ” ဆိုပြီး ဘာသာပြန်ခဲ့ကာ ယခု ၂ဝ၁၂ခု၊ ဇွန်လမှာ မှ စာအုပ်ထုတ်ဝေခဲ့ပါတယ်။

၁၉၈၄  (ကမ္ဘာ့အကောင်းဆုံးစာအုပ် ၁ဝဝ စာရင်းဝင်)

အိုဝဲ မဆုံးခင် နောင်လေးနှစ်တာကာလအတွင်း အိုဝဲဟာ    Tribune,  Observer,  Manchester Evening  News    တို့မှာ အဓိကရေးသားနေပြီး သူ့ရဲ့အကောင်းဆုံးလက်ရာ ”၁၉၈၄” ကို ရေးသားနေခဲ့ပါတယ်။    တကယ်တော့ အဲဒီအချိန်မှာ စာရေးဆရာကြီးဟာ အဆုတ်နာရောဂါကို ခံစားနေရပါပြီ။ ၁၉၄ရ ခု၊ ဆေးရုံတက်မှ သူ့ရောဂါ တီဘီဖြစ်မှန်း ရောဂါဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၁၉၄၈၊ ဒီဇင်ဘာမှာ ” ၁၉၈၄”   လက်ရေးစာမူ အပြီးသတ်နိုင်ခဲ့ပြီး ၁၉၄၉ ဇန္နဝါရီမှာ အလွန်ချိနဲ့တဲ့ အနေအထားနဲ့ ဆေးကုဌာနကိုရောက်ရှိခဲ့ရပါတယ်။ ၁၉၄၉ ခု၊ ဇွန်လမှာ ”၁၉၈၄” ကိုထုတ်ဝေလိုက်တာနဲ့ ဝေဖန်ရေးဂယက်ရိုက်ခဲ့တယ်။ ကမ္ဘာ့အကောင်းဆုံးစာအုပ် ၁ဝဝ စာရင်းထဲ အိုဝဲရဲ့ ၁၉၈၄ ဟာ ဂုဏ်သိန်ကြီးစွာ လျှမ်းလျှမ်းတောက်နေရာယူနိုင်ခဲ့ပေမယ့် စာရေးဆရာကြီးခမျာမှာတော့ ၁၉၅ဝခု၊ ဇန္နဝါရီ ၂၁ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

တစ်ပါတီအာဏာရှင်စနစ်ကို သရော်ထားတဲ့  ၁၉၈၄  စာအုပ်ဟာ တကယ့်တန်းမြင့်စာအုပ်ဖြစ်ပြီး ရုတ်တရက်  စဖတ်ဖတ် ချင်းမှာ ဘာမှသိမှာမဟုတ်ပါဘူး။ စာအုပ်အလယ်လောက်ရောက်မှ တဖြည်းဖြည်းအံ့ဩလာရပြီး စာအုပ်အဆုံးမှာ စာရေးဆရာရဲ့ ဉာဏ်ရည်ကို လက်ဖျားခါသွားရမယ့်စာအုပ်မျိုးဖြစ်ပါတယ်။

———————————

စာရေးဆရာကြီးရဲ့ စိတ်အနေကို သိရသလောက်လေး ပြောပြရမယ်ဆိုရင် အိုဝဲ ငယ်စဉ်က ဘူဒီကွန်မိသားစု နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ အိုဝဲရဲ့ ငယ်သူငယ်ချင်း ”ဂျက်စင်သာ ဘူဒီကွန်” နဲ့ အိုဝဲ ပထမဆုံးတွေ့ဖူးချိန်က အိုဝဲဟာ မြက်ခင်းပေါ်မှာ ကင်းမြီးကောက်ထောင်နေပါတယ်။ သူ့အပြောအရတော့ ”မတ်တတ်ရပ်နေတာထက် ကင်းမြီးကောက်ထောင်တာက လူပိုသတိထားမိတာပေါ့” တဲ့။ အိုဝဲဟာ ၁၉၄၉ သေကာနီးအချိန်ထိ ကလေးဘဝ သူငယ်ချင်း ဂျက်စင်သာဘူဒီကွန် အပါအဝင် ငယ်ပေါင်းမိတ်ဆွေများထံ စာရေးဆက်သွယ်နေဆဲဖြစ်ပါတယ်။

အိုဝဲဟာ အင်မတန်ဆေးလိပ်သောက်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း မပြေပြစ် ပါဘူး။ လူက ကလန်ကလားနဲ့ စားပွဲပေါ်က ပစ္စည်းတွေ ခဏခဏတိုက်ချတတ်တဲ့ လူစားမျိုးပါတဲ့။ ပြီးတော့ သူ့ကိုယ်သူ ဖိုးစွံလို့လည်း အထင်ရောက်နေပြန်သေးတယ်။ ဒါကြောင့် ပထမဇနီး ဆုံးပြီး ၁၉၄၅ ခုကနေ ၁၉၄၆ ခုအထိ အမျိုးသမီး မနည်းမနောကို သူက ချစ်ခွင့်တွေပန်လိုက်ပါသေးတယ်။ တစ်ယောက်မှ မရခဲ့ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေတွေအပေါ်ထားတဲ့ အိုဝဲရဲ့ သံယောဇဉ်ထက် ပိုအံ့ဩစရာကောင်းတာကတော့ အိုဝဲ ရဲ့ ဒုတိယအိမ်ထောင်ရေးပါ။ အိုဝဲဟာ တီဘီရောဂါနဲ့ လန်ဒန်က University  College  Hospital   ကို မပြောင်း ရွှေ့မီကလေးမှာ    Sonia  Brownwell    နဲ့ ဒုတိယအကြိမ် လက်ထပ်ခဲ့ပါတယ်။ ၁၉၄၉ ခု၊ အောက်တိုဘာလမှာ  ဆေးရုံခန်းလေးထဲ မင်္ဂလာပွဲလေး ကျင်းပခဲ့တာပါ။ လက်ထပ်ပြီး သုံးလအကြာ၊ ၁၉၅ဝ ခု၊ ဇန်နဝါရီ ၂၁ ရက်နေ့မှာ အိုဝဲ ကွယ်လွန်ပါတယ်။    Sonia   ဟာ အိုဝဲ မဆုံးခင်နောက်ဆုံးအချိန်ထိ ဆေးရုံကို ဝီရိယ ရှိရှိ မှန်မှန်လာပြီး အိုဝဲကို အစွမ်းကုန်ပြုစုခဲ့ပါတယ်။

သေကာနီးလူမမာကို လက်ထပ်ရဲခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ စိတ်ထားကို ဘယ်လိုဖွင့်ဆိုရမလဲ။ အိုဝဲလို ယောက်ျားမျိုးအတွက် ဘာမဆို အနစ်နာခံလုပ်ကိုင်ပေးမယ့် အမျိုးသမီးတစ်ဦးရှိနေမှာ မဆန်းဘူးလို့ဆိုရမလား။ ဒါမှမဟုတ် အဓိပ္ပါယ်ဖော်ရခက်ခဲလွန်းတဲ့ အချစ်ရဲ့ဆန်းကြယ်မှု၊  အချစ်ရဲ့ ခမ်းနားကြီးကျယ်မှု  လို့ ခေါ်ရမလား။ ကမ္ဘာ့အကောင်းဆုံးစာအုပ် ၁ဝဝ စာရင်းဝင်အောင်ရေးသားနိုင်ခဲ့တဲ့ လူတော်တစ်ယောက်ရဲ့ ဘဝကိုခြေရာကောက်လိုက်မယ်ဆိုရင်…

”စာရေးဆရာတစ်ယောက်ဖြစ်လာဖို့ သူ့မှာ သေလုမျောပါး ရုန်းကန်ခဲ့ရတယ်။ ကျရှုံးခဲ့ရတာတွေ၊ အနှိမ်ခံခဲ့ရတာတွေ၊ ဆင်းဆင်းရဲရဲနေခဲ့ရတာတွေကို သူ့စာတွေထဲမှာ တိုက်ရိုက်ရေးပြတာမျိုး မရှိသလောက်ပါပဲ။ ဆင်းရဲသားရပ်ကွက်တွေထဲမှာ နေခဲ့ရတုန်းကထက် အဲဒီအတွေ့အကြုံတွေကို စာပေအဖြစ်အသက်သွင်းတော့မှ သူဟာ သွေးချွေးနဲ့ ဝေဒနာတွေကို ပိုပေးဆပ်ခဲ့ရတယ်” လို့ နောင်သောအခါမှာ ဂျော့အိုဝဲ နဲ့ပတ်သက်ပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်။   ။

ဝင့်ပြုံးမြင့် (၄.၁၁.၂၀၁၂)

 

 

 

 

23 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 4, 2012 at 3:30 am

    ( ”စာရေးဆရာတစ်ယောက်ဖြစ်လာဖို့ သူ့မှာ သေလုမျောပါး ရုန်းကန်ခဲ့ရတယ်။
    ကျရှုံးခဲ့ရတာတွေ၊ အနှိမ်ခံခဲ့ရတာတွေ၊ ဆင်းဆင်းရဲရဲနေခဲ့ရတာတွေကို သူ့စာတွေထဲမှာ
    တိုက်ရိုက်ရေးပြတာမျိုး မရှိသလောက်ပါပဲ။ ဆင်းရဲသားရပ်ကွက်တွေထဲမှာ နေခဲ့ရတုန်းကထက်
    အဲဒီအတွေ့အကြုံတွေကို စာပေအဖြစ်အသက်သွင်းတော့မှ သူဟာ သွေးချွေးနဲ့ ဝေဒနာတွေကို
    ပိုပေးဆပ်ခဲ့ရတယ်” လို့ နောင်သောအခါမှာ ဂျော့အိုဝဲ နဲ့ပတ်သက်ပြီး မှတ်တမ်းတင်ခဲ့ကြပါတယ်။ )
    ဒီစာလေးကို ဖတ်မိတော့ သဂျီးမင်းကို ကျေးဇူးတင်သဗျာ
    ကျုပ်ဖြင့် မကြောင့်မကျ စာရေးဆရာကြီးလုံးလုံးကိုဖြစ်လို့ :mrgreen:
    ( ဒါကြောင့် ပထမဇနီး ဆုံးပြီး ၁၉၄၅ ခုကနေ ၁၉၄၆ ခုအထိ အမျိုးသမီး မနည်းမနောကို
    သူက ချစ်ခွင့်တွေပန်လိုက်ပါသေးတယ်။ )

  • koyinmaung

    November 4, 2012 at 5:38 am

    မြန်မာနိုင်ငံမှာနေထိုင်ဖူးခဲ့တဲ့
    ကမာ္ဘကျော်စာရေးဆရာကြီး ဂျော့အိုဝဲအကြောင်း
    သိခွင့်ရတဲ့အတွက် ဆရာမပြုံးကိုကျေးဇူးတင်ပါတယ်…

  • ဦးကြောင်ကြီး

    November 4, 2012 at 7:29 am

    ဂျော့အိုဝဲ
    မျှော့ကိုဆွဲ
    ချော့ပိုကဲ
    ရော့ခ်ပျိုသဲ..။

    • မောင်ပေ

      November 6, 2012 at 8:31 pm

      ရော့်ခ်ပျိုသဲ
      ဆော့လျှိုထဲ
      မျှော့ညိုမဲ
      ရှော့ပိုဆွဲ
      ကော့သလိုပဲ

  • သကြားလုုံးကြော်

    November 4, 2012 at 8:24 am

    တိန်။ Animal Farm ရဲ့စာရေးဆရာက မြန်မာပြည်မှာနေခဲ့မှန်း အခုုမှသိတယ်။ အတော်တုုံးတဲ့ငါပဲ။ Animal Farm ထဲက နိုုင်ငံရေးတွေထဲမှာ ဘယ်လောက်ရာခိုုင်နှုန်းက မြန်မာနိုုင်ငံကိုု တင်စားထားတာလဲ သိချင်သား။ ကိုုလိုုနီခေတ်က နေခဲ့တာဆိုုတော့ မြန်မာနိုုင်ငံရေးထက် အင်္ဂလိပ်အစိုုးရနိုုင်ငံရေးပဲ ဖြစ်မယ်ထင်တယ်။

    • pooch

      November 4, 2012 at 7:51 pm

      ကျမလည်း ဖတ်ပြီး အဲ့ဒါလေး တွေးမိနေတာ သူပြောတဲ့ နိုင်ငံရေးက သူတို့ အစိုးရကို ညွှန်းချင်တာထင်ရဲ့ ။
      အဲ့ဒီ အချိန် ကျမတို့က ခေါင်းငုံနေရတဲ့ အချိန်ဆိုတော့လေ မဖတ်ဖူးတော့ မသိဘူး ဖတ်တော့ ဖတ်ချင်သား ရှာ ကြည့်ပါအုန်းမယ် ။

      သတင်းစကားအတွက်ရော ခုလို ကမာ္ဘကျော်စာရေးဆရာကြီးရဲ့ ဇစ်မြစ်ကိုပါ ဖော်ပေးတွဲ့အတွက် ကျေးဇူးပါ အမပြုံး။
      ကိုယ်လေးလက်ဝန်နဲ့ ဆိုတော့ ကလေးမျက်နှာများ မြင်နေပြီလားလို့ နေကောင်းရဲ့လား အမ။ ဂရုစိုုက်အုန်းနော်။

      ခေါင်းမြီးခြုံလေး ဖတ်ချင်လို့ အမ ။ အဆင်ပြေရင် အဆင်ပြေတဲ့အချိန်မှ ပို့ပေးပါအုန်းနော်။ ဒါမှ မဟုတ် စာအုုပ်ထွက်တယ် ဆိုလည်း စာအုပ်နာမည်လေး ပြောပေးပါလား ။ ဝယ်လိုက်မယ်လေ။

  • မိုး မင်းသား

    November 4, 2012 at 11:39 am

    အစ်မရေ…..

    နေကောင်းတယ်…မဟုတ်လား…..

    ဂျော ့အိုဝဲ….ရဲ ့ဓါတ်ပုံကိုအခုမှမြင်ဘူးသလို…..သူ ့အကြောင်း

    ကိုလည်းအခုမှသိရလို ့…ကျေးဇူးတင်ပါတယ်ခင်ဗျာ…..

    ကျန်းမာရေးကိုတော ့အထူးဂရုစိုက်စေချင်ပါတယ်…….

    ကျန်းမာပါစေ…….

    ချစ်ခြင်းမေတ္တာဖြင် ့

  • အလင်းဆက်

    November 4, 2012 at 6:29 pm

    ကျွန်တော်… မသိသေးတဲ ့
    အချက်အလက်တွေပဲ..
    စာရေးဆရာတစ်ယောက်ရဲ ့ ဘဝ မို ့…
    စိတ်ဝင်စားမိတယ် ။

    မမပြုံးရေ…

    သေသေချာချာ စနစ်တကျ တင်ပြ ထားတဲ ့ ပိုစ့်လေး..အတွက်…
    ဘယာကြော်ပါနော်။

    🙂

  • ဝင့်ပြုံးမြင့်

    November 4, 2012 at 11:00 pm

    ကိုအောင်ပု နဲ့ ကိုကြီးကြောင် — ကိုကြီးကြောင်တို့က နိုင်ငံရေးသမားတွေနော်။ ဉာဏ်လည်း တအားကောင်းတဲ့လူတွေ။ တကယ့်အထင်ကရနိုင်ငံရေးသမား ဂျော့အိုဝဲ ရေးတဲ့စာ ဖတ်ကြည့်စေချင်ပါတယ်။ အွန်လိုင်းမှာပဲ free ဖတ်လို့ရပါတယ်။ ရှာရလည်း လွယ်တယ်။ ကိုကြီးကြောင်တို့သာ ဖတ်ပြီးရင် အခု ပြုံးရေးတာထက် ပိုကောင်းအောင်ရေးနိုင်မှာ။
    ——-
    ကိုရင်မောင် ရေ- သူ့စာအုပ်တွေ အွန်လိုင်းမှာ အကုန် ဖရီးပေးထားတယ်။ အင်္ဂလိပ်လိုပြောတာ။ ဝတ္ထုတို အတော် များများကို မြန်မာဘာသာပြန်ဆရာတွေ ပြန်ပြီးပါပြီ။ တစ်အုပ်ပဲ မပြန်ရသေးတာ။ အကောင်းဆုံးဆိုတဲ့ “၁၉၈၄” ကို ဒီလောက်နှစ်များစွာအတွင်း မြန်မာ မပြန်ရသေးဘူးလေ။ ဘာဖြစ်လို့ မပြန်ရသေးလဲဆိုတော့ ပြန်တဲ့လူရှိရင်လည်း ထုတ်ဝေခွင့် ရမှာ မဟုတ်တဲ့အတွက်ပါပဲ။ အဲဒီလောက်ကို တစ်ပါတီ အာဏာရှင်စနစ်ကို သရော်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။
    ———
    သကြားလုံးကြော် – တကယ်ပြောရရင် အဲဒီနာမည်က တော်တော်ခေါင်းစားတယ်။ သကြားလုံးကို ကြော်စားလို့ရသလား တွေးမိလို့ပါ။ ပြီးတော့ ယောက်ျားလေးလား။ မိန်းကလေးလား မှန်းလို့မရဘူး။ သကြားလုံးကြော်ရေ – ကိုလိုနီခေတ် အစိုးရလောက်ကိုသာ ကွက်ကွက်ကလေး ရေးနိုင်မယ်ဆိုရင် ဂျော့အိုဝဲရဲ့ စာအုပ်ဟာ ကမာ္ဘ့အကောင်းဆုံးစာအုပ် ၁၀ဝ စာရင်းကိုဝင်မယ် ထင်သလား။ ဂျော့အိုဝဲ ဟာ တစ်ခေတ်မှာတစ်ယောက် တကယ့်ရှားပါး လူတော်ဖြစ်ပါတယ်။ သူလိုလူ နှစ်ယောက်မရှိနိုင်ပါ။
    ——
    မမယ်ပုရေ — စာအုပ်ပို့ပေးချင်ပါတယ်။ မေးလ်လိပ်စာ မရှာတတ်လို့ မပို့ပေးတာပါ။ ဝယ်ဖတ်မယ်ဆိုရင် စီတီမတ်မှာ ရနိုင်ပါတယ်။ စာအုပ်နာမည်က “နေအသချေင်္ လအနန္တ” ပါ။
    —-
    ကိုမိုးမင်းသားရေ– ကျန်းမာရေးအတွက် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။
    —-
    အူးလေး အလင်းဆက်ရေ — နောက်ထွက်မယ့်စာအုပ် ပို့ပေးလိုက်မယ်နော်။ ဘယာကြော် ဝယ်ကျွေး ဒါပဲ။

    • သကြားလုုံးကြော်

      November 5, 2012 at 1:03 am

      နာမည်ကတမင် ဦးနှောက်စားတာရွေးထားတာ၊ ဒါမှမမေ့အောင်လိုု့။ မိန်းကလေး ယောကျာင်္လေး နာမည်မကွဲတာတော့ ကွန်မန့်တွေဝင်လာလိုု့ ယောကျာင်္လေး ထင်ကြတော့မှ သတိထားမိတယ်။ တခါတလေ မျက်နှာဖုုံးစွပ်ချင်ရင်တော့ အသုုံးဝင်သား။ ကိုုယ်လေးလက်ဝန်နဲ့ဆရာမကိုု ဦးနှောက်စားအောင်လုုပ်လိုု့ ရွာသားတွေဝိုုင်းရိုုက်ကုုန်ပါဦးမယ်၊ မိန်းကလေး စစ်စစ်ပါရှင့်။

      ဆရာမရေ၊ ကိုုလိုုနီခေတ်ကိုုပဲရေးထားတယ်လိုု့မဆိုုလိုုပါ။ မြန်မာပြည်မှာနေသွားမှန်းမသိခင်က မစပ်စပ်မိတာကိုု အခုုမှစဉ်းစားမိတာ၊ ယာထဲက တိရိတ္ဆန်တွေထဲက ဘယ်တစ်ကောင်ကများ မြန်မာပြည်ကိုု ကိုုယ်စားပြုသလဲလိုု့ ။အလုုပ်လုုပ်ရလွန်းတဲ့ မြင်းကများ ကိုုလိုုနီခေတ်က ရေနံမြေအလုုပ်သမားတွေကိုု ကိုုယ်စားပြုသလားလိုု့တွေးမိလိုု့ပါ။ နိုုင်ငံရေးအကြောင်း နားကန်းတလုုံးမှမသိတော့ ထင်တာ ရမ်းတုုပ်တာ။ အခုုတလော အမေရိကန်ရွေးကောက်ပွဲ နီးတော့မှ ကိုုယ့်ကိုုယ်ကိုု Animal Farm ထဲက သိုုးမှန်းသိတော့တယ်။ အိုုဘားမားပြောတော့လည်း ဟုုတ်သလိုုလိုု၊ မစ်ရော်မနီပြောတော့လည်း ဟုုတ်ပြန်ရော၊ အကုုန်နားယောင်တဲ့ သိုုးဖြစ်နေပါပြီ။

  • အရီးခင်လတ်

    November 5, 2012 at 3:39 am

    ကွန်မြူနစ် တွေ ကို လှောင်ထား တဲ့ (အထင်) Animal Farm ဖခင်ကြီး ဂျော့အိုဝဲ ဆိုတာ မြန်မာပြည်မှာ နေဖူးတယ်လို့ ကြားဖူးပါရဲ့။
    ဒီလို အသေးစိတ်ကိုတော့ အခုမှ သိရလို့ ကျေးဇူးပါ မပြုံးရေ။ :hee:

  • kyeemite

    November 5, 2012 at 1:32 pm

    မြန်မာနိုင်ငံမှာနေထိုင်ဖူးခဲ့တဲ့
    ကမာ္ဘကျော်စာရေးဆရာကြီး ဂျော့အိုဝဲအကြောင်း
    သိခွင့်ရတဲ့အတွက် ဆရာမပြုံးကိုကျေးဇူးတင်ပါတယ်ဗျာ..
    ဘာသာပြန်စာအုပ် ”ခြေလေးချောင်းတော်လှန်ရေး”နဲ့
    ”မြန်မာပြည်မှ နေ့ရက်များ” စာအုပ်လေးတွေ ရှာဖတ်အုံးမယ်…

  • mingaung

    November 5, 2012 at 1:51 pm

    အဲဒီ စာအုပ်ဖတ်မိပြီးတော့ ဒီလူကြီး မြန်မာပြည် ရဲ့ရှေ့ဖြစ်တွေများ ကြိုသိနေသလားလို့တောင် ထင်မိပါကြောင်း ပါဝင်ဆွေးနွေးလိုက်ရပါသည်။

  • Thu Wai

    November 5, 2012 at 3:21 pm

    မဝင့်ပြုံးမြင့် ကိုတော့ ကျွန်တော် မသိတဲ့တော်တော်များများကိုဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်။
    ဒါနဲ့ စကားမစပ် ကလေးမွေးပြီးပြီလား ဘာလေးမွေးလဲ အစ်မရေ ။

  • uncle gyi

    November 5, 2012 at 4:21 pm

    ဒီဆရာကြီးကမြန်မာပြည်သွေးပါတယ်ဆိုတာအခုမှသ်ိရတယ်ဗျာ
    သူ့ရဲ့ဘဝဇာတ်ကြောင်းကကြိုးစားသူတွေအတွက်ထိုက်တန်တဲ့
    နေရာတနေရာအမြဲရှိနေတယ်ဆိုတာပြောပြနေသလိုပါပဲမဝင်းရေ

  • ဝင့်ပြုံးမြင့်

    November 5, 2012 at 5:29 pm

    အရီးလတ် ပြောတာ မှန်ပါတယ်နော်။ ကွန်မြူနစ်တွေကို သရော်ထားတာ ခြေလေးချောင်းတော်လှန်ရေးပါ။
    ဦးကြီးမိုက်ရေ – ခြေလေးချောင်းတော်လှန်ရေးက အွန်လိုင်းမှာ ဖရီးပေးထားတယ်။ မြန်မာပြည်မှ နေ့ရက်များ ကတော့ တလောကမှ ထွက်တာ။ အခုဝယ်ရင် မီနိုင်ပါသေးတယ်။ ကျွန်မ မဝယ်ရသေးဘူး။ ဘာသာပြန်သူ မောင်မြင့်ကြွယ်ပါ။ ဂျော့အိုဝဲရဲ့ နိုင်ငံရေးစာပေတွေ ထုတ်ဝေနိုင်အောင် ဆရာဦးဝင်းတင်(EFA) က ဘာသာပြန်ဆရာတွေကို တာဝန်ပေးပါတယ်။
    ——–
    ကိုမင်းဂေါင် – အဲဒီစာအုပ်ဖတ်ပြီးပြီ ဆိုတာ ဘယ်စာအုပ်ကို ပြောတာလဲ။ 1984 လား။ အဲဒါကို ဖတ်ပြီးပြီဆိုရင်တော့ အထင်ကြီးသွားပြီ။ 1984 က အင်မတန် စာခက်တယ်။ တော်ရုံ ဝါ နဲ့ မဖတ်နိုင်ဘူး။ စာဖတ်သက် ဝါအရမ်းရင့်တဲ့လူမှ ဖတ်နိုင်မယ်ထင်တယ်။ မြန်မာပြည်ရဲ့ ရှေ့ဖြစ်တွေ ကြိုပြောထားတဲ့အတိုင်းပါပဲ။ brain wash ဆိုတဲ့စကားလုံးက အိုဝဲ ထွင်တာ မဟုတ်လား။
    ——-
    ကိုသုဝေရေ — ၂၁ ရက်နေ့ကျမှ ခွဲစိတ်မယ်လို့ အိုဂျီက ရက်ချိန်းပေးပြီးပါပြီ။ မေးတဲ့အတွက် ကျေးဇူးပါ ကိုသုဝေရေ။
    —-
    အန်ကယ်ကြီးရှင့် — အိုဝဲဟာ ဘယ်လိုလူစားလဲဆိုတော့ မြန်မာပြည်က ဂျာနယ်ကျော်ဦးချစ်မောင် လိုလူစား မျိုးပါပဲ။ နိုင်ငံရေးလည်းလုပ်၊ စာလည်းရေး။ အိုဝဲက ပိုတော်တော့ ကမာ္ဘ့တန်းဝင်တာပေါ့နော်။ ဟိုးမားတို့ ရှိတ်စပီးယားတို့ သောမတ်စ်မန် တို့လို အနုရသစာရေးတဲ့ လူတွေနဲ့ တစ်တန်းတည်း အထားခံရလောက်အောင် နိုင်ငံရေးစာပေကို အနုရသစာပေ နဲ့ အပြိုင် ရေးနိုင်စွမ်းရှိသူပါ။ နိုင်ငံရေးသရော်စာ ကို ဒီအဆင့်ထိရောက်အောင် ရေးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။

  • အလင်းဆက်

    November 5, 2012 at 9:05 pm

    နောက်ထွက်မယ့် စာအုပ်ကို မျှော်နေပါဒယ် ။

    ဘာသာပြန် စာအုပ် လက်ရာကောင်းကောင်း..တစ်အုပ်လောက် ဖတ်ချင်နေဒါ…

    ဖတ်ပြီးရင်…. ကောင်းမောကင်း.ဝေဖန်ဖို ့…
    အဆင်သင့်ပြင်ပြီး..စောင့်နေပြီဗျို ့..
    :kwi:

  • Good™

    November 6, 2012 at 12:17 pm

    စာရေးဆရာ ဂျော့အိုဝဲ ကို စာရေးဆရာထား တဲ့ စာရေးဆရာမ ဝင်းပြုံးမြင့် ပို့စ် ကို အားပေး ဖတ်ရှု ရင်း
    ကျနော် သည် စာဖတ်အား အလွန်နည်းပါး လွန်း သည့် ရှက်စိတ် များ ဖြစ်ပေါ် လာရ ပါ ကြောင်း။

    ဆရာမ က နိုဝင်ဘာ ၂၁ ရက် နေ့ မှာ ခွဲစိတ် မယ်ဆို တော့ ဗုဒ္ဓဟူးနေ့ နဲ့ တိုက် တယ် နော်။
    ၁၃၇၄ ခု နှစ် ရ နဲ့ စားရင် ၂ ကြွင်းတာ ကြောင့်

    နိုဝင်ဘာ မဟုတ်လို့ ဒီဇင်ဘာ ၂၁ ဆိုရင် လဲ သောကြ်ာ နေ့ ဖြစ်တာ ကြောင့်


    ၁ ၄ ၀
    ၅ ၂ ၃

    အဓိပဓိ
    အထွန်း သိုက် ရာဇ
    မရဏ ဘင်္ဂ ပုတိ

    လွယ်ကူ ချောမော စွာ ဖြင့် မီးရှူး သန့် စင် ဖွားမြင်နိုင် ပါစေ လို့ ဆုတောင်း ပေးပါတယ် နော်။

  • အရီးခင်လတ်

    November 6, 2012 at 3:01 pm

    မပြုံးရေ

    တစ်ခါ အသက်ကြီးမှ ကလေးမီးဖွားရတာ ခက်တယ် လို့ မပြုံးပြောတာ မှတ်မိလိုက်ပေမဲ့ ကိုဝင်းကြည် နဲ့ ဆိုတာ မသိလိုက်ဘူး။
    ခိုင်ခိုင် ကိုဘဲ သိလိုက်မိမယ်။
    ဒါ သားဦးလား?
    ခွဲမွေးမှာ ဆိုတော့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ထုံဆေးဘဲ သုံးတာမို့ မေ့ဆေးလောက် မခံစားရပါဘူး။
    မြန်မာပြည်က အိုဂျီ တွေ ရဲ့ ခွဲစိတ်မွေးပေးတဲ့ အတွေ့အကြုံက စံချိန်ချိုး နိုင်မယ်။
    ကျွန်မတုန်းကလဲ ခွဲမွေးတာပါဘဲ။
    အားလုံး အဆင်ပြေပြေ နဲ့ မွေးဖွားနိုင်ပါစေ။
    မွေးပြီးချိန် သားလေးလား၊ သမီး လေးလား Update လုပ်ပါနော်။
    ရွာထဲ ကိုလဲ keep in touch လုပ်နေပါ မပြုံးရေ။
    မပြုံး ရဲ့ တန်ဖိုးရှိတဲ့ ဘာသာပြန် စာလေးတွေ ကိုလဲ ဆက် မျှော်နေပါတယ်။

    တစ်ချို့ ကလေးတွေ ငယ်တုန်းမှာ Imaginary friend တွေ ရှိပြီး အပြင်က သူငယ်ချင်းတွေ ထက် တောင် အခင်မင် ပိုပြီး စကားတွေပို ပြောသတဲ့။
    ကျွန်မ လဲ ဒီလို ဘဲ ဖြစ်နေတယ်။
    အရင်က သူငယ်ချင်းတွေ နဲ့ အရမ်းခင်ခဲ့ပေမဲ့ keep in touch သိပ်မရှိတော့ချိန် ရွာထဲက သူတွေ အများစုကို မမြင်ဘူး ပေမဲ့လဲ သံယောဇဉ် ရှိနေတော့တာ။
    တစ်ခါမှ မသိဘူးဘဲ စကားတွေ ပြောနေလို့ ရတာ အင်မတန် တိုးတက်လာတဲ့ သိပ္ပံပညာ ကိုပုံချသင့်လား၊ ရှေးရေစက်ဘဲလား။ 😆

    အစားလဲ အားရှိအောင်စား၊ သတိနဲ့ သွားလာ၊ အလေးအပင် ယောင်ပြီး မမ နဲ့။ အတက်အဆင်း သတိထား။
    ဟို ကလေးမ ခိုင်ခိုင် ရော နော်။
    ရွာ့ ညီမ နှစ်ယောက် လုံး ကံကောင်းခြင်း တွေ သယ်ဆောင်လာမဲ့ မိသားစုဝင် အသစ် လေးတွေ နဲ့ ကျမ်းမာ ပျော်ရွှင်စွာ ရှိပါစေ။

    ဆုမွန်ဖြင့်
    ချစ်တဲ့
    အရီး
    :hee:

  • အလင်းဆက်

    November 6, 2012 at 7:24 pm

    အဲဒီအရီး..မှာသလို ပဲ.ကျွန်တာ်လည်း.မှာ ချင်တာ ။ မမှာတတ်လို ့ ။

    ——————-

    မမပြုံး ရေ..
    အဲဒီ ကလေးလေး… စာရိုက်တတ်ရင်..
    စာတွေ.ရေးပြိး..ပိုစ်တွေ..တင်ခိုင်းနော် ။

    ရွာထဲကို မန်ဘာဝင်ခိုင်းနော် ။

    ဒါမှ..ရွာက မိသားစုတွေ..ရှိတဲ ့ရွာကြီး ပီသမှာ…

    :kwi:

  • စိန်ဗိုက်ဗိုက်

    November 6, 2012 at 8:46 pm

    အိုဝဲရဲ့ စာပေအတွက် ရင်းနှီးမှုကိုတော့ လက်ဖျားကော ခြေဖျားကော ခါပါတယ်
    ဒါကြောင့်လဲ ကမ္ဘာကျော်သကိုးဗျာ..

    အူးဗိုက်လဲ ဆင်းရဲသားရပ်ကွက်မှာနေတာမိုလို ့
    ဝမ်းဒေးကျရင် ဂျော့ဂျ်အိုဝဲလိုပဲ ဂျော့ဂျ်အူးဗိုက်ဆိုပြီး နာမည်ကြီး ကမ္ဘာ့တန်းဝင် ဆာရေးစရာဖြစ်ချင်ဖြစ်လာမှာ
    ပြောမရဘူး
    နံမယ်ကြီးချင်ရင် ကြိုကပ်ထားကြ..
    ခုတောင် သံဂျောင်းဘီအီးဆိုင်မှာ အူးဗိုက် အကြွေး ဆယ့်ခုနစ်ရှစ်သိန်းဆိုပြီး စိုင်းဘုတ်ကြီးနဲ ့ ကြေငြာထားလို ့
    အူးဗိုက်ဆို လူတိုင်းသိ
    သံဂျောင်းဆို အူးဗိုက်ကို ခြစ်လွန်းလို ့ ညအိပ်ခါနီးတိုင်း အူးဗိုက် ကျန်းမာချမ်းသာပါစေဆိုပြီး မေတ္တာတွေ ပို ့ပေးတယ်ဆိုပဲ

  • ဝင့်ပြုံးမြင့်

    November 7, 2012 at 2:11 pm

    to Good™ : ဗေဒင်တွက်ပေးတာ ကျေးဇူးပါနော်။ ဒါပေမယ့် အဲဒါ နားမလည်လို့။ ကောင်းတာလား ဆိုးတာလား ဘာမှန်းမသိဘူး။

    အရီးရေ – မြန်မာပြည်က အိုဂျီတွေ တကယ်တော်ပါတယ်။ သမီးဦးကိုမွေးတုန်းက အိုဂျီ တော်လို့ ကလေးအသက်ရှင်တာပါ။ အခုက သားလို့ သိရပါတယ်။
    တစ်ခါမှ မတွေ့ဖူးပဲ စကားတွေပြောလု့ိရတာ သူကြီးကောင်းမှုပါရှင်၊ 🙂
    မန်းဂဇက်နဲ့ keep in touch လုပ်နေမှာပါ အရီးရေ။ တကယ်တမ်းပြောရရင် စာကိုဇောက်ချပြီး စာအုပ်တစ်အုပ်ပြန်ပြီဆိုရင် တခြားဘာမှကို မလုပ်နိုင်တော့ဘူး။ ဘာသာပြန်တာ အဲဒီလောက်ပင်ပန်းတယ်။
    ဥပမာ ဆရာဘလှိုင် ဒီဆိုက်ထဲမှာ ပြန်နေတဲ့ တစ်အုပ် ခုထိမပြီးနိုင်သေးဘူး။ ဘယ်လောက်တောင်ကြာနေပြီလဲ။ ဒါ အလုပ်ရဲ့ ခက်ခဲမှုကို ပြဆိုတာပါ။ ပြုံးလည်း ခဏနားတုန်း မန်းဂဇက်ထဲ ဝင်တာ။ အလုပ်ကို အလုပ်သဘော ပြန်စပြီ ဆိုတာနဲ့ ကိုယ်ပိုင်အချိန်တောင် မရှိတော့ဘူး။ ရေမိုးချိုးတာမျိုးတောင် မှန်မှန် မလုပ်နိုင်တော့ဘူး။ စာအုပ်တစ်အုပ်ပြီးဖို့ အချိန်အများကြီးပေးရပါတယ်။
    သက်သာသလိုနေလို့ ရပေမယ့် လူကိုက ဂွစာဖြစ်နေတော့ ကိုယ့်ဒုက္ခ ကိုယ်ရှာတာပေါ့နော်။
    —–
    အူးလေးဗိုက်ဗိုက် – အူဝဲ ( အဲလေ မှားလို့) အိုဝဲ လို တနေ့ကျရင် အိုဗိုက်ဆိုပြီး အိုဘားမားနဲ့ နင်လားငါလား အပြိုင် အူးဗိုက်ကြီး နာမယ်ကြီးလာမှာပါ။
    —-
    ကိုသူရရေ — အစစအရာရာအတွက် ကျေးဇူးပါ။

  • Good™

    November 7, 2012 at 4:35 pm

    ဗုဒ္ဓဟူး ဆို သိုက်ဖွား၊ သောကြ်ာဆို အဓိပဓိဖွား လို့ တခါတည်း ထည့်ရေး မလို့။
    ဘယ်လို ဖြစ်ပြီး မပြီးခင် submit ဖြစ်သွားတယ် မသိ။

    ပြောရ ရင် မြန်မာ သက္ကရာဇ် ၁၃၇၄ ခု နှစ် မှာ မွေး မဲ့

    ၁။ တနင်္ဂနွေ သား သမီး = အထွန်းဖွား
    ၂။ တနင်္လာ = ဘင်္ဂဖွား
    ၃။ အင်္ဂါ = ပုတိဖွား
    ၄။ ဗုဒ္ဓဟူး = သိုက်ဖွား
    ၅။ ကြာသပတေး = မရဏဖွား
    ၆။ သောကြ်ာ = အဓိပဓိဖွား
    ၀။ စနေ = ရာဇဖွား။

    အဲလောက်ပဲ သိတယ် ဆက်မပြောတတ်တော့ ဘူး။
    ၁၆ မှတ် ရ အောင် လိုက်ရေးတာ တကယ်တော့ ဘာမှ မသိဘူး။

    ဆရာ့ထက် ဆရာတဲ့ ဆရာတောင် ဆရာ့လောက် မဆရာလို့ ဆရာမ ပဲ ဆရာပါ ဆရာမရယ်။

Leave a Reply