“စကားနားယောင် မိုးမီးလောင် (၂)”(EPISODE 8)

nicolus agralNovember 5, 20121min631

လူကဲခတ်မညံ့တဲ့ မာမီဂျောင်ဟာ လီဆီဘိုးဘိုး ဘာကြိုက်သလဲဆိုတာလည်း ကောင်းကောင်းသိတာပါပဲ။ လောကမှာ အာဏာနဲ့ငွေ မမက်တဲ့လူရယ်လို့ ရှိလို့လား။ ရှိရင်ပြစမ်းပါ။ များလည်းကြည့်ချင်တယ်။ တစ်ခုပဲ။ သူက လောလောဆယ် နန်းတော်ထဲမှာ ရာထူးလည်းအကြီးဆုံး၊ လစာဝင်ငွေလည်း အမြင့်ဆုံး။ သည်လိုလူကို တစ်ချီတည်းနဲ့ ပိုင်အောင် မချုပ်နိုင်ရင် ငုတ်တုတ်မေ့သွားမယ်။ ခေါင်းတောင်ပြုတ်သွားဦးမှာ။ ဒါပေမယ့် မပူပါနဲ့။ မာမီ့တာဝန်ထား။

“ဘိုးဘိုးရေ။ ခေတ်ကာလကြီးကလည်း မရေမရာ ရှိလိုက်ပါဘိသနဲ့။ ဘိုးဘိုးကို ခင်လို့ ပြောရဦးမယ် သိလား။ ဗိုလ်ချုပ်မုန်းရှန်နဲ့ ဖူဆူမင်းသားနဲ့က ပုလဲနာမ သိပ်သင့်ကြတာ။ အခုသူက သားတော်ကြီးဆိုတော့ ထီးနန်းက သေချာသလောက်ပဲ။ နောက်နှစ်နောက်နှစ်များဆိုရင်ဖြင့် တနန်းတော်လုံးမှာ မုန်အိမ်က ဘုန်းတောက်လာရင် များတို့ နေစရာတောင် ရှိမယ်မထင်ဘူး။ စိတ်မဆိုးရင် တစ်ခုလောက်တော့ မေးချင်တယ် ဘိုးဘိုးရယ်။ ဘိုးဘိုးအနေနဲ့ ကြံရည်ဖန်ရည်ချင်းမှာ မုန်းရှန်နဲ့ ဘယ်လိုလုပ်ယှဉ်မလဲ။ နောက်လိုက်ဗိုလ်ပါအင်အား နဲ့ စစ်ရေးဗျူဟာမှာရော ဘယ်လိုယှဉ်မလဲ။ ချီးမြှင့်မြှောက်စားဖွယ်ရာ နိုင်ငံဂုဏ်ဆောင်တဲ့နေရာမှာကော ဘယ်လိုယှဉ်မလဲ။ စစ်သူရဲကောင်းအဖြစ် အမည်သတင်း ကျော်ဇောခြင်းမှာရော ဘယ်လိုယှဉ်မလဲ။ နောက်ဆုံး ကုန်ကုန်ပြောမယ် ဘိုးဘိုးရယ်။ ဖူဆူမင်းသားက အလေးပေးတဲ့နေရာ၊ အသိအမှတ်ပြုတဲ့နေရာမှာရော ဘယ်လိုယှဉ်မလဲ။ စိတ်မရှိနဲ့နော်။ ကန်တော့ ကန်တော့။”

“တော်ပါပေတယ်။ ကုန်းကုန်း။ အဲသည်ငါးချက်စလုံး ကျုပ်အနေနဲ့ မုန်းရှန်ကို ဘယ်နေရာမှ ယှဉ်မရတာ အမှန်ပါပဲ။ ဒါထက်စကားမစပ် ဘာကိုသိချင်လို့ ကျုပ်လာမေးတာတုန်း။ တည့်တည့် ပြောစမ်းပါ။”

“ဘိုးဘိုးကလည်း ကြံကြံဖန်ဖန်။ များက ဘာမှမဟုတ်တဲ့ ကုန်းကုန်း အစုတ်ပလုပ်ကလေးသက်သက်ပါ။ မင်းတရားကြီး မြှောက်စားလို့ အမိန့်တော်ကလေး ပြန်ခွင့်ရရုံရှိတာ။ နန်းတော်ထဲရောက်တာ အခုမှ အနှစ်နှစ်ဆယ်တောင် မပြည့်သေးဘူး။ ဒါပေမဲ့လည်း ဘိုးဘိုးရယ် လူဆိုတာဟာ ခက်တယ်။ မင်းခယောင်္ကျား ကမ်းနားသစ်ပင်တဲ့။ ဝန်တွေ ဝန်တွေဆိုတာ မျက်စိအောက်တင် ပြုတ်ပြုတ်သွားလိုက်ကြတာ နည်းနည်းနောနော မဟုတ်ဘူး။ ပြုတ်ပြီဟေ့ဆိုရင်လည်း ဘယ်ဝန် ဘယ်အမတ်ကများ အိုစာမင်းစာ သားထောက်သမီးခံ အမွေရယ်လို့ ပေးစရာကျန်တာတွေ့ဖူးလို့လဲ။ အမှန်အတိုင်းပြောရရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲကုန်တာချည့်ပဲ။”

မာမီတို့ဝုန်းချက်ကတော့ ဟိုကဘိုးတော်ကြီး ပြော်ရကာသွားလိုက်သမှ နားကားပြီး လက်တွေဘာတွေ တုန်သွားတဲ့အထိပါပဲ။ တော်သေးတာပေါ့။ သူမတုန်ရင် ကိုယ်တုန်ရမှာ မဟုတ်လား။ လျက်ဆားကလေး တစ်တို့နှစ်တို့ နဲ့ လည်ချောင်းလေး ရှင်းလိုက်ပြီးမှ ဆက်လှော်ရပြန်ပါတယ်။

“ဂယ်တော့ ဘိုးဘိုးလည်း သိပါတယ်။ သားတော်ကြီးဘုရားက ပြတ်သားတယ်၊ တည်ကြည်တယ်။ ရဲရင့်တယ်။ အားကိုးထိုက်တယ်။ သူရွှေတောင်တက်တဲ့အခါ မုန်းရှန်ကလည်း နန်းရင်းဝန်ဖြစ်မှာပဲ။ ခုတောင် အတူတူ အလုပ်လုပ်နေကြတဲ့ဥစ္စာ။ ဒီပုံအတိုင်းသာဆို ဘိုးဘိုးလည်း များတို့လိုပဲ ရွာပြန်ဖို့ အထုပ်ပြင်ရတော့မှာ။”

“အလို။ မယ်မင်းကြီးမ အဲလေ။ မောင်မင်းကြီးသား။ နားရာဇဝတ်သင့်လိုက်လေ။ အခုပြောနေတဲ့ စကားတွေက မိုးမီးလောင်စေမယ့်စကားဆိုတာ သိရဲ့လား။ (Wang guo zhi yan.) (Words that would cause our nation to perish.) ကျုပ် နတ်ရွာစံမင်းတရားကြီးရဲ့ မှာတမ်းတော် ဖတ်ပြီးပြီဗျ။ သတိတမံ ဆင်ခြင်ဉာဏ်နဲ့ ဘုန်းတော်ကြီးဘုရားရဲ့အလိုကို နာခံဖို့သာရှိပေတယ်။ မှာတမ်းတော်အပေါ် စောဒက သံသယဝင်ရအောင် ကျုပ်က ဘာကောင်မို့များပါလိမ့်ဗျာ။”

“အဲလောက်လဲ သိပ်သေချာမနေပါနဲ့ ဘိုးဘိုးရယ်။ တခါတလေကျ ကိုယ်က ဘေးကင်းလောက်တယ် ထင်တာတွေက အသက်အန္တရာယ်များတတ်ပြီး ကိုယ်က အန္တရာယ်များလွန်းတယ် ထင်တာတွေက ရန်ဘေးမသန်းရှိတတ်ပါတယ်။ ကိုယ်တော်ရှင်မြတ် နှုက္ခပတ်တော်တွေ အသာထားပြီး ကိုယ့်ဘေးကိုယ် အရင် ကြည့်ပါဦး ဘိုးဘိုးရဲ့။”

“ကျုပ်အဖို့ သည်ကနေ့ရှိနေတဲ့ အသွေးအသားများဟာ ဘုန်းတော်ကြီးဘုရား ကျွေးမွေးထားခဲ့တာတွေသာ ဖြစ်တယ်။ စည်းစိမ်ဥစ္စာ ချမ်းသာများလည်း အတူပ။ သာမာန်ဆင်းရဲသား ကျေးစွန်ရွာဖျား လမ်းကြိုလမ်းကြားမွေးဘဝကနေ ဘုန်းတော်ကြီးဘုရား ကျေးဇူးတော် အနန္တကြောင့်သာ ဝန်ကြီးချုပ်အဖြစ်နဲ့ တိုင်းပြည်ကြီးအကျိုးကို ရွက်ဆောင်ခွင့် ရခဲ့တယ်။ အခုမျက်နှာတော်လွှဲပြီးနောက်မှာလည်း အုပ်စည်းမပျက် တိုင်းပြည်အတွက်သာလျှင် စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်ရှိပေတယ်။ မဆွယ်လာပါနဲ့ ကုန်းကုန်း။ ကိုယ့်အရှင်သခင်အပေါ် သစ္စာရှိတဲ့ငယ်ကျွန်များဟာ ဤလိုအရေးအရာများမှာ အသက်သာ အသေခံကြပါတယ်။ ရှေ့ဆက် မပြောပါနဲ့တော့။ သည်စကား သည်တင်ရပ်ပါ။”

ဒါပေမယ့် ဘိုးဘိုးရဲ့ ပျော့ကွက်ကြီးကို မာမီက နှိုက်မိနေမှတော့ အလွယ်တကူနဲ့ လွှတ်မယ့်အစား မဟုတ်ပါဘူး။ လွှတ်လိုက်ရင် ကိုယ့်ပြန်ပတ်လာမှာပေါ့။ ဒါမျိုးဆိုတာ ကိုယ်နဲ့အတူ အမှုတွဲဆွဲထည့်မထားနိုင်ရင် ရန်သူပဲ။ ခုမှတော့ နေမကောင်းဘူး လာမပြောနဲ့။ ရတော့ဘူး။

“ပညာရှိများ သတိဖြစ်ခဲရင် အားကြီးအတွေးချော်တာပဲ။ လောကကြီးမှာ ဘယ်အရာမှ တသမတ်တည်း မရှိဘူး ဘိုးဘိုးရဲ့။ အရာရာဟာ ပြောင်းလဲတတ်သော သဘောရှိတယ် ဆိုတာသာလျှင် မပြောင်းမလဲ အမြဲတည်ရှိနေတဲ့ နိယာမတရားပဲ။ အဲဒီအပြောင်းအလဲတွေကြားမျာ တစ်ခုတည်းသော အမှန်တရားကို လှေနံဓါးထစ် မှတ်နေလို့ မရပါဘူး။ စိတ်ကူးမလွဲနဲ့။ များပြောတာ ဆုံးအောင်နားထောင်။ အဲဒီအခါကျတော့ ကိုယ့်အသက်အိုးအိမ် စည်းစိမ်ကလေးမြဲဖို့ ဘယ်လိုမျိုး အသက်ကို ဉာဏ်စောင့်ရမလဲဆိုတာ ဘိုးဘိုးကိုယ်တိုင် သဘောပေါက်လာလိမ့်မယ်။ လိုက်လုပ်တာ မလုပ်တာကတော့ ဘိုးဘိုးသဘောပေါ့။ မလုပ်တော့လည်း ဘိုးဘိုးသားမြေးတွေပဲ ဒုက္ခရောက်ရမှာ။ စဉ်းစားလေ။ ဘိုးဘိုးလိမ္မာရင် ဘိုးဘိုးဖို့ချည့်ပဲ။”

ဝန်အိုကြီးခမျာ ကောင်းကင်ကိုမော့ကြည့်ရင်း သက်ပြင်းတွေ အခါခါချလို့ မျက်ရည်တွေ ပေါက်ကနဲပေါက်ကနဲ ကျလာရှာသတဲ့။ နောက်တော့ ချုံးပွဲချလို့ ငိုပါလေရော။ ခုတော့ ချင်တိုင်းပြည်ကြီးရဲ့အနာဂတ်ဟာ သူ့အပေါ်မှာချည့်ပဲ လုံးလုံးလျားလျား ကျရောက်နေပါပေါ့လား။ အိုကြီးအိုမ သည်အရွယ်ကျခါမှ မိသားစုဝန်ထုပ်ဝန်ပိုးကြီးက ဘာလို့များ သူ့တစ်ယောက်တည်းအပေါ်သာ စုပြုံကျလာပါလိမ့်။ ကိုယ့်ကိုယ်ကိုယ် အစတေးမခံနိုင်ပဲနဲ့ ကံကြမ္မာကို ဘယ်ပုံဘယ်နည်း အားကိုးရပါ့မလဲ လို့ ရွတ်ကာဆိုတာ ငိုရှာသတဲ့။

“ဘာမှ အားမငယ်ပါနဲ့ ဘိုးဘိုးရယ်။ ကံကြမ္မာက ကိုယ့်ဘက်မှာပါ။ ဘုရင်မင်းမြတ်ရဲ့ ကျောက်စိမ်းတံဆိပ်တော်ရော၊ နောက်ဆုံးရေးသွားတဲ့ စာသဝဏ်တော်ရော ကိုယ်တော်လေးဘုရားဆီမှာ ရှိပါတယ်။ အဲဒီစာကိုမီးရှို့ပြီး အသစ်ပြန်ရေးလိုက် ဘာခက်တာမှတ်လို့။ သုံးမိနစ်ပဲစောင့်။ များကိုယ်တော်လေးဆီ သံတော်ဦးတင်လိုက်ဦးမယ်။”

ကုန်းကုန်းတို့လှော်ချက်ကတော့ နှစ်ဘက်ကမ်းခတ်တယ်လို့ ပြောရမယ်။ မင်းသားလေးဆီပြန်ပြေးပြီး “ဟောသည်မှာ စာချွန်တော်နှင့် တံဆိပ်တော်ပါဘုရား။ လီဆီဘိုးဘိုးကြီးအား လိုအပ်သလို ပြုပြင်ပြင်ဆင်ခွင့် ပေးသနားတော်မူပါ။ ယနေ့မှစ၍ ကိုယ်တော်လေးဘုရားအပေါ် သစ္စာစောင့်သိမည့် ကျွန်ယုံအစစ်ဖြစ်သောကြောင့် စိုးရိမ်တော်မူပါနဲ့ ဖျား။” လို့ အောင်စည်တီးလေတယ်။ သည်လိုနဲ့ သေတမ်းအမိန့်တော်ကို လွှတ်တော်သုံးရပ် အတည်ပြုချက်မယူပဲ သူတို့သုံးယောက်သား ပြင်ဆင်ရေးသားလိုက်တာကတော့ သည်လိုပါတဲ့ကွယ်။

“ငါတို့ကား တိုင်းနိုင်ငံတော် စည်ပင်ဝပြောရေး၊ ဘုန်းတန်ခိုးတေဇာဖြင့် ရှည်ကြာစွာ စိုးမိုးနိုင်ရေးအတွက် တိုင်းခန်းလှည့်လည်လျက်ရှိပါ၏။ ထိုအတောအတွင်း၍ မင်းသားဖူဆူသည် ဗိုလ်ချုပ်မုန်းရှန်နှင့်အတူ ရှိနေပေသည်။ မုန်းရှန်သည် ပစ္ဆန္တရာဇ်အရပ်၌ ဆယ်နှစ်တာမက ရှိချေပြီ။ မင်းသားဖူဆူသည် စစ်သားအများအပြား ကျဆုံးစေလျက်ရှိသော်ငြား နိုင်ငံအတွက် တစ်လက်မမျှပင် တိုးပွားသိမ်းပိုက်နိုင်စွမ်းမရှိ။ ထို့ပြင်တဝ ခမည်းတော်ဘုရားမှ ချမှတ်ထားသော အမိန့်တော် မူဝါဒလမ်းစဉ်တို့ကိုပင် သရော်မော်ကား ထိပါးပုတ်ခတ်ပြောဆိုလျှက်ရှိခြင်းကြောင့် ထီးမွေနန်းမွေခံ မင်းသားအဖြစ်မှ စွန့်လွှတ်လိုက်သည်။ ဤအမိန့်တော်နှင့် တကွဆက်အပ်သော ရတနာဓါးမြတ်ဖြင့် ယခုပင် စီရင်စေရမည်။ ဖူဆူအား လိမ္မာအောင် သွန်သင်ခြင်းမရှိသော မုန်းရှန်အား မိမိအသက်ကို မိမိဘာသာ စီရင်စေရန် အခွင့်ပေးသနားလိုက်သည်။ ရာထူးအလုပ်အကိုင်များကို လက်ထောက်ဗိုလ်ချုပ် ဝမ်လီသို့ ယခုပင် လွှဲပြောင်းပေးအပ်စေ။ အမိန့်တော်။” တဲ့ဗျ။

“ပွဲသိမ်းပြီ ဘိုးဘိုးရေ။ ပွဲသိမ်းပြီ။ ဖူဆူကိုယ်တော်လေး မရှိတာနဲ့ ဘိုးဘိုးရဲ့ ရာထူးစည်းစိမ်တွေ ဘယ်သူမှ လက်ဖျားနဲ့တို့လို့ မရတော့ဘူး။ ကိုယ်တော်လေးဘုရားကလည်း အခုမှ သက်တော်ကလေးက နှစ်ဆယ်၊ သင်လွယ်တတ်လွယ်တုန်း။ ဘိုးဘိုးအကူအညီမပါပဲ ဘယ်လိုမှ အုပ်ချုပ်လို့ ရမှာ မဟုတ်ဘူး။ တချိန်ကျ ဘိုးဘိုး မျက်စိမှိတ်သွားဦးတော့။ ဘိုးဘိုးသားမြေး တစ်ယောက်မဟုတ်တစ်ယောက် အပါးတော်ခေါ်ထားဦးမှာပဲ။ အဟစ် အဟစ် အဟစ် အဟစ်။” (အလွန်အမြင်ကပ်ဖွယ်ကောင်းအောင် ကုန်းကုန်းအသံဖြင့် ရယ်ပါသည်)။

အဲသည်သုံးယောက်ပေါင်း လောင်းကျော်ပုံပြင်ကို ကျောင်းမှာသင်ရတုန်းက ယင်းမာခြောက်တန်းပဲ ရှိပါသေးတယ်။ အိမ်ရောက်လို့ ဒေါ်လေးငယ်ပြန်ပြောပြတော့ ပိုစိတ်ဝင်စားစရာကောင်းတယ်။

“ညည်းခေါင်းထဲမှာ မြဲမြဲမှတ်ထားရမှာက ဂျောင်ကောကြီး အဲဒီစကားမစခင်အချိန်အထိ လီဆီဟာ တည်ကြည်တဲ့ သစ္စာရှိတဲ့ အမှုထမ်းကောင်း ပညာရှိတစ်ယောက်ပဲ။ သူများစကားလည်း နားယောင်လိုက်ရော တစ်သက်လုံးထိမ်းလာသမျှ စာရိတ္တတွေက ဘာမှ မကျန်တော့ဘူး။ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တဆိုတာ သူ့ရဲ့ စိတ်စေတနာအပေါ်မူတည်ပြီး အကောင်းအဆိုး နှစ်မျိုးစလုံးဖြစ်နိုင်တယ်။ မကောင်းတဲ့သူရဲ့ အဖျက်စကားကို နားယောင်လိုက်တဲ့အခါ သူ့ကိုယ်သူတော့ ငါစိတ်ပါမှဖြစ်တာပါလို့ ထင်နေပေမယ့် တကယ်တမ်းမှာ သမာဓိက ပျက်သွားတယ်။ နားယဉ်သွားတယ် ခေါ်ရမှာပေါ့။ တဖြေးဖြေးနဲ့ သူ့မသိစိတ်ထဲကနေ မသိချင်ယောင်ဆောင်ထားတဲ့ အတွေးတွေကို လူပုံအလယ်မှာ အမှတ်တမဲ့ ထုတ်ဖော်ပြောဆိုလာမိရော။ အာရုံမှာ အမည်းစက်ထင်သွားပြီးတဲ့အခါ နောင်ကျတော့ သူလည်းပဲ ဂျောင်ကောလို မဟုတ်ကဟုတ်ကတွေ ကိုယ်တိုင်လုပ်မိလာရော မဟုတ်လား။ စိတ်ဆိုတာ နဂိုကတည်းက မကောင်းမှုမှာ မွေ့လျော်တတ်ပြီးသား။ မနောကံကလွယ်လာရင် ဝဇီကံ၊ ကာယကံတွေက သိပ်မခက်တော့ဘူး။ ဒါကြောင့်မို့ အကျင့်ပျက်ခြစားတယ်ဆိုတာ လာဘ်လာဘ အကျိုးအမြတ်တစ်ခုတည်းကို ကြည့်ပြီး ဘယ်တော့မှ ပေါ့ပေါ့လေး မတွေးလေနဲ့။ အကျင့်ဆိုတာ ပါတတ်တယ်လေ။ (ဟုတ်တာပေါ့။ ဘယ်သူကကော ကင်းလို့လဲဆိုတဲ့ အတွေးကလေးဝင်မိတာကိုက မကင်းရာမကင်းကြောင်းထဲမှာ ကိုယ်ပါပါဖို့အစပြုတာပဲ) တို့တရုတ်တွေမှာ ချီ လို့ခေါ်တဲ့ အယူအဆတစ်ခု ရှိတယ်။ သတ္တိရယ် ဆန္ဒရယ် စေတနာရယ် သုံးခုကို အခြေခံတယ်။ (စိတ်ဓါတ်စွမ်းအား လို့ ပြောချင်တာ ထင်ပါရဲ့) သို့သော် ကိုယ်ကျင့်တရားမပါရင် အလကားပဲ။ လီဆီက ဂျောင်ကောစကားကို နားထောင်စဉ်က ဒီအကောင် လူယုတ်မာမှန်းသိပေမယ့် ခွင့်လွှတ်ထားခဲ့တယ်။ သူ့စိတ်ကို သူနိုင်တယ်။ ဒီကုန်းကုန်းလောက်ကတော့ သူ့ကို လှည့်စားလို့ မရဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့်သူမေ့နေတာက အဲသည်လို စိတ်ယုတ်မာမျိုးက သူ့ဆီမှာလည်း နဂိုကတည်းက အနည်းနဲ့အများ ရှိနေနိုင်တယ်ဆိုတာကိုပဲ။ တဖြေးဖြေးနဲ့ သူ့အကျင့်တွေပျက်လာတာကို သူ့မျက်စိနဲ့တပ်အပ်မြင်လာတဲ့အခါ သူကိုယ်သူ မသတီစရာ မနှစ်မြို့စရာ ဖြစ်လာတော့မယ်။ လူတစ်ယောက်မှာ ဂုဏ်သိက္ခာလောက် အရေးကြီးတာ မရှိဘူး။ လူဆိုတာ သိက္ခာရှိမှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ် လို့ ခံစားရမှာ။ လူတစ်ယောက်အဖို့ သူ့နှလုံးသားထဲက မှန်တယ်လို့ ယုံကြည်ချက်ရှိရင် စစ်သည်အပေါင်း ထောင်သောင်းမကလည်း ရင်ဆိုင်ရဲတဲ့သတ္တိရှိတယ်။ အဲလိုမဟုတ်ရင်တော့ မလောက်လေးမလောက်စား ရန်သူကိုလည်း ကြောက်ကြောက်ရွံ့ရွံ့ ရင်ဆိုင်ယူရတတ်တယ်။ ဂျောင်ကောစကားကို လီဆီ နားထောင်လိုက်တဲ့အခိုက်မှာ သူ့သိက္ခာ သမာဓိ က ပျက်သွားပြီ။ ပါးစပ်ကတော့ စကားနားယောင် မိုးမီးလောင်နိုးနိုး ပြောခဲ့ပေမယ့် အဲသည်မီးဟာ သူ့ကိုအရင် လောင်မြိုက်လိုက်ပြီးတဲ့နောက်တော့ သူ့အဖို့ ခေါင်းတောင် ခိုင်ခိုင်မတ်မတ် မထောင်နိုင်တော့ဘူး။ ကျိုးပဲ့သွားပြီ။ အယုတ်တမာကောင်ဖြားယောင်းမှုနောက်ကို ပါသွားပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အထင်သေး စက်ဆုပ်ဖို့ကလွဲလို့ ဘာမှ မရှိတော့ဘူး။ အပေါ်ယံကြည့်ရင်တော့ လီဆီဆိုတာ အလုံးလည်း မလျော့ဘူး။ အရပ်လည်း မလျော့ဘူး။ ရာထူးလည်း ကျမသွားဘူး။ အတွင်းထဲမှာတော့ သူဘယ်လောက် ပုပ်ပွပျက်စီးသွားပြီဆိုတာ သူ့ကိုယ်သူ အသိဆုံးပဲ။”

အဲဒါကြောင့် ဒီပုံပြင်ကလေးကို ဘယ်တော့မှ မေ့မသွားပါစေနဲ့ လို့ ဒေါ်လေးငယ်ကတော့ အတန်တန် ဆုံးမပါတယ်။ တရုတ်သတင်းစာတွေကတော့ မော်စီတုံးကြီးကို ဧကရာဇ်မင်းနဲ့နှိုင်းသလို လင်ဗြောင်ကိုလည်း ဂျောင်ကောနဲ့နှိုင်းတာပဲ။ လီဆီနေရာမှာတော့ မျက်စိထဲမြင်ယောင်စရာ နည်းနည်းရှားလိမ့်မယ်။ သူက ကောင်းတာလုပ်ခဲ့တာလည်း တော်တော်များများ ရှိခဲ့တာကိုး။ သံတမန်ကျကျ ပြေရာပြေကြောင်း ညှိညှိနှိုင်းနှိုင်း ကြားဝင်စေ့စပ်ပေးတတ်တာဆိုတော့ ချူအင်လိုင်းကြီးပဲ လက်ညှိုးထိုးပြစရာ ရှိတယ်။ အရည်အချင်းလည်း ရှိတယ်။ လူမှုဆက်ဆံရေးလည်း ကျွမ်းကျင်တယ်။ သူ့အတွင်းစိတ်ကိုလည်း ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ ဒါပေမယ့် လူဆိုတာ အခါခပ်သိမ်း ဗိုလ်လူခပ်သိမ်း ကြေနပ်စေအောင်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ ရက်စက်ကြမ်းကြုတ်ပြီး လှည့်ဖျားကောက်ကျစ်တတ်သူတွေကို အလိုက်သင့်အလျားသင့် ဆက်ဆံနေမယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ်ကျိုးစီးပွားရော နိုင်ငံအနာဂတ်ပါ စုန်းစုန်းမြုပ်သွားမှာ အမှန်ပါပဲ။

ကိုယ်တို့ ဗမာမှာလည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့တာပေါ့။ အလောင်းမင်းတရားနတ်ရွာစံတဲ့အခါ အယုဒ္ဓယက ပြန်သယ်လာခိုက် သားတော်ငယ် ဆင်ဖြူရှင် ခေါ် မြေဒူးမင်းသားက မူးမတ်စစ်သူကြီးတွေကို သစ္စာရေတိုက်တဲ့အခါ မင်းတရားကြီးရဲ့ သွေးသောက်ရင်း မြင်းရည်တက်ထဲက စစ်သူကြီးတစ်ဦးက မလိုက်တော့ပဲ နောက်ချန်နေရစ်သတဲ့။ မြေဒူးမင်းသားက သူ့အရင်ဦးအောင် နန်းတော်ကို အရောက်ပြန်ပြီး အမိန့်မနာခံပါဘူးလို့ နောင်တော်ကြီးဘုရားကို ကုန်းချောနှင့်တယ်။ သူတို့ညီအကိုချင်း ကြေကြေလည်လည် ဖြစ်ပြန်တော့လည်း ကြားကဝင်ဖီဆန်မိတဲ့ ကိုယ်ပဲ အပြစ်ရောက်မှာမို့ စစ်သူကြီးငတွန်ခမျာ သူပုန်ဘဝနဲ့ ကွပ်မျက်ခံရတယ်။ အလောင်းမင်းတရားက နန်းလျာမစီမံခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူစီမံပုံက ထီးဓလေ့နန်းဓလေ့နဲ့ မညီဘူး။ သားခြောက်ယောက်ကို အစဉ်လိုက် နန်းတက်ရစ်ကြပါတဲ့။ မင်းတုန်းမင်းကြီးလို ရာကျော်အောင်မွေးထားမိရင် ဘယ့်နှယ်လုပ်မတုန်း။ အရပ်သားညီအကိုတွေ အိမ်ထောင်ကွဲဖြစ်သွားရင်တောင် ကိုယ့်မိန်းမ သားသမီးဘက် ပင်းကြတာမို့ ထီးနန်းစည်းစိမ်နဲ့ ပတ်သက်လာရင် ညီအကိုဆိုတာ တော်တော် သွေးဝေးပါတယ်။ ဒီသဘောမျိုးရှိတဲ့အတွက် ဆင်ဖြူရှင်ဟာ သူ့သားတော် စဉ့်ကူးမင်းကို ထီးနန်းလွှဲပေးတာ အပြစ်တော့ မဆိုသာပါဘူး။ သူ့သားကို နန်းလုမှာစိုးလို့ ညီတော်တွေကို အရာချပြီး အိမ်နိမ့်မှာထားတာတော့ မကောင်းဘူးပေါ့။ ဆင်ဖြူရှင့်သားကမှ နန်းတက်နိုင်ရင် နောင်တော်ကြီးသား မောင်မောင်ကရော ဘာလို့နန်းမတက်နိုင်ရမှာလဲဆို ထီးနန်းလုပ်ကြံလို့ ဖောင်းကားစားမောင်မောင် ဘုရင်ဖြစ်လာပြန်ရော။ သင်ခန်းစာယူသင့်တာက ရှင်ဘုရင်လုပ်ချင်ရင် လက်ရှိရှင်ဘုရင်ကို သတ်လိုက်ရုံနဲ့ မပြီးသေးဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ရှင်ဘုရင်လုပ်တတ်ဦးမှ ဖြစ်တာ ဆိုတာကိုပါ။ (တို့ဆေးရုံမှာတော့ လူနာကို ခွဲခန်းထဲမသွင်းခင် အလုပ်သမားခေါ်ပြီး ရှင်ဘုရင်လုပ်ပေးလိုက်လို့ခိုင်းရင် ငါးရာလောက်ပဲ ပေးရမယ်။) ရှင်ဘုရင် မလုပ်တတ်တဲ့မောင်မောင်ဟာ ရ ရက်ပဲ နန်းစံနိုင်ပါတယ်။ ဆက်ပြောရင် ကုန်းဘောင်ဆက်တစ်ခုလုံး ကုန်တော့မယ်။ ဘာကို သိစေချင်တာတုန်းဆိုတော့ နိုင်ငံ့ခေါင်းဆောင်ဆိုတာ ကိုယ့်သက်တမ်းရှည်စေရေးကိုပဲ အလေးထားပြီး ကိုယ့်နေရာအတွက် အလားအလာရှိသူတွေကို ဖြုတ်ထုတ်သတ် မလုပ်ရဘူး။ နောက်တက်မယ့်မျိုးဆက်ကို မွေးရတယ်။ အဲလိုမဟုတ်လို့ မသမာတဲ့သူတွေက ကောက်ကျစ်စဉ်းလဲစွာ အာဏာသိမ်းလာရင် တိုင်းပြည်အတွက် နှစ်ရှည်လများ ဆင်းရဲဒုက္ခကြုံရတတ်တယ်။ ဒီလိုမသမာတဲ့ နန်းတွင်းအရေးတော်ပုံမျိုးဆိုတာလည်း မသိတာ မကြားတာ နားမထောင်တာ အကောင်းဆုံးပဲ။ ကြားမိရုံကလေးနဲ့ နားရာဇဝတ်သင့်တယ်။ ဘာဖြစ်လို့ဆိုတော့ ကဲ အခုကြားမိသွားပြီ။ ဘာဆက်လုပ်မလဲ။ တဘက်ဘက်ကို ဆုံးဖြတ်မှ ရတော့မယ်။ ကိုယ်တိုင်ဝင်မပါဘူး။ ကြားနေဆိုပေမယ့်လည်း ထိန်ချန်မှုဆိုတာက ရှိသေးတယ်။ အမှားအမှန်ဆိုတာ ပလ္လင်ပေါ်တက်ထိုင်တဲ့သူကသာ ဆုံးဖြတ်မှာ။ လီဆီဘိုးဘိုးကြီးနေရာမှာ ဝင်ကြည့်လိုက်ရင် သူ့အတွက် ရွေးချယ်စရာလမ်း ပေးမထားဘူးဆိုတာ နားလည်သဘောပေါက်လာပါလိမ့်မယ်။ ဒါမျိုးကိစ္စမှာ ဆရာကြင့်ဆီသွားပြီး အိမ်ရှေ့ကိုယ်တော် အခေါ်တော်ရှိတယ် ပြောပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူ ချန်ပညာရှိကြီးရဲ့ သစ္စာရှိပုံကို ချီးကျူးအံ့ဩမိပါတယ်။ သားသားကို ရှင်ဘုရင်လုပ်ချင်တယ် လာတိုင်ပင်ရင်တော့ ငါးရာပဲ ကျပါမယ်။ ဘလိတ်ဓါးအသစ်နဲ့မို့ စိတ်ချလက်ချ ဓါးရှခံလိုက်ပါ။ အထဲရောက်တော့ အရက်ပျံလောင်းမှာ ဘာမှ မပူနဲ့။ ဟုတ်ပလား။

credit to Dr Soe Min and it’s original owner Dr Yin Mar

One comment

  • nicolus agral

    November 5, 2012 at 9:18 am

    စကားပုံတခုရှိသေးတယ်
    “မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်” ဆိုတာကြီး
    ဘပြောင်လဲကိုယ့်နားကလူတွေကိုစီစစ်လက်ခံသင့်တယ်
    မတော် ဂျောင်ကုန်းကုန်းလိုသူတွေပါလာရင် ခက်ရချည်သေးရဲ ့

Leave a Reply