တို့ ဆိုရှယ် နက်ဝေါ့ ဖေ့ဘုတ်သုံးကြတယ်
စိတ်ပြေ လက်ပျောက်
တစ်ချို့ကလည်း ဘိမ်းစွဲသလိုစွဲနေလို့
တစ်ချို့လည်းဂျီတော့မှာ အသည်း မီးလောင်လို့
တကယ်တော့
ငါတို့ဟာ လူမှု ဆက်သွယ်ရေးကွန်ယက်ထဲ ၀င်ကကြတာပဲ
ပြီးတော့ မိတ်ဆွေတွေရကြတယ်
တစ်ရာ့ကိုး တစ်ရာ့ တစ်ဆယ် တွေ
ကျောင်း တက်လက်စ သူငယ်နပ်စားတွေ
ခပ်ကြောင်ကြောင်တွေရော
တရားသမားရော အရက်သမားရော
အပျိုကြီးတွေ ရောမုဆိုးမတွေရော
မင်းလို ..ကဗျာဆရာတွေရော
လူစုံတက်စုံ
အသက်ကြီးကြီး ပညာတတ် မိန်းမတစ်ယောက်နဲ့ ခင်မင် မထင်ခဲ့ဘူး
အသက်ကြီးလေ ဆုံးမတတ်လေပဲ
ခက်တာက အပျိုကြီးဆိုတော့ ဇီဇာကြောင်တာ တို့ စိတ်ကောက်လွယ်တာတို့
ဘာဘဲဖြစ်ဖြစ် မိန်းမဟာ မိန်းမပဲ… ကမ်းဝေး
အပျိုကြီး ဟာ အပျိုကြီးလိုပဲနေတာပဲလေ
ငါတို့ ဖေ့ဘုတ်ဆိုတာသုံးကြတယ်
ဒီလို ဖေါ်ရွေသလိုလိုနဲ့ ဆုံးမတတ်တဲ့
ပညာတတ် အသက်ကြီးကြီးမိန်းမကိုလာရှာတာ မဟုတ်ဘူး
အင်တာနက် လာသုံးတာ
မဂ္ဂဇင်းတိုက်ကို စာမူပို့ဖို့ အီးမေးလာဖွင့်တာ
ဖေ့ဘုတ်ထဲမှာသူရှိနေတော့ တွေ့ မိကြတယ်
ပညာတတ်ကြိမ်လုံးနဲ့ တဖုန်းဖုန်းရိုက်တော့တာပဲ
ဘာဝါဒ ညာဝါဒတွေ ငြိမ်းချမ်းရေးတွေ ဒဿနတွေပြောတော့ တာပဲ
အသက်ကြီးကြီး မိန်းမဆိုတာ အာရှ သူ ပုံလန်းလေးတွေ ကြည့်ရသလို စိတ် မလန်းဘူး
ပညာတတ် စကားလုံးတွေကလည်း ကဗျာ တစ်ပုဒ်လို မချိုဘူး
ဒါပေမယ့်
အသက်ကြီးကြီး ပညာတတ်မိန်းမ ရဲ့ ပညာတတ်ပါးစပ်ကို ငါလေးစားလာတယ်
သူရဲ့ ဒဿနတွေကို ငါ အထင်ကြီး လာတယ်
တကယ်ပြောရရင်
ဖေ့ဘုတ်ထဲမှာ သူလိုလူရှိတာ ငါကြိုသိရင် မလာပါဘူး
အခု သိပြီးသူရှိနေတော့ မလာရမနေနိုင်ဘူး
သိလိုက်ပြီ ..သိပြီ
အသက်ကြီးကြီး ပညာတတ်မိန်းမဟာငါ့ကဗျာ
ငါရေးလို့ မပြီးတိုင်တဲ့ စာတစ်ပုဒ်
သူ့ရဲ့ ခပ်ပြတ်ပြတ် စကားသံက ငါ့ကို တုတ်နှောင်ထားတယ်
ဘုဆတ်ဆတ်ကြောင်တောင်တောင် တခါတလေ( ကျောင်းအုပ်ကြီးလေသံ)
တခါတလေ ပြဇာတ် မင်းသမီး စကားပြောသလို
ငါသူ့ကို လာလာကြည့်နေတာ မဟုတ်ဘူး
သူကဖေ့ဘုတ်ထဲမှာရောက်လို့ သူရှိနေတာ
ဟေ့ကဗျာဆရာ…ဟကောင် ကမ်းဝေး
ဒီအကြောင်း ဘလက်ချောကြီး မသိစေနဲ့
မှော်ဆရာ အမတ်မင်း မောင်ဂီ သူတို့ ကိုမပြောနဲ့
ဟိုဦးပါလေရာဆိုတဲ့ လူကြီးမသိစေနဲ့
မေဇော်ဟန်ဆိုတဲ့ ဂျာနယ်လစ်ကို သတင်းမပို့နဲ့
ဟာ..ဟေ့ ကော်နက်ရှင်ကျသွားပြီ
မင်းနော် .. အဘဖေါတို့ ဆီ သွားမဖွနဲ့
ဟာ ဒီအသက်ကြီးကြီး ပညာတတ်မိန်းမ ..ဘယ်ရောက်သွားလဲ
ဟေ့ကောင်…မပြောနဲ့နော်
ဟာဒုက္ခ ..မီးပျက်ပြန်ပြီ..မီးစက်နိုးပါဟ..မြန်မြန်
အသက်ကြီးကြီး ပညာတတ်မိန်းမ ပျောက်သွားပြီ
ဟာဟေ့ကောင်…မီးစက်ကလည်း..တောက်
အသက်ကြီးကြီး ပညာတတ်မိန်းမ
အသက်ကြီးကြီး ပညာတတ်မိန်းမ……….
မီးမလာတော့ ဘူးလား…..
အသက်ကြီးကြီး ပညာတတ်မိန်းမ..ဟာ..ဒုက္ခပဲ
အသက်ကြီးကြီး ပညာတတ်မိန်းမ…….။

About htet way

has written 133 post in this Website..