Online Volunteers of Disasters Recovery for Myanmar (OVDR4MM) မိသားစု၏ ပညာရေး အလှူ

EipontNovember 7, 20123min841

၂၀၁၂ခုနှစ်၊ ဩဂုတ်လအတွင်း မြန်မာနိုင်ငံ အနှံ ့အပြားတွင် ဖြစ်ပွားခဲ့သော ရေကြီး၊ ရေလျှံမှု ဖြစ်စဉ်များအတွင်း တစ်နိုင်ငံလုံး အနေအထားဖြင့် နှိုင်းယှဉ်ကြည့်ပါက အဆိုးရွားဆုံး ဒုက္ခရောက်ခဲ့သော ဧရာဝတီတိုင်းဒေကြီး အတွင်းရှိ ကျောင်းကုန်းနှင့် သာပေါင်းမြို့နယ်များသို့ ရန်ကုန်၊ မန္တလေးမှ အစပြု၍ နယ်ပယ်ဒေသ အသီးသီးတွင် နေထိုင်ကြပါသော  OVDR4MM မိသားစုဝင် အလှူရှင်များ၊ နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသော မြန်မာများ၏ စုပေါင်းအားဖြင့် အစားအသောက်၊ အဝတ်အထည်များအပြင် ဆေးရုံဆေးခန်းများအတွက်လိုအပ်သော ဆေးဝါးများနှင့် ဆေးကုသမှုဆိုင်ရာပစ္စည်းများ၊ ပျက်စီးယိုယွင်းနေသော၊ ပြင်ဆင် တည်ဆောက်ရန် လိုအပ်နေသော စာသင်ကျောင်းများ၊ ဆေးရုံများအတွက် စုစုပေါင်း ၂ဝ ၃၅၅ ၄၅ဝ ကျပ် (ငွေကျပ် နှစ်ရာ့ သုံးသိန်း ငါးသောင်း ငါးထောင် လေးရာ့ငါးဆယ် တိတိ)ကို လှူဒါန်းနိုင်ခဲ့ပါတယ်။ ထို့အပြင် သဘာဝဘေးအန္တရယ် ကျရောက်ချိန်များတွင် အလွယ်တကူ၊ အဆင်ပြေပြေ၊ နီးစပ်ရာ ခိုလှုံနိုင်သော ဘုန်းတော်ကြီးကျောင်းများကိုလည်း တတ်စွမ်းသမျှ ထောက်ပံ့နိုင်ခဲ့ပါတယ်။

ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာ လဆန်းပိုင်းတို့တွင် သွားရောက်လှူဒါန်းခဲ့သော OVDR4MM မိသားစု၏ လှူဒါန်းမှု ခရီးစဉ်များအတွင်း သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုဒဏ်များ၊ ဒေသခံများ၏စီးပွားရေးချို့တဲ့မှုများကြောင့် ထိန်းသိမ်းပြုပြင်ရန် လိုအပ်နေသော စာသင်ကျောင်းများတွင် မိုးထဲလေထဲ ဖြစ်သလို စာသင်ကြားနေကြရတဲ့ ကျောင်းသား၊ ကျောင်းသူလေးများကို စိတ်မကောင်းစွာ ကြည့်မြင်ခဲ့ရပါတယ်။ ယခုနှစ်လောက် ဆိုးရွားစွာ ဖြစ်ပွားခြင်း မရှိပေမယ့် နှစ်နှစ်၊ သုံးနှစ်ဆက်တိုက် ပုံမှန်အနေအထားထက် ပို်မိုဆိုးရွားစွာ ရေကြီးခြင်း၊ ရေတက်ခြင်းများကို ခံစားရတဲ့အတွက် ဒေသခံ ကျောင်းသားမိဘများ ရပ်မိရပ်ဖများအနေနဲ့ လယ်ပျက်၊ စပါးသေ၊ စိုက်ချိန်နောက်ကျ စတဲ့ဒုက္ခများ ခံစားရပြီး စီးပွားရေး အခြေအနေများ ထိခိုက်ရခြင်းရဲ့ နောက်ဆက်တွဲများ အနေဖြင့် ဓနိမိုး၊ ဓနိကာမှစပြီး ပျဉ်ထောင်ပျဉ်ခင်း ကျောင်းများအထိ ပြုပြင်ထိန်းသိမ်းမှုများ မလုပ်နိုင်ခြင်းက သဘာဝဘေးအန္တရယ်များကြောင့် စာသင်ကျောင်းတွေကို ပိုမိုလို့ ပျက်စီးစေပါတယ်။

မိုးလေစိုစိ စိုဖတ်ထဲမှာ အခင်းမရှိလို့ သဲပေါ်၊ မြေကြီးပေါ်မှာ ထိုင်ပြီးတော့ ယိုင်နဲ့နေတဲ့ သင်နေရတဲ့ကလေးတွေ၊ စာရေးခုံမညီမညာတွေ အပေါ်မှာ စာသင်နေရတဲ့ ကလေးတွေကို မြင်ခဲ့ရသလို၊ မိုးရွာလာရင် အမိုးမလုံလို့ တစ်နေရာမှာ စုနေပြီးမှ မိုးတိတ်သွားမှ စာပြန်သင်ရတဲ့ ကလေးတွေလည်း တွေ့ရပါတယ်။ တိုင်တွေဆွေးနေ ဆင့်တွေဆွေးနေလို့ မနည်းထိန်းလျှောက်နေရတဲ့ ကျောင်းမှာ စာသင်နေရတဲ့ ကလေးတွေလဲ အများကြီးတွေ့ခဲ့ရပါတယ်။ အကာမရှိတဲ့ကျောင်း၊ အမိုးမရှိတဲ့ကျောင်း၊ ထိုင်ခုံမပြောနဲ့ စာတင်ရေးစရာ ခုံတောင်မရှိတဲ့ ကျောင်းတွေချည်းတွေ့ရတာ အတော်လေး စိတ်မကောင်းစရာပါ။ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ သန့်ရှင်းရေး၊ ကျန်းမာရေးတွေတော့ ထည့်မပြောပါနဲ့ဦးဗျာ။

OVDR4MM မိသားစုအနေနဲ့ ရေဘေးအတွက် သွားရောက်လှူဒါန်းခဲ့တဲ့ သာပေါင်းခရီးစဉ် တစ်လျှောက်လုံးမှာ မြို့နယ်ပညာရေးမှူးအဖြစ် ပြောင်းလာတာ မကြာသေးတဲ့ ဆရာမကြီး ဒေါ်စန်းစန်းဌေးက လိုက်ပါပြီးတော့ လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ပြုပြင်ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကျောင်းတွေကို လိုက်ပြပေးပါတယ်။ ကျောင်းတိုင်းလိုလိုက တစ်ခုမဟုတ် တစ်ခုပျက်စီးနေတာ ဖြစ်တာမို့ ကြည့်လို့ကို မစုံခဲ့ပါဘူး။ နည်းနည်းပြင်ရမှာနဲ့ များများပြင်ရမှာသာ ကွာပါတယ်။

ပညာရေးမှူး တစ်ယောက်အနေနဲ့ ပညာရေးဌာနကို ပြုပြင်ပြင်ဆင်စရိတ် တောင်းထားတဲ့ကျောင်းတွေ၊ ပြင်ဆင်စရိတ် ကျလာနိုင်တဲ့ ကျောင်းတွေကို ဖယ်ထားပြီး တခြား တကယ်လိုအပ်နေတဲ့ ကျောင်းတွေကို လိုက်လံပြသ ရှင်းပြပါတယ်။ ခန့်မှန်း ပြင်ဆင်ကုန်ကျငွေအတွက် ရပ်ရွာမှာရှိတဲ့ ဒေသခံ လက်သမား၊ ပန်းရံဆရာတွေခေါ်ပြီးတော့ တွက်ချက်ပြပါသေးတယ်။ လှူဒါန်းခဲ့တဲ့ ကျောင်းတွေမှာတော့ အတူတူလိုက်ပါလာတဲ့ ဒုဦးစီဖြစ်တဲ့ ဦးနိုင်ဝင်းက ဦးဆောင်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှုး၊ ကျောင်းသားမိဘတွေ၊ ကျောင်းဆရာဆရာမတွေ၊ ရပ်မိရပ်ဖတွေပါတဲ့ စာသင်ကျောင်း ပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စေပြီး အလှူငွေတွေကို စနစ်တကျ လက်ခံစေပါတယ်။ ဒါတွေကတော့ OVDR4MM မိသားစု သွားရောက် လှူဒါန်းခဲ့တုန်းက အခြေအနေတွေပါ။

ရေဘေးအတွက် ဦးတည်ပြီးတော့ လှူဒါန်းခဲ့တဲ့ အနေအထား ဖြစ်တာကြောင့် မတည်ငွေလောက်သာ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ မြို့နယ်ပညာရေးမှုးနဲ့ တိုင်ပင်ပြီး ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ကျောင်းစာရင်းကို ဘယ်နေရာတွေမှာ ပြင်ဆင်ရမယ်ဆိုတာနဲ့ ခန့်မှန်းကုန်ကျငွေ ပူးတွဲပြီး OVDR4MM ကို ဆက်သွယ်ပေးပို့ပေးဖို့ မှာကြားခဲ့ပါတယ်။ ဒါနဲ့ပဲ အောက်မှာပြထားတဲ့ စာရင်းလေးကို ပေးပို့လာပါတယ်။

ပုံမှာပြထားတဲ့ အလှူရှင်ဆိုတဲ့နေရာမှာ ဤ၍ဤမျှ မတည်လှူဒါန်းရင် ရပ်ရွာမိဘများအနေနဲ့ မိမိတို့သားသမီးတွေ ပညာသင်ကြားရမယ့် ကျောင်းအတွက် ထည့်ဝင်နိုင်တဲ့ ပမာဏကိုလဲ ဖော်ပြပေးထားပါသေးတယ်။ ပညာရေးအတွက် တကယ်ကို လိုလိုလားလားရှိပေမယ့် အမှန်တကယ်ကို မတတ်နိုင်ကြတဲ့ သူတွေဆိုတာ မျက်မြင်တွေ့ရလို့ အတော်ပင်စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ သူတို့ထည့်ဝင်မယ်ဆိုတဲ့ ငွေပမာဏထဲမှာ အလုပ်သမားခ၊ ဒေသမှာ ရရှိနိုင်တဲ့ သစ်ဝါးစတာတွေရဲ့ တန်ဖိုးတွေ ပါဝင်မှာပါ။

 

ဒီကျောင်းတွေ အားလုံးဟာ လာမယ့်ပွင့်လင်းရာသီ ကျောင်းပိတ်ရက်မှာ ပြင်ဆင်မှ နောက်လာမည့်နှစ် စာသင်နှစ် ကျောင်းသားလေးတွေ ပညာသင်ကြား နိုင်ရေးအတွက် အဆင်ပြေ နိုင်ပါလိမ့်မယ်။ လာမယ့် ကျောင်းပိတ်ရက်ရှည် အတွင်းမှာသာ မပြင်ဆင်နိုင်ခဲ့ဘူးဆိုရင် ပိုမိုပျက်စီး ဆွေးမြေ့ပြီး ပြင်ဆင်စားရိတ်လဲ ပိုမိုကုန်ကျ သွားနိုင်ပါတယ်။ OVDR4MM မိသားစုအနေနဲ့ ပေးပို့လာတဲ့ စာရင်းထဲက ကျောင်းတွေအားလုံးကို လှူဒါန်းလိုတဲ့ ဆန္ဒရှိပါတယ်။ ကောက်ခံရရှိ သလောက်ထဲကနေ တစ်ကျောင်းစာ မတည်လှူဒါန်းမယ့် တန်ဖိုးပြည့်မီတာနဲ့ တစ်ကျောင်းစာချင်းစီ လွှဲအပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

သို့ပေမယ့် မြင်တွေ့ရတဲ့ အခြေအနေများနဲ့ စာသင်ကျောင်းများရဲ့အနေအထားအရ မရမ်းချို ကျေးရွာအုပ်စုရှိ ဝါးတောကွင်း (အ.မ.က) စာသင်ကျောင်းလေးဟာဆိုရင် စာသင်ကြားရန် အင်မတန်ခက်ခဲပြီး ဆိုးရွားစွာ ပျက်စီးယိုယွင်းနေတာကြောင့် ပထမဦးဆုံး လှူဒါန်းပြင်ဆင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ကျောင်းလေးက ကျောင်းဆောင်သစ် ပြန်လည်တည်ဆောက်မှကို ဖြစ်နိုင်မယ့် အနေအထား ဖြစ်နေပါပြီ။ OVDR4MM အနေနဲ့ ကျပ်သိန်းနှစ်ဆယ် စုပေါင်းလှူဒါန်းပေးနိုင်ရင် ရပ်မိရပ်ဖတွေက စုပေါင်းထည့်ဝင်မယ့် ကျပ်နှစ်ဆယ့်ငါးသိန်းနဲ့ စာသင်ကျောင်းလေး ပြန်ဆောက်နိုင်မှာပါ။ ရပ်မိရပ်ဖတွေကလည်း အားတတ်သရော လိုလိုလားလား ရှိနေပေမယ့် ငွေကြေးအရ အခက်အခဲ ဖြစ်နေကြတာပါ။ ဒီကျောင်းအတွက် စတင်ပြီးတော့ အလှူခံမှာ ဖြစ်ပါတယ်။ ဒီလထဲမှာ စေတနာရှင်တွေ ဝိုင်းဝန်းလှူဒါန်းငွေက ကျောင်းပြင်စရိတ်အတွက် မပြည့်မီသေးရင် နောက်လတွေမှာ ဆက်ပြီးအလှူခံပါ့မယ်။

ဝါးတောကွင်း ကျေးရွာ အ.မ.က စာသင်ကျောင်း 

 

ပထမဆုံး လှူဒါန်းပြင်ဆင်ပေးရန် ရည်ရွယ်ထားတဲ့ ကျောင်းလေးအတွက် ကောက်ခံရရှိတဲ့ ငွေပမာဏအပေါ် မူတည်ပြီးတော့ ကျန်ရှိနေတဲ့ ကျောင်းလေးတွေကို ဆက်လက်လှူဒါန်းမှု ပြုဖို့စီစဉ်ဆောင်ရွက် သွားမှာလဲ ဖြစ်ပါတယ်။

 

ဒီလထဲမှာ စေတနာရှင်တွေ ဝိုင်းဝန်းလှူဒါန်းငွေက ကျောင်းပြင်စရိတ်အတွက် မပြည့်မီသေးရင် နောက်လတွေမှာ ဆက်ပြီးအလှူခံပါ့မယ်။

 

ဝေးလံခေါင်သီပြီးတော့ နောက်ဆုံးပေါ် နည်းပညာတွေ မပြောနဲ့ အခြေခံပညာကိုတောင် အနိုင်နိုင် သင်ကြားဖို့ ကြိုးစားနေရတဲ့ ကျွန်တော်တို့တို့ရဲ့ သွေးချင်းလေးတွေအတွက် တတ်နိုင်သလောက် စုပေါင်းလှူဒါန်းပေးကြဖို့ တိုက်တွန်းနှီုးဆော်အပ်ပါတယ်။ သေစာရှင်စာေလောက် တတ်ကျွမ်းပြီးရင် ကျောင်းထွက် အလုပ်လုပ်ကြရတဲ့ အနေအထားရှိတဲ့ ဒေသက ကလေးငယ်လေးတွေအတွက်၊ စားဝတ်နေရေးအတွက် အလုပ်တစ်ဖက်နဲ့ ပညာကို လိုလားကြတဲ့ ကလေးလေးတွေအတွက် စာသင်စရာ နေရာတောင်မှ ဖြစ်ဖြစ်မြောက်မြောက် မရှိဘူးဆိုရင် ပညာသင်ကြားဖို့အတွက် ဘယ်လောက် ခက်ခဲမလဲ တွေးမရနိုင်လောက်အောင်ပါပဲ။

 

ဆက်သွယ်လှူဒါန်းဖို့ ဆန္ဒရှိတယ် ဆိုရင်ဖြင့်…

OVDR4MM Admin Team

ရန်ကုန်

ကိုဇေယျာကျော် (၀၉-၅၄၁ ၅၅၀၀)

ကိုသံလွင် (၀၉-၄၃၁ရ ၄၆၂၃)

ကိုဇော်နိုင် (၀၉-၄၃၀၆ ၈၀၃၄)

ကိုနေမုန်း (၀၉-၄၀၂ရ ၂၄၄၈၀)

 

မန္တလေး

ကိုစိုင်းမျိုး (၀၉-၉၁၀၂ ဝ၀၂၀)

 

နေပြည်တော်

ကိုပေါက်ကျိုင်းဆန်း (၀၉-၄၉၂၅ ၅၈၆၅)

 

Australia

ကိုနိုင်အောင် (+61 413015436)

naingaung85@yahoo.com

Bank Information – BSB : 06 6001 Account Number : 1093 1614

 

Japan

ကိုရန်နိုင် (+080 3852 5214)

Bank Information – (JP-bank: 14000- 49306371 ヤン ナイン ウイン)(softbank)

 

United States of America

မခိုင်သန္တာထွန်း (+1 71 4399 8902)

 

Singapore

ကိုကျော်လင်း (+65 9424 6024)

ကိုဝနဆွေ (+65 8101 4613)

ကိုနိုင်ထူးအောင် (+65 9776 7074)

Bank Information – POSB SAVING: Account Number 133-21885-8

 

South Korea

ကိုမင်းအောင်နိုင် (+082 010 2614 3050)

Bank Information – NH(NongHyup)-356-0252-6831-63

https://www.facebook.com/OVDR4MM
(ဒါကတော့ Facebook မှာရှိတဲ့ OVDR4MM ရဲ့ Link ဖြစ်ပါတယ်။)

 

 

 

One comment

  • Thu Wai

    November 7, 2012 at 12:28 pm

    အခုလို ကိုယ်တိုင်လဲ လှူ volunteer လဲ လုပ်တဲ့အဖွဲ့တွေ အများကြီးတွေ့မြင်လာရတာ သာဓု..သာဓု.သာဓု

Leave a Reply