“ကျားကျားမီးယပ် (၂)”(EPISODE 10)

nicolus agralNovember 10, 20121min721

အားလုံးအပြီးမှာတော့ ဒုတိယမြောက်ဧကရာဇ်မင်းမြတ်ဟာ သူ့မာမီကုန်းကုန်းကြီးကို ခေါ်တိုင်ပင်ပါတယ်။

“လူ့သက်တမ်းဆိုတာ အင်မတန် တိုတောင်းလှပါပေရဲ့။ အခုလို နန်းစည်းစိမ်ကလေး ခံစားခွင့်ရသခိုက် အာရုံငါးပါးစလုံး တစ်ခုမှ မကျန်အောင် အရသာခံစားလိုလှတယ်။ ဘယ်လိုသဘောရသလဲ ကုန်းကုန်း။” ဆိုတော့

“ပျော်လိုက်စမ်း။ ကဲလိုက်စမ်း။ အမေကြေနပ်တယ် ဟေ့။ အမေ ကြေနပ်တယ် သား။ ဒါမျိုးဆိုတာ ခပ်ချာချာ ပရမ်းပတာကောင်တွေ ဘယ်တွေးတတ်မှာတုန်း။ ရှိတ် ရှိတ် ရှိတ် ရှိတ်ကြစို့ဟေ့။” တွေ ဖြစ်ကုန်ရော။ (ဆဋ္ဌမမြောက်အာရုံပါ ခံစားတတ်အောင် သင်ပေးမပေးတော့ စာအုပ်ထဲမပါလို့ ပြောတတ်ပါဘူး။ ဒီမာမီကြီး ကြည့်ရတာ လွယ်ဘူး လွယ်ဘူး)။

“ဒါပေမယ့် ကုန်းကုန်းရယ် တချို့မူးမတ်တွေကို ကြည့်ရတာ ဂျစ်ကန်ကန်နဲ့ နားခံမနာဘူးဗျ။ သူတို့ ရာထူးကြီးတွေကြောင့်သာ အောင့်ထားရတယ်။ အဲဒါ ဘယ့်နှယ်လုပ်ကြမတုန်း။”

(ဒီလိုအကွက်မျိုးရဖို့ စောင့်နေတာပါမောင်။ သည်ကနေ့အဖို့မှ ဂျောင်ဂျောင်တို့ ပွဲမခံရင် ဘယ်တော့ခံရမတုန်းပြော။)

“ငြိလိုက်လေ။ ကိုယ်တော့်ကို အဲဒါ လျှောက်ချင်နေတာ ကြာပြီ။ မပြောရဲလို့။ သိလား။ ကိုယ်တော်လေးမှာ ကိုယ့်ထက်ကြီးတဲ့ နောင်တော်မင်းသားတွေ ကျန်သေးတယ်လေ။ ခမည်းတော်မြှောက်စားထားတဲ့ အမတ်အိုကြီးတွေလည်း မနည်းဘူး။ သူတို့အချင်းချင်း ပေါင်းမိပြီး များတို့အမွှေဇယားတွေကို သိကုန်လို့ကတော့ ကိုယ်တော့်အစား တွေးတောင် မတွေးဝံ့ဘူး။

သူတို့ကြောက်အောင် ဖြုံအောင်လုပ်ဖို့က လွယ်လွယ်ကလေးပါ။ ပုံစံပေးကြရုံ ရှိတာပေါ့။ ဥပဒေတွေ မူလီကြပ်ပလိုက်။ တစ်ယောက်အပြစ်ရှိရင် တစ်မျိုးလုံး ဆော်ထည့်လိုက်။ တုတ်တုတ်တောင် မလှုပ်ရဲတော့ဘူး။ စိတ်မချရတဲ့သူကို ကိုယ့်အနားမှာထားတာဟာ မြွေပွေးခါးပိုက်ပိုက်တာနဲ့ အတူတူပဲ။ ဒီအချိန်မှာ ရွှေပြည်အေးတရား မဟောနဲ့။ ခွန်အားကို ပြရမယ့်အချိန်။ သူတို့စည်းစိမ်တွေတိုးတက်အောင် ရေများရာ မိုးရွာမယ့်အစား မရှိဆင်းရဲသား နောက်လူငယ်တွေကို နေရာပေးလိုက်ရင် ကိုယ့်ကို တစ်သက်လုံး မကန်နိုင်တော့ဘူး။ ကိုယ်တော် ကိုယ့်ဘာသာ ထီးနန်းစည်းစိမ်ခံစားနေစမ်းပါလေ။ သည်ကိစ္စ မာမီ့တာဝန်ထား။”

သည်လိုနဲ့ ဂျောင်ကောကြီးက နန်းတွင်း ချိန်ဘာလိန်ကြီးဖြစ်လာပြီး ထောက်လှမ်းရေး အခြောက်မတွေနဲ့ ဟိုလူ့ဆွဲစိလိုက် သည်လူ့ဆွဲစိလိုက်၊ နန်းတော်ထဲနေရာလိုချင်လို့ လာကပ်တဲ့အထဲက ဟိုလူ့ဆွဲစားလိုက် သည်လူ့ဆွဲစားလိုက်နဲ့ ဗြောင်းကိုဆန်နေတာပဲတဲ့။ အရင်ဆုံးတော့ ရန်သူတော်ကြီး မုန်အိမ်ကို တက်တက်စင်အောင် စီရင်တော့တာပေါ့။ မုန်ယိကတော့ သူ့တသက်တာလုံး ဘုရင်မင်းမြတ်အပေါ် သေပြီးသည့်တိုင်အောင်တောင် သစ္စာစောင့်သိဆဲပါတဲ့။ မင်းတရားကြီးက ဝှူဟဲကိုမှ နန်းတက်စေချင်ရိုးမှန်ရင် သူ့အနေနဲ့လည်း ဖီဆန်စရာ မရှိပါဘူးတဲ့။ သူက စစ်သူကြီးပီပီ သေရမှာ မကြောက်ပါဘူးတဲ့။ ဒါပေမယ့် နတ်ရွာစံမင်းတရားကြီးရဲ့ ဂုဏ်သိက္ခာ မညှိုးနွမ်းစေချင်လို့ သူ့ကို ဘာပြစ်မှုနဲ့ စီရင်သလဲဆိုတာပဲ သိခွင့်ပေးပါ လို့ တောင်းဆိုပါတယ်။ အချည်းနှီးပါပဲ။ သိဘူး သိဘူး။ မာမီတို့က သတ်ဆိုသတ်ရမှာပဲ။ ကျန်တာ မာမီတို့လာမမေးနဲ့။ နောက်ဘဝကျမှ ဘုရင်မင်းတရားကြီးနဲ့ တွေ့ရင် မေးကြည့်လိုက်။ အခုတော့ ဟိုဘက်လှည့်ဦး။ ဒီက သွေးရဲရဲ သံရဲရဲဆို မကြည့်ရဲဘူး ဆို ဟလ္လာလုပ်ပလိုက်သတဲ့။ မုန်းရှန်ကြီးကတော့ အဆိပ်ခွက် လာကမ်းပေးတာကို လက်ထဲကိုင်ထားပြီး သူတို့မုန်အိမ်ဟာ မျိုးဆက်သုံးဆက်တိုင်တိုင် သစ္စာရှိ စစ်သူကြီးအစစ်အမှန် တာဝန်ကျေပွန်ခဲ့ပါတယ်တဲ့။ အခုအချိန် အကျဉ်းထောင်ထဲရောက်နေတာတောင် သူက အလိုရှိရင် စစ်သည်သုံးသိန်းကျော်နဲ့ အခုချက်ချင်းကို ထပြီး ပုန်ကန်လို့ ရပါသတဲ့။ အဲသလိုလုပ်မယ့်အစားတော့ သေရွာကိုပဲ သွားရတာ ပို ဂုဏ်ရှိပါသတဲ့။ မိုးကောင်းကင်ကို သက်သေထားပြီး သူ့ဘက်က ရာဇဝတ်မှု တစ်ခုတလေမျှ မကျူးလွန်ကြောင်းလည်း သစ္စာဆိုပါသတဲ့။ အပြစ်ကင်းတဲ့သူတစ်ယောက်အဖြစ်နဲ့သာ သေဆုံးပါတော့မတဲ့။ အဆိပ်ခွက်ကို တကျိုက်တည်း မော့သောက်လိုက်ပြီးမှ သူက P.S. မေ့လို့မေ့လို့ အပြစ်လို့ဆိုစရာ တစ်ခုတော့ ကျူးလွန်ခဲ့မိတယ်ဆိုရင် လင်တောင်းနယ်စပ်ကနေ လျိုတောင်းနယ် အရှေ့ခြမ်းအထိ မဟာတံတိုင်းကြီး တည်ဆောက်ခဲ့ရာမှာ သဘာဝမြေကမာ္ဘရဲ့ အသက်သွေးကြောတွေကို ပြတ်တောက်ခြောက်သွေ့အောင် လုပ်မိကောင်း လုပ်မိပေလိမ့်မယ်။ အဲဒါ အပြစ်ပေါ့ တဲ့။ ရှေးကလူကြီးတွေများ သူလုပ်လိုက်လို့ ဖုန်းရွှေဓါတ်တွေ ပျက်ကုန်မှာကို အပြစ်မကင်းဘူးလို့ ယူဆကြသတဲ့။

အာရှိဘုရင်ရဲ့ ဦးရီးတော် (သူ့ခမည်းတော်ရဲ့ညီ) ဇီယန်မင်းသားကြီးကတော့ မုန်စစ်သူကြီးညီနောင်ကို မသတ်သင့်ကြောင်း အတန်တန်တားပေမယ့် ကုန်းကုန်းတို့က ဘူးဆို ဖယုံမသီးပါဘူး။ အဲဒီနောက်တော့ ဝန်ကြီးပေါင်းများစွာ ဖြုတ်ထုတ်သတ် လုပ်ပြီးသကာလ မင်းညီမင်းသား တစ်ဒါဇင် (အကုန် သူ့နောင်တော်တွေချည့်ပဲ) သတ်ပြီး အလောင်းကို ဈေးထဲက လူမြင်ကွင်းမှာ ချိတ်ဆွဲပြသထားသတဲ့။ မင်းသမီးတစ်ကျိပ်တို့ကိုတော့ ခြေ ၂ ဘက် လက်၂ ဘက် လှည်းလေးစီးနဲ့ ဆွဲဖြဲသတဲ့။ သူ့နောင်တော် မင်းသားထဲက ကောမင်းသားကတော့ ထွက်ပြေးရင်လွတ်နိုင်ပေမယ့် ကျန်ရစ်ခဲ့တဲ့ မိသားစုကို ငဲ့လို့ ညီတော်ဘုရင်မင်းမြတ်ထံ စာသဝဏ်စေပါတယ်။ ခမည်းတော်ဘုရားရှိတော်မူစဉ်က သူ့အပေါ် ချစ်ခင်ကြင်နာခဲ့တာတွေကို တွေးမိရင် အခု ခမည်းတော် မရှိတဲ့နောက် သူလည်း ဆက်အသက်ရှင်ချင်တဲ့စိတ် မရှိတော့ပါဘူးတဲ့။ ခမည်းတော် အုပ်ဂူခြေရင်းမှာပဲ သူ့ကို မြှုတ်ပေးပါ လို့ တောင်းဆိုတော့ ညီတော် ဘုရင်မင်းမြတ်က အသုဘစားရိတ် ကြေးပြားတစ်သောင်း ထုတ်ပေးလိုက်သတဲ့။ တစ်နန်းတော်လုံး ဖိန့်ဖိန့်တုန်အောင်ကို ကြောက်သွားကြတာပေါ့။ သေတဲ့သူကလည်း သွေးချောင်းစီးမှကိုး။ ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြောက်နေကြရပြီး ဝန်ကြီးတွေအကုန်လုံး ပါးစပ်ပိတ် ဂျောင်ကုန်းကုန်းကို မျက်နှာချိုသွေးပြီး အလိုက်အထိုက်ဆက်ဆံနေကြရတော့တယ်။ အားရှိဘုရင်ဟာ သူ့အဖေရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကိုတော့ ပြီးအောင်ဆက်လုပ်တယ်။ ရှေ့တန်းစစ်မျက်နှာတွေမှာ အရေးမလှတော့ သူ့အသက်သူစိုးရိမ်တာနဲ့ နိုင်ငံအနှံ့အပြားက လေးသည်တော် ငါးသောင်းကို နေပြည်တော် ပြန်ခေါ်ပြီး သက်တော်စောင့်အဖွဲ့ဖွဲ့တယ်။ စစ်သားငါးသောင်း၊ မြင်းငါးသောင်း၊ အိုးငါးသောင်း ခွက်ငါးသောင်းနဲ့ နေပြည်တော်ပတ်လည်တခိုမှာ မြက်စိုစိုတောင် စားစရာ မကျန်တော့ဘူး။ လယ်သမားများလည်း မျိုးရိက္ခာတောင် မရှိတော့ဘူး။ အခွန်အတုပ်တွေကလည်း ကြီးလေးလာ။ ပြစ်ဒဏ်စီရင်လာတာကလည်း မညှာမတာ၊ တိုင်းပြည်အလုံး ကြိမ်မီးအုံးသကဲ့သို့ဆိုတာမျိုး ဖြစ်လာပြီး စည်းလုံးမှုတွေ ပြိုကွဲလာတာပေါ့။

လီဆီဘိုးဘိုးကြီးလည်း ဘုရင်မင်းမြတ်ကို ထိန်းထိန်းသိမ်းသိမ်း အကြံပေးဖို့ မပြောနဲ့ တွေ့ခွင့်တောင် မရဘူး။ စာတိုစာရှည် ပေလွှာတွေ အခါခါ ပါးလည်း ဟိုက ဖတ်တောင် မဖတ်အားဘူး။ သူ့စာကြီးတွေကလည်း ဖတ်ချင်စရာမှ မကောင်းပဲနဲ့။ ပေရှည်နေလိုက်တာ။ လိုရင်းကို မရောက်တော့ဘူး။ ကျော်တယ်ကွာ။ လီဆီက သူ့ဘာသာ ရေးချင်သလိုရေး။ ဘုရင်ကလည်း သူသဘောပေါက်သလို အနက်ပြန်ပြီး အကြံဉာဏ်ကိုတော့ ယူပါတယ်။ အဘိုးကြီးကလည်း ဒါလေးနဲ့ပဲ ကြေနပ်နေရတယ်။ ရှီဂျီရဲ့ အဆိုအရတော့ အာရှိဘုရင်က သူ့အတွက် အခွန်များများ ရှာပေးနိုင်တဲ့ နယ်စားပယ်စားဆို လွှတ်ချီးမြှောက်တော့သတဲ့။ ဒါမှ မှန်မှန်ကန်ကန် စီမံအုပ်ချုပ်ပြီး ထိထိရောက်ရောက် တရားစီရင်နိုင်တဲ့သူဆိုပဲ။ ပြစ်ဒဏ်စီရင်ခံရတဲ့သူ ဘယ်လောက်များသလဲဆို ဈေးလယ်ခေါင်မှာ လူတဝက်လောက်က ရာဇဝတ်သားတွေတဲ့။ အကြီးလေးဆုံး ပြစ်ဒဏ်ကို ပေးနိုင်မှ။ သေဒဏ်အများဆုံး စီရင်နိုင်တဲ့ တရားသူကြီးမှ နိုင်ငံရဲ့ သစ္စာရှိ ဘက်မလိုက်တဲ့ အမှုထမ်းတဲ့။

ဒီလိုအချိန်မျိုးမှာမှ မာမီဂျောင်တို့ ရန်စွယ်နှိမ်နှင်း အပြတ်မရှင်းနိုင်ရင် ဘယ်တော့မှ ရှင်းနိုင်မှာ မဟုတ်ဘူး။ တစ်နန်းတော်လုံး အတင်းပြောဖို့နေနေသာသာ မော်တောင် မကြည့်ရဲအောင် ချုပ်ထားလိုက်သတဲ့။ သူနဲ့အပေါင်းအပါ အကုန်းမကြီးတွေ ဖလန်းဖလန်းထနိုင်တဲ့ခေတ်ပေါ့လေ။ ဒါနဲ့တောင် ကုန်းကုန်းလောဘ အတောမသတ်နိုင်သေးပဲ တဖုံတိုးလို့ တမျိုးဆင်ပြန်သတဲ့။

“သခင်ကိုယ်တော်ဖျားလေး။ ရှင်ဘုရင်ဆိုတာ ကိုယ့်ကို လူရှိန်အောင်၊ အလိုလိုနေရင်း ကြောက်နေအောင် နေတတ်ရတယ်။ နေရာတကာ မျက်နှာကြီးထုတ်ထုတ် မပြနဲ့။ လူဆိုတာ ကိုယ်မမြင်ရတဲ့အရာတွေကို ပိုကြောက်တာ ဓမ္မတာပဲ။ ပြောစရာ ဆိုစရာရှိ များကနေပဲပြော။ သူတို့နဲ့ တိုက်ရိုက်ပြောနေရင် အချိန်ကုန်တယ်။ အရိုအသေတန်တယ်။ ကိုယ်တော့်မှာက စည်းစိမ်ခံရမယ့် အချိန်တွေက အဖိုးတန်ပါဘိသနဲ့။ တိုင်းရေးပြည်ရေး အကုန် များနဲ့သာ စိတ်ချလက်ချ လွှဲထားလိုက်။ အကုန်စိစစ်ပြီး တစ်လုံးမကျန် သံတော်ဦးတင်ပေးမယ်။ တကယ်လို့ လုပ်မှားကိုင်မှား ပြောမှားဆိုမှားရှိလာရင်တောင် များပဲ အမုန်းခံလိုက်တော့မယ်။ ကိုယ်တော်လေးက သိဘူးလေ ဆို လွှဲချလိုက် ကိစ္စပြတ်ရော။ ကိုယ့်ဘာသာကိုယ် အတွင်းဆောင်ထဲမှာပဲ နတ်စည်းစိမ်ခံစားရစ်တော့။ လူသာမာန်တွေနဲ့ ဆက်သွယ်ဖို့က ဟောသည်နတ်ကတော်ကြီး တာဝန်သာထား။ ဒါမှ မူးမတ်ဗိူလ်ပါတွေက မော်တောင် မကြည့်ရဲပဲ ကိုယ့်ကိုပြန်မကလန်နိုင်မှာ။” တဲ့။

ဧကရာဇ်ကလေးက ဘာသဘောမကျစရာရှိရမှာလဲ။ နဂိုကတည်းက တိုင်းရေးပြည်ရေးဆိုတာ ခေါင်းစားပါဘိသနဲ့။ သည်လို အဘိုးကြီးအိုတွေရှေ့ထိုင်ပြီး ဟိုလူက ဆကာကြီးလုပ်လိုက် သည်လူက ဆကာကြီးလုပ်လိုက် ခံရတာနဲ့စာရင် အတွင်းဆောင်ထဲမှာ အလန်းဇယားလေးတွေနဲ့ စိတ်ရှိသလောက် အမုန်းဆွဲနေတာက မသာယာပေဘူးလား။ ဒီလိုနဲ့ ဘုရင်ကလေးလည်း မာမီဂျောင်နဲ့ သမီးများကလွဲရင် ဘယ်သူ့ကိုမှ ဖူးမျှော်ခွင့်မပေးတော့တဲ့အခါ ရှင်ဘုရင် အိပ်ထဲထည့်ထားပြီး ဈေးခေါ်နိုင်တဲ့ ပွဲစားဆိုတာ ဘယ်လောက် တန်ခိုးကြီးမလဲ မှန်းသာ ကြည့်ပါတော့။

အဲသလို ရွာလွန်ရွက်တိုက်လုပ်တာဟာ လီဆီအဖို့တော့ ငုတ်တုတ်မေ့သွားစေပါတယ်။ အရေးထဲအရာပေါ်ဆိုသလို နယ်စပ်ဒေသက ထောင်ထားခြားနားတဲ့ သူပုန်တွေကို လိုက်ဖမ်းတဲ့အခါ သူ့သားအကြီးအုပ်ချုပ်နေတဲ့ နယ်ထဲကို ပြေးဝင်သွားတာကို မိအောင် ပြန်ဖမ်းမပေးနိုင်တဲ့အတွက် သူပါ အလိုတူအလိုပါ လို့ စစ်သူကြီးတွေက စွပ်စွဲကြသတဲ့။ ဘိုးတော်ကြီးက ငွေထုပ်ကြီးပိုက်လို့ လိုက်လျှော်နိုင်ပေမယ့် ဒီသတင်းဟာ ဂျောင်ကုန်းကုန်းဆီရောက်သွားတဲ့အခါ “ဟင်း ဟင်း။ သိနေတယ်နော်။ မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ လာထား အာဘွား။” ဆို နိုင်ဖဲတစ်ချပ်လို ကိုင်ထားလိုက်ပါတော့တယ်။ မြစ်တို့၏မာယာဆိုတာ လူတစ်ယောက်ကို အဲလောက်လွယ်လွယ်နဲ့ အနိုင်မယူတတ်ပါဘူး။ နှစ်ပတ် သုံးပတ်လောက်တော့ အားရအောင် လှည့်မွှေလိုက်ချင်သေးတာ။

“ဘိုးဘိုးရေ။ ဘိုးဘိုးဘုရင်ထီးဘုရားလေးလည်း နည်းနည်းပါးပါး ကြည့်ပြောပါဦး။ များတော့ လက်လန်တယ်။ မနိုင်ဘူး။ သူပုန်တွေက မအေးရတဲ့အထဲ သူကလည်း အားဖန်နန်းတော်ကြီးတည်ဖို့ကိုပဲ မဲပြီး အာရုံစိုက်နေတယ်။ တနေ့တနေ့လည်း ခွေးတွေ ကြောင်တွေနဲ့ လုံးလားထွေးလား ဆော့လို့ကောင်းတုန်း။ ဘိုးဘိုးတို့ ပြောမှ နားထောင်မှာ။ ဂျောင့်ကိုဆို သူက အရုပ်လောက် သဘောထားတာ။ ဒါပဲနော်။ ပြောပေးရင်ပြောပေး ပြောမပေးရင် ဂျောင်တော့ စိတ်ညစ်ညစ်နဲ့ ထွက်သွားပလိုက်မှာပဲ။ သူ့အားကိုးလို့ သည်ဇာတ်ထဲဝင်ကမိတာ။ ဂယ်ဘဲ ဂယ်ဘဲ ဟွန့်။” ဆိုတော့ အသက် ၇ဝ ကျော်အဘိုးကြီးတောင် ပါသွားပြီး …

“ဘိုးဘိုး သိပါတယ်။ ဂျောင်ဂျောင်ရယ်။ ဘုရင်မင်းမြတ်က ဘိုးဘိုးကို တခါမှ ဖူးမြှော်ခွင့် မပေးလို့ပါ။ ဘိုးဘိုးမှာ လျှောက်တင်စရာစကားတွေ များလွန်းလို့ ဘယ်ကဘယ်လို စရမှန်းတောင် မသိတော့ဘူး။”

“ဒါများ။ ဂျောင်တစ်ယောက်လုံးရှိတယ်။ အားကိုးလိုက်စမ်းပါ။ အရိပ်အခြေကြည့်ပြီး မုဒ်လေးကောင်းတဲ့အချိန် လှမ်းခေါ်လိုက်မယ်။ ဘိုးဘိုးဘက်ကသာ အသင့်ပြင်ထား။”

အချိန်အခါကောင်းဆိုတာ စောင့်ရတာပေါ့လေ။ မာမီဂျောင်လည်း သေသေချာချာကို စောင့်တာ။ ဘုရင်မင်းမြတ်ကလေး ဒိန်းဒလိန်းပူးနေတုန်းမှ အချိန်ကောင်းကလေးမှန်းပြီး “ဘိုးဘိုးရေ လာခဲ့တော့။” ဆို မီးစိမ်းပြလိုက်တယ်။ ဟိုကလည်း ချက်ချင်းကို ရောက်ချလာပြီး ဘုရင်မင်းမြတ်နဲ့ တွေ့ခွင့်တောင်းသတဲ့။ ခွင်ကတော့ ကွက်တိပါပဲ။

“ဂျောင်ဂျောင်ရေ။ သည်အဖိုးကြီး လာစရာအချိန် ဂလောက်တောင်မှ ရှားသလား။ ငါတနေကုန် လတ်လျားလတ်လျား အားနေတုန်းကတော့ မလာပဲ ခုမှ လာအရေးကြီးနေတာ။ ငါ သတ်မိတော့မယ်နော်။” လို့ ဆိုသတဲ့။

“ဟယ်။ ဟုတ်လား။ ကြည့်စမ်း။ ယုတ်မာလိုက်တဲ့ လူကြီး။ ဒါပေမယ့် သတိနဲ့ဆက်ဆံကိုယ်တော်ရေ။ ပညာရှိ အမျက် အပြင်မထွက်တဲ့။ ဟိုကိစ္စကြီးကို သိတဲ့လူဆိုလို့ သူတစ်ယောက်ကျန်တော့တာ။ သူ ခုတလော ဘာတွေ ဆင်ကြံကြံနေတယ် မသိဘူး ကိုယ်တော်လေးရဲ့။ တလောတုန်းက ဆန်းချွမ်မှာ သူပုန်တွေလွတ်သွားတာ မကြားမိလိုက်ဘူးလား။ အဲဒါ သူ့သားပိုင်တဲ့နယ်ကလေ။ ကိုယ်ပဲနယ်စား ကိုယ်ပဲသူပုန်ဆိုမှတော့ ဖမ်းစရာလား။ သူတို့အချင်းချင်း စာနဲ့ဆက်သွယ်ထားလိုက်ကြတာမှ ပလူပျံနေတာပဲ။ အသေးစိတ် သိချင် ဂျောင် စုံစမ်းပေးမယ်လေ။”

ဘုရင်မင်းတရားက စုံစမ်းရေးကော်မရှင် လွှတ်လိုက်တဲ့အခါ လီဆီခမျာ ပျားတုပ်သွားပြီး ရှေ့တော်ဝင်ခွင့်ရဖို့ အကြိမ်ကြိမ် ကြိုးစားပါသေးတယ်။ လူတွေ့ခွင့်မရလည်းပဲ စာတိုစာရှည်တွေနဲ့ ခါတိုင်းလို ရှေးထုံးနမူနာတွေ လှိုင်လှိုင်သုံးပြီး အသနားခံပါသေးတယ်။ သို့သော် သူ့စာတွေက မာမီဂျောင့်ကို ပေါ်တင်ကြီး တိုက်ခိုက်တာတွေ ပါနေတဲ့အတွက် စာပေစိစစ်ရေးကကို တက်မလာဘူး။ သူဘယ်လိုပဲ သွေးခွဲသွေးခွဲ မာမီက ချုပ်ထားပြီးပြီဆိုတော့ ဒီအဘိုးကြီးကိစ္စ မာမီ့ဘာသာပဲ ဆက်ရှင်းလိုက်ပါတော့ လို့ အာဏာကုန်လွှဲလိုက်တဲ့အခါ ဇာတ်ထဲမှာတော့ အို ဘိုးဘိုးကြီးငို သည်အခန်းဟာ အလွမ်းဆုံးပေါ့။ ကြိမ်ဒဏ်ချည့်ပဲကို အချက်တစ်ထောင်ပေးသတဲ့။ အသက်ပြင်းလှတဲ့ဘိုးတော်ကြီးဟာ ကြိမ်ဒဏ်တွေကြားမှာ နောက်ဆုံးလျှောက်လဲချက် နဲ့ အသနားခံစာကို ရေးနေတုန်းပါပဲ။ သူ့ဘဝတလျှောက်လုံး ဘုရင်နဲ့ နိုင်ငံအတွက် ပေးဆပ်ခဲ့ရတာတွေကို စီကာပတ်ကုံးရေးပြီး အဲဒါတွေထောက်ထားလို့ အသက်ချမ်းသာခွင့်ပေးဖို့အရေး အမျိုးမျိုး တောင်းပန်ပါတယ်။ သူ့စိတ်ထဲမှာ နယ်နှင်ခံရတုန်းကလို ဘုရင်မင်းမြတ် စိတ်လည်လာမယ်များ ထင်နေသေးလား မသိပါဘူး။ ဒါကိုက မာမီ့အစွမ်းကို မသိနိုင်လောက်အောင် ဒုံးဝေးနေတာမို့ နောက်ထပ် ကြိမ်ဒဏ်တွေ ထပ်လာပြန်တာပေါ့။ တကယ်တော့ လီဆီဟာ ဂျောင်ကောအစွမ်းကို မသိခဲ့တာ အဲသည်နောက်ဆုံးအချိန်ကျမှ မဟုတ်ပါဘူး။ ဟိုး ကနဦးအစ သူ့ဆီလာပြီး မသမာမှုကြီးအတွက် ဖျားယောင်းသွေးဆောင်ကတည်းက လွယ်လွယ်လေးလျှော့တွက်ပြီး အကျင့်ပျက်မှုကို နားယောင်လိုက်မိတာက စခဲ့တာပါ။ အခုတော့ အကုန် နောက်ကျခဲ့ပါပြီ။ ပုန်ကန်မှုနဲ့စွပ်စွဲထားတဲ့ သူပုန်တွေကိုယ်တိုင်က လီဆီ့သား မြို့ဝန်ကို သတ်ပလိုက်တာတောင်မှ ဆင်ထားပြီးသား အမှုပျက်မစိုးလို့ စာရွက်စာတမ်းတွေ အကုန် ဖျောက်ပလိုက်ပြီး တိုင်းတော်ပြည်တော် သာယာပါပေသည် လို့ပဲ ဘုရင်ကို အသိပေးထားပါတယ်။ လူယုတ်မာစကားကို ငြင်းပယ်သင့်ပါလျှက် အလိုက်သင့်အလျားသင့် နားထောင်လိုက်မိတာ အသက်ကြီးတောင့်ကြီးမားကျမှ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ကွပ်မျက်ခံရပြီး တိုင်းပြည်ကြီးပါ ပြိုကွဲသွားရတာကို အမတ်အိုကြီးအတွက်တော့ သင်ခန်းစာယူဖို့ နောက်ကျသွားပါပြီ။ (နောက်လူတွေကရော သင်ခန်းစာ ယူနိုင်ပါ့မလား မသိ)။ ကွပ်မျက်ခံရကာနီးမှာ သူ့သားအငယ်ကောင်ကလေးကို “နောက်တခါကျရင် တို့သားအဖ မြို့တံခါးအရှေ့မုခ်ကထွက်ပြီး ယုန်ကလေးတွေ လိုက်ကြရအောင်လေ။ သား လိုက်ဦးမလား။” တဲ့။

အခြောက်မွေးလို့ နေ့ချင်းကြီးသွားတဲ့ ဧကရာဇ်ကလေးကတော့ အောင်မယ်လေး။ မာမီကယ်ပေလို့။ ကျေးဇူးကြီးပါပေတယ်ဆို လစ်လပ်သွားတဲ့ ဝန်ကြီးချုပ်ရာထူးကို ဂျောင်ကောပေးလိုက်သတဲ့။ “အို အဲဒါတွေ မလိုချင်တော့ပါဘူး။” လို့ မာမီပြောတဲ့စကားကတော့ တကယ်ကို ရင်ထဲကလာတဲ့စကားပါ။ သူလိုချင်တာ အဲဒါမှ မဟုတ်ပဲ။ သူ့ပါဝါအထက်မှာ ရှိနေတာ လီဆီမှ မဟုတ်တာ။ ဟုတ်လား မဟုတ်လား စမ်းကြည့်ရအောင်လေ ဆို မာမီတို့ ကညော့ပုံကတော့ သည်လိုပါ။ မူးမတ်ဗိုလ်ပုံနဲ့ ညီလာခံအလယ်ကို သမင်ကလေးတစ်ကောင်ဆွဲလာပြီးတော့ ရှင်ဘုရင်ကို “မြင်းရိုင်းတစ်စီးဆက်ပါရစေ။” တဲ့။ ဘုရင်က သူ့ကို နောက်တယ်ထင်လို့ ရယ်ရယ်မောမောနဲ့ “မာမီကလည်း သမင်ကြီးမြင်လျက်သားနဲ့ မြင်းလို့ပဲ ဘယ့်နှယ်။” ဆိုတော့ “ကိုယ်တော်နဲ့ ကျွန်တော်မျိုးနဲ့ လောင်းမယ်လေ။ ဒီဟာ သမင်လား မြင်းလား။ အခုညီလာခံလာတက်နေတဲ့ ဝန်ကြီးတွေ မေးကြည့်ရအောင်လား။” တဲ့။ ဟုတ်ကဲ့ မာမီ နိုင်ပါတယ်။ ညီလာခံက မူးမတ်တွေ အားလုံး သမင်ကြီးမြင်လျက်သားနဲ့ မြင်း လို့ ဖြေကြလို့ပါ။ မြင်း မဖြေတဲ့သူ အကုန်ပြုတ်တယ်လေ။ အဲလောက် အ လို့ကတော့ လွှတ်တော်ထဲတောင် ရောက်မလာဘူး။ ယနေ့မှစ၍ ဤအကောင်အား မြင်းဟု ခေါ်ဆိုစေရမည် ဆိုပြီး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြီးတဲ့အထိ စောင့်နေရင် ကိုယ့်ကုလားထိုင် သူများထိုင်သွားမှာပေါ့။

အဲလောက်ဆိုရင် မာမီထိုင်မယ့်နေရာဟာ ဘယ်နေရာလည်း သိလောက်ပါပြီ။ တနေ့သောအခါ ဧကရာဇ်ကလေး တောကစားရင်း လူတစ်ယောက်ကို မတော်တဆ မြားနဲ့ပစ်မိတဲ့အတွက် ဂျောင်ကောကို ဘယ်လိုလုပ်ရမလဲ တိုင်ပင်သတဲ့။ “မိုးအောက်မြေပြင်က အင်ပါယာစိုးပိုင်သူ ဧကရာဇ်မင်းဆိုတာ အပြစ်မဲ့တဲ့ ပြည်သူတွေကို မသတ်ရဘူး။” လို့ဆိုသတဲ့။ (ဘုရား ဘုရား။ အရင်ကသတ်နေတာတွေက ဘာတွေများပါလိမ့်)။ အခုလို အပြစ်ကျူးလွန်တာ မိုးနတ်မင်းကြီး ကြိုက်မှာ မဟုတ်ဘူး။ နယ်မှာရှိတဲ့ ဝမ်ယိနန်းတော်မှာ ဥပုသ်ဆောင်ဝင်၊ ယတြာချေပြီး အပြစ်တွေကို ဆေးကြောရမတဲ့။ အဟုတ်မှတ်လို့ ဥပုဉ်စောင့်နေတဲ့ဘုရင်ကို သုံးရက်လောက်ကြာမှ ကုန်းကုန်းသားမက် စစ်သူကြီးတစ်ယောက်လွှတ်ပြီး အသတ်ခိုင်းတာ ရှိခိုးတောင်းပန်လို့တောင် မရပါဘူး။ ကုန်းကုန်းကြီးက ဘယ့်နှယ် သားမက်ရပါလိမ့် မအောင့်မေ့နဲ့နော်။ သူတို့က အလိုရှိတိုင်း တောင့်တတိုင်း လင်ရပါလို၏ ဆုပန်ထားတာ။ မွေးမွေးပြီးစားထားတဲ့ သားသမီးတွေဆိုတာ တစ်အိမ်တည်း တင်ကျွေးထားစရာမှ မလိုပဲနဲ့။ ဘုရင်ကလေးကိုသတ်၊ ကျောက်စိမ်းတံဆိပ်တော်ယူလာပြီး ညီလာခံမှာ သူဘုရင်အဖြစ် နန်းတက်မယ် လို့ ကျေညာလိုက်တဲ့အခါ အင်မတန်ကြောက်လှပါတယ်ဆိုတဲ့ မူးမတ်တွေဆီကတောင် ဘာအသံတစ်သံမှ ထွက်မလာပါဘူးတဲ့။ အထာနပ်လို့ ပလာဇာတ်ကလာတဲ့ ဂျောင်ကောကောဟာ သူ့ကို ဘယ်သူကမှ အမိန့်နာခံမှာ မဟုတ်ဘူးလို့ ရိပ်မိတာနဲ့ “အေးလေ။ ဒါဆိုလည်း ပြီးတာပဲ။ ဇီယင်းမင်းသားကြီး (ပထမအင်ပါယာရဲ့ညီတော်ပြီး နန်းတက်လူသတ်ပွဲကြီးကို ကန့်ကွက်ခဲ့သူ) ကိုပဲ မင်းမြှောက်လိုက်ကြတာပေါ့။” လို့ ကစားကွက်ပြောင်းလိုက်ပါတယ်။ သို့သော်လည်း ငါးရက်တိတိ ဥပုသ်ဆောင်ဝင်၊ ဘိုးလောင်းတော် ဘေးလောင်းတော်များကို ပူဇော်ကန်တော့ပြီးမှ ဘိသိက်ခံရမတဲ့။ ဥပုသ်စောင့်နေတဲ့ ဇီယင်းမင်းသားဟာ သူ့သားတွေကို မှာထားပါတယ်။ “ဂျောင်ကောကို လျှော့မတွက်နဲ့။ သူက အချိန်ဆွဲနေတာ။ သူပုန်စစ်တပ်က တပ်မှူးကြီး လီဗြန် နဲ့ စာအဆက်အသွယ်လုပ်နေတာ ဖြစ်မယ်။ သချင်္ိုင်းတော် ကန်တော့တဲ့နေ့ကျရင် ငါ့ကို သတ်မှာ မုချ။” လို့ ဆိုသတဲ့။ ကန်တော့ရမယ့်နေ့မှာ ဇီယင်းမင်းသား ပေါ်မလာလို့ စိတ်မရှည်ပဲ အိမ်ကို လိုက်ခေါ်မိတဲ့ ဂျောင်ကောကောဟာ ဇီအိမ်ကလူတွေလက်ချက်နဲ့ အဲဒီတော့မှ မိုက်ဇာတ်သိမ်းသွားပါတယ်။ သိပ်မကြာခင်မှာပဲ လူသူလက်နက်များစွာနဲ့ ရောက်လာတဲ့ ဗိုလ်ချုပ်လျူဗြန်ဆီမှာ ဇီယင်းမင်းသားက သူကိုယ်တိုင်ပဲ လက်နက်ချ အညံ့ခံ့လိုက်ပါတယ်။ လူတွေ ထပ်ပြီး မသေစေချင်လို့ပါတဲ့။

နှစ်ပေါင်းတစ်သောင်း တည်ပါစေသော် လို့ ဆုမွန်တောင်းလျက် အကျယ်ပြန့်ဆုံး စည်းရုံးသိမ်းသွင်းနိုင်ခဲ့တဲ့ ပထမမြောက် တရုတ်အင်ပါယာကြီးဟာ တကယ်တမ်းမှာတော့ ၁၅ နှစ်ကလေးပဲ သက်တမ်းရှည်ကြာခဲ့ပါတယ်။ အဲဒီ ၁၅ နှစ်အတွင်းမှာ စတေးလိုက်ရတဲ့ အသက်တွေကတော့ ၁၅ သိန်းတောင် က မှာ မဟုတ်ပါဘူး။ လူအမြောက်အများအသက်နဲ့ရင်းပြီး ကိုယ့်သားမြေးများ ကောင်းစားဖို့ အာဏာထူထောင်တဲ့သူတွေဟာ အဆုံးသတ်ကျတော့ ဆွေရောမျိုးရော ပြုတ်ပြုတ်ပြုန်းပြီး နိဂုံးမလှဖြစ်ခဲ့ရတဲ့ သူတွေချည့်ပါပဲ။ သမိုင်းဆရာကြီးစီမာချန်ကတော့ “တစ်ခါသေဖူး ပျဉ်ဖိုးနားလည်” ဆိုတဲ့ စကားပုံကလေးနဲ့ သည်အခန်းကို နိဂုံးချုပ်ပါတယ်။ နောင်တချိန်မှာ တိုင်းပြည်ကို ဦးဆောင်မယ့် မင်းကောင်းမင်းမြတ်များဟာ ဒီအဖြစ်တွေရဲ့ သင်ခန်းစာတွေကို ထုတ်နှုတ်ဆင်ခြင်ပြီး တည်ငြိမ်အေးချမ်းတဲ့ တိုင်းနိုင်ငံကြီး ထူထောင်နိုင်စေသား လို့ ဆုတောင်းပေးခဲ့ပါတယ်။ စာရေးဆရာမယင်းမာကတော့ ပုံပြင်ထဲကလို ကျားကျားမီးယပ်သမားတွေဟာ သည်ကနေ့ခေတ်မှာလည်း အတွေ့ရများနေတုန်းပဲ။ ပညာတတ်ပါတယ်ဆိုတဲ့ ဆရာဝန်တွေတောင် အထက်အထက်က အခြေအနေအရပ်ရပ်အရ အဖြူကိုအမည်းလုပ်ပေးနေရတာတွေ ခဏခဏတဲ့။ (ဟေဟေ့ တို့ချည်းပဲ အောင့်မေ့နေတာ။ ဟေ့ လာ မောင်ရို့ ဝါး)။ သူသတိပေးချင်တာကတော့ အလိမ်အညာဆိုတာ ဘာမဟုတ်တာကလေးပဲဆို ပေါ့သေးသေး မအောင့်မေ့ပါနဲ့တဲ့။ တစ်ခုလိမ်ထားပြီးရင် မပေါ်အောင်လို့ ဆက်ကာဆက်ကာလိမ်ရတာမို့ နောက်ဆုံးမှာ သမင်ကို မြင်လျက်သားနဲ့တောင် မြင်းပါလို့ ဗြောင်လိမ်ပေးရတဲ့ အဖြစ်ကို ရောက်လာရော မဟုတ်ဘူးလား။ အမျိုးသားများအားလုံး မီးယပ်ရောဂါ ကင်းဝေးကြပါစေ။

credit to Dr Soe Min and it’s original owner Dr Yin Mar

One comment

  • ဦးကြောင်ကြီး

    November 12, 2012 at 8:23 am

    ဒါနဲ့များ ရွာထဲက တရုတ်သူလျှို ကူမြူနစ်ကေဒါ ကြေးမုံဂျီးပြောတော့ တရုတ်ကြီးက သိပ်ကောင်းဆိုဗဲ……………..။ အမေရိကန်နဲ့ ဥရောပတိုက်ကို အကြွေးနဲ့ သိမ်းအုံးမှာတဲ့…။ ကြေးမုံဂျီးလူလိမ် သူ့ကိုမုန်းတယ်… :buu:

Leave a Reply