လူနှင့် အကျင့်များ (၃)

ကျော်ဘသစ်November 10, 20121min1125

အကျင့်သံသရာ
……………………………

“ကျုပ်တို့ဆိုတာ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အရာ၊
ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အကျင့်”လို့ ဆိုကရေးတီးက ဆိုပါတယ်။

ဆိုကရေးတီးအဆိုနဲ့ ခင်ဆင်ဆင် အင်္ဂလိပ်ကဗျာတစ်ပုဒ်ကလည်း
“ပထမ ငါတို့က အကျင့်တွေကို စလုပ်၊ နောက်ပိုင်းတော့ အကျင့်တွေက ငါတိုတို့ကို ပြန်လုပ်”လို့ ဆိုထားရဲ့။

ဗုဒ္ဓဝါဒ အယူအဆတစ်ခုမှာတော့
“မသိနိုးနားနဲ့ လွန်ကျူးမူတွေ လုပ်တယ်၊ အဲဒီ့လွန်ကျူးမူတွေက ကိုယ်နှုတ်စိတ်အင်္ဂါတွေထဲ စိမ့်ဝင်၊ အကျင့်တွေပါသွားတယ်၊ ရလာတဲ့ အရသာကို ခန္ဓာကိုယ်က ဆာလောင်တယ်၊ နောက်တစ်ခါ ထပ်လုပ်ဖို့ ကြိုးစားတယ်၊ အကျင့်တွေ ထပ်ပါ၊ ဒီလိုနဲ့ လူပေါ်မှာ အမူအကျင့်တွေ သံသရာလည်နေတယ်”လို့ ရှင်းပြပါတယ်။

အကျင့်ဟူသမျှ ကြီးကြီး ငယ်ငယ်၊ ဝင်ပူးသွားမိရင် လူနဲ့အကျင့်၊ အကျင့်နဲ့လူ ခွဲခြားမရ၊ တစ်သားတည်း ဖြစ်သွားကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။

ဒါဆိုရင် ကျွန်တော်တို့မှာ ကပ်နေတဲ့ အကျင့်ဆိုးတွေဟာ ကျွန်တော်တို့နဲ့အတူ သေရာပါကြတော့မှာလား၊ အကျင့်ဆိုးကို အကျင့်ဆိုးလို့ နားလည်လာချိန်မှာ အရာရာဟာ နောက်ကျကုန်ပြီလား။

ဟုတ်ကဲ့၊ နောက်မကျသေးပါဘူး။ အကျင့်ဆိုးတွေဆိုတာ သေရာပါမယ့် ကံကြမ္မာ မဟုတ်ပါဘူး၊ အကျင့်ဆိုးတွေကို လမ်းကြောင်းပြောင်းယူလို့ ရသလို အကျင့်ကောင်းတွေနဲ့လည်း အစားထို့လို့ ရပါတယ်တဲ့။

“အကျင့်များရဲ့ စွမ်းအား” (The Power of Habit) စာအုပ်ကို ရေးတဲ့ ချားလ်စ် ဒူးဟစ်ဂ် (Charles Duhigg)က ကျွန်တော်တို့ လုပ်ထားခဲ့သမျှ အကျင့်တွေဟာ ကျွန်တော်တို့ ဦးနှောက်ရဲ့ အခန်းတစ်ခုထဲမှာ သိမ်းထားတယ်။ အဲဒီ့ဦးနှောက်အခန်းထဲက သိမ်းထားတဲ့ အကျင့်တွေကပဲ ကျွန်တော်တို့ရဲ့ နေ့စဉ်ပြုမူလှုပ်ရှားမှုတွေရဲ့ (၄၀) ရာနှုန်းလောက် (ကျွန်တော်တို့က ကိုယ်တိုင်သိစိတ်နဲ့ ဆုံးဖြတ်ချက်တွေချပြီး လုပ်နေတယ်လို့ထင်ရတဲ့အရာတွေ) ကို စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သူ့အလိုအရ ကောင်းတဲ့အကျင့်ရော၊ မကောင်းတဲ့အကျင့်တွေပါ အောက်ပါ အဆင့် (၃) ဆင့်နဲ့ ချိတ်ဆက်ပြီး ထပ်ခါထပ်ခါ လည်ပတ်နေတာ ဖြစ်ပါတယ်။
၁။ cue အချက်ပေးသံ၊
လုပ်နေကျအရာ တစ်ခုခုကို စတင်လုပ်ဆောင်ဖို့ မသိစိတ်ကို ခရာမှုတ် အချက်ပေးလိုက်တဲ့အရာ၊ အချိန်၊ နေရာ၊ လူပုဂ္ဂိုလ်၊ စိတ်လှုပ်ရှားမှုစသည်။

၂။ routine အလေ့အထ၊
ခရာသံကြားတာနဲ့ လုပ်နေကျအတိုင်း ထလုပ်လေ့ရှိတဲ့ အလေ့အထ၊ လုပ်ရိုးလုပ်စဉ် အပြုအမူ။

၃။ reward ဆုလာဒ်၊
ထလုပ်လိုက်လို့ ရရှိခံစားရတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း အကျိုးရလာဒ်။

အကျိုးရလာဒ်အပေါ် “စွဲလန်းသာယာမှုနဲ့ မျှော်လင့်ချက်” (craving) က အချိန်တန်ရင် အချက်ပေးသံကို ဖြစ်စေပြီး အဲဒီ့သုံးခုကို ဆက်လက်လည်ပတ်နေအောင် တွန်းပို့ပါတယ်။

-နေညိုရင် လေပြိုလေ့ရှိတဲ့ လူတစ်ယောက်က…
၁။ ညနေ (၅) နာရီ အလုပ်ဆင်းချိန်မှာ ၂။ အိမ်အပြန်လမ်းက အရက်ဆိုင်မှာ ဘီအီးတစ်ပိုင်း ဝင်မော့ပြီးမှ ၃။ နေသာထိုင်သာ ရှိသွားတယ်။
နေသာထိုင်သာရှိမှုအပေါ် စွဲလန်းမှုက နေ့စဉ် နေညိုရင် လေပြိုအောင် လုပ်တယ်။

-လေ့ကျင့်ခန်း အမြဲတမ်းလုပ်လေ့ရှိတဲ့ လူတစ်ယောက်က…
၁။ မနက်စောစော အိပ်ယာနိုးတာနဲ့ ၂။ ပန်းခြံကို တစ်ပတ် ပတ်ပြီးပြေးပြီးရင် ၃။ သူ့စိတ်တွေ အလိုလို လန်းဆန်းတက်ကြွနေတယ်။
လန်းဆန်းတက်ကြွမှုနဲ့ ကျန်းမာရေးအပေါ် သူ့မျှော်လင့်ချက်က နေ့စဉ် မနက်မိုးလင်းရင် လေ့ကျင့်ခန်းလုပ်နေအောင် လှုံ့ဆော်ထားတယ်။

အကျင့်တစ်ခုဟာ အချက်ပေးသံ၊ အလေ့အထ၊ ဆုလာဒ် စက်သုံးပါး လည်ပတ်မှု အကြိမ်များလာတာနဲ့အမျှ ပိုပြီး အော်တိုမက်တစ်ဖြစ်လာပြီး ကျွန်တော်တို့ရဲ့ ကြောင်းကျိုးဆင်ခြင်ဉာဏ်၊ သိစိတ်ရဲ့ဆုံးဖြတ်ချက် စတာတွေ မလိုအပ်တော့ဘဲ အလိုလိုပဲ ဆက်လက်လည်ပတ်သွားတယ်လို့ ဆိုပါတယ်။

အကျင့်တစ်ခုဟာ အချိန်အတော်ကြာ အရှိန်နဲ့ လည်ပတ်နေပြီဆိုရင် သူ့ကို သိစိတ်ရဲ့ အမိန့်နဲ့ ဗြုန်းစားကြီး ရပ်ပစ်လိုက်လို့ မဖြစ်တော့ပါဘူး။ ဦးနှောက်ထဲမှာ အိမ်ပိုင်ယာပိုင်နဲ့ ဖြစ်သွားတဲ့ အကျင့်တစ်ခုကို ဒီအတိုင်း ကော်ထုတ်လို့ မရတော့ပါဘူး။ (ဖောမတ်ချလို့လည်း မပြောင်ဘူးလို့ ဆိုပါတယ်။)

ဒါကြောင့် တကယ်လို့ အဲဒီ့အကျင့်ဟာ အကျင့်ဆိုးတစ်ခု ဖြစ်နေတယ်ဆိုရင် သူ့ကို ဇွတ်အတင်း ဖယ်ရှားဖို့ ကြိုးစားတာထက် သူ့ကို ဝင်ပူး၊ သူ့အဟုန်လေးအတိုင်းလိုက်၊ ပြီးရင် အကျင့်ကောင်းတစ်ခုခုနဲ့ အစားထိုးပြီး ကိုယ်လိုချင်တဲ့ လမ်းကြောင်းအတိုင်း ပြောင်းယူဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။

ဒူးဟစ်ရဲ့ အကျင့်ဟောင်းမှ အကျင့်ကောင်းသို့ ပြောင်းယူနည်းက
“အချက်ပေးသံနဲ့ ဆုလာဒ်ကို ဒီအတိုင်းထား၊ အလေ့အထကို အစားထိုးယူ”တဲ့။
မသိစိတ်ရဲ့ အမိန့်ကုိုလည်း လွန်ဆန်ရာ မကျအောင်၊ ရနေကျ အရသာလေးလည်း မပျက်အောင် အကျင့်သံသရာကို လမ်းကြောင်းပြောင်း ယူတဲ့နည်းပါပဲ။

အဲဒီ့လို လုပ်ဖို့အတွက်လည်း အောက်ပါအချက်တွေကို အကွက်ချယူဖို့ လိုပါတယ်။
• လုပ်လေ့ရှိတဲ့ အလေ့အထကို ဆန်းစစ်၊
• ဆုလာဒ်တစ်မျိုးမျိုးနည်း အစားထိုးကြည့်၊
• အချက်ပေးသံ အတိအကျကို ကန့်ထုတ်၊
• အစီအစဉ် ရှိရှိလုပ် လို့ ဆိုပါတယ်။

-နေညိုရင် လေပြိုပြိုနေတာကို မလိုချင်တော့တဲ့ လူတစ်ယောက်…
သူ့ရဲ့ အလေ့အထက ညနေ (၅) နာရီ အလုပ်ဆင်းချိန်မှာ အိမ်အပြန်လမ်းက အရက်ဆိုင်မှာ ဘီအီးတစ်ပိုင်း ဝင်မော့တာပါ။

-အဲဒီလိုမော့ရာကနေ သူရတဲ့ ဆုလာဒ်က နေသာထိုင်သာ ရှိသွားတာပါ၊
နေသာထိုင်သာ ရှိသွားတယ်ဆိုတာ စိတ်ငြိမ်သွားတာ၊ လွတ်မြောက်သွားတာ၊ အဖော်ရသွားတာ၊ သောကတွေ တဒင်္ဂ ပြေပျောက်သွားတာ၊ ပျော်သွားတာ၊ အဆင်ပြေသွားတာစသည် ဖြစ်နိုင်ပါတယ်။
နေညိုချိန်ရောက်ရင် (ဘီအီးမမော့ဘဲ) စိတ်ငြိမ်မှု၊ လွတ်မြောက်မှု၊ အဖော်ရမှုစသည် တစ်ခုခုရနိုင်တဲ့အရာကို စမ်းသပ်ရမှာ ဖြစ်ပါတယ်။

-ကိုယ့်မသိစိတ်ကို ဘီအီးဆိုင် မောင်းပို့နေတဲ့ ခရာသံဟာ နေစောင်းတာကလား၊ အပေါင်းအသင်းကလား၊ အလုပ်ဆင်းတာကလား၊ နှစ်ရှည် အသည်းကွဲနေတာကလားဆိုတာ အချိန်ယူ စစ်ဆေးဖို့ လိုပါတယ်။

အချက်ပေးသံကို တိုက်ရိုက်ဖန်တီးနေတာက ရလာတဲ့ဆုလာဒ်အပေါ်မှာ သာယာစွဲလန်းနေတဲ့ စိတ်ပါ။ အချက်ပေးသံဟာ ဘာလဲဆိုတာကို တိတိကျကျ သိရင် ကိုယ် ဘာကို အဓိက သာယာစွဲလန်းနေတာလဲဆိုတဲ့ အကြောင်းကို ပြန်လှန်စဉ်းစားလို့ ရမယ်။ အဲဒီ့အခါ သာယာစွဲလန်းစိတ်ကို နှစ်သိမ့်နိုင်မယ့် အလေ့အထတစ်ခုကို အစားထိုး ယူနိုင်မှာ ဖြစ်ပါတယ်။

-အရိုးစွဲနေတဲ့အကျင့်ကို ပြောင်းလဲယူဖို့ဆိုတာ အင်္ကျီလဲတာနဲ့တော့ တူမှာ မဟုတ်ပါဘူး။ အစီအစဉ် စနစ်တကျဆွဲပြီး အချိန်ယူလုပ်မှ ရမှာပါ။

ဆေးလိပ်သောက်တဲ့အကျင့်၊ လက်သည်းကိုက်တဲ့အကျင့်၊ ဆဲတဲ့အကျင့်၊ ဆင်ခြေပေးတဲ့အကျင့်၊ တစ်ဖက်လူကို အပြစ်ပုံချတတ်တဲ့အကျင့်၊ လူလစ်ရင် လစ်တတ်တဲ့အကျင့်တွေအပါအဝင် တစ်ဦးချင်းဘဝ၊ မိသားစုအသိုင်းအဝိုင်း၊ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းတွေမှာရှိတဲ့ မလိုလားအပ်တဲ့၊ မကောင်းတဲ့ အကျင့်အမျိုးမျိုးကို အဲဒီလိုမျိုး လမ်းကြောင်းလွှဲယူလို့ရတယ်လို့ ဆိုပါတယ်။

တစ်ခုတော့ ရှိရဲ့၊ အကျင့်တွေဟာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ စက်နှိုးပြီး ဒီအတိုင်းပစ်ထားခဲ့တဲ့အချိန် ကျွန်တော်တို့ နောက်ကွယ်မှာ ဆက်ပြီး လည်ပတ်ကျန်ရစ်ခဲ့တဲ့ အင်ဂျင်တွေ ဖြစ်ပြီး “အချက်ပေးသံကြားရင်၊ လုပ်နေကျ အလေ့အထကို လုပ်၊ ဆုလာဒ်တစ်ခုရ” ဖော်မြူလာကို ဦးနှောက်က အလိုလို ဆောင်ရွက်နေအောင် ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်စီမံခဲ့တာတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ရွေးချယ်မှုနဲ့ စီမံထားခဲ့တဲ့အရာကို ပြန်လည် တည်ဆောက်ယူမယ်ဆိုရင် ကျွန်တော်တို့ကပဲ ရွေးချယ်မှုတွေ တစ်ခါ ထပ်လုပ်ပြီး ဖော်မြူလာအသစ် ပြန်လုပ်ယူရမှာ ဖြစ်ပါတယ်။

အချက်ပေးသံ၊ အလေ့အထ၊ ဆုလာဒ် ဝဋ်သုံးပါး ယန္တရားကို ကောင်းကောင်း ကိုင်တွယ်တတ်သွားပြီဆိုရင်တော့ အကျင့်တွေကို ကိုယ်ကလွှမ်းမိုးနိုင်ပြီး အကျင့်ဟောင်းကို အကျင့်ကောင်းနဲ့ အစားထိုးတာ၊ အကျင့်အသစ်တွေ တိုးတက်အောင် မွေးမြူတာစသည် လုပ်သွားလို့ရတယ်လို့ ဒူးဟစ်က အာမခံထားရဲ့။

အကျဉ်းချုပ်ကတော့ လုပ်ခဲ့သမျှ အပြုအမူတွေ ဦးနှောက်ကို ပွတ်ဆွဲသွားတဲ့အခါ အကျင့်တွေအဖြစ် မှတ်တမ်းကျန်ရစ်ခဲ့တယ်၊ အကျင့်ကောင်းတစ်ခု အော်တိုမက်တစ် လည်ပတ်နေအောင် ပျိုးထောင်ချင်တယ်ဆိုရင် အပြုအမူကောင်းတွေနဲ့ ဦးနှောက်ကို ပွတ်ဆွဲပြီး မှတ်တမ်းရေးပါ၊ ရှိတဲ့အကျင့်တွေထဲက အဟောင်းတစ်ချို့ကို မလိုချင်တော့ဘူးဆိုရင်တော့ အပြုအမူအသစ်တွေနဲ့ ဦးနှောက်ကို တစ်ခါ ပြန်ပွတ်ဆွဲပြီး မှတ်တမ်းပြန်ရေးဖို့ ကြိုးစားပေတော့။

 

5 comments

  • Mobile

    November 10, 2012 at 6:40 pm

    အားပေးသွားပါတယ်ဗျာ။

  • padauk moe

    November 10, 2012 at 6:46 pm

    ၁ခံစားသွားရင်း ၂ မှတ်သားလိုက်ပြီ ၃ ရင်ခွင်ဆီသို့ နောက်နေ့တွေလဲ ထပ်ပြီးခံစားနိုင်အောင်
    ရေးသားနိုင်ပါစေလို့ မျှော်လင့်ရင်း………………..

  • ကထူးဆန်း

    November 10, 2012 at 8:43 pm

    စိတ်ဝင်စားစရာပါ ..

  • aye.kk

    November 10, 2012 at 11:50 pm

    အကျင့်ဆိုတာ
    လူတွေရဲ ့ဗီဇစရိုက်ရုပ်လက္ခဏာသဘောသဘာဝတွေအရ
    ဖြစ်ပေါ်လာတတ်တဲ့ထိုသူတို ့ရဲ ့အပြုအမူအကျင့်တွေပါဘဲ။
    ဝိပဿာနာဉာဏ်ရှိမှသာအကျင့်မှန်လမ်းမှန်အမြင်မှန်နိုင်ကြမှာပါ။။။

  • aye.kk

    November 10, 2012 at 11:55 pm

    အကျင့်ဆိုတာ
    လူတွေရဲ ့ဗီဇစရိုက်ရုပ်လက္ခဏာသဘောသဘာဝတွေအရ
    ဖြစ်ပေါ်လာတတ်တဲ့ထိုသူတို ့ရဲ ့အပြုအမူအကျင့်တွေပါဘဲ။
    ဝိပဿာနာဉာဏ်ရှိမှသာအကျင့်မှန်လမ်းမှန်အမြင်မှန်နိုင်ကြမှာပါ။။

Leave a Reply