“ကောင်လေးတစ်ယောက်ရဲ ့လမ်းလွဲလေး”

[:(] [:|] ကောင်လေးတစ်ယောက်ရဲ့လမ်းလွဲလေး [;)] [:o]

မိုးကတဖြောက်ဖြောက်ကျနေသည်။ဒီလိုသာဆိုရင်ဖြင့်နဂိုတည်းကအလုပ်သွားရမှာပျင်းသော ညီညီတစ်ယောက်အိပ်ယာထဲကထပါ့မလား။

နေ့လည်စာအတွက်နှစ်ယောက်စာထမင်းဗူးကိုပြင်ဆင်နေရင်းမေရတီစဉ်းစားမိတာပါ။

ညီညီ့အပေါ်အထက်တန်းကျောင်းမှာထဲကစိတ်ဝင်စားနေရသောမေရတီအတွက် ညီညီနဲ့အတူ စူပါမတ်ကတ်တစ်ခုမှာအလုပ်ရကတည်းကအတိုင်းမသိပျော်ခဲ့တာပါ။

အလုပ်စဝင်ကြကတည်းက ညီညီတာဝန်မပေးပဲ နှစ်ယောက်စာထမင်းဗူးထည့်နေကျ။ညီညီကကြုံသလိုစားတတ်တာမို့ ထမင်းဗူးထဲကထမင်းတွေကပြန်ပါလာတာများတတ် သည်။

“ငါ့ထမင်းဗူးကိုနေ့တိုင်းစားပါညီညီရာ နို့မို့ငါ့မှာသွန်ပစ်ရတာနှမြောလွန်းလို့”

ဟုဆိုညည်းတတ်လျှင် ကိုရွှေညီညီက မလှုပ်မယှက်မျက်နှာပေးနှင့်

“နင့်ကိုဘယ်သူကငါ့အတွက်သယ်လာခိုင်းလို့လဲ နင့်အိမ်ကသိရင်လဲမအိုကေပါဘူးဟာငါ့အတွက်ထည့်မလာနဲ့”

ဆိုပြီးတားမြစ်တတ်ပေမယ့် မေရတီကတော့ညီညီ့အတွက်ပိုထည့်မြဲ။

ညီညီတို့အိမ်ကသိပ်မပြေလည်။ညီညီ့အဖေကကားနောက်လိုက်တစ်ဦးဖြစ်ပြီးကျန်းမာရေးကသိပ်မကောင်းလှ။ ညီညီ့အမေကရပ်ကွက်ဈေးလေးထဲတွင် ကုန်စိမ်းနည်းနည်းရောင်းသည်။ညီညီကအလတ်ဖြစ်ပြီးအစ်ကိုဖြစ်သူ အောင်ကိုကိုကအရက်သမား။ ညီမငယ်နှစ်ယောက်ကကျောင်းသူ။ညီညီကရုပ်ကလေးကချောသလောက်နုံချာသည့်ဘဝပေးကြောင့်ေ လာကကြီးကိုအမြဲလိုလိုမကျေနပ် ဖြစ်နေတတ်သည်။

မေရတီတို့ မိသားစုကတော့ ဝန်ထမ်းမိဘတွေနဲ့ဝန်ထမ်းအစ်မလစာ၊မေရတီလစာတို့ ကြောင့် ချောချောင်လည်လည်ရှိသည် ။မေရတီအလုပ်မရခင်ကတည်းက အဆင်ပြေပါ သည်။ မေရတီအလုပ်ရတော့ရတဲ့လစာဟာ မေရတီသုံးဖို့အတွက်သာ။

မေရတီကတော့ဆင်းရဲသည့်ညီညီ့ကိုမကြည့်ရက်၍ တဖက်တလမ်းကတတ်နိုင်သလောက်ဖြည့်ဆည်းပေးပေ မယ့် ညီညီ့အမြင်မှာတော့မရှင်းလင်းသဖြင့် မေရတီ စိတ်မကောင်းဖြစ်ရသည်။

))))))))))))))))))

မေရတီဆိုတဲ့သူငယ်ချင်းမတစ်ယောက်ဟာ ညီညီ့အပေါ်သံယောဇဉ်ပိုနေတာညီညီရိပ်မိပေမယ့် ညီညီ့ဘက်ကတော့ပြိုမကျဖြစ်ခဲ့။မေရတီရဲ့ရုပ်ရည်ကလေးမဆိုးလှပါ ညီညီ့လိုအသားဖြူဖြူမဟုတ်ပေမယ့်ညိုညိုသေးသေးနဲ့သပ်သပ်ရပ်ရပ်ချစ်စရာရုပ်ရည် လေးနဲ့ပါ ။ရွှေတိုရွှေစလေးအနည်းငယ်နဲ့ကိုယ့်ကိုယ်ကိုတင့်တယ်အောင်လည်းပြင်ပြင်ဆင်ဆင်လေးရှိပါသည်။ သို့ပေမယ့်

ညီညီမျှော်မှန်းတဲ့ဘဝလက်တွဲဖော်ဟာ အဲဒီလောက်လေးပြေလည်နေရုံနဲ့မဖြစ်သေး။ညီညီ့ရုပ်ရည်နဲ့ဆိုရင်ရုပ်ရည်အသင့်အတင့်နဲ ့ငွေကြေးအတန်အသင့်ချမ်းသာသော မိန်းကလေးတစ်ယောက်လောက်တော့ရသင့်သည်။ညီညီ့လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းနိုင်မည် ။နောက်ဆုံးရုပ်မလှသည့်တိုင်(သို့မဟုတ်)ညီညီ့ထက် အသက် ၁ဝနှစ်ကျော်လောက်ကြီးနေရင်တောင်ညီညီကြိုးစားရယူမည် ဟုဆုံးဖြတ်ထားသည်။

ဒါကြောင့်ဆိုင်ကကောင်မလေးတွေနဲ့မေရတီတို့ဘယ်လောက်ပင်အခွင့်အရေးပေးပေးညီညီခပ်ခွာခွာ ပဲလုပ်ထားလိုက်သည်။ညီညီစဉ်းစားရမှာက သူမသာ၊ကိုယ်မသာဘဝ အခြေအနေမျိုးမဟုတ်။

ညီညီချည်းကပ်လျက် ခင်မင်မှုရယူထားတာက ကတ်စတန်မာအမျိုးသမီးများ။ညီညီ့ကိုမျက်မှန်းတန်း မိနေအောင် ပညာတွေနဲ့ဆွဲဆောင်ထားသည်။

ညီညီကစီဒီကောင်တာမှာတာဝန်ကျတာမို့ ပို၍နေရာကျသည်။

“မမ ဒီကားလေးမိုက်တယ် ကြည့်ပါလား။ရိုမန့်တစ်လေးလေ”

“ဟယ် ဟုတ်လားအမေရိကန်ရိုမန့်တစ်တွေဆို မမသိပ်ကြိုက်နောက်လည်းရှာပေး ထားဦးသိလား တို့ကဒီမှာအမြဲဝယ်တယ်”

“ကောင်းပါပြီဗျာ..နောက်လဲအမြဲလာနော် ကျွန်တော်မမအတွက်သီးသန့်ရှာပြီးဖယ်ထားပေးမယ်”

ဒီလိုတွေကအစပြုလျက် ပိုက်ဆံရှိ အမျိုးသမီး ကြီး၊ငယ်၊ရွယ်၊လတ်တို့နှင့်အကျွမ်းဝင် အောင်ကြိုးစားခဲ့သည်။

)))))))))))))))))))

“ဟဲ့ရတီ နင့်သူငယ်ချင်းညီညီရယ်လေ ယောကျာ်းတန်မဲ့အရှက်ကိုမရှိတာဟယ်”

စီဒီကောင်တာမှ စံပပ စကားကြောင့်ပါးစပ်ထဲသွင်းလုလုထမင်းတောင်ပြန်ကျသွားရလောက်အောင်စိတ်ဝင်စားသွား၏။

“ဘာလို့လဲပပ ညီညီဘာဖြစ်နေလို့လဲ”

ဒီနေ့လည်းညီညီက အပြင်မှာအသုပ်တစ်ခုခုထွက်စားပုံရသည်။ဒီပုံအတိုင်းဆိုညီညီ တော့ရောဂါရလိမ့်မည် ဟုတွေးနေတုန်းမှာပဲ စံပပဆီကအသံစကြားရတာပင်။

“ဘာဖြစ်ရမလဲ ကောင်တာကိုလာဝယ်တဲ့ မိန်းမမှန်သမျှအကောင်းစားတွေဝတ်လာပြီး၊သုံးဖြုန်းနေတာတွေ့လို့ကတော့ ချက်ချင်းဝင်ရောပစ်လိုက်တာပဲ မိန်းကလေးတွေထက် တောင်ပရောပရီနိုင်သေးဟယ်ငါဖြင့်သူ့အစားရှက်လိုက်တာ”

စံပပစကားကြောင့် မေရတီစိတ်မောသွားမိသည်။ညီညီ့ရဲ့ရည်ရွယ်ချက်ကိုမေရတီ ရိပ်မိပေမယ့် ဒီလောက်ကြီးတတန်းတရဖန်တီးလိမ့်မည်လို့တော့မထင်ထား။ မေရတီအတွက်ကတော့ညီညီ့လို လူတစ်ယောက်အပေါ်ပြိုလဲကျဆင်းမှုဟာကောင်းတဲ့ရလာဒ်မဟုတ်မှန်းသိသိကြီးနဲ့နာကျင်စွာရှေ့ဆက်နေမိတာ။

ညီညီ့ထက်စာလျှင်မေရတီ့ကိုတော်တော်သဘောကျနေသူစတိုမန်နေဂျာ ကိုထွန်းထွန်းဦးကအများကြီးဘဝလက်တွဲဖော်ဖြစ်သင့်သည် ဆိုတာမေရတီချင့်တွက်မိပါသည်။သို့သော်လည်း စွဲလန်းမိတဲ့သံယောဇဉ်လေးက တစ်နေ့ဖြစ်လာနိုးနဲ့မျှော်လင့် နေမိတုန်းကခက်သည်။

မနေ့တုန်းကလည်း ဆိုင်ပေါက်ဝမှ အမျိုးသမီးစကျူရတီသန်းစုနှင်းကအရိပ်အမွတ် ပြောသေးတယ်။ဆိုင်ဝန်ထမ်းအမျိုးသမီးတွေကြားမှာ ညီညီတစ်ယောက်ဂွကောင်းရှာသည့်ကောင်တစ်ယောက်အဖြစ် မြင်စပြုလာကြလေပြီလား။

အလုပ်ဝင်စက ဝန်ထမ်းမလေးတွေကြားစိတ်ဝင်စားစရာဖြစ်ခဲ့ဖူးတဲ့ကောင်ချောလေး ဟာအခုဆိုရင် ဝန်ထမ်းမလေးတွေကြားချဉ်စရာဖြစ်လို့နေချေပြီကော။

ငါဘယ်လိုနားလည်ရမလဲညီညီရယ် နင့်သတင်းတွေကိုအမြဲလိုလိုကြားနေရတာငါမချိဘူးဟာ။

“ညီညီ ငါနဲ့အတူပြန်ရအောင်လား ပြောစရာရှိလို့”

“နောက်နေ့မှဆိုင်မှာပြောဟာ ငါကိစ္စရှိသေးတယ်”

ဆိုကာ မေရတီကိုရှောင်နေတတ်တာလည်းကြာပြီဆိုတော့မေရတီဘာဆက်လုပ်ရမလဲ။

))))))))))))))))))))))))))

“ရတီ သမီးဈေးလိုက်တာလား”

ညီညီ့အမေကအော်မေးလိုက်တာမို့ မေရတီဘုရားပန်းဝယ်နေရာမှညီညီ့အမေဒေါ်တင်မိရဲ့ကုန်စိမ်းဆိုင်လေး ဘက်သို့လှည့်လိုက်သည်။

“ဟုတ်တယ် ကြီးမိ ဒီနေ့နားရက်မို့လေ မုန့်လည်းစားချင်တာနဲ့”

“ညည်းသူငယ်ချင်းဖိုးညီတော့ နားရက်လည်းအိမ်မကပ်ပေါင်တော်..အခုဆိုသာဆိုး သေး။ရည်းစားတွေဘာတွေရနေပြီဆိုတော့”

မေရတီမသိရသေးတဲ့သတင်းအသစ်ပါလား။ကြီးမိနားအသာတိုးကပ်ရင်း။

“ဘယ်လိုကြီးမိ”

“ညည်းမသိသေးဘူးလား..တစ်နေရာတည်းလုပ်နေပြီးတော့ရုပ်ကလေးကလည်းအချောအလှကြီးမဟုတ်ပေမယ့်မဆိုးပါဘူး။ပိုက်ဆံချမ်းသာတဲ့အ စားထဲကပဲနေမှာဟိုနေ့ကပဲအိမ်လည်ခေါ်လာသေး”

အိမ်ထိတောင်ခေါ်လာသေးတဲ့အဆင့်တောင်ရောက်နေပြီ။မေရတီတင်မကတစ်ဆိုင် လုံးမသိရသေးတဲ့လျို့ဝှက်ကိစ္စပါလား။ညီညီတော်တော်လေးဖုံးကွယ်နိုင်ပါလားဟု အံ့ဩကြီးစွာဖြစ်မိခြင်းနှင့်အတူမိမိကိုတောင်မှမပြောနိုင်တာကို စိတ်မကောင်း။

မေရတီထိုသို့စိတ်မကောင်းနေဆဲမှာပဲ နောက်ရက်များကစလို့ညီညီတို့လမ်းသလား တော့သည် ။ကောင်မလေးနာမည်က မီးလေးဟုသိရပြီး မေရတီတို့စူပါမတ်ကတ်သို့နေ့စဉ်နီးပါးဈေးလာဝယ်ကာ ညီညီနဲ့မျက်လုံးချင်းတွေစကားပြောကြသည်။အလုပ်ချိန် ပြင်ပတွေဆိုဟိုမှာဒီမှာလက်ချင်းချိတ်လျက်သား ။မေရတီ့ရင်မှာခံစားရပေမယ့် ညီညီ့အပေါ်ဒီလောက်ချစ်တဲ့ညီညီလိုချင်တဲ့သူဌေးသမီးလေးရလိုက်တာအတွက် ဝမ်းသာမိပါသည်။

))))))))))))))))))))))))))))))))))))

မေရတီနှင့်စံပပတို့ပိတ်ရက်တူသဖြင့်ပြည်လမ်းဘက်တွင်စံပပကိစ္စတစ်ခုကိုအဖော်လိုက်ပေးပြီး တံတားဖြူတွင်ကားစောင့်နေကြစဉ်။

“ဟဲ့ ရတီ ဟိုမှာလှေကားကဆင်းလာတာ ညီညီတို့အတွဲမို့လားမျက်စိကိုနောက်နေပြီ”

အင်းယားကန်ဘောင်လှေကားထစ်များမှ လက်ချင်းချိတ်ပုခုံးဖက်ကာဆင်းလာကြတဲ့ညီညီတို့အတွဲက မှတ်တိုင်အမိုးအောက်ထိုင်ခုံများမှမေရတီတို့ကိုမြင်သည်နှင့် ညီညီကမှတ်တိုင်အစပ်မှာပဲကိုယ်ရှိန်သတ်ကာရပ်နေကြသည်။မီးလေးဆိုသည့် ကောင်မလေးက ညီညီ့ခါးကိုဖက်လျက်မှီနွဲ့ကာရပ်နေသည်။ကိုရွှေညီကကောင်မလေးပုခုံးကိုဖက်လျက်ထိန်းရပ်ရင်း ဘာတွေတိုးတိုးတွတ်တွတ်ပြောနေကြသည်မသိ။

“ကြည့်စမ်းပါဦး ငါတို့ကိုတောင်နှုတ်ဆက်ရမှာဘာဖြစ်နေတာကျနေတာပဲဒီကောင် ကတော့မလွယ်ဘူးဟေ့”

စံပပရဲ့မကျေနပ်ချက်ကိုမေရတီမဖြေရှင်းချင်တော့။

“ကျွီ………………ကျွိ”

မှတ်တိုင်ရှေ့သို့ကားတစ်စီးရုတ်တရတ်ထိုးရပ်လာသည်။

“မီးလေး…ကားပေါ်တက်စမ်း”

ကားထဲမှာအသားမည်းမည်းနဲ့အသက်၅ဝကျော်အရွယ်ခန့်လူကြီးတစ်ဦးကညီညီတို့ ဘက်သို့ကြည့်ကာမာန်မဲရင်းလှမ်းခေါ်လိုက်သည်။

ညီညီ့ကောင်မလေးက ရုတ်တရတ်ခါးဖက်ထားရာမှ လန့်ကာကိုယ်ချင်းခွာလိုက်သည်။

“မီးဒက်ဒီလား”

ကောင်မလေးကမျက်လုံးလေးအပြူးသားနဲ့ခေါင်းငြိမ့်လိုက်ရာ

“ဘာဒက်ဒီရမှာလဲ ကောင်မအပျိုဆိုပြီးဒီကောင်နဲ့တွဲနေတာလားငါဆင်ပေးထားတာ တွေနဲ့ သူဌေးသမီးယောင်ဆောင်နေတာပေါ့”

ပွဲကြည့်ပရိတ်သတ်မေရတီနဲ့စံပပ ပင်အံ့အားတကြီးဖြစ်သွားသည်။

ညီညီ့မှာတော့ဆိုဖွယ်ရာမရှိ မျက်စိမျက်နှာပျက်လျက်။ကောင်မလေးကမထင်မှတ်တဲ့စကားကြောင့် ချက်ချင်းပင်

“ရှင်ဆင်ပေးထားတာတွေပြန်သိမ်းသွား ကျွန်မရှင့်လိုအဖိုးကြီးရဲ့မယားငယ်ဘဝနဲ့မနေချင်တော့ဘူး ကျွန်မချစ်သူနဲ့ပဲယူမယ်”

ညီညီကမျက်နှာကြီးနီလျက် ကောင်မလေးကိုအလန့်တကြားကြည့်ပြီးအနည်းငယ် ခွာလိုက်သည်။ဒါကိုအကဲခပ်မိတဲ့ကားထဲကအဖိုးကြီးက

“ဟားဟားဟား ညီးလိုရုပ်ရည်ကို ငါလိုအဖိုးကြီးကစပွန်ဆာပေးထားကျေးဇူးတင်စမ်းပါမာဆက်ကနေသနားလို့ရွေးယူလာပေးထားတာကို များကျေးဇူးကန်းချင်တဲ့ကောင်မလေး ညီးကောင်ကိုမေးစမ်းပါဦးယူမှာလားလို့…ကဲကဲညီးသဘော တိုက်ခန်းကိုပြန်ဖို့တော့မ စဉ်းစားနဲ့တော့ အခုပဲသော့ဝင်ခတ်လိုက်တော့မယ်..ကဲကဲညှိလိုက်ပါဦးကွယ် ”

ပြောပြောဆိုဆိုနဲ့အဖိုးကြီးက ကားမောင်းထွက်သွားသည်။

“လူလည်ကြီး တော်ပြီတော်ပြီ ဒင်းကြီးကိုစိတ်ကုန်နေတာကြာပြီ”

“မင်း မင်းလူလိမ်မပဲ”

“မီးရှင်းပြပါရစေဦးကိုကိုရယ်..မီးလေကိုကိုနဲ့တွေ့မှ”

“တော်..တော်စမ်းကွာ နောက်ကိုငါ့ကိုလုံးဝမဆက်သွယ်နဲ့”

ပြောပြောဆိုဆိုနှင့် ညီညီတစ်ယောက် လမ်းမကြီးတဖက်သို့ပြေးကူးသွားတော့သည်။

“ကိုကို ကိုကို”

ကောင်မလေးကတော့ သွေးပျက်ဖွယ်ရာပုံစံနှင့်အော်ရင်းခုန်ဆွဆွကျန်ခဲ့တော့သည်။

မေရတီနှင့်စံပပ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းပုခုံးတွန့်မိကြလေသည်။

မကြာမီကားတစ်စီးထိုးဆိုက်လာသဖြင့် မေရတီတို့ကားပေါ်ပြေးတက်စဉ်ကောင်မလေး မှာတော့ခေါင်းငိုက်စွာရှိနေတုန်း။

ညီညီကတော့ လမ်းမတစ်ဖက်ရှိ လမ်းမြှောင်များထဲသို့ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်သည်။

))))))))))))))))))))))))))

နောက်ရက်များတွင် ညီညီအလုပ်မှခွင့်ရက်ရှည်ယူကာပျောက်နေတော့သည်။မေရတီညီညီ့အိမ်ကိုသွားမေးချိန်တိုင်းညီညီမရှိ။ အလုပ်အသစ်လိုက်ရှာနေပုံရသည်။

ညီညီ့ကောင်မလေးကတော့ တစ်ပတ်လောက်အထိလာရှာဆဲ။

အရင်လို ပိုက်ဆံပေါပေါနဲ့ဈေးဝယ်ခြင်းမျိုးတော့မရှိတော့။ညီညီ့ကောင်တာကိုကြည့်ကြည့်ပြီးသာပြန်ခေါက်သွားတတ်သည်။

ရက်များစွာကြာတော့ ရောက်မလာတော့ပါ။တစ်ဆိုင်လုံးကတော့စံပပကျေးဇူးကြောင့် အကြောင်းစုံသိနေပြီးဖြစ်သည်။

မကြာမီညီညီ့ခွင့်စေ့တော့မည်။ကောင်မလေးထပ်မလာတော့တာသူငယ်ချင်းဝတ္တရား အရသတင်းသွားပို့လိုက်ဦးမည်ဟု မေရတီတွေးလိုက်မိသည်။

vvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvvv

“နန်းတော်ရာသူ”ရေးသားသည်။

(10-11-2012)

12:26(PM)

http://nanntawyarthu.webs.com

10 comments

  • ကထူးဆန်း

    November 10, 2012 at 9:18 pm

    ကြိုဆိုပါတယ် နန်းတော်ရာသူ ရေ .
    နောက်ထပ်လည်း ဇတ်လမ်းကောင်းလေးတွေ ထပ်ဖတ်ရဦးမယ်လို့ မျှော်လင့်ပါတယ်။

  • မောင်ပေ

    November 10, 2012 at 9:36 pm

    နန်းတော်ရာသူ
    ကြမ်းပေါ်ဖျာယူ
    ခန်းကျော်လာပူ
    ရမ်းအော်ကာဆူ
    မှန်းမျှော်ကြာမူ
    ပန်းတနော်ရွာလှူ

  • uncle gyi

    November 11, 2012 at 9:05 am

    မြက်မြက်ကလေးစားရမလားလို့ဆိုင်းထဲလိုက်ပါတယ်..
    လည်လွန်းတဲ့ဘီ..
    ပေသီးခေါက်တာ..
    တွက်ရေးကစက်..
    မင်းလိုလူစားအများကြီးဟေ့
    ကြွက်ပျင်း

  • candle .

    November 11, 2012 at 11:15 am

    candle သူငယ်ချင်းရဲ ့မောင်လေးက အဲ့လို လေးမို ့မကြာခဏ ဆုံးမရလေ့ရှိတယ်
    အခုတော့သူလည်း နည်းနည်းတော့ ဆင်ခြင်တတ်လာပါပြီ….
    ဖတ်လို ့ကောင်းတဲ့ အလွဲလေးမို ့အားပေးသွားပါတယ်….

  • မိုချို

    November 11, 2012 at 11:15 am

    လူငယ် တွေ အတွက် သင်ခန်းစာယူစရာ ဇာတ်လမ်း လေး ၊ အရေး အသား ကောင်းကောင်း နဲ့ စွဲ ဆောင် နိုင်ပါတယ်။ စာရေး ကောင်း သူလေး တစ်ယောက် ကို ဂဇတ်ရွာလေး က ကြို ဆို ပါတယ်။

  • လုံမလေးမွန်မွန်

    November 11, 2012 at 1:18 pm

    ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါနော်…
    ကိုယ့်အားကိုယ်မကိုးချင်တဲ့လူ ခံပေါ့လို့ပဲ ပြောလိုက်ချင်ပါတယ်… လုံမသာဆို အဲ့လိုလူမျိုးကို သူငယ်ချင်းစာရင်းကတောင် အပြီးထုတ်ပစ်လိုက်မယ်…. 🙂

  • myanmarcitizen

    November 11, 2012 at 2:09 pm

    လည်လွန်းတော့ တူရာတူရာ တွေ့ပြီး။ ညီညီတစ်ယောက် ခံလိုက်ရပေ့ ဖြစ်သွားတာပေါ့။ မှတ်ကရော

  • jullies cezer

    November 12, 2012 at 1:46 pm

    ဇာတ်လမ်းထဲကဇာတ်ကောင်က ရုပ်ကိုပဲအားကိုးချင်တာကို အားပေးသွားပါတယ်
    အောင်မြင်သူအတွက်ဖြတ်လမ်းမရှိဆိုတာလေးကို သတိပေးသလိုခံစားရပါတယ်……..

  • ရွာစားကျော်

    November 12, 2012 at 3:47 pm

    အဲဒီလို ဒုက္ခတွေ မခံစားချင်လို့
    ဒို့ကတော့ ဓူဝံ အင်ဗာတာပဲ သုံးတယ်..
    ပစ္စည်းကောင်းလေးရထားတယ်.. ဟောဒီမှာ ဓူဝံအင်ဗာတာ

Leave a Reply