““ရုပ်ရှင်ထဲမှာဆိုရင်တော့လည်းလေ”””

ကျွန်တော့်အလုပ်က အစိုးရဌာနတစ်ခုက ရုံးအကူဝန်ထမ်း။ရပ်ကွက်ထဲမှာတော့ အမေက
“အိမ်ကစိုးလေးရုံးစာရေးအလုပ်ရနေပြီလေ”
ဟု ရောချပြောလေ့ရှိသည်။သိပ်စိတ်မဝင်စားတဲ့လူတွေကတော့။
“အင်းအင်းကောင်းတာပေါ့”
ဟု မှတ်ချက်ချတတ်ပြီး၊စပ်စပ်စုစုနဲ့မနာလိုစိတ်မွေးတတ်သူတွေကတော့
“တော့်သား ဆယ်တန်းတောင်မအောင်ပဲများ ရုံးစာရေးဖြစ်တယ်ရယ်လို့ ပြာတာ နေမှာပါ”
ဟုမဲ့ကာရွဲ့ကာ အားမနာလျှာမကျိုးဆိုတတ်သေးသည်။
ဘာပဲပြောပြော ကျွန်တော့်လို ဆယ်တန်းတစ်ဘုံးဘုံးကျထားတဲ့ကောင်အခုလို ရုံးဌာနတစ်ခုအလုပ်ရတာကိုက ကျွန်တော်တို့မိသားစုအတွက် အင်အားတစ်ရပ်ပါ။
မနက်ဆိုရင် နေမြင့်မှအိပ်ယာထ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လ္ဘက်ရည်ဆိုင်မှာ လမ်းထဲကလူတွေနဲ့တော်ကီပွားဖို့အရေး ဘယ်သူ့ဆီကလက်ဖြန့်တောင်းရမလဲ စဉ်းစားနေရမယ့်အစား၊အမေစီစဉ်ပေးတဲ့ ထမင်းဗူးလေးဆွဲလို့ အိတ်ကပ်ထဲ ငွေလေး၊ငါးရာ ထည့်ပြီး ရုံးသွားရတာဟာ ကျေနပ်စရာပါ။
လမ်းထဲမှာ ကျွန်တော်လို ဆယ်တန်းတစ်ဘုံးဘုံးကျပြီး လတ်လျားလတ်လျားဖြစ်နေတဲ့ ယောကျာ်းလေး၊မိန်းကလေး တော်တော်များတာကြောင့် အခုလို ကျွန်တော်အလုပ် ကလေးအကိုင်ကလေးနဲ့ဖြစ်သွားတာကို အားကျနေကြသည်။
တစ်ချို့ကလဲ ကျွန်တော့်ထက်အရင် ကုမ္ပဏီတွေ၊စတိုးဆိုင်တွေ၊ဝပ်ရှော့တွေမှာ အလုပ်ရနေပြီးဖြစ်ပေမယ့်၊ကျွန်တော့်လို အစိုးရဌာနဆိုင်ရာမှာတော့မည်သူမှ မဝင်နိုင်သေး။အမေကကြံဖန်ကြွားတတ်သေးတာက
“ကုမ္ပဏီအလုပ်ဆိုတာအစိုးရတာမဟုတ်ဘူးတော့ တော်ကြာဒေဝါလီခံရင် အလုပ်ကပြုတ်ဦးမယ်”
“တော့်လိုသာဆို ကုမ္ပဏီဝန်ထမ်းတွေတောင်ရှိတော့မှာမဟုတ်ဘူး”
“မိုးမပြို၊ပြိုခဲ့သည်ရှိသော်ပေါ့အေရယ်”
“တော့်သားက အစိုးရအလုပ်ရနေမှကိုး အစိုးရအလုပ်ကတော်ရုံဝင်ဖို့မှမလွယ်တာ”
“အဲဒါပြောတာပေါ့”
အမေတို့ကအဲဒီလို။

ခင်သူ ဆိုတာက ကျွန်တော်တို့ရပ်ကွက်ထဲက ရုပ်ရည်ခပ်သန့်သန့် ချောချောလှလှ ကျွန်တော်နဲ့အတန်းတူခဲ့ပေမယ့် တရင်းတနှီးတော့မရှိလှ။မေးပြော၊ခေါ်ထူးတောင် မဆက်ဆံဖူးချေ။မျက်မှန်းတန်းရုံလောက်သာ။
သူမက အလှပြင်ဆိုင်ဆိုလား၊Spa ဆိုလား အဲဒီမှာအလုပ်လုပ်သည်တဲ့။လခကလဲ တော်တော်ကောင်းဆိုသည်။မနက်ဆို သူမအလုပ်သွားချိန်နဲ့ကျွန်တော်အလုပ်သွားချိန် ကအတူတူလောက်သွားကျသည်။အစိုးရဝန်ထမ်းမဟုတ်တဲ့ လူတော်တော်များများ အလုပ်ကို ခပ်စောစောသွားရပေမယ့် သူမကတော့နောက်ကျမှထွက်ပုံရသည်။
သူတို့အလုပ်က သက်တောင့်သက်သာရှိပုံပင်။
သူမကိုကြည့်လိုက်လျှင်အမြဲကျော့မော့နေတတ်သည်။
ညနေဘက်အလုပ်ဆင်းချိန်ကားပေါ်မှာ သန့်စင်နဲ့ဆုံသည်။ဒီကောင်က ပုဇွန်တောင်က ဖိတ်စာယပ်တောင်ဆိုင်တစ်ခုမှာလုပ်နေတာ။
“ဟေ့ကောင်သန့်စင် ပြန်တာစောလိုက်တာ မင်းတို့အလုပ်ကအမြဲမိုးချုပ်နေတာဆို”
“ဟဲဟဲ ကနေ့ တရုတ်နှစ်ကူးရှိလို့အန်းမတို့အိမ်မှာ စီလုတ်တွေစုဝေးနေကြတယ်လေ”
“ကောင်းပါ့ကွာ”
နောက်တစ်မှတ်တိုင်မှာပဲ ကားပေါ်သို့တက်လာတာက ခင်သူ။
“ဟေ့ကောင်ငစိုး ဟိုမှာ ခင်သူမို့လား”
ခင်သူက ကျွန်တော်တို့နှစ်ယောက်ကိုမြင်ပေမယ့် ခပ်ဝေးဝေးမှနေ ကျောပေးထားသည်။
“ကောင်မ မကြောကြီးနဲ့ကွ သူ့ကိုယ်သူဘာထင်နေလဲမသိဘူး သူလုပ်တဲ့အလုပ်က ###သာသာရယ်ပါကွာ ဟဟ”
သန့်စင်ရဲ့ခပ်ကျိတ်ကျိတ်ဆိုသံကြောင့် ကျွန်တော်ပင်မျက်နှာမထားတတ်ဖြစ်သွား သည်။ ခင်သူမကြားလောက်ပေမယ့် ကြားသွားမှာကိုအားနာသွားတာပါ။
“မင်းကလဲကွာ သေချာလို့လား”
“ဟေ့ကောင် မင်းယောက်ျားလေးဖြစ်ပြီးဒီလောက်တောင်အထာမနပ်တာ အံ့ပါ့ မင်းအဲဒီလိုဆိုင်တွေသွားကြည့်ပါလား ခေါင်းစဉ်ကတော့ Spa၊အများသိတာက မာဆတ်၊အများမသိအောင်က ###”
ရှေ့ဆက်မေးလျှင် သန့်စင်ဆိုတဲ့ကောင် အရှိန်တက်လာမှာစိုး၍ စိုးခိုင်ဆက်မမေးတော့။
ခင်သူရဲ့မျက်နှာလေးက ပင်ပမ်းနွမ်းနယ်ညှိုုးငယ်နေသယောင်။အလှပြင်ထားတာ တစ်ချို့ ဟိုတစ်ကွက်ဒီတစ်ကွက်ဖြစ်နေပြီး အလုပ်က ကမန်းကတန်းပြန်လာရပုံ။
“အရင်ဆိုဒီကောင်မ ညာဉ့်နက်မှပြန်လာနေကြ ဒီနေ့အခြေအနေမကောင်းလို့လား ရဲဝင်ဖမ်းလို့လားမသိဘူး ဟီးဟီး”
“ဟေ့ကောင်”
နှမချင်းမစာနာ ပြောနေသောသန့်စင်ကိုကျွန်တော်ဟန့်လိုက်ရသည်။
ကျွန်တော့်အနေနဲ့ မိန်းကလေးတစ်ယောက်ကို ထိုကဲ့သို့ပြောဖို့မဆိုထားနှင့် သူများပြောတာပင်မကြားလိုပါ။
ကျွန်တော့်မှာ အစ်မတွေ၊နှမတွေရှိလို့ကိုယ်ချင်းစာတာမဟုတ်ပါဘူး။တစ်ချို့အစ်မတွေ နှစ်မတွေရှိနေလည်းကိုယ်ချင်းမစာစွာ သူများသမီးပျိုလေးတွေကို ပါးစပ်အရသာခံ ပြောဆိုတတ်တဲ့ယောက်ျားလေးတွေတစ်ပုံကြီးရယ်။
ကျွန်တော်က အကို၃ယောက်သာရှိပေမယ့် မိန်းကလေးတွေအပေါ်အားနာတတ်တဲ့စိတ် သဘောအလိုလိုရှိနေတာပင်။
အခုလည်းခင်သူကိုကြည့်ပြီး ကျွန်တော်သနားနေသလိုခံစားရသည်။သူမတစ်ယောက် တည်း နွမ်းနယ်နေတာတွေ့ရုံနဲ့သနားချင်မှသနားမည်ဖြစ်သော်လည်း သန့်စင်ရဲ့ အမနာပစကားတွေကြောင့် သူမကိုပိုလို့သနားလာမိတာပင်။
“လမ်းထဲက ကိုချိုကြီးဆုံးလို့သားရေ ခဏနေအမေအသုဘသွားလိုက်ဦးမယ် ချွေးတိတ်မှရေချိုးနော်သားလေး”
“ကိုချိုကြီးဆိုတာ ခင်သူရဲ့အဖေမို့လား”
“ငါ့သားနဲ့အတန်းတူတဲ့ ဟိုကောင်မလေးမို့လား ဟုတ်တယ် ဟုတ်တယ် သူ့အဖေကြီး နာတာရှည်ဖြစ်နေတာကြာပြီလေ။ကောင်မလေးကတော့ မကောင်းတာလုပ်စားနေ တယ်ဆိုလား သားသမီးစိတ်ကြောင့်ဆုံးတာလဲပါမှာပေါ့”
“အမေကလဲဗျာ ရမ်းမပြောစမ်းပါနဲ့ ကိုယ်လဲသေသေချာချာမသိပဲ”
“မသိပါဘူးတော် ကျုပ်ကိုလဲ မလှတင်ပြောတာ”
“အဲဒီဒေါ်လှတင်ကြီးနဲ့တော်တော်ပေါင်း အမေပါ သူများမကောင်းကြောင်းပြော တတ်လာပြီ”
“အမလေး ဘုရားဒကာ တော်ပါတော့ ကဲကဲ အမေသွားပြီ”
အမေထွက်သွားပြီး ကျွန်တော် ကုလားထိုင်တစ်လုံးမှာထိုင်ချရင်း ကားပေါ်က ခင်သူ့ မျက်နှာထားကိုပြန်မြင်မိသည်။
သူ့ခမျာ ဖခင်ဆုံးတယ်ကြားလို့ ချက်ချင်းအလုပ်ကနေအပြေးပြန်လာရရှာတာကိုး။
ရေချိုးထမင်းစားပြီးမှ အသုဘအိမ်ကိုသွားကူလိုက်ဦးမည်။

ကျွန်တော်အသုဘအိမ်ရောက်တော့ လူခပ်စည်စည်ဖြစ်နေပြီ။အမေတို့မိန်းမကြီးတစ်စု ခင်သူ့မိခင်နားတွင်စကားပြောနေကြသည်။အလောင်းကတော့ဆေးရုံကနေသုဿန်ပို့ပုံ။ခင်သူကသူ့သူငယ်ချင်းတစ်ချို့ကိုဧည့်ခံနေပုံရသည်။ကျွန်တော်ကထိုဝိုင်းနားလျှောက်သွား သည်။ကျွန်တော့်သူငယ်ချင်းတော် တော်များများရှိနေသည်လေ။
“ဟယ် စိုးခိုင်ပေါက်ချလာတာပဲ လာလာ”
အတန်းဖော်ဖြစ်သော တစ်လမ်းကျော်မှ မာလာထွေးကလှမ်းခေါ်လိုက်တာပါ။ အနားတွင် မျိုးသီတာ၊အောင်လတ်သူနဲ့တင်မောင်ဦးတို့ကပါလှမ်းကြိုဆိုသည်။
ခင်သူကလဲ ကျွန်တော့်ကိုတွေ့တော့ ခေါင်းလေးတစ်ချက်ငြိမ့်ကာနုှတ်ဆက်ရှာသည်။ သူမမျက်လုံးတွေက ငိုထားမှန်းသိသာလွန်းအောင်မို့အစ်နေသည်။ဓမ္မတာပဲလေ။
ဖခင်ဆိုတာ အလုပ်လုပ်ပြီးရှာမကျွေးနိုင်တော့ရင်တောင်မှ အိမ်ရဲ့အကာအကွယ်ပဲ မဟုတ်ပါလား။ခင်သူတို့မောင်နှမတွေစိတ်အားငယ်ကြမည်ပေါ့။
တင်မောင်ဦးကဆိုသည်။
“စိုးခိုင်ရေ မင်းမနက်ဖြန်အလုပ်အားတယ်မို့လား ငါတို့ဒီမှာဝိုင်းကူရအောင် ခင်သူ တို့သားအမိနှစ်ယောက်တည်းကွ ဆွေမျိုးတွေကလဲနယ်ကနေမလာနိုင်ကြဘူး။ သူ့မောင်လေးနဲ့ညီမကလဲငယ်သေးတော့အကူအညီမရသေးဘူးလေ ဘယ်လိုလဲ”
ကျွန်တော်မဆိုင်းမတွပင်ခေါင်းညိတ်လိုက်သည်။
“ကူမှာပေါ့ ငါ့ကိုအားမနာပါနဲ့ခင်သူ အိမ်ချင်းလဲနီးတော့ ငါပိုပြီးကူညီနိုင်ပါတယ်”
ခင်သူကကျေးဇူးတင်စွာကြည့်သည်။
အသုဘရက်တွေကျွန်တော် တော်တော်လေးကူညီမိသလို ခင်သူနဲ့ရင်းနှီးမှုလဲ တိုးပွားလာခဲ့သည်။
“နင် အလုပ်ကောအဆင်ပြေလားခင်သူ”
အေးအေးဆေးဆေးဖြစ်ချိန်ကျမှ တရင်းတနှီးမေးမိသည်။
“အလုပ်က ငါမလုပ်ချင်ပါဘူး နင်လဲသိမှာပါ Spa ဆိုပေမယ့် လူတွေပြောနေကြသလို ငါတို့အတွက်သိပ်မကောင်းပါဘူး။အဖေ့ဆေးဖိုးတွေနဲ့ကသာမန်အလုပ်နဲ့ဘယ်လိုမှ မဖြစ်နိုင်လို့သာအောင့်အီးပြီးဝင်လုပ်နေရတာ”
ကျွန်တော် တော်တော်လေးစိတ်မကောင်းဖြစ်သွားသည်။ဖခင်ကြီးဆေးကုဖို့အတွက် ခင်သူတစ်ယောက်သူ့နာမည်ကိုအညစ်အနွမ်းခံနေရှာတာပင်။
“ဒါဖြင့်အခုဦးလေးဆုံးသွားပြီဆိုတော့ နင် ဘာဆက်လုပ်မှာလဲ”
“ငါအလုပ်ပြောင်းလို့မဖြစ်သေးဘူး စိုးခိုင်။အဖေ့အတွက် အသဲအသန်ဖြစ်နေချိန်မှာ ငွေတွေကြိုထုတ်ထားမိတယ် အဲဒါကြောင့် ၂လလောက်တော့သီးခံလုပ်ရဦးမှာ”
ကျွန်တော် တော်တော်လေးစိတ်မကောင်းဖြစ်နေပြီ။ကျွန်တော်ကိုယ်တိုင်ကလည်းမပြေ လည်တဲ့မိသားစုကို တဖက်တလမ်းကဝင်ငွေရှာပေးနေရသူဆိုတော့ ခင်သူ့အရေးကို ဘယ်လိုမှမကူညီနိုင်။တစ်ခြားကချေးငှားပြီးကူညီမယ်ဆိုပြန်ရင်လည်း ကျွန်တော်နဲ့ ခင်သူက ဘယ်လိုမှမပတ်သတ်တော့ တစ်မျိုးတစ်မည်။
ဘယ်တတ်နိုင်မလဲလေ။တစ်ခုတော့စိုးရိမ်တကြီးသတိပေးမိသည်။
“ကြားရတာတွေကလဲ ပါးစပ်ရှိတိုင်းသရမ်းနေကြသလိုပဲ ခင်သူ ဒီတော့ နင်စဉ်းစားပါ ရှေ့ဆက်ပိုက်ဆံကိစ္စပြီးသွားရင် အလုပ်ပြောင်းပါ။ငါဆရာလုပ်တာမဟုတ်ဘူးနော်”
ခင်သူက ပြုံးပြီး
“မထင်ပါဘူး နင့်ကိုငါတော်တော်ခင်သွားပြီစိုးခိုင် နင်တကယ့်ကိုစိတ်ကောင်းရှိပါတယ် အဖေ့ကိစ္စအတွက်လည်း နင့်ပဲအားကိုးလိုက်ရတာ ကျေးဇူးပါဟာ အရင်က ငါ့အကြောင်းနဲ့ငါ နင်တို့နဲ့ပတ်သတ်ဖို့မဝံ့လို့ မခေါ်တာခွင့်လွှတ်ပါနော်”
“မလိုပါဘူး ငါနားလည်ပြီးသားပါ နင်အလုပ်အသစ်ရှာရင် ငါလဲကူညီပါမယ်နော်”
ဒီလိုနဲ့ခင်သူနဲ့ကျွန်တော်သံယောဇဉ်ရှိသွားတာ ငယ်ငယ်တည်းကပဲ ပေါင်းသင်းလာ သလောက်နီးနီးပင်။ထို့ထက်ပိုတာက ကျွန်တော့်ရုပ်ရည်ရွက်ကြမ်းရေကျိုက လှပချောမောသူစာရင်းထဲထည့်လို့ရတဲ့ ခင်သူ့အပေါ်စိတ်ကူးနေမိတယ်ဆိုလွန်နေပြီ လားဗျာ။

ရုံးဆင်းခါနီးအချိန် တစ်ရုံးလုံးကလူတွေခိုင်းသမျှပြေးလွှားလုပ်ကိုင်ပေးရသဖြင့် တစ်ကိုယ်လုံးညောင်းနေပြီ။လချုပ်စာရင်းတွေချုပ်ရက်များဆိုအခုလိုပဲ တစ်ရုံးလုံး အလုပ်ရှုပ်နေတတ်သည်။တစ်ရုံးလုံးအလုပ်တွေရှုပ်နေတော့ တစ်ရုံးလုံးရဲ့ခိုင်းဖက် ရုံးအကူကျွန်တော့်မှာပို၍အလုပ်ရှုပ်တော့တာမပြောချင်တော့။
ရုံးအုပ်ကြီးက ပြန်ဖို့အိတ်ကိုဆွဲကာကျွန်တော့်နားအသာတိုးလာပြီး။
“ဟေ့ကောင်စိုးခိုင် တနေကုန်ညောင်းနေတာပဲ မာဆတ်သွားရအောင်မင်းငါနဲ့လိုက် ခဲ့မလား”
“ဗျာ…အခုလားဆရာ”
ရုံးအုပ်ကြီးက ဖောင်းပွနေတော့မျက်နှာနီနီးကြီးကိုပြုံးစိစိလုပ်လျက်
“အခုတော့အိမ်ပြန်ရေမိုးချိုးဦးမှာပေါ့ကွ နို့မို့ဟိုကကောင်မလေးတွေနံနေပါ့မယ် ဟားဟား…ညရနာရီလောက်မှ မင်းတို့လမ်းထိပ်ကစောင့်နေ ငါဝင်ခေါ်မယ်”
ကျွန်တော်တစ်ခါမှမရောက်ဖူးတာမို့ ခင်သူအလုပ်လုပ်တဲ့နေရာမျိုးကိုသိမြင်ချင်လှ၏။

ရေမိုးချိုးပြီးတာနဲ့ကျွန်တော်လမ်းထိပ်ထွက်စောင့်နေလိုက်ရသည်။ရ နာရီကျော်ကျော် တွင်ရုံးအုပ်ကြီးကားရောက်လာသည်။
“ဟေ့ကောင် မင်းရုံးကလူတွေမပြောနဲ့နော်”
“ဟုတ်ကဲ့ပါဆရာ”
ကျွန်တော်လိုကောင်ကသူများအကြောင်းကောင်းတာဆိုးတာတော်ရုံမပြောတတ် တာကိုယ့်ကိုယ်ကိုအသိဆုံးမို့ပြဿနာဖြစ်စရာမရှိ။
Beauty Spa ဆိုတဲ့ဆိုင်းဘုတ်အောက်ဝင်ခဲတော့ဆိုင်က သိပ်မကြီးကျယ်ပါ။
အတွင်းဖက်တွင် အလှပြင်ဆိုင်တစ်ခုလိုပြင်ဆင်လျက် တစ်ချို့ခေါင်းလျှော်နေကြသလို၊ တစ်ချို့က ဧည့်ခန်းဆိုဖာတို့တွင် စာအုပ်ဖတ်နေကြသည်။မိန်းမလှလေးတွေချည့်။
အမျိုးသမီးကြီးတစ်ယောက်ကထွက်လာပြီး
“ဪ ဆရာလာ အပေါ်ပဲတက်မယ်မို့လား”
အပေါ်တွင်ဘာရှိလဲတော့မသိ ဆရာတက်သွားရာကျွန်တော်လိုက်တက်ခဲ့သည်။
မီးရောင်မှိန်မှိန်အောက်မှာ ကောင်မလေးတစ်ချို့ ဆေးရောင်စုံမျက်နှာထားတွေနဲ့ မပေါ့်တပေါ်လေးတွေဝတ်ကာထိုင်နေကြသည်။
“စတယ်လာကိုပဲခေါ်မယ် မမော်စီ ဒီကောင့်အတွက်ကော လန်းတာလေးရှာပေးလိုက်”
“ရမယ်ဆရာ ဒါပေမယ့် စတယ်လာကသူ့အဖေဆုံးထားတော့ စိတ်သိပ်မလန်းဘူး နော်”
မမော်စီဆိုသူရဲစကားကြောင့် စိုးခိုင်ခေါင်းထောင်သွားသည်။ခင်သူကိုသတိရသွားတာ။ တစ်ဆက်တည်းမှာပဲ ခင်သူ့အလုပ်ကတော့ ဒီလိုကြီးမဖြစ်နိုင်လောက်ပါဘူးလေ ဆိုပြီး ဖြေသိမ့်လိုက်ရသည်။
“ကျွတ်ကျွတ်ကျွတ် သနားစရာ မုန့်ဖိုးလေးပိုပေးဦးမှပဲ သွားခေါ်လိုက်ပါဦး”
“အင်ဂျလီရေ စတယ်လာကိုသွားခေါ်လိုက်စမ်း အနောက်ထဲဝင်သွားတယ်”
“ဟုတ် အန်တီမော်”
နောက်ပြီးသူတို့ပြောတဲ့နာမည်က ခင်သူမှမဟုတ်ပဲ ဟုတွေးကာကိုယ့်စိတ်ကိုယ်ရယ် ချင်မိသေးသည်။
ခဏနေတော့ စတယ်လာဆိုသူထွက်လာသဖြင့် စိုးခိုင်လေ့လာကြည့်တော့
စိုးခိုင်ပါးစပ်တို့အတင်းစေ့ထားလိုက်ရသည်။
အားပါးပါး ခင်သူမှခင်သူအစစ် အလှတွေဘယ်လောက်ပြင်ထားပေမယ့် သူမကို တော့စိုးခိုင်မမှတ်မိစရာမရှိ။
ပထမက သူ့ကိုတွေ့တော့ခင်သူ အံ့ဩသွားပုံ။နောက်ကျတော့ မသိချင်ယောင်ဆောင် ကာဆရာနဲ့အတူအခန်းတစ်ခုထဲလိုက်သွားသည်။
ကျွန်တော်အတင်းဇွတ်တားပစ်ချင်စိတ်ကိုမနည်းမြိုသိပ်ရင်း ကျွန်တော့်အတွက်ဆိုသူ ကောင်မလေးနဲ့….
ကျွန်တော့် တကိုယ်လုံးကိုနှိပ်နယ်ပေးနေသောကောင်မလေးနေရာမှာ ခင်သူ့ကိုတွေးမိ ရင်းကျွန်တော်ကြက်သီးတဖြန်းဖြန်းထလာသည်။
ရုပ်ရှင်တွေထဲမှာဆိုရင်တော့ ကျွန်တော်ဆရာတို့ အခန်းထဲဝုန်း ခနဲအတင်းဖွင့်ဝင် ဆရာကိုလက်သီးနဲ့ထိုး ခင်သူ့လက်ကိုဆွဲလျက်ပြေးထွက်။
ကြည့်ကောင်းလိုက်မယ့်ဇာတ်…ခုတော့….ဖြစ်နိုင်ပါ့မလားစဉ်းစားကြည့်ပါတော့။
ဪ ့ကျွန်တော်က ကျွန်တော်ဖြစ်ပြီး၊အခုကိစ္စက ရုပ်ရှင်မှမဟုတ်တာလားဗျာ။

ကျွန်တော်မနက်မျက်နှာသစ်ချိန်မှာ အရင်ဆုံးပြေးမြင်မိတာ ခင်သူ့ကိုသာ။
“သား ညကမိုးချုပ်လိုက်တာ ဘယ်တွေသွားနေတာလဲ”
“ရုံးအုပ်ကြီးအဖော်ခေါ်လို့ပါအမေ”
“ဪ..အေးအေးကောင်းပါတယ် ကိုယ့်လူကြီးကသဘောကျတာ”
မကောင်းပါဘူးအမေရယ်လို့သာအော်လိုက်ချင်ပေမယ့်။
ညကမိုးချုပ်မှအိမ်ရောက်ပေမယ့် အခုမနက်အစောကြီးနိုးနေတာထူးဆန်းသည်။
ခင်သူလုပ်ရတဲ့အလုပ်က ကျွန်တော်ထင်တာထက်အများကြီးဆိုးရွားနေတာ ကျွန်တော် ကို်ယ်တိုင်ကြုံတွေ့မှ အထိတ်တလန့်ဖြစ်မိတော့သည်။အစောကြီးနိုးနေတဲ့ကျွန်တော် အလုပ်မသွားရသေးတဲ့သန့်စင်နဲ့အတူလ္ဘက်ရည်ဆိုင်ထိုင်မိချိန်မှာ အတင်းမြိုသိပ်ထား တဲ့ကြားက ခင်သူ့အကြောင်းသန့်စင်ရှေ့ဖွင့်ချမိသည်။
“ငါ ခင်သူ့ကိုနှိမ့်ချချင်လို့မဟုတ်ဘူးကွာ ရင်ထဲမချိလွန်းလို့ထုတ်ပြောတာ”
သန့်စင်ကခပ်မဲ့မဲ့ပြုံးကာ
“မင်းမြင်ပြီမို့လား ငါကမင်းထက်အရင်ဒါမျိုးနေရာတွေရောက်ဖူးပြီးသားပါကွ ဒီကောင်မ မာန်တက်နေတာ သူ့အကြောင်းလူမသိဘူးမှတ်လို့ အလကားလိုင်းပါကွာ”
“ဟေ့ကောင် မင်းအဲလိုတော့ ပါးစပ်မသရမ်းနဲ့ကွာ ငါကမနေနိုင်လွန်းလို့ထုတ်ပြောတာ ခင်သူ့ကိုအပြစ်ပြောဖို့မဟုတ်ဘူးကွ နောက်ပြီးမင်းထင်သလို ခင်သူကမာန်တက်နေတာ မဟုတ်ပါဘူး မခေါ်ရဲတာပါ။
ဒီမှာသန့်စင် မိန်းကလေးတွေဆိုတာပန်းကလေးတွေချည့်ပါ ကွာ။
ပွင့်အာခါစသန့်ရှင်းလတ်ဆက်လန်းဆန်းနေတဲ့ပန်းကလေးတွေနဲ့နေရောင်ဒဏ်ပြင်းပြင်း၊ မိုးလေဒဏ်ပြင်းပြင်းကြောင့်ပျက်စီးညှိုးနွမ်းသွားတဲ့ပန်းကလေးတွေပဲကွာတယ်။
အားလုံးကတော့အထိခိုက်မခံတဲ့ပန်းကလေးတွေပါကွာ။
ဘယ်နေရာကမဆို ခံနိုင်ရည်နည်းပါးတဲ့ပန်းကလေးတွေကိုပါးစပ်အပြောနဲ့တောင် မညှိုးနွမ်းပါစေနဲ့ကွာ”
ကျွန်တော့်စကားအရှည်ကြီးကြောင့်သန့်စင်က
“ဒါဖြင့် အဲဒီပန်းနွမ်းနွမ်းကိုမင်းယူမလားကွာ”
“အင်….ဒါ …ဒါကတော့ ငါစဉ်းစားကြည့်ဦးမယ်ကွာ”
သန့်စင်စကားကိုချက်ချင်းပြန်မချေပနိုင်တဲ့ ကျွန်တော့်ပါးစပ်ကိုကျွန်တော်ဖြတ်ရိုက်ပစ် ချင်မိပါသည်။သို့သော်…..
“ဟိုမှာ မင်းပန်းကလေးရွေ့လာပြီ ဘယ်လိုလဲငစိုး”
ခပ်လှမ်းလှမ်းမှ လျှောက်လာသော ခင်သူ့ကိုအတွေ့ ကျွန်တော့်ခေါင်းကိုငုံ့ချလိုက်မိ တော့သည်။

“နန်းတော်ရာသူ”ရေးသားသည်။
http://nanntawyarthu.webs.com

17 comments

  • လုံမလေးမွန်မွန်

    November 11, 2012 at 3:54 pm

    ဟုတ်ပါတယ်လေ…
    လက်တွေ့ဘဝဆိုတာ ရုပ်ရှင်ဆန်ဆန်မှ မဟုတ်တာ…

    စားဝတ်နေရေးအတွက် ရွေးစရာမရှိတဲ့ ဘဝမှာ နေနေရတာကို ကိုယ်ချင်းစာမိပါတယ်…
    တစ်ချိန်တည်းမှာပဲ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာကိုလည်း ပိုတန်ဖိုးထားမိပါတယ်…

    မိန်းကလေးတွေ ရွေးချယ်စရာမရှိတဲ့ ဘဝက ကင်းဝေးကြပါစေလို့….

  • San Hla Gyi

    November 11, 2012 at 8:11 pm

    အင်း မနေနိုင်လို့ ဝင်ပြောလိုက်ဦးမယ်။ ဖတ်လို့ အတော်ကို ကောင်းပါသည်။ ဇတ်လမ်းထဲက ဇတ်လိုက် မှန်ပါသည်။ ရိုးရိုးသားသား သနားတာ ကောင်းပါသည်။ ဒီထက် မပိုရင် ဘာမှ ပြဿနာ မရှိပါ။ သို့သော် ဒီလို ကိစ္စမျိုးက ရိုးရိုးကနေ ပိုသွားရင် ရှင်တော်တော် ဈာန်သလား ကန်းမနဲ့ညား ဖြစ်ဖို့ရှိပါသည်။ ရိုးရိုးကနေ မထိန်းနိုင်ရင် ပိုသွားဖို့ ရှိပါသည်။ ပိုသွားလဲ ကိုယ်က နောက်ပိုင်းမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ခံနိုင်ရင် သိပ်ပြဿနာ မရှိပါ။ ဒါပေမယ့် မခံနိုင်ဖို့က ပိုများပါတယ်။ အဲဒီတော့ ကိုယ်ဘာသာ ဘရိတ်အုပ်တဲ့ ဇတ်လိုက ်မှန်ပါသည်။
    ဝန်ကြီးချုပ်ဦးနုတောင် ကျောင်းသားဘဝက အဲဒီလိုဖြစ်ပြီး အဲဒီလို မိန်းကလေးတယောက်ကို လက်ထပ်ပြီး ကယ်တင်မယ်ဆိုပြီး လုပ်သဖြင့် သူငယ်ချင်းမှ မနည်းဖျက်ခဲ့ရသည်ဟု သိရပါတယ်။ သူသာ အဲဒီတုန်းက ကယ်ခဲ့ရင် နောက်ပိုင်း မြန်မာပြည် ဝန်ကြီးချုပ်တောင် ဖြစ်လိမ့်မယ် မထင်ပါ။ ဒီတော့ ကိုယ်ထင်ရာ လုပ်နိုင်ပါတယ်။ ကယ်တင်ရှင် လုပ်လိုသူများလဲ ကောင်းပါတယ်။ ဒါပေမယ့် တကယ် ဒဏ်ခံနိုင်ဖို့ လိုပါတယ်ဗျာ။ သိပ်တော့ မလွယ်ပါ။

  • မောင်ပေ

    November 11, 2012 at 9:31 pm

    မှန်လိုက်လေဗျာ
    ရုပ်ရှင်ထဲမှာတော့
    ကိုယ်ခန္ဓာအစိတ်အပိုင်း ချို ့တဲ့ နေသူ ကိုလဲ ယူပြတာပဲ
    ဖာလဲ ယူတာပဲ
    အကုန်ယူလိုက်ကြတာကိုး
    အပြင်မှာတော့
    အားလုံးသိကြတဲ့အတိုင်းပဲ
    နန်းတော်ရာသူရဲ ့အရေးအသားနဲ ့ဇါတ်လမ်းကို သဘောကျ ကြိုက်တယ်ဗျို ့
    ကျုပ်ဖြင့် ဇါတ်ကောင်၂ယောက်ကို ပေးစားတော့မယ် မှတ်နေတာကလား

  • ကထူးဆန်း

    November 11, 2012 at 9:43 pm

    ခပ်လှမ်းလှမ်းမှ လျှောက်လာသော ခင်သူ့ကိုအတွေ့ ကျွန်တော့်ခေါင်းကိုငုံ့ချလိုက်မိ တော့သည်။

    ခေါင်းငုံချသွားသော စိုးခိုင်ကို တွေ့လိုက်သော ခင်သှု ။လှိုက်ကနဲဖြစ်သွားသော စိတ်ကို မာန်တင်းကာ ခေါင်းမော့လိုက်သော်လည်း မျက်ရည်က ပါးပြင်မှ တစ်ဆင့် ကွမ်းတံထွေးများပေနေသော ကတ္တရာလမ်းမပေါ်သို့ ပေါက်ကနဲ ပေါက်ကနဲ။ :harr:

  • surmi

    November 11, 2012 at 10:15 pm

    လက်မထောင်အားပေးသွားပါတယ် ။
    အရေးအသားရော ဇတ်လမ်းပါကောင်းလို့ နှစ်သက်မိပါတယ် ….
    ဒီဇတ်လမ်းကိုဖတ်မိပြီး ရွေးချယ်စရာမရှိလို့ ဒီလိုဖြစ်ရတာပါလို့ ပြောကြတဲ့ မိန်းကလေးများ
    အကြောင်းကိုလည်း တွေးမိပြီး မတူတဲ့ အတွေးများလည်း ရခဲ့ပါတယ် …
    တစ်နေ ့ ဒီပို ့စ်လေးကိုညွှန်းပြီး ရေးဖို့လည်းကျိုးစားပါဦးမယ် ။။

  • တောတွင်းပျော်

    November 12, 2012 at 12:48 am

    ငါတော ့ဖတ်မိတာ မှားပြီး……….
    အရေးအသားကောင်းလွန်းတော ့ နောက်ထပ်အဆက်များ ရှိလေးသလား
    မျှော်နေရပြီ။
    ရှိသေးတယ်မဟုတ်လား ဟင်!…..ဟင်!
    မျှော်ရတာကလည်း တစ်ဒုက္ခ…

  • Foreign Resident

    November 12, 2012 at 1:52 am

    တစ်ခုတော့ ထောက်ပြခွင့် ပြုပါ ။
    အဘ မာဆတ် နှင့်ပါတ်သက်ပြီး အတွေ့အကြုံ မနည်းလှပါ ။

    အကြမ်းဖျင်းအားဖြင့် မာဆတ်က သမီးလေးများသည် ၊
    စတယ်လာ ၊ မော်စီ ၊ အင်ဂျလီ စသော ဘိုနာမည်များ ပေးလေ့မရှိပါ ။
    ရိုးရှင်းသော မြန်မာ နာမည် များသာ ပေးလေ့ရှိပါသည် ။

    ၁ ။ ဆင်းရဲ ၊ ပညာမတတ်သူများ ဖြစ်လေ့ ရှိသဖြင့် ၊
    သူတို့၏ ဘို နာမည် ကို သူတို့ ကိုယ်တိုင် မခေါ်တတ်ခြင်း ။

    ၂ ။ သူတို့ရဲ့ စားသုံးသူ Customer များကိုလည်း ခေါ်ရလွယ်ကူစေလိုခြင်း ။

    တို့ကြောင့်ဖြစ်ပါတယ် ။

    ဘို နာမည် အသုံးများတဲ့ ၊ ပညာတတ် ဘိုဆန်တဲ့ သမီးလေးများကိုတော့ ၊
    စင်တင် တေးဂီတ စားသောက်ဆိုင်တွေမှာ အတွေ့ရများပါတယ် ။

    ( KTV အဆင့် မဟုတ်ပါ ၊ စလွယ်တစ်ခုကို တစ်သိန်း ကနေ ၊
    သိန်း ၃ဝ တန် စလွယ်ပါ ရှိတဲ့ ဆိုင်တွေမှာ ၊ အတွေ့ရ များပါတယ် )

  • မိုချို

    November 12, 2012 at 8:09 am

    ဇာတ်လမ်း ထဲ မှာ မျော ပါ သွားအောင် ရေး နိုင်တဲ့ သူ လေး ပါလား။ စာရေး ကောင်းတဲ့ တောင်ငူ သူလေးရေ ၊နောက်ထပ်ဇာတ်လမ်းတွေ လည်း စောင့် ဖတ်နေမယ်နော်။
    ကထူးဆန်း ရဲ့ နောက်ဆက်တွဲ အတွေး ကလည်း သနား စရာ။

    ဆင်း ရဲ လို့ ထွက်ပေါက် ရှာရင်း ကေတီဗွီ၊ မာဆတ်၊နဲ့ လမ်း ပေါ်ရောက်သွားတဲ့ မိန်း ကလေး တွေ ကို လက်တွဲ ဖို့ ခက်ခဲ တာ မဆန်း ပေမယ့် ကြေး ကြီး ကြီး နဲ့ အထက်တန်း လွှာ က လူတွေ သုံးတဲ့ မိန်း ကလေးတွေ ( မင်းသမီးတွေ၊ မော်ဒယ် တွေ အပါအဝင် ) ကျတော့ ယူမယ့် သူ မရှား ပြန်ဘူး။ ဒါ ကြာင့် လဲ အဲဒီ မိန်း ကလေး တွေ ကို အတု ယူအားကျတဲ့ မိန်း ကလေးအချို့ ဟာ အဆင်း ရဲ ကြီး မဟုတ်ပါပဲ သူများထက် သာအောင် ဝတ်ချင်၊ စားချင်၊ သုံးစွဲ ချင်စိတ်နဲ့ အငယ် အနှောင်း လုပ်ဖို့ ဝန် မလေး ကြတော့ ဘူး။ အချိန်တန်လည်း ယူမဲ့ ယောက်ျား တွေ က ရှိ နေတာကိုး။

  • Khaing Zar Win

    November 12, 2012 at 8:12 am

    ၃ ပုဒ်လုံး ဖတ်ပြီးပါပြီ ညီမရေ။
    ဇာတ်လမ်းနဲ့ အရေးအသားလေးတွေကောင်းလိုက်တာ။
    ဆက်ရေးပါ။ ဆက်ပြီး အားပေးပါ့မယ်။ 🙂

  • surmi

    November 12, 2012 at 9:40 am

    အားပေးကြပါ
    ရသစာပေ ဒီဆိုက်မှာချည် ့နဲ ့နေတာကြာပါပြီ
    ရေးနိုင်သူများလည်း ရေးပေးကြစေလိုပါတယ်

  • jullies cezer

    November 12, 2012 at 1:29 pm

    အားပေးသွားပါတယ် နောက်ထပ်ရသစာပေးများလည်းစောင့်မျှော်နေပါတယ်

  • kyeemite

    November 12, 2012 at 1:35 pm

    အင်မတန်ကောင်းတဲ့ အရေးအသားပါဗျာ…
    ရသစာကောင်းကောင်းလေး ရေးနိုင်သူ
    “နန်းတော်ရာသူ”ကိုအားပေးနေပါဂျောင်း။

  • cobra

    November 12, 2012 at 3:34 pm

    ဖတ်ကတာစိတ်ထဲမကောင်းလိုက်တာ
    အရမ်းဝမ်းနည်းသွားပြီ
    သွားသောက်တော့မယ်…
    နောက်ဆိုဝမ်းနည်းစရာတွေမရေးပါနဲ ့လား။

  • ဦး ကျောက်ခဲ

    November 12, 2012 at 3:39 pm

    အာ..ပါး…..

    ကြယ်တစ်ပွင့်တော့ ဂဇတ်မှာ တိုးပြန်ပေါ့!
    လက်တွေ့ဘဝဆိုတာ “ဖွဲ့” တတ်သူရဲ့ လက်ဖျား၊ လွမ်းမောစရာ ရသ တစ်ပါး မို့…
    အားပေးနေကြောင်းပါ “နန်းတော်ရာသူ” ရေ…

  • Mon Kit

    November 12, 2012 at 4:35 pm

    တိတ်တိတ်လေး အားပေးသွားပါတယ်……

  • Mr. MarGa

    November 14, 2012 at 7:54 pm

    ဆက်လက်အားပေးနေပါတယ်
    ဦးမာဃ အကြံပြုချင်တာက category ကို သေချာလေးရွေးပေးရင် ပိုကောင်းမလားလို့

Leave a Reply