သတိ၊နောက်ဆက်တွဲ ငလျင်တွက် ကြိုတင်ပြင်ဆင်ပါ။

padonmarNovember 11, 20121min18113

အင်အားပြင်းငလျင်တိုင်းမှာ နောက်ဆက်တွဲငလျင်တွေလှုပ်တတ်ပါတယ်။

ကြောက်နေဖို့ထက် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထာားရင် ကိုယ့်နဲ့ ကိုယ့်ပတ်ဝန်းကျင်တွက် တတ်နိုင်သ၍ လုံခြုံစိတ်ချရပါမယ်။

သတိဆိုတာ ပိုတယ်လို့မရှိပါ။

ခေါင်းထဲရှိသ၍ ရေးလိုက်ပါတယ်။ မှားရင်ပြင် ၊လိုအပ်တာတွေ ဖြည့်စွက်ရေးပေးကြပါ။

(၁)အထပ်မြင့် အဆောက်အဦတွေမှာတော့ ဒီနေ့ မနေသင့်ပါကြောင်း
တတ်နိုင်ရင် သစ်သားအဆောက်အဦး တစ်ထပ်သာရှိတဲ့နေရာမှာ နေပါ။

(၂)ရေ+မုန့်+သောက်နေကျဆေး+လက်နှိပ်ဓာတ်မီးဆောင်ပြီး နေသင့်ပါတယ်။
လူတစ်ယောက်စီမှာ ရေ+မုန့်+ဆေးဝါး(ပလာစတာ/ပတ်တီးကအစ)+လက်နှိပ်ဓာတ်မီး ဆောင်ကြပါ။
o

သကြားလုံး ကဆောင်လို့၊စားလို့လွယ်ပါတယ်။

(၃)မူးရင် မြေပေါ်/ကြမ်းပေါ်မှာ ထိုင်ချပါ။

(၄)မီးလာတာလည်း ဝိုင်ယာရှော့သတိထားရပါတယ်။

(၅)ဖုန်းတွေ အားသွင်းထားကြပါ.
rechargable Light တွေလည်း အားသွင်းထားပါ။

(၆)ရေဒီယို နားထောင်ပါ။

(၇)ကိုယ့်ဘေးပတ်ဝန်းကျင်ကို သတိပေးပါ။အရေးကြီးစာရွက်စာတမ်း ကိုယ်နှင့်မကွာထားပါ။

သတိ၊သတိ၊သတိ၊မဟာဇနက္က လှေမမြုပ်ခင် အစာအဝစား၊ပုဆိုးကျစ်ကျစ်ဝတ်ပြီး ဝေးဝေးကို ခုန်တယ်ဆိုတာလို၊ဖြစ်နိုင်ခြေတွေတွေးပြီး ပြင်ဆင်ထားကြပါ။

ကိုပေါက်၊တီချာ၊မယ်ပု၊ဖရဲ၊ရွှေမင်းသား၊အန်ကယ်ကြီး၊ကိုစိန်သော့၊ကိုဖိုးထောင်၊ကိုထွန်းဝင်းလတ်နဲ့တကွ အထက်မြန်မာပြည်မှ သိ/မသိ မိတ်ဆွေများဘေးရန်ကင်းကြပါစေလို့မေတ္တာပွားပေးနေပါတယ်။

ပဒုမ္မာ

13 comments

  • koyinmaung

    November 11, 2012 at 7:31 pm

    ငလျှင်လှုပ်နေတဲ့အချိန်မှာအပြင်ထွက်ဘို့
    အချိန်မရလျှင် နံရံဘေးတွင်ဝမ်းလျားမှောက်နေရမယ်လို့
    ဖတ်ခဲ့ဖူးပါတယ်….ငလျှင်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့အတွေ့အကြုံအရ
    အဆောက်ဦးများပြိုကျသည့်အခါအသက်ရှင်လျှက်တွေ့ရသူအများအားဖြင့်နံရံဘေးတွင်ကပ်၍
    နေသောသူများဖြစ်နေတယ်လို့ဆိုပါတယ်…
    ပြိုကျသည့်အခါနံရံဘေးတွင်တြိဂံပုံဖြစ်ပြီးနေရာလွတ်နေတတ်ပါသည်တဲ့….
    ခုံအောက်တွင်ဝင်နေတာနဲ့စာလျှင် နံရံဘေးတွင်နေသင့်ပါတယ်လို့ဆိုထားပါတယ်…..

  • nozomi

    November 11, 2012 at 7:40 pm

    တင်သင့်တဲ့ အချိန်မှာ အချိန်ကိုက် တက်လာတဲ့ ပို့စ် လေးပါ

    ဆီတင်တွဲ မီးလောင်တယ် ဒါမျိုးဖြစ်ရင် လောင်တတ်တယ် လောင်ရင် ဘာလုပ်မယ် လူတွေခေါင်းထဲမှာ မရှိပါဘူး

    ငလျှင်လှုပ်ရင် ဘယ်လိုရှောင်တိမ်းရမယ် ဖြစ်ပြီးရင် ဘာတွေဆက်လုပ်သင့်တယ် ခေါင်းထဲမှာ မရှိကြပါဘူး ( အသိပညာပေးမှုလုပ်ပေမဲ့ ထိရောက်မှု မရှိပါဘူး )

    အခုလို အန်တီလေး တင်ပါတာ တကယ် အကျိုးရှိပါတယ်

  • surmi

    November 11, 2012 at 9:58 pm

    အစ်မရေ …
    ပြန်ရောက်လာတာ ဝမ်းသာပါတယ် ။
    တကယ်သိသင် ့တဲ့ အချက်အလက်လေးတွေသိရတာ ကျေးဇူးပါ ။
    တစ်ကယ်တော့ ထူပူနေရင် ဘာလုပ်ရမှန်းမသိတတ်ကြပါဘူး ။ ကြိုတင်ပြင်ဆင်မှုနဲ့ အသိပညာက
    ကိုယ့်ကိုကိုယ်ကယ်တင်နိုင်မယ်လို့ ထင်မိပါတယ် ….။

  • ကျေးဇူးတင်ပါတယ် မမာရေ
    ကျနော်တို့က ငလျင်ကြောပေါ်ကျတော့ မမာ ပြောထားတာတွေကို ဂရိုတစိုက်နဲ့လိုက်နာရမှာပါ

  • myanmar oscar

    November 12, 2012 at 12:47 am

    ကျေးဇူးပါနော်…..

  • Khaing Zar Win

    November 12, 2012 at 8:19 am

    ဟုတ်။ ကူးပြီး မန်းလေးက မောင်လေးဆီ ပို့လိုက်ပါပြီဗျာ။
    ကျေးဇူးတင်ပါတယ်။ 🙂

  • မိုချို

    November 12, 2012 at 9:03 am

    အန်တီ ရေ
    အချိန်ကိုက် တန်ဖိုး ရှိတဲ့ ပိုစ့် လေး ပါ။ ကျမလည်း မန်းတလေး က ရွာသူား တွေ အပါဝင် အထက် ပိုင်း တကြော က လူတွေ အားလုံး အတွက် စိတ် ပူ လွန်း လို့ မိုး လင်း တာနဲ့ သတင်း အရင် ဝင်ကြည့် ရတယ်။
    နေပြည်တော် က ခါတော် မီဆောက်ထားတဲ့ တိုက် အမြင့် တွေ အတွက်လည်း စိတ်ပူ မိတယ်။

  • Ko Khin Kha ( သရီးကေ )

    November 12, 2012 at 10:07 am

    အထက်မြန်မာပြည်မှ သိ/မသိ မိတ်ဆွေများဘေးရန်ကင်းကြပါစေလို့မေတ္တာပွားပေးနေပါတယ် ဆိုတဲ့ အမ ပဒုမ္မာရေ အထက်မြန်မာပြည် နဲ့ မန်း မှာရှိတဲ့ ရွာသူားတွေကိုယ်စား ကျေးဇူးပါနော်။

  • ဦးကြောင်ကြီး

    November 12, 2012 at 10:23 am

    နောက်ဆက်တွဲ
    ကျောက်မျက်ပွဲ
    ရောက်ရက်ဆွဲ
    အောင့်သက်မြဲ
    ပေါက်လျက်တွဲ
    မောင့်နတ်သဲ
    စောင့်အက်ကွဲ
    ဒေါင့်ကပ်လွဲ..။

  • thit min

    November 12, 2012 at 11:08 am

    အစ်မရေ ခုမှတွေ့လို့။
    အစ်မရေးတာနဲ့ ကိုရင်မောင် ရေးတာတော်တော် ပြည့်စုံနေပါပြီ။

    ကျနော်နဲနဲ လေး ထပ်ဖြည့်ပါရစေ။

    ၁။ငလျင်လှုပ်ရင် (ဖြစ်နိုင်ရင်) ဘေးမှာအဆောက်အဦအမြင့်ကြီးတွေ
    မရှိတဲ့ ကွင်းပြင်ကျယ်ထဲကိုပြေးပါ။လမ်းကျယ်ရင်တော့ လမ်းပေါ်ပြေးထွက်နိုင်ပါတယ်။

    ၂။ အိမ်ထဲမှာဘဲ ပြေးလို့အခွင့်မသာရင်တော့ မိမိဦးခေါင်းကို ကာကွယ်နိုင်မဲ့အရာတခုခုနဲ့ကာကွယ်
    ထားပြီး လဲကျလာနိုင်မဲ့ ဘီရိုလို အရာမျိုးတွေနဲ့ ခပ်ဝေးဝေးနေပါ။

    ၃။ အိမ်ထဲမှာဘဲ ပြေးလို့အခွင့်မသာရင် အပေါက်ဝနဲ့ နီးနီး (ပြူတင်းပေါက်ဘဲဖြစ်ဖြစ်) နံရံနားကပ်နေပါ။
    (ကိုရင်မောင်ပြောသလို နံရံနားကပ်နေဘို့က အရမ်းအရေးကြီးပါတယ်)

    ၄။ ကြောက်လန့်ပြီး မျက်စိ စုံမှိတ်မထားပါနဲ့၊ ဘယ်လိုလှုပ်နေတယ်၊ဘာတွေ ပြုတ်ကျလာမယ်ဆိုတာ
    ကာကွယ်နိုင်အောင် ဟိုကြည့်သည်ကြည့် ကြည့်နေသင့်ပါတယ်။

    ~~~~~~~~~~~~~~~~~
    ဘယ်သူမှဘာမှမဖြစ်ကြပါစေနဲ့။ ချမ်းသာကြပါစေ။

  • candle .

    November 12, 2012 at 11:45 am

    မမန် ့ဖြစ်ပေမဲ့
    အမပြောတဲ့အချက်လေးတွေကို ပိုစ့်ဖတ်ပြီးတာနဲ ့ချက်ချင်းမန်းလေးက အရင်းနှီးဆုံးသူငယ်ချင်းတွေကို ဖုန်းဆက်ပြီးအကြောင်းကြားနိုင်ခဲ့လို ့ ကျေးဇူးအများကြီးတင်ပါတယ် ရှင့်….

  • kyeemite

    November 12, 2012 at 1:11 pm

    တစ်ခုလောက်ထပ်ဖြည့်ပါရစေ….ငလျင်လှုပ်ရင်
    အိမ်ထဲကနေထွက် ပြေးလို့အခွင့်မသာရင်တော့
    အကျဉ်းဆုံးအခန်း(ဥပမာ-အိမ်သာ၊ ရေချိုးခန်း)ထဲဝင်နေပါတဲ့
    ပြိုရင် ပိနိုင်တဲ့ အခွင့်အလမ်းနဲလို့ပါ၊ နောက်ပိတ်မိနေရင်လည်း
    ရေသောက်ပီး ကယ်သူကိုစောင့်နိုင်တာပေါ့…

  • pooch

    November 12, 2012 at 4:15 pm

    ဒေါ်ဒေါ်ရေ စိတ်ပူပေးတာကျေးဇူးပါ။ အိမ်မှာတော့ ဘုရားစင်က ပန်းအိုးထဲက ရေတွေ ဘောင်ဘင်ခတ်ပြီး တခုလုံး ရွှဲကုန်ပါတယ်။ ဆင်းတုတော်တွေလည်း အထိုင်ရွေ့ကုန်လို့ နေရာပြန်ထားရပါတယ်။ မှန်တင်ခုံပေါ်က ဘူးတွေလည်း ပြုတ်ကျပါတယ်။ ဘီရိုပေါ်တင်ထားတဲ့ အလှပန်းအိုးတွေလည်း ပြုတ်ကျကွဲကုန်ပါတယ်။

    အိမ်က အဲယားကွန်းတွေက ဂလုံဂလွမ်အသံစုံထွက်လာပါတယ်။ ဒီထက် ပိုပြီး ကြာကြာလေး လှုပ်ရင် တော်တော်ဆိုးဆိုးဝါးဝါးပျက်စီးနိုင်ပါတယ်။ လူတွေလည်းမူးသွားပါသေးတယ်။ လန့်ကုန်တာပါ။

    ခုတော့ သတိလေးကပ်ပြီး နေပါတယ်။ မပြေးသော်ကံရှိရာ လာမဲ့ဘေး ဆီးတွေ့ရုံပါပဲ ။

Leave a Reply