ရင်ဖွင့်စာ

 

လမ်းတစ်ခုလျှောက်တဲ့အခါ အဖော်မပါပဲ လျှောက်ရတာကို သဘောကျတဲ့ သား .. ဘာဖြစ်လို့များ လက်တွဲဖော်ဆိုတာကို စွဲစွဲမြဲမြဲ ဖြစ်နေရတာလဲ ..။ မရတာကို အတင်းမလိုချင်ခဲ့တဲ့သား ဘာဖြစ်လို့များ ကလေးတစ်ယောက်လို စွဲစွဲမြဲမြဲ ဖြစ်နေတတ်တာလဲ ..။ ဖြစ်စေချင်သမျှ အရာတွေအားလုံး တလွဲတွေ ဖြစ်လာသမျှ ဘာဖြစ်လို့ ခေါင်းငုံ့ခံနေတတ်တဲ့ ခပ်ညံ့ညံ့ ယောက်ျားတစ်ယောက် ဖြစ်နေရတာလဲ အေမေ..။ ကမာ္ဘပေါ်က တစ်နေရာလောက်မှာ သားအတွက် စိတ်ကြည်နူးဖွယ်ရာ ပျော်ရွှင်မှု တစ်ခု ရှိနိုင်မလား ..။ အချိန်တစ်ခု အထိ စောင့်ကြည့်ပါဆိုတဲ့ ရှေးပညာရှိတွေရဲ့ စကားတွေအတွက် သားတစ်သက်ပါပဲ အမေ .. စောင့်ကြည့်လာခဲ့သမျှလဲ အခုချိန်ထိ ဘာမှ မပြောင်းလဲသေးသလိုပဲ ..။ အိမ်ပြန်ချိန်ဆိုတာလဲ အရင်လို သားတစ်ယောက်တည်းပါ အမေ ..။ သားဘဝရဲ့ တောင့်တမှုက နည်းနည်းလေးပါ လောဘတကြီး မတောင်းဆိုတတ်လို့များ ကံကြမ္မာဆိုတဲ့အရာက သားကို မျက်နှာသာ မပေးတာများလား..။ အချိန်တစ်ခုကို ရောက်လာတဲ့အထိ ဘာမှ ဖြစ်မလာတဲ့အတွက် သားတစ်ခုတော့ ဆုံးဖြတ်ချက် ချလိုက်မိတယ် အမေ.. ။ အဲဒါက သားမရနိုင်တဲ့ အရာဆိုတာတွေကို သားစွန့်လွှတ်ဖို့ပဲ ..။ မတောင့်တတော့ရင် သားအတွက် ဝန်ပိုပေါ့သွားမှာပါအမေ..။ တစ်ကယ်တော့ သားအတွက် နာကျင်မှုဆိုတာတွေကို သားကိုယ်တိုင် ဖန်တီးယူနေခဲ့မိတာပါ..။ အမှန်တစ်ကယ်မရှိတဲ့ အရာတွေကို သားယုံကြည်ခဲ့ပြီး အပေါ်ယံတွေကို လေးလေးနက်နက် တန်ဖိုးထားခဲ့မိတယ် အမေ..။ သားအတွက် ငွေဆိုတာ တော်တော်ပြဿနာ ရှာတဲ့ မြွေလို့ပဲ သားတော့မြင်တယ် အမေ.. ။ အဲဒါကြောင့် အဲဒီငွေပေါ်မှာ သားမမက်မောခဲ့ဘူး..။ လိုတာထက် ပို်မတောင့်တမိခဲ့ဘူး..။ ဒါပေမယ့် သား တန်ဖိုးထားခဲ့မိတဲ့ အချစ် ၊ သာယာမှု ၊ ပျော်ရွှင်မှုဆိုတာ အဲဒီငွေနဲ့ မိန်းမတစ်ယောက်ရှိရင် ဖြစ်တယ်ဆိုတာ သား သတိမထားမိခဲ့ဘူး..။ တစ်ကယ်ပါ .. သားတစ်ကယ်ကို အရမ်းမှားသွားခဲ့တယ် အမေရယ်…။ သား တောင့်တခဲ့တာလဲ တစ်ခုတည်းပါ ..။ သားကိုယ်ပိုင် မိသားစုရဲ့ ပျော်ရွှင်မှုကို သားကိုယ်တိုင် ဖန်တီးနိုင်ဖို့ပါ ..။ အမေ .. မိသားစုတစ်စု မှာ လူဘယ်နှစ်ယောက်ရှိလဲ အမေ..။ ပျမ်းမျှတော့ ၃ ယောက် အနည်းဆုံးရှိမှာပေါ့ ..။ လူသုံးယောက် မှာ ကျန်တဲ့ နှစ်ယောက်ကို ကိုယ်ရဲ့ မျှော်လင့်ချက်တွေ မျှော်လင့်မှုတွေ ပြောပြပြီး သာယာပျော်ရွှင်တဲ့ မိသားစု တစ်ခု ဖြစ်ဖို့ဆိုတာ မလွယ်သလိုပဲ အမေ..။ သားအတွက် အစစ်အမှန် မဟုတ်တောင်မှ တစ်ခါတစ်လေတော့ သူတို့ဆီက အပြုံးရိပ်လေးတွေ တွေ့ရတတ်ပါတယ် အမေ..။ အဲဒီလိုအချိန်မျိုးရဲ့ ပျော်ရွှင်မှုက စက္ကန့်ပိုင်းလောက်တောင် မကြာပဲ သားအတွက် စိတ်ညစ်စရာတွေက တစ်သက် မကုန်နိုင်အောင် ဖြစ်နေရတာလဲ အမေ..။ လိုအပ်ချက်တွေချည်းပဲ ပြည့်နှက်နေတဲ့ ဒီလောကကြီးထဲမှာ တစ်နေရာစာ ရဖို့ ကြိုးစားရမှာကို သားမကြောက်ပါဘူး အမေ..။ ဒါပေမယ့် သားအဲဒီလို ကြိုးစားဖို့အတွက် သားမှာ ပြီးပြည့်စုံတဲ့ အင်အားတစ်ခုတော့ လိုတယ်အမေ..။ လူက အင်အားမရှိတောင် နောက်ဆုံး စိတ်ဓါတ်အင်အားလေးတော့ ရှိချင်ပါတယ်အမေ… ။ သားမျှော်လင့်ချက်ပါ..။ တစ်ကယ်တော့ စစ်မှန်တဲ့ အချစ်မေတ္တာဆိုတာ လောကမှာ မရှိပါဘူး…။ နယူတန်ရဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုရှိတယ်ဆိုတဲ့ အရာဝတ္ထုတွေထဲမှာ လူတွေရဲ့ နှလုံးသားနဲ့ ဦးနှောက်တော့ မပါလောက်ဘူး အမေ..။ သားဆုံးဖြတ်လိုက်ပါတယ်..။ သား … တစ်ကယ်မရှိတဲ့ အရာတွေကို စွန့်လွှတ်လိုက်ဖို့လေ..။ တစ်ကယ်မရှိတဲ့အရာတွေကို ကိုးကွယ်နေတာထက်တော့ သားအတွက် စိတ်ဓါတ်ခွန်အားတွေ ပိုပြီးတော့ တိုးတက်လာမယ်လို့ ထင်ပါတယ် အမေ..။

တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

10 comments

  • အလင်းဆက်

    November 12, 2012 at 7:38 pm

    ခံစားချက်.. တကယ် ပြင်းပါ ့ ။.

    စာတွေ..စီ..ချလိုက် တာများ……

    လှ လိုက်တာ..ဗျ ။

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 16, 2012 at 5:07 pm

      ကျေးဇူးတင်ပဂျာ ..။

  • မောင်ပေ

    November 12, 2012 at 8:48 pm

    ရင်ဖွင့်စာ
    နင်ဖွင့်ပါ
    ဆင်ဖြင့်လာ
    တင်ဆင့်ကာ
    ကြင်နှင့်ကွာ

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 16, 2012 at 5:10 pm

      ကြင်နှင့်ကွာ
      ဘာခက်သတုန်းရယ်မှ
      ရင်နင့်စရာ
      ဘာမလိုတော့ပါဘူး..
      ဘာတဲ့ ..
      အလျင့်သင့်ရာ ခိုဝင်နေလိုက်ပါသတဲ့ ..။
      🙂

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 16, 2012 at 5:11 pm

      ဟုတ်ကဲ့ အကို ကျွန်တော် အခုတစ်လ နှစ်လလောက် အလုပ်များနေလို့ ..။ 🙂

  • အရီးခင်လတ်

    November 13, 2012 at 4:41 am

    အားပေးသွားပါတယ် တစ်ဇောက်ကန်း တစ်ဇွတ်ထိုး ရေ။
    {{{ စစ်မှန်တဲ့ အချစ်မေတ္တာဆိုတာ လောကမှာ မရှိပါဘူး…။ နယူတန်ရဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုရှိတယ်ဆိုတဲ့ အရာဝတ္ထုတွေထဲမှာ လူတွေရဲ့ နှလုံးသားနဲ့ ဦးနှောက်တော့ မပါလောက်ဘူး အမေ..။ }}}
    ဆိုတာကတော့ အစွန်းရောက်မှု လို့ ဘဲ ပြောချင်တယ်။
    မင်းစားမိတဲ့ အသီး က ချဉ်နိုင်ပေမဲ့ တစ်ခြား ချိုတဲ့အသီး တွေ အများကြီး ရှိပါသေးတယ်။
    အဲဒီလို မသိဘဲ အားလုံး ချဉ်တယ် ဆိုပြီး တံခါးပိတ်လိုက်ရင် ချိုတဲ့ အသီးတွေ နဲ့ပါလွဲသွားနိုင်တယ်။

    ဘာမှတော့မဆိုင်။
    ကိုဇောက်ထိုး တစ်ယောက်ကိုလဲ သွားသတိရမိတယ်။
    သူ့ကို သွားပြီး ငြင်းလွန်းလို့ စိတ်ညစ်သွားလားမသိ။
    :kwi:

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 16, 2012 at 5:13 pm

      ဖြစ်တော့ ဖြစ်နိုင်ပါတယ်..။ ချိုတဲ့အသီးဆိုတာ တံခါးပိတ်ထားမှပဲ မြင်ရတာလေ အမရဲ့ တံခါးဖွင့်ထားတဲ့ ဘယ်သူမဆို အချဉ်သီးပဲ တွေ့ကြတာကိုး … အဲဒီတော့ တံခါးလေး ပိတ်ပြီးတော့ အချိုသီးလေးတွေကို ရှာရမပေါ့ ..။ 😀

  • kyeemite

    November 14, 2012 at 1:37 pm

    စိတ်ညစ်ပီး တစ်ဇောက်ကန်း တစ်ဇွတ်ထိုး တော့လျှောက်မလုပ်နဲ့နော်…
    :harr: :hee: :kwi:

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      November 16, 2012 at 5:14 pm

      တစ်ဇောက်ကန်း လုပ်မယ့်စိတ်ကို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ စိတ်က ပြန်ထိန်းနေတယ်ဂျ…။ ကျေးဇလူးဘာ..။ 😛

Leave a Reply