‘ငါ့အတွက်တော့ နင်က အမြဲတမ်း နံပါတ် (၃)ပါတဲ့’ တစ်ခါက သူပြောခဲ့ဖူးတယ် ခုလည်း ပြောတယ် နင်တစ်ယောက်ပဲ  ငါ စိတ်ချမ်းသာအောင် လုပ်နိုင်တယ်တဲ့…. ဒါတွေ အားလုံးရဲ့ အစကတော့

ရန်ကုန်မြို့မှာ တိုးချဲ့မြို့နယ်တွေ စတင်တဲ့အချိန်က မြို့သစ်တစ်ခုမှာ အလုပ်ကြောင့် ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်ရတဲ့ အဖိုးဖြစ်သူ အဲ့ဒီမြို့သစ်ကို ပြောင်းပြီး နေတဲ့ အချိန်က စရမယ်လို့ ထင်ပါတယ်… အဲ့ဒီတုန်းက အဖိုးရဲ့လမ်းထဲမှာ အိမ်ဆိုလို့ အဖိုးတို့အိမ်နဲ့ ကျန်ဆောက်လက်စ အိမ် ၄ လုံးလားပဲ ရှိသေးတယ်လို့ ဦးလေးတွေရဲ့ ပြန်ပြောပြချက်အရ သိရပါတယ်..

အဖေနဲ့ အမေက အစိုးရ၀န်ထမ်းတွေ ဖြစ်တဲ့အတွက် နယ်ရောက်နေချိန် အဖိုးဖွားလက်ထဲထားခဲ့ရတာပေါ့… … အဖိုးအိမ်ကို အသက် ၄ နှစ်လောက်မှာ စ နေဖြစ်ပါတယ်… ခရေ့မှာ မွေးချင်း ၃ ယောက်ရှိတယ် နှင်းဆီဆိုတဲ့ အမရယ် ၀ဿန်ဆိုတဲ့ မောင်ငယ်လေးရယ် ရှိပါတယ်… အသက် ၄ နှစ်လောက်က အဖြစ်တွေကို မမှတ်မိတော့ပေမယ့် လူမှန်းသိပြီဆိုတဲ့ အချိန် သူငယ်ချင်းဆိုတဲ့ အသိရှိတဲ့အချိန် ခရေတို့ မောင်နှမသုံးယောက်မှာ သူငယ်ချင်း ၃ ယောက်တောင် ရှိနေပါပြီ… သူတို့တွေက မျက်နှာချင်းဆိုင်အိမ်က နွေဦးနဲ့ ဆောင်းလူတို့ ညီအစ်ကိုရယ်၊ တစ်အိမ်ကျော်က စံပယ်ရယ်ပေါ့… ဘယ်သူက ဘယ်သူ့ကို စခင်မှန်းမသိ ဘယ်လိုကနေ ဘယ်လို သူငယ်ချင်းဖြစ်လို့ ဖြစ်သွားမှန်း မသိဘဲနဲ့ ခင်ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေလို့ ပြောရပါမယ်…

အဲ့ ၆ ယောက် အဖွဲ့လေးထဲမှာ ဆောင်းလူနဲ့ နှင်းဆီနဲ့က အသက်အကြီးဆုံးဆိုတော့ သူက ခေါင်းဆောင် ဖြစ်သွားတယ်… ခရေကတော့ ငယ်ငယ်က အဖြစ်အပျက်တွေ သိပ်မမှတ်တော့ပါဘူး… ဒါပေမဲ့ ခရေက ငယ်ငယ်လေးကတည်းက စွာတယ်ဆိုတဲ့ နာမည်ကတော့ သူငယ်ချင်းမိဘတွေကြားထဲမှာတော့ နာမည်ကြီးပါတယ်… ဆော့နေတုန်း ကစားပွဲပျက်ပြီဆို ကျိန်းသေတယ် နွေဦးနဲ့ ခရေ ရန်ဖြစ်ကြပြီ ပြောရမယ်ဆိုရင်တော့ ခရေတစ်ယောက် ငြင်းနေပြီဆိုပြီးတော့ပေါ့… ခရေကတော့ ဘာဖြစ်ဖြစ် အရင်ဆုံးရန်တွေ့ပြီးရင် တခါတည်း စိတ်ကောက်ပစ်လိုက်တာ ခရေ့ရဲ့ အကျင့်တခုပေါ့…

ခရေ စိတ်ကောက်ပြီဟေ့ ဆိုရင် အကုန်လုံးလိုက်ချော့ ခဏနေတော့လည်း ပြန်ပြေနဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းအဖွဲ့လေးပါ… သြော် အဖွဲ့ထဲမှာက ဆောင်းလူက အသက်ကြီးဆုံး ပြီးရင် တစ်နှစ်ငယ်တဲ့ နှင်းဆီ နောက် တစ်နှစ်ငယ်တဲ့ စံပယ် ပြီးတော့ ၂ နှစ်ငယ်တဲ့ ခရေ နောက် ၁ နှစ်ငယ်တဲ့ နွေဦးနဲ့ အငယ်ဆုံးက ၀ဿန်ပါ… အဖွဲ့ထဲမှ အကြီးဆုံးနှစ်ယောက်ကိုပဲ ကိုတွေ မတွေ တပ်ခေါ်ပြီး ကျန်တဲ့ သူတွေကတော့ နင်နဲ့ ငါနဲ့ပြောပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်…

အဲ့လိုနဲ့ သံယောဇဉ်တွေကြီးပြီး အတူတကွ ကြီးပြင်းလာလိုက်ကြတာ နှင်းဆီ ၅ တန်း၊ ခရေ ၃ တန်း၊ ၀ဿန် ၁ တန်းနှစ်မှာ အဖေနဲ့ အမေ ရန်ကုန်ပြန်ရောက်လို့ မြို့သစ်ကနေ အဖေတို့အိမ် မြို့ထဲနဲ့ မနီးမဝေးမြို့နယ်က အိမ်ကလေးကို ပြန်ရောက်လာခဲ့ပါတယ်… အဲ့နေ့တုန်းက ကျန်တဲ့သူတွေတော့ မသိဘူး ခရေကတော့ ငိုလိုက်တာ ပြောမနေပါနဲ့ အဖိုးတို့နဲ့ ခွဲရတော့မှာ တကြောင်း သူငယ်ချင်းတွေနဲ့ နေ့တိုင်း မတွေ့နိုင်ပါဘူးဆိုတဲ့ အသိနဲ့ ကားပေါ်ကို ခေါ်လို့ မရခဲ့ပါဘူး… နောက်ဆုံး အဖိုးက စနေနဲ့ တနင်္ဂနွေနေ့တိုင်း သူလာခေါ်ပါ့မယ်လို ကတိတွေ အထပ်ထပ်ပေးမှ မတက်ချင် တက်ချင်နဲ့ ကားပေါ်တက်ခဲ့ရပါတယ်… အဲ့လို့နဲ့ စနေ တနင်္ဂနွေကျောင်းပိတ်ရက်နဲ့ နွေရာသီပိတ်ရက်တွေမျာတော့ အဖိုးတို့အိမ်မှာပဲ အနေများခဲ့ပါတယ်

တစ်နှစ်တော့ နွေဦး ၅ တန်းအရောက်မှာ သူ့အဖေက နယ်မြို့ကို ပြောင်းရတဲ့အတွက် သူတို့ တစ်မိသားစုလုံး လိုက်သွားကြပါတယ်… မြို့သစ်ကအိမ်ကို ပိတ်ခဲ့ပြီးတော့ပေါ့… အဲ့ဒီတုန်းကလည်း နွေဦးကလည်း မသွားချင် ခရေတို့ သူငယ်ချင်းတွေကလည်း ငိုနဲ့ နောက်ဆုံး နွေဦးမိဘတွေက ခရေတို့ နွေဦးတို့အိပ်နေတဲ့ ညဘက်အချိန်မှာ ထွက်သွားခဲ့ပါတယ်… နောက်တစ်နေ့ မနက်လည်းရောက်ရော အားလုံး ငိုလိုက်ကြတာ ချော့လို့ မနိုင်ခဲ့ပါဘူး…နောက် ၁ ပတ် ၂ ပတ်လောက်နေမှ နေသားကျသွားခဲ့ပါတယ်… နွေးဦးတို့ကပဲ မေ့နိုင်သွားတာလား… ခရေတို့ကပဲ ကျောင်းမှာတွေ့တဲ့ သူငယ်ချင်းတွေနဲ့ တွေ့နေလို့ မေ့သွားတာလား မသိတော့ပေမယ့် အဲ့ဒီ ၂ နှစ်လောက်ကတော့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်… နွေရာသီ အဖိုးအိမ်မှာ သွားနေတဲ့အချိန်တိုင်းတော့ နွေဦးတို့များ ပြန်လာမလားလို့တော့ မျှော်တတ်ပါတယ်…

ဒါပေမယ့် မျှော်ရတာ မောသွားတယ်ထင်ပါတယ်…နောက်ပိုင်း မမျှော်ဖြစ်တော့ပါဘူး… ခရေ ၈ တန်း တက်မယ့် နွေရာသီတစ်ရက်မှာပေါ့… ထူးထူးဆန်းဆန်း နွေဦးကို သတိရနေမိတယ်… နှင်းဆီကိုတောင် မေးကြည့်မေးမိတယ်

‘နှင်းဆီရေ ဒီအချိန် နွေဦးတို့ ၂ ယောက် ဘာလုပ်နေကြမလဲ မသိဘူးနော်’ မေးလိုက်မိတယ်… နှင်းဆီက ဘာမှ မပြောပေမယ့် စံပယ်ကတော့ ‘သူတို့တွေ ငါတို့ကို မေ့လောက်ပါပြီဟာ စဉ်စားမနေပါနဲ့တော့’တဲ့။ စိတ်ထဲမှာ ၀မ်းနည်းမိတယ် ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ ကိုယ် သတိရတာလည်း သူတို့ မသိနိုင် သူတို့ ဘာလုပ်နေလဲဆိုတာလဲ ကိုယ်တွေ မသိနိုင်ဆိုတော့ ဒီလိုနဲ့ပဲ တနေ့တာကုန်သွားတယ်…

ညရောက်တော့ ထူးထူးဆန်းဆန်း နွေဦးနဲ့ ခရေတို့သူငယ်ချင်းတတွေ စက်ဘီးလျှောက်စီးတယ်လို့ အိမ်မက်မက်ပါတယ်… အိမ်မက်ထဲက နွေဦးကတော့ အသားညိုညိုနဲ့ လူကောင်တော်တော်ထွားလာတယ် လို့ မက်ပါတယ်… မနက်လည်း နိုးရော စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေမိတယ်… အဲ့ဒါနဲ့ ထားပါလေ ဆိုပြီး စံပယ်ပြောတဲ့အတိုင်း ငါ့တို့ကို မေ့သွားလောက်ပါပြီဆိုပြီ အောက်ထပ်ကို ဆင်းခဲ့ပါတယ်…

လှေကားပေါ်ရောက်တဲ့အချိန်မှာ အိမ်က အဖိုးနဲ့အဖွားနဲ့ ကျန်တဲ့ လူစိမ်းအသံတွေ ကြားလိုက်ရတဲ့အတွက် ဧည့်သည်တွေ ထင်ပါတယ်ဆိုပြီ ဧည့်ခန်းထဲကို လှည့်မကြည့်ဘဲ ထမင်းစားခန်းကိုတန်းပြေးပါတယ်… ဧည့်သည်ကိုတွေ ဘာများကျွေးဖို့ စဉ်စီနေသလဲဆိုပြီ အစားမက်တဲ့ ခရေတစ်ယောက် ငတ်ကြီးသွားကျမိပါတယ်…

အဲ့အချိန်မှာ အဖွားက ခရေတို့ကတော့ ထုံးစံအတိုင်းမနိုးသေးဘူးထင်တယ် သားရယ် ခဏ အဖွားသွားကြည့်လိုက်ဦးမယ်ဆိုတဲ့ အသံကြားတော့… ဘယ်သူမို့လို့ ခရေတို့ကိုစကားထဲထည့်ပြောရသလဲပေါ့ ဆိုပြီးခေါင်းပြူပြီးအကြည့်

ဧည့်ခန်းထဲက လူကလည်း ဒီဘက်အလှည့် ခရေ တခဏ မတ်တပ်မေ့သွားပါတယ်… ခရေ့ကို ရယ်ပြီးကြည့်နေတာ တခြားသူ မဟုတ်ပါဘူး ကိုကြီးဆောင်းလူရယ်ပါ ပြီးတော့ နောက်မှာက နွေဦး..…

ခရေတစ်ယောက် ဘာပြောလို့ ဘာပြောရမှန်း မသိအောင် ၀မ်းသာလုံးဆို့သွားပါတယ်… တွေ့တွေ့ချင်း သူတို့ဆီကို မသွားဘဲ အိမ်အပေါ်ထပ်ပြန်တက်ပြီး နှင်းဆီနဲ့ ၀ဿန်ကို သွားနှိုးပါတယ်…

ပြီးတော့ အောက်ပြန်ဆင်း ကိုကြီးဆောင်းလူနဲ့ နွေဦးကို ‘ခဏနော် စံပယ့်ကိုသွားခေါ်လိုက်ဦးမယ’်ဆိုပြီး သူတို့ရှေ့ဖြတ်အပြေး ခရေ့လက်ကို လှမ်းဆွဲခံရလို့ လှည့်ကြည့်လိုက်တော့ နွေဦးက ‘နေပါဦးဟ နင်ကလည်း စကားလေးဘာလေး အရင်ပြောပြီးမှ သွားခေါ်ပါ ငါတို့က ဒီကို အပြီးပြန်ပြောင်းလာတာ အချိန်တွေရှိသေးတယ်’တဲ့

ခရေက ‘သြော် အဲ့လိုလား သိဘူးလေဟာ နင်တို့က ထွက်သွားကတည်းက ငါတို့ကို အဆက်အသွယ်ဖြတ်ထားတာကိုး ငါတို့မှာ နင်တို့ကို တစ်နေ့ပြန်လာနိုး ပြန်လာနိုးနဲ့ မျှော်လိုက်ရတာ ပြောမနေပါနဲ့ နောက်တော့ သြော် နင်တို့ မေ့သွားလောက်ပြီဆိုပြီး ငါတို့က ၀မ်းနည်းနေတာ… ထားပါလေ အဲ့ဒါတွေက ပြီးသွားပြီပဲ ကဲ စကားပြောပြီးပြီးနော် စံပယ့်ကို သွားခေါ်… အယ် မိန်းမ ငါခုပဲ နင့်လာခေါ်မလို့’… စံပယ်တစ်ယောက် ခုန်ပေါက်ပြီး အိမ်ထဲ ပြေးဝင်လာပါတယ် ပြီးတော့ ဆောင်းလူနဲ့ နွေဦးကို တစ်ချက်ဆီ အားပါပါနဲ့ ရိုက်ပါတယ် ပြီးတော့ ငိုပါတော့တယ် … ပြီးတော့ ပြောတယ် ‘နင်တို့ နေနိုင်တယ် မုန်းလိုက်တာ လို့ ပြောပြီး ငိုပါတယ်… ကိုကြီးဆောင်းလူကတော့ အကြီးဆိုတော့ စံပယ့်ကို ချော့ပါတယ် နွေဦးကတော့ သိတဲ့အတိုင်း နင် ငိုရင် မလှတဲ့ဟာကို ငိုမနေနဲ့ ဆိုပြီး ခရေ့လက်ကို ဆွဲပြီး ဆိုဖာပေါ်ပြန်ထိုင်နေပါတယ်… အဲ့အချိန်မှာ ၀ဿန်က ဟေ့ကောင်တွေ မင်းတို့ နေနိုင်လိုက်ကြတာကွာဆိုပြီး အပေါ်ထပ်က ပြေးဆင်းလာတယ်… နှင်းဆီကလည်း ကြောင်တောင်တောင် မျက်လုံးတွေနဲ့ နောက်က ပါလာပါတယ် ပြီးတော့ ကိုကြီးဆောင်းလူနဲ့ နွေဦးကို သေသေချာချာကြည့်ပြီး… လူဆိုးတွေဆိုပြီး ခေါင်းတစ်ချက်ဆီ ခေါက်ပါတယ်… နွေဦးခမျာ ငိုမဲ့မဲ့နဲ့ မနှင်းဆီကလည်း ကျွန်တော်တို့ကလည်း သတိရပါတယ်ဗျာ အခြေအနေမပေးလို့ မဆက်သွယ်ဖြစ်တဲ့ဟာကို ဆိုပြီး ပြောတော့ အကုန်လုံး ရယ်ကြပြန်ပါတယ်… သူ နှင်းဆီကို ခေါ်တဲ့ အသံက မနှင်းဆီ မဟုတ်ဘဲ ‘မ’နဲ့ ‘နှင်းဆီ’နဲ့ကို မ အသံကို လေးလေးလေးနဲ့ ခေါ်တာ နားထောင်လို့ အတော်ကောင်းတယ်လို့ သတိထားမိတယ်… အဲ့မှာ ဝေးကွာနေတဲ့ သူငယ်ချင်းတွေအားလုံးပြန်ဆုံပြီး စကားတွေ ရေပက်မ၀င်အောင် ပြောနေကြတာကို ကြည့်ပြီး ခရေတစ်ယောက် ပြုံးနေမိတယ်… ဒါပေမယ့် ခရေ တစ်ခုသတိမထားလိုက်မိတာက နွေဦး တစ်ယောက် သူ့ကို စိုက်ကြည့်ပြီး ပြုံးနေတာကိုပါပဲ….

အဲ့နေ့က ခရေ့ဘ၀ရဲ့ အပျော်ဆုံးနေ့ရက်တွေထဲက တစ်ရက်အပါအ၀င်ဖြစ်ခဲ့ပါတယ်… သူငယ်ချင်းတွေ စကားတွေ ပြောကြ နေ့လည်ကျတော့ နွေဦးတို့အိမ်ကိုသွားပြီး ၀ိုင်းကူရှင်းပေးကြရင်းနဲ့ နွေဦးအမေ့လက်ရာ လက်ဘက်သုပ်နဲ့ ထမင်းဖြူပူပူလေးကို နေ့လည်စာအဖြစ်နဲ့ စားဖြစ်ကြတယ်… နေ့လည် ကိုယ်စီအိမ်ပြန်ရေမိုးချိုးပြီး ညနေ ၄နာရီလောက်မှာ စက်ဘီးကိုယ်စီနဲ့ လျှောက်စီးကြမယ်ဆိုတဲ့အခါ ဗွေထဖေါက်တာတော့ ဟိုနွေဦးတစ်ယောက်ရယ်ပါ… ဒင်းက စက်ဘီမနင်းချင်ပါဘူးတဲ့ ကိုကြီးဆောင်းလူနဲ့ ၀ဿန်က တစ်စီး၊ စံပယ်မကတော့ အစကတည်းက နှင်းဆီကို တင်နင်းနေကျဆိုတော့ သူတို့၂ယောက်ဘီးကအပြည့်၊ မျှားဦးလှည့်လာတာကတော့ ခရေ့ဘက်ကိုပါ… ခရေကလည်း လုံးဝမတင်နင်းနိုင်ဘူးလို့ ထုံးစံအတိုင်း ဂျစ်ကျပါတော့တယ်… အဲ့အချိန်မှာ ကျန်တဲ့သူတွေက သူတို့ တင်မနင်းရတိုင်း ခရေ့ကို မတွေ့တာကြာတဲ့ သူငယ်ချင်းကို တင်နင်းလိုက်တော့ ဘာဖြစ်မှာလဲ ဘာလဲနဲ့ ၀ိုင်းပြောတော့ ခရေမျက်နှာ ခရမ်းရင့်ရောင်ဖြစ်ပြီး စူပုပ်စောင့်အောင့်ပြီး နွေဦးကို ဟဲ့ ခုတက်နော် မတက်လို့ကျန်ခဲ့ရင် ငါ့အဆိုးမဆိုနဲ့လို့ ပြောပြီး စနင်းပါတော့တယ်… ငယုတ်နွေဦးကလည်း မှီအောင်ပြေးလိုက်ပြီး စက်ဘီးပေါ်တက်ပါတယ်… အမြင်ကပ်ချက်ကတော့ ပြောမနေပါနဲ့… အဲ့လိုနဲ့ သူငယ်ချင်းတွေ ရပ်ကွက်ထဲက နတ်ရေကန်ဘက်ကို သွားကြပါတယ်… ခရေကတော့ အမြင်ကပ်ကပ်နဲ့ ချိုင့်တွေကို လုံးဝ မရှောင်ပါဘူး… ဟိုနွေဦးကလည်း မျက်နှာပြောင်ချက် တစ်ချက်ကလေးတောင် မညီးဘူး… ဒါပေမယ့် ချိုင့်တစ်ခါစောင့်တိုင်း ခရေ့ခါးကို လှမ်းလှမ်းဖက်တာတော့ ရိုးရာမပျက်ပါဘူး… အဲ့ဒီလိုနဲ့ နတ်ရေကန်ကန်ဘောင်မှာ တန်းစီထိုင်ကြပြီး နားကြပါတယ်… အဲ့အချိန် စံပယ်နဲ့ နှင်းဆီက ဟဲ့ ခရေ ညည်းအေ အမြင်ကပ်တယ် ကပ်တယ်နဲ့ နွေဦး ခါးလှမ်းဖက်တာကြတော့ ခံတယ် ဟုတ်စ ဆိုပြီး စပါတော့တယ်… အဲ့တော့ ခရေက ဟာ နင်တို့နော် လို့ပဲ ပြောရသေးတယ် နွေဦးတစ်ယောက်ကတော့ မနှင်းဆီတို့ကလည်း မစပါနဲ့ဗျာ ကျွန်တော့်ကို သူ သေကြောင်းကြံနေလို့ သူ့ကို မဖက်ချင်ဘဲ ဖက်ထားရတာလို့ ၀င်ပြောတော့ ခရေတစ်ယောက် ဒေါသတွေ ချောင်းချောင်းထွက်ပြီး နွေဦးကို လိုက်ရိုက်ပါတော့တယ်… အဲ့လိုပဲလေ ခရေက စလို့ကောင်းတယ်ဆိုပြီး ငယ်ငယ်ကတည်းက အမြဲတမ်းအစခံခဲ့ရတာပါ…

ခရေက လိုက်လို့ မမိတော့ ငိုမဲ့မဲ့ဖြစ်လာပြီး တော်ပြီ နင့်ကို မုန်းတယ် မခေါ်ဘူး သွား ဆိုပြီး စက်ဘီးနင်းပြီး ထွက်ခဲ့တယ်… နောက်က ရယ်သံကိုကြားတော့ ပိုစိတ်ဆိုးပါတယ်… အဲ့အချိန် နွေဦးအသံကို အနားမှာကြားတော့ လှည့်ကြည့်လိုက်တော့ သကောင့်သားက ကိုကြီးဆောင်းလူစက်ဘီးနဲ့ နောက်က လိုက်လာပါတယ်… ခရေလည်း သူမှီလာမှာဆိုးပြီး အသားကုန်နင်းပါတော့တယ်… နွေဦးကလည်း မှီအောင်လိုက်ပါတယ်… ဒါပေမယ့် ခရေ့ဘီးက ဂျပန်ဘီးအပေါ့ဆိုတော့ နည်းနည်းနင်းတာနဲ့ အရမ်းပြေးပါတယ်… စက်ဘီးပြိုင်နင်းသလိုဖြစ်လာပြီး ခုနက စိတ်ကောက်ထားတာကိုတောင် မေ့ချင်ချင်ဖြစ်နေပါပြီ… ဒါပေမယ့် သူမှီများ မှီလာသလားဆိုပြီး လှည့်အကြည့် ကံမကောင်းစွာဘဲ ခရေ စက်ဘီးမှောက်ပါတယ်… ရှက်လိုက်တာ ပြောမနေပါနဲ့… နွေဦးခမျာ ပြာပြာသလဲပြေးလိုက်လာပြီး ဘယ်နားထိသွားသေးလဲ ပြစမ်း ပြစမ်းဆိုပြီး ခရေ့ခြေထောက်ကို လှမ်းကိုင်ပြီး ရှာပါတော့တယ်…

ခရေ ဒူးပြဲပြီး တတောင်ဆစ်ပွန်းသွားပါတယ်… နွေဦးက ခရေ့ကို နင် ထနိုင်ရဲ့လား လို့မေးတော့ ခရေဘာမှ ပြန်မပြောဘဲ ငါ့စက်ဘီးသွားကြည့်ဦး… ဘာဖြစ်သွားလဲဆိုတော့ နွေဦးက နင်နဲ့ စက်ဘီး ဘယ်ဟာက အရေးကြီးလို့လဲ စက်ဘီးက ပျက်သွားလည်း ပြင်လို့ရတယ် နင်သာ ကျိုးသွားရင်အကောင်းအတိုင်းပြန်မဖြစ်ဘဲနေမှာလို့ ဟောက်ပါတယ်… ခရေလည်း သူ့ကို စိတ်ဆိုးဆိုးနဲ့ အဲ့ဒါ နင့်ကြောင့် နင်သာ ငါ့နောက် လိုက်မလာရင် ဒီလိုမဖြစ်ဘူးလို့ ဆိုတော့ နွေဦးက ဟုတ်ပါတယ် ဟုတ်ပါတယ် ငါမှားတာပါ ခုတော့ ထ အိမ်ပြန်ရဦးမှာ နင့်ဘီးကို ဒီနားက အိမ်မှာ ခဏထားခဲ့ ခုငါ့ဘီးနဲ့ပဲ အိမ်ပြန်ရအောင်ဆိုပြီး သူ ခရေ့ကို တင်နင်းပါတယ်… သူ့တင်နင်းတဲ့ စက်ဘီးကို စီးဖူးတာ ဒါပထမဆုံးအကြိမ်ပါ… အိမ်နားရောက်တော့ ပြောတယ် နင်ကလည်း လေးလိုက်တာဟာ ၀က်ကို တင်နင်းနေရသလိုပဲတဲ့… ခရေ့ သူ့ခေါင်းကို နောက်ကနေ ဒေါင်ခနဲမြည်အောင် ခေါက်ပလိုက်ပါတယ်.. ဟဲ ဟဲ အရသာရှိလိုက်တာ ပြောမနေပါနဲ့ … သူက အိမ်နားရောက်ခါနီး စက်ဘီးကို ကောင်းကောင်းမရပ်တော့ ခရေလည်း လန့်ပြီး သူ့ခါးကို ဖက်လိုက်မိပါတယ်… ပြီးတော့ စက်ဘီးအပေါ်ကအဆင်းမှာ နွေဦး ပြုံးစိစိဖြစ်နေတာကိုတော့ သတိထားမိလိုက်တယ်… စိတ်ထဲမှာတော့ ခရေ ပြောလိုက်မိတယ် “မုန်းလိုက်တာ အရမ်း” ပဲလို့….

About ရွှေဂျူး

has written 8 post in this Website..