သစ်မွှေးပင် ဆေးထိုးသွင်းခြင်း

အခုတလော လူမေးများနေလို့ ဒီပို့စ်ကို ရေးလိုက်ရတာပါ။ ဒါကို အရင်ကလည်း ရေးထားပါသေးတယ်။ အခု ပိုပြီး ပြည့်စုံအောင် ဖော်ပြပေးထားတယ်။

အရင်ကတော့ သစ်မွှေးပင်စိုက်သူရှားလို့ ဆေးထိုးခြင်းကိစ္စက ခေတ်မစားပေမယ့် အခုတော့ စိုက်သူတွေပေါလာပြီမို့ မေးသူတွေကလည်း အင်မတန်များလာပါတယ်။

ကျနော်ဒီပို့စ်ကို ရေးဖို့ တော်တော်စဉ်းစားပါတယ်။ ဘာလို့လဲဆိုတော့ နည်းပညာတိုင်းက ပေးတိုင်းမကောင်းတာတွေ ရှိနေလို့ပါ။ တကယ်လို့ မသမာသူတွေလက်ထဲရောက်သွားလို့ မဟုတ်ကတွေ လုပ်မိရင် အများမကောင်းဖြစ်မှာတွေရှိနေလို့ပါ။ ပညာစားချန်တယ်လို့ မမှတ်ယူစေဘဲ သိသင့်တာတွေကို လူထုကို ဖြန့်ဝေခြင်းပါ။

သဘာဝအားဖြင့် သစ်မွှေးအဆီခဲဖြစ်ထွန်းခြင်း။

ဒီအပိုင်းမှာက ဟိုးတောနက်တွေထဲမှာ သူ့အလိုလို သဘာဝအားဖြင့် ပေါက်နေတဲ့ အပင်ကြီးတွေဟာ သက်တမ်းအားဖြင့် နှစ် ၄၀ ၅၀မှ ၁၀၀ကျော်အထိရှိတတ်ပြီး လုံးပတ်အားဖြင့် လူ ၂ဖက်စာမက ကြီးတတ်ကြပါတယ်။ အမြင့်ကလည်း ပေ ၁၂၀ကျော်ထိအောင် ရှိတတ်ပါတယ်။

ဒါပေမယ့် ဒီလိုအပင်တိုင်း ၁၀ပင်မှာ ၁ပင် ဖြစ်ဖို့ ခဲယဉ်းပါတယ်။

— သဘာဝအားဖြင့် အဆီခဲဖြစ်ခြင်းမှာ- ပထမဦးစွာ အပင်၌ ဒဏ်ရာဖြစ်ရပါမည်။ ဒဏ်ရာဆိုသည်မှာ ဥပမာအားဖြင့် သမင်၊ ဒရယ်စသည်တို့ ဦးချိုသွေးခြင်း၊ ၀ံပုလွေ၊ ကျား၊ ခြင်္သေ့စသည်တို့ ခြေသည်းသွေးခြင်း၊ သစ်တောက်ငှက်စသည်တို့ အပင်ကိုခေါက်ရာမှ ဒဏ်ရာရခြင်း၊ ခြ၊ နကျီစသောပိုးကောင် တို့ အိမ်ဖွဲ့ရာမှ ဒဏ်ရာရခြင်း၊ မိုးကြိုးပစ်၍သော်၎င်း၊ လေကြမ်း၍သော်၎င်း အပင်ထိ၍ သစ်ကိုင်းကျိုးကျရာမှ ဒဏ်ရာရခြင်း စသည်တို့ဖြစ်သည်။

— ဒုတိယအချက်အရ- ထိုရရှိထားသော ဒဏ်ရာအပေါ် မှိုရောဂါစွဲကပ်မိခြင်းဖြစ်သည်။

— တတိယအနေဖြင့် ထိုစွဲကပ်လာသော မှိုရောဂါကို အပင်ထဲမှ ပဋိပစ္စည်းက ခုခံတိုက်ခိုက်ရာမှ (မှိုနှင့် သစ်မွှေးပင်မှ ပဋိပစ္စည်းတို့ အချင်းချင်းတိုက်ခိုက်ရာမှ) သစ်မွှေးပင်၏ အသားထဲတွင် အဆီခဲများဖြစ်တည်လာသည်။

ထိုအချက်၃ချက်သည် အခြေခံအကျဆုံးဖြစ်ပြီး ၄င်းတို့၏ဖြစ်စဉ်အသေးစိတ်ကို ၂၀၀၀ခုနှစ်တွင်မှ အမေရိကန်နိုင်ငံ Minnesota တက္ကသိုလ်မှ ပေါမောက္ခတဦးနှင့် ဒေသခံတချို့ပါဝင်ကာ ဗီယက်နမ်ဘုန်းတော်ကြီးပိုင် သစ်မွှေးစိုက်ခင်းကို လေ့လာစမ်းသပ်ရာမှ artificial innoculation ခေါ် သဘာဝကို တုပ၍ မှိုဆေးထိုးသွင်းခြင်းကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

ထိုအချိန်မတိုင်ခင်ကပင် အရှေ့တောင်အာရှ သဘာဝအလျောက် သစ်မွှေးပေါက်ရောက်သောနိုင်ငံများမှာ သစ်မွှေးမုဆိုးတို့၏ လက်ချက်ဖြင့် အဆီဖြစ်သည့် အပင်ရော မဖြစ်သေးသည့် အပင်များပါမကျန် တောနင်းရှာဖွေ ခုတ်ထစ်မှုကြောင့် သဘာဝသစ်မွှေးမှာ မျိုးသုဉ်းလုနီး အခြေအနေသို့ ဆိုက်ရောက်ခဲ့တယ်။

ဒီသုတေသနကြောင့် CITES ((the Convention on International Trade in Endangered Species of Wild Fauna and Flora) လို့ ခေါ်တဲ့အဖွဲ့က ကြားဝင်ပြီး အရှေ့တောင်အာရှနိုင်ငံတိုင်းလိုလို သစ်မွှေးစိုက်ပျိုးနည်း၊ ဆေးထိုးအဆီထုတ်ခြင်း စတာတွေကို အင်တိုက်အားတိုက် တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ အခုဆို ဗီယက်နမ်၊ ထိုင်းစတဲ့နိုင်ငံတွေ ဘာကြောင့် ချမ်းသာနေကြသလဲရဲ့လျှို့ဝှက်ချက်တွေထဲမှာ သစ်မွှေးက အခန်းကဏ္ဍတခုအနေနဲ့ ပါဝင်ခဲ့တယ်။

ဒီလောက်ဆို သစ်မွှေးကို ဆေးထိုးသွင်းခြင်းရဲ့ သမိုင်းကို အနည်းငယ်ရိပ်စားမိလောက်ပြီပေါ့နော်။

ကျနော်ပြောခဲ့တဲ့ အချက် ၃ချက်ကို မှတ်မိမှာပါနော်။ ဒါဟာ သစ်မွှေးအဆီခဲဖြစ်စေတဲ့ အဓိကအချက်တွေပါပဲ။

ဒီတော့ လက်ရှိမြန်မာပြည်မှာ မှိုဆေးသွင်းနေတဲ့သူတွေအများကြီးရှိတယ်။ သူတို့တွေထဲက အချို့က သိလို့တတ်လို့ လုပ်တာလည်းဖြစ်မယ်။ တချို့က တတ်ယောင်ကား သူပြောငါပြောနဲ့ ယမ်းလုပ်နေတာလည်း ရှိမယ်။ ကျနော်ကတော့ ဘွင်းဘွင်းပဲပြောတတ်တယ်။

ဒဏ်ရာရအောင်လုပ်တယ်ဆိုတဲ့နေရာမှာ အပင်မှာ Heartwood ဆိုတဲ့ အတွင်းသားရှိတယ်။ ပြီးတော့ xylem, phloem, bark လာတယ်။ အဲ့ဒီ heartwood အထိ ဒဏ်ရာက မရောက်ရဘူး။ ဒါသိပ်ကို အရေးကြီးတယ်။ ဒါနဲ့ အပေါ်ယံ bark, phloem လောက်နဲ့လည်း မထိရောက်ဘူး။ အပင် သက်တမ်းနဲ့ လုံးပတ်ပေါ်မူတည်ပြီး ဘယ်လောက်ထိ ဒဏ်ရာနက်ရမလဲဆိုတာရှိတယ်။

နောက်မှိုထည့်တာ ဒါကလည်း အပင်အမျိုးအစား တမျိုးနဲ့တမျိုးပေါ်မူတည်ပြီး မှိုအမျိုးအစားကလည်းကွဲသေးတယ်။ ပြီး တော့ ဒီ မှိုတမျိုးတည်းနဲ့ မပြီးဘူး။ သဘာဝမှာတော့ သူ့အလိုလိုဖြစ်တာပေါ့။ artifical ဆိုတဲ့အတိုင်း ဓာတ်ကူပစ္စည်း အနည်းငယ်ထည့်ပေးရတယ်။

ဒီလိုမှိုသွင်းပြီးတော့ ကြာချိန်က တနည်းနဲ့တနည်း မတူပေမယ့် ယေဘုယျအားဖြင့် ၆လလောက်နဲ့စပြီး ရောင်းတမ်းဝင် အဆီခဲထုတ်နိုင်ပြီး အကောင်းဆုံးကတော့ ၂နှစ် နဲ့ ၂နှစ်ခွဲကြား သိပ်ကြာသွားတော့လည်း အပင်သေသွားနိုင်တယ်။ အပင်သေသွားရင် agarwood resin မထုတ်နိုင်တော့ဘူး။ အပင်ထဲက ပဋိပစ္စည်းက မှိုကိုနိုင်သွားရင်လည်း agarwood resin မထုတ်နိုင်တော့ဘူး။ ဒီ ၂ခုကြားမှာ မျှခြေက အပင်သက်တမ်း၊ ထိုးသွင်းတဲ့ ဆေးပမာဏ၊ ဆေးအမျိုးအစား၊ စတာတွေပေါ် မူတည်နေပါတယ်။

ကျနော်ပြောခဲ့တာတွေအပေါ်မှာ လူတချို့ ကုမ္ပဏီအချို့ကို ထိခိုက်နစ်နာစေမယ်ဆိုရင်တော့ ခွင့်လွှတ်ပါ။ ကျနော်က အရှိကို အရှိတိုင်းတင်ပြလိုက်တဲ့အတွက် ဒီပို့စ်နဲ့ပတ်သတ်သမျှ အမှာအယွင်းအားလုံးက ကျနော်တဦးတည်းသာ ဆိုင်ပါတယ်။

About Wai Aung Chan Myo

Wai Aung Chan Myo has written 53 post in this Website..

Now, I plant agarwood in Thanlyin and also Meiktilar. There are more than hundred thousands of agarwood (saplings). But grow nearly 2000 plant in Thanlyin and Meiktilar.