နိုင်ငံကြော် ရှေ့နေဂျီး ဦးကြောင် (B.A, L.L.B, R.L, L.L.M, မီညောင်, ခွီးဂရား) ဗဟိုတရားရုံး အသစ်ကြီးတွင် ရေရေလည်လည် ဇိမ်ကျနေသည်။ ရုံးသစ်ဖွင့်ပွဲ ကျင်းပထားသည်မှာ များမကြာသေး၍ ရုံးဥပစာမျက်နှာသာမက ရုံးခန်းအပြင်အဆင်၊ ရုံးသုံးပရိဘောဂများပါမကျန် အားလုံးသစ်လွင် တောက်ပနေ၏။ ရုံးထဲလည်း ကြည့်ပါအုံး.. တိုက်ပုံအမဲ၊ ကော်လာလည်ပတ်အဖြူ၊ ပိုးပုဆိုး တရွှမ်းရွမ်းနှင့် ရှေ့နေကြီးငယ်များ၊ ပျားပျမ်းခပ်မျှ ဟိုဒီပြေးလွှား အလုပ်များနေကြသည့် ရုံးအမှုထမ်းများ လှုပ်ရှားသက်ဝင်နေသည်မှာ လောကပါလတရား ထွန်းကားတော့မည့် အတိတ်နမိတ်ဖြစ်သည်။

“ဒေါ်မိုးစက်.. ပုဒ်မ၃၇၇ လိင်တူခြင်း မုဒိမ်းမှုနဲ့ အဖမ်းခံထားရတဲ့ မောင်ဘပုအမှု အခြေအနေ ဘယ်လိုရှိသလဲ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့နော်၊ တရားလို စီတုံးဆိုတဲ့ သတ္တဝါကို သိပ်မသင်္ကာဘူး။ အလိုတူအလိုပါ ဖြစ်နိုင်တယ်။ ဘပုကြည့်ရတာ လူဂျီးလူဂေါင်း၊ ထိုင်းနိုင်ငံ ပက်ပုန်းခရိုင် မီးနီရပ်ကွက်မှာ နာမည်ကြီးတဲ့။ ပုတ်လောက်ရှိတယ် ဆိုပဲ။” “ဟုတ်ကဲ့၊ စိတ်ချပါ ဆရာကြောင်၊ ကျမ အစွမ်းကုန် ကြိုးစားပါ့မယ်။” အခန်းတွင်းမှ ထွက်ခွာသွားသော ရှေ့နေမလေးမိုးစက် ကိုယ်နောက်ပိုင်းကိုကြည့်ရင်း နဖူးကြော ထောင်လာသည်အထိ အံကိုတင်းတင်းကြိတ် ထားမိလိုက်သည်။ ဟင်း….. ကိုက်စားလိုက် ရလို့ကတော့ကွာ။ (သွေးတိုးရောဂါကြောင့် မိုးစက် ယူလာသော ဝက်သားညှပ်ပေါင်မုန့်အား မစားနိုင်သဖြင့် စိတ်ဝယ်ပြစ်မှားခြင်းဖြစ်၏။ စကားချပ်)

ဒေါက် ဒေါက် ဒေါက်၊ အခန်းတံခါး ခေါက်သံနှင့်အတူ အတွင်းရေးမှူးပုရှ် မီနီစကပ်အတိုကွဲလေးနဲ့ ကနွဲ့ကလျ ဝင်လာသည်ကို စိတ်လှုပ်ရှားဖွယ် တွေ့ရသည်။ “ဒီနေ့မှာစမဲ့ အလုပ်သင်လေးတွေ ဦးကြောင် ဩဝါဒခံယူဖို့ အဆင်သင့် ဖြစ်နေပါပြီ။” ပုရှ်ကားလူလည်၊ နောက်ပြန်မလှည့်ဘဲ မျက်နှာခြင်းဆိုင် နောက်ဆုတ်သွားသဖြင့် မျက်နှာတင်းတင်းထား၍ စာဖတ်နေပြလိုက်သည်။ ထို့နောက် ရှေ့နေအသစ်စက်စက်လေးများ ရိုကျိုးစွာဖြင့် လက်နောက်ပစ် ဝင်လာကြသည်။ အားလုံး ရှေ့နေမလေးများသာဖြစ်သည်။ ရှေ့နေထီး အလုပ်သင်များကိုမူ အောင့်သက်ကြေရန် ရုံးသန့်ရှင်းရေး ခိုင်းထားသဖြင့် မလာနိုင်ပေ။ “အဟမ်း အချိန်မရှိဘူး၊ မိတ်လိုက်ရအောင်” “ရှင်..ဟင်…ဟယ်” အသစ်များဆီမှ အာမေဋိတ်သံ ထွက်လာခြင်းဖြစ်သည်။ “အဟီး မှားလို့ မိတ်ဆက်ရအောင် ပြောတာ၊ ရှေ့နေဆိုတာ အဲသလို ထိတ်လန့်တကြား မဖြစ်ရဘူး။” ဦးကြောင်၏ စူးစူးရဲရဲ အကြည့်အောက်တွင် ကျားရိုင်းကြီးရှေ့မှောက်ရှိ သမင်မလေးများသဖွယ် အားလုံး စိုးရွံထိတ်လန့်နေကြ၏။

ခရစ်စတယ်လိုင်း ရှိ..ဂလု၊ မမလေး ရှိ..ဂလု၊ နှင်းနှင်း ရှိ..ဂလု။ “ရှိ” မှာ ရှေ့နေမလေးများထံမှ လာခြင်းဖြစ်ပြီး “ဂလု”မှာ ဦးကြောင်၏ နောက်ဆက်တွဲ တံတွေးမျိုချသံဖြစ်သည်။ “အိမ်း…. သမီးတို့ ရှေ့အနား တိုးလာကြကွဲ့၊ အသက်ကြီးလာပြီဆိုတော့ မျက်စိမှုန်တယ်၊ အသံလည်း တိုးသွားပြီ။” တဖြည်းဖြည်းနှင့် ရှေ့တိုးလာသည်မှာ တလံအကွာသို့ပင် ရောက်နေပေသည်။ “ကဲ… အနောက်ဖက် လှည့်ကြစမ်း” “အို” မတတ်နိုင် ကျားသနားမှ နွားချမ်းသာရမည့် ဘဝမဟုတ်ပါလော။ သို့သော် သူတို့ထင်သလိုမဟုတ်၊ အခန်းနံရံတွင် ချိတ်ဆွဲထားသော ဥပဒေအကျိုးဒေါ်ဆောင်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများအား မြင်စေရန်ဖြစ်သည်။ “အေးအေးလူလူ ဖတ်ကြကွဲ့ ဦးကြောင်လည်း စိမ်ပြေနပြေ ကြည့်အုံးမယ်၊ တဦးချင်းရဲ့ ကိုယ်ရေးမှတ်တမ်းတွေ။” ဤသည်ကိုပင် ဒင်းတို့က မယုံသလိုနှင့် လက်နောက်ပစ်ထားကြသည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် သမီးတို့ ညာဖက်လှည့်၊ အဲဒီမှာ နောက်ထပ် ပိုစတာရှိတယ်။ “လောကဂျီးမှာ အကြောင်းအရာတခုကို ဘေးတိုက်လည်း ကြည့်မြင်ခံစား တတ်ရတယ်ကွဲ့.. ငှီးလျောင်း ငှီးလျောင်း”
နေ့ဝက်မျှ အချိန်ဖြုန်းပြီးနောက် သူတို့သုံးဦးအား ကိုယ်ဖိရင်ဖိ သင်ပေးရန် အနားသို့ ခေါ်ယူထားလိုက်သည်။ လောကဂျီးကား ပိုစိုပြေ လှပလာပြီ။ ထို့နောက် စင်ကာပူမိတ်ဒ် ခိုင်ဇာဝင်း အသင့်စား ကြက်သားဟင်းထုပ်အား ကြက်ရိုးဟင်းဟု နာမည်ဖျက်ခံရသည့်အမှုတွင် လျောက်လဲချက်ပေးရန် ပြင်ဆင်သည်။ “မတရားသူဂျီးခင်ဗျား စင်ကာပူကြက်ဆိုတာ နိုင်ငံတကာစံချိန်မှီမို့ အရိုးပေါ်အရေတင် ပါးပါးလေး ဖြစ်ပါတယ်။ အဆီအသား ပွနေတဲ့ လိုကယ်မိတ်ဒ် မြန်မာကြက်နဲ့ မရောစေလိုပါဘူး။ ကမ္ဘာဂျီးပြောင်းလဲနေတာ အမြင်ကျယ်ကျယ်နဲ့ ကြည့်စေလို ပါတယ်ခင်ဗျား။”

မန်းလေးဂဇက်ပိုင်ရှင် အဗ္ဗဒူလာ ခိုင်အား တာလီဘန်အကြမ်းဖက်ဟု စွပ်စွဲသည့်အမှုတွင်လည်း “သဂျီးဦးခိုင်၏ နာမည်အရင်းမှာ အဘဒူလာ ခိုင် ဖြစ်ပါတယ်။ မြန်မာပြည်မှာတုန်းက သက်ကြီးရွယ်အိုများ ဒူလာရောဂါပျောက် တိုင်းရင်းဆေး ရောင်းခဲ့တာကို ပထမအမည်စာလုံး first name အဖြစ်နဲ့ မှတ်ပုံတင်ထားခဲ့လို့ပါ။ မက္ကာမြို့ကို နှစ်စဉ်သွားတာကလည်း ကိုယ်လုံးတီးချွတ် နေပူစာလှုံဖို့ ဖြစ်ပါတယ်။”
နောက်တမှုမှာ မိုးပြာဂိုဏ်းအား အသရေဖျက်မှုအတွက် ဦးစံလှဂျီး နှင့် ဦးမိုးတိမ်တို့အား တရားစွဲဆိုခြင်း ဖြစ်သည်။ “မတရားသူဂျီးခင်ဗျား၊ တဦးထဲကနေ ကလောင်ခွဲတွေသုံးပြီး မိုးပြာအယူ ဖြန့်တယ်လို့ စွပ်စွတ်စွဲစွဲ လုပ်နေပါတယ်။ ထေရဝါဒမှာတော့ လူတကိုယ် သုံးကိုယ်ခွဲနေကြတာ ဘာသဘောလဲ။ ထေရဝါဒ ကြမ်းကျွံသူ သီရိငါ့ဓါးမ ဦးခိုင်ကို သက်သေခေါ် မေးကြည့်ပါ။”

နောက်ထပ်အမှု မရှိတော့။ ဦးကြောင် အတော်စိတ်ညစ်သွားသည်။ တရားရုံးဂျီး အသစ်ဖွင့်ပြီးမှ အမှုအပ်သူ အတော်နည်းသွားသည်။ အဘယ်ကြောင့်နည်း၊ အုတ်ကထဂျီး ဘွားဒေါ်စု၏ တရားဥပဒေစိုးမိုးရေး လွှတ်တော် ကော်မတီကြောင့်လော၊ မဖြစ်နိုင်။ ထိုကော်မတီမှာ အလုပ်ဖြစ်ရန်ဝေးစွ၊ တိုင်စာ မှတ်ပုံတင်စာရင်း မကိုက်၍ အခါခါပြန် ရေတွက်နေရသည်။ တရားရုံးများ သမာသမတ် ရှိကုန်၍လော၊ ဒါလည်းမဖြစ်နိုင်ပေ။ တရားသူဂျီးများ ဇိမ်ခံကား တဝှီဝှီ စီးမြဲစီး ဝယ်မြဲဝယ်လျက် ရှိသေး၏။ အသို့ဆိုလျင် ရှေ့နေများ သုံးစားမရသည့် အတူတူ ရုံးစာရေးနှင့် အမှုသည် တရားရုံးပြင်ပ လက်ဝါးပေါင်းရိုက် နေခြင်းသာ ဖြစ်ဖွယ်ရှိသည်။

ထိုစဉ် ရုံးလှေခါးမှ လူသံများ ဆူဆူညံညံ ကြားရသည်။ ဟိုက်ရှားလဘား.. အမှုသည်လာပြီ။ ဒီလို အုံနဲ့ကျင်းနဲ့ ဆိုရင်တော့ တမှုထဲမကဘူး၊ ကံကြုံလို့ မုတ်ဆိတ်ပျားဆွဲပြီထင်ပါ့။ လူငယ်တအုပ် တက်လာကာ အလုပ်သင် ရှေ့နေမလေးများ လက်ဆွဲ၍ ကမည်တကဲကဲ လုပ်သဖြင့် တရုံးလုံး ပွက်ပွက်ညံသွားသည်။ ဗဟိုတရားရုံးအား ထက်ဝက်ပိုင်း ဖွင့်ထားသော ဟိုတယ် နိုက်ကလပ် အမှတ်မှားကာ ရှေ့နေမလေးများနှင့် ပွတ်သဘင် ကျင်းပရန် အလုအယက် ဝင်ဆွဲကြခြင်းဖြစ်သည်။ တောက်စ်.. ရာရာစစ.. အမဲရိုးက ဟင်းအိုးမှ အားမနာ။ သမီးလေးတို့ မကြောက်နဲ့၊ ဦးကြောင်အနားကိုလာ။ ထိတ်လန့်နေသော သမီးလေးများအား တင်းတင်းကြပ်ကြပ် ပွေ့ဖက် အားပေးလိုက်ရသည်။ ထိုစဉ် “ကျမတို့ကို ဘာမှတ်နေသလဲ၊ အချုပ်တန်းရောက်သွားမယ်၊ ဟင်း” ဒုံး ဂလွမ်း အသံကြား၍ အပြေးအလွှား ကြည့်လိုက်ရာ ဧည့်ခန်းဆက်တီ စားပွဲခုံရှည်တွင် ဆန့်ဆန့်ဂျီး မှောက်လျက် လဲလျောင်းနေသော ကပေနှင့် ဒေါသထွက်နေသော ပုရှ်နှင့် မိုးစက်တို့အား တွေ့ရသည်။ “ကျမတို့ဖာသာ ဧည့်ခန်းမှာ ထိုင်နေတုံး ဒီလူစားပွဲပေါ် အတင်းထိုးအိပ်ပြီး နှိပ်ခိုင်းတယ်။ ခိုင်းတာလုပ်ပေးရင် အပိုဆုကြေးလည်း ပေးမယ်လို့ နှာသံနဲ့ပြောတယ်။” “ဘာကွ… မင်းက ဥပဒေဘက်တော်သားတွေအပေါ် ရင့်သီးလှချည်လား” ကပေခင်မျာ မျက်ပြူးဆန်ပျာ “ခွင့်လွှတ်ပါခင်ဗျာ… ကျနော် မန်းတလေးက တောသားလေးပါ။ မိတ်ဆွေဂျီး ကိုပေါက်က ရန်ကုန်မြို့ ဗဟိုတရားရုံးဟိုတယ်မှာ အနှိပ်ခန်း ဖူးလ်ဆားဗစ်ရတယ်၊ သွားဖြစ်အောင်သွားဆိုပြီး မှာထားလို့ပါ။”

ရုံးသစ် ဆုံးညစ် ကုန်းဟစ် တုံးခေတ် (ဓာတ်ပုံ – irrawaddy.org)

“တဆက်ရှင် ဘယ်ဈေးလဲ..” စွန်ပလွံသီးများ နင်းကန်စားပြီး ယောက်ျားမာန တထောင်ထောင်ဖြင့် ဒူဘိုင်းမှ ပြန်လာသော မုန်းရှောင်ဖြစ်သည်။ မာနမည်မျှ တက်နေသနည်းဆိုသော် သူစီးလာရာ ဘတ်စ်ကားပေါ်တွင် ဝီစီသံ တရွှီးရွီးကြားရသည်မှာ လူဂျီးလမ်းကြောင်းကား လာသည်အမှတ်နှင့် ယဉ်ထိန်းရဲများ ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်သည် အထိပင်။ “ကျမတို့ လုပ်ငန်းသဘောမှာ တခါထဲနဲ့ ပြီးတာအတော်နည်းတယ်။ ဖောက်သည်နဲ့ ရေရှည်ဆက်ဆံရတာမျိုးပါ။ “အံမာကြီးကြီးကျယ်ကျယ်” မိန်းမဆို အမုန်းဂျီး မုန်းနေသော်လည်း ငါ့ဝမ်းပူဆာ မနေသာ၍ လာရသည်မို့ မျက်နှာမဲ့ရင်း တွေးလိုက်မိသည်။ ဧည့်ခန်းမန်နေဂျာ မရွှေအိ ပိုက်ကွန်လာငြိသော သားကောင် မလွတ်စေရန် သွားဂျီးသုံးဆဲ့နှစ်ချောင်း အစွမ်းကုန် ပြုံးဖြဲပြရှာသည်။ ဒါကို မုန်းရှောင် အထင်မှား၍ “အိမ်ရော လိုက်သလား” “အိမ်၊ ကား၊ မိုတယ်၊ ဟိုတယ် အကုန်လိုက်ပါတယ်၊ မဆောက်ရသေးတဲ့ မြေကွက် ဟင်းလင်းပြင် ဆိုလည်းဖြစ်ပါတယ်ရှင့်။” “ဒါဆို ကားထဲသွားရအောင်၊ ကျုပ်ကားကို စတစ်ကာအမဲ မှန်အပြည့် ကပ်ထားလို့။ “ဒါလေးများရှင် ကျမတို့နှစ်ယောက်နဲ့ ပြီးပါတယ်။ ရုံးလာစရာ မလိုပါဘူး” လေသံတိုးတိုးဖြင့် မိရွှေအိ ဘေးပေါက်ဂွင် ဖန်လေသည်။ “ကျမ လုပ်ပေးနိုင်ပါတယ်။” ပြောပြောဆိုဆို ကပ်ကြေးကိုင်ကာ ခေါ်ရာ လိုက်သွားသည်။ ထို့နောက် ဘာဖြစ်ကြသည်မသိ ကားထဲမှ အားကနဲ အသံကြားကာ မုန်းရှောင် ပျဉ်းမငုတ်တို ဖြစ်သွားရှာသည်။ ရွှေအိကား အချဉ်မဟုတ် ဂျပန်ကင်ဒို ဓားသိုင်းဆရာဖြစ် အောင်ထားသူတည်း။

မည်သို့မျှ ကြံမရသည့်အဆုံး ဥပဒေအကျိုးဆောင်ရုံးအား ဧည့်ခံဖျော်ဖြေရေး စင်တာအဖြစ် ချော်လဲရောထိုင် ပြောင်းလဲကာ ရှေ့နေမလေးများ နေရာတွင် ပိုရှေး၊ မိုဇီလာ၊ ချစ်စတယ်လှိုင်း၊ ကယုမမ၊ စနိုး၊ ဆော့ဖ်ဂိုးလ်ဒ် အမည်ရှိ မိန်းမလှလေးများဖြင့် အစားထိုး ဖွင့်လှစ်လိုက် ရတော့သည်။ (ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားသောက် မရသော ခေတ်ကြီးဖြစ်သည်။) စီးပွားဖက်များကား မတရားသူဂျီးများ မဟုတ်တော့၊ လာဘ်ပေး ရန်မလို နယ်ထိန်းရဲမေ ကြေးမုံဂျီး ဖြစ်သွားပြီ။ ဦးကြောင်မှာလည်း ရှေ့နေရန် မလိုတော့၊ အလုပ်သဘောအရ အနောက်ခန်းတွင် မိန့်မိန့်ဂျီးနေ၍ စီစီတီဗွီမှတဆင့် စီမံအုပ်ချုပ်ကာ သမီးလေးများအား စောင်မကြည့်ရှုရင်း အချိန်ကုန်လွန် ရပေတော့သည်။ :harr:
ဝန်ခံချက်။ ဧရာဝတီ ဝက်ဘ်ဆိုက် ကာတွန်းမှ အိုင်ဒီယာရသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး