လူနှင့်အကျင့်များ (၅)

ကျော်ဘသစ်November 13, 20121min1002

Be Proactive

ကိုယ့်လုပ် ကိုယ်စံ၊ ကိုယ့်တာဝန်

လူတွေဟာ ပင်ကိုယ်သဘာဝအရ လွတ်လပ်စွာ ပြုလုပ်ဖန်တီးသူဘဝ ရထားကြပေမယ့် ပတ်ဝန်းကျင်လောကရဲ့ လူမှုရေးအတွေးအမြင်တွေ၊ ပြဌာန်းခံဝါဒတွေ လွှမ်းမိုးခံရတဲ့အခါ သဘာဝကနေ ယိမ့်ယိုင်သွေးဖယ် သွားကြပါတယ်။ အပြဌာန်းခံအမြင်ရှိတဲ့ ပတ်ဝန်းကျင်လောကနဲ့ မှန်တစ်ချပ်လို အပြန်အလှန် ရောင်ပြန်ဟပ်ကြရင်း ကိုယ်တိုင်လည်း မှန်တစ်ချပ်လို ဖြစ်သွားပြီး လွတ်လပ်မှုကနေ ထွက်ပြေးဖို့ ကြိုးစားကြပါတော့တယ်။

အဲဒီက စလို့ လူတစ်ချို့ဟာ ဖန်တီးသူအဖြစ်ကနေ တုန့်ပြန်သူအဖြစ် စုတေ၊ ထိုးစစ်ဆင်ဘဝကနေ ခံစစ်ပြင်ဘဝ ဈာန်လျှောကျ၊ လောကကြီးကို အပြစ်ပုံချ၊ ကိုယ်တာဝန်ကိုယ်ကျတော့ မယူဆိုတဲ့ အကျင့်ဆိုးတွေ နိုးထလာရတော့တာပါပဲ။ အဲဒီလိုအကျင့်ဆိုးတွေ ပူးဝင်ခံရတဲ့လူတွေဟာ အခုလိုမျိုးစကားတွေ ပြောလေ့ရှိပါတယ်။

-ကျွန်တော်မှာက ကျွန်တော့်အဘိုးရဲ့ဗီဇ ပါလာတယ်လေ၊ ကျွန်တော့် အဘိုးကလည်း လူရိုးလူအ၊ ဒါကြောင့် ကျွန်တော်အလှည့်မှာလည်း သုံးစားမရတာ။ ကျွန်တော့်ကိုယ်ထဲရှိတဲ့ ီဗြကိုက တုံးအခြင်းမျိုးစေ့တွေ ပါလာပြီးသား။ ကျွန်တော့်အဘိုး လက်ချက်ပါ၊ ကျွန်တော့်မှာ အပြစ်မရှိပါဘူး။

-ကျွန်တော် ကြီးပြင်းခဲ့ရတဲ့ ဆိုးရွားတဲ့ ငယ်ဘဝအခြေအနေတွေပေါ့ဗျာ၊ အဲဒါတွေကြောင့် သိမ်ငယ်စိတ်ဝင်ပြီး ကျွန်တော့်အမူအရာ၊ ကျွန်တော့်အကျင့်စရိုက်တွေ အခုလိုဖြစ်နေတာပါပဲ။ ဒါကြောင့် ကျွန်တော် လူတော မတိုးရဲတာ မဆန်းပါဘူး၊ ကျွန်တော် ညံ့လို့ မဟုတ်ပါဘူးဗျာ။

-ကျွန်တော့်အလုပ်ရှင် ဦးကပ်စီးကြီးအတွက် သူခိုင်းသမျှ လုပ်နေရအောင် ကျွန်တော်က နွားမှ မဟုတ်တာ၊ သူလည်း သူလည်သလို လုပ်၊ ကျွန်တော်လည်း လစ်ရင်လစ်သလို လစ်မှာပဲ၊ ကျွန်တော့်ဘက်က သစ္စာရှိနေစရာ မလိုပါဘူး။

-ကျွန်တော့်မိန်းမလား၊ အလကား၊ တအား ငြီးငွေ့ဖို့ကောင်းတဲ့ဟာမ၊ သူ့ကြောင့် ဟိုတုန်းက ချစ်ခဲ့ဖူးတာတွေတောင် ဘယ်ရောက်ကုန်မှန်း မသိဘူး။ မဖြစ်သာလို့ ချစ်သာနေရတာ။ ဖြစ်နိုင်ရင် အသစ်ရှာချင်သား။ ကျွန်တော့် အပြစ်တော့ မဟုတ်ပါဘူးနော်။

-ကျွန်တော့်အိမ်က ယိုင်နဲ့နဲ့ စီးပွားရေးကြောင့်ရယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ သောက်သုံးမကျတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် ကျွန်တော် အခုလို ဖြစ်နေတာပါပဲ၊ ကျွန်တော် အဆင်မပြေတာ သူတို့မှာပဲ တာဝန်ရှိတယ်၊ ကျွန်တော့်မှာ လုံးလုံး တာဝန်မရှိဘူး။

-သူက ကျွန်တော့်ကို ဒေါသထွက်အောင် စလုပ်တာကိုး၊ ဒါကြောင့် ကျွန်တော်လည်း ပြန်ဆော်ထည့်လိုက်တာပေါ့၊ ဒီလို လာထိလို့တော့ ဘယ်ရမလဲ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အလွန် မဟုတ်ပါဘူး။

လူဆိုတာ မွေးကတည်းက လွတ်လပ်တဲ့သတ္တဝါပါ။ အရာရာကို လွတ်လပ်စွာ ရွေးချယ် လုပ်ဆောင်နိုင်တယ်။ အဲဒီလို လွတ်လပ်နေအောင်လည်း ကိုယ့်အရှိ ကိုယ်သိမှုက စွမ်းဆောင်ပေးထားပါတယ်။

တကယ်လို့ ခင်ဗျားသာ အဲဒီ့ကိုယ့်အရှိ ကိုယ်သိမှုဆိုတဲ့ လူ့အရည်အချင်းကို အကျိုးရှိရှိ အသုံးချတတ်သူဆိုရင်တော့ အလားတူ အခြေအနေမျိုး ကြုံရင်တောင် ပြုမူလုပ်ဆောင်ပုံဟာ တစ်မျိုးကွဲပြားနေပါလိမ့်မယ်။

ကိုယ့်ခံစားမှု၊ ကိုယ့်စိတ်အခြေအနေ၊ ကိုယ့်သဘောထား၊ ကိုယ့်အမြင် စတာတွေကို ဆန်းစစ်မယ်၊ နောက် အခြားလူတွေရဲ့ အမြင်၊ ခံစားမှု၊ စိတ်အခြေအနေ စတာတွေကိုလည်း ဆင်ခြင်စဉ်းစားမယ်၊ အဲဒီကတစ်ဆင့် အတွေးအမြင်သစ်တွေ ပေါ်လာအောင် တွေးခေါ်မယ်၊ ခံစားမှုစတာတွေရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်ပြီး ကိုယ်တိုင်ပဲ ကိုယ့်အပြုအမူတွေရဲ့ ပဲ့ကိုင်နေရာ အရောက်သွားမယ်၊ ပြီး ကိုယ်ဘက်က စ လွတ်လပ်စွာ ရွေးချယ် လုပ်ဆောင်ဖန်တီးသူ ဖြစ်အောင် ကြိုးစားတော့မှာပါပဲ။ ခင်ဗျားရဲ့ အပြုအမူ၊ အကျင့်အကြံတွေဟာ အောက်ပါအတိုင်း ဖြစ်လာလိမ့်မယ်။

-ကျွန်တော်မှာ ကျွန်တော့်အဘိုးရဲ့ ရိုးတဲ့ဗီဇ ပါလာတာ မှန်တယ်၊ ဒါပေမယ့် အခု ကျွန်တော့်ကိုယ် ကျွန်တော် ပိုင်နေတာပဲ။  ကိုယ့်ကိုယ်ကို အရည်အချင်းရှိအောင် လုပ်ယူလို့ ဘာလို့ မရရမှာလဲ။ အားလုံးဟာ ကျွန်တော့်မှာပဲ တာဝန်ရှိတယ်။

-ကျွန်တော် ကြီးပြင်းခဲ့ရတဲ့ ငယ်ဘဝက ပျော်စရာတော့ မကောင်းလှဘူး။ ဒါပေမယ့် ဒါတွေက ပြီးသွားပါပြီ၊ အခုလို အသိဉာဏ်ရှိလာတဲ့အချိန်မှာ ကျွန်တော့်အမူအရာ၊ ကျွန်တော့်အကျင့်စရိုက်ဆိုတာ ကျွန်တော်ကိုယ်တိုင် လိုသလို လုပ်ယူလို့ရတဲ့အရာတွေပါ။ ကျွန်တော် လုပ်နိုင်ပါတယ်။

-ကျွန်တော့်ဘော့စ်လည်း သူ ကောင်းနိုင်သလောက်ပဲ ကောင်းမှာပေါ့၊ သူ့ဘက်က မလွန်ကျူးသမျှ ကျွန်တော့်ကတော့ ကျွန်တော့်တာဝန်ကျရာ လုပ်မှာပဲ၊ အနည်းဆုံးတော့ ကျွန်တော်လုပ်တာ ကျွန်တော်နားလည်ပြိး လူတွေအတွက် အထောက်အကူ ပြုနေမှာပဲလေ။

-ကျွန်တော့်အိမ်က စီးပွားရေးက ကျွန်တော် ဘယ်လို စီမံခန့်ခွဲမှာလဲဆိုတာမှာ မူတည်နေတယ်၊ ပြီးရင် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်လာဖို့ကတော့ တိုးတက်အောင် ဦးဆောင်နေတဲ့လူတွေကို ထောက်ခံသွားရုံပဲ ရှိတယ်၊ ဒီအတွက် ကျွန်တော်တို့မှာ လုံးဝ တာဝန်ရှိပါတယ်။

-ကျွန်တော့်မိန်းမ ကျွန်တော်ချစ်လို့ ယူထားတာ၊ သူ့လည်း သူ့ပုံစံနဲ့သူပေါ့။ ချစ်တယ်ဆိုတာ ခံစားမှု (feeling) မဟုတ်ဘူး၊ ပြုလုပ်မှု (verb) ဖြစ်တယ်၊ ကျွန်တော့်လုပ်ဆောင်မှု မှန်သမျှ ကျွန်တော့်မှာ တာဝန်ရှိတယ်။

-ကျွန်တော့်ကို သူက ကသိကအောက်ဖြစ်အောင် လုပ်တယ်၊ ကျွန်တော်လည်း အစတော့ ဒေါသထွက်တာပေါ့။ ဒါပေမယ့် စိတ်ကိုတော့ နိုင်ပါတယ်၊ သူ ဒီလိုလုပ်တော့ ကျွန်တော့ဘက်က ဘာမှားနေလဲ စဉ်းစားလို့ ရလာတယ်။

ကျွန်တော်တို့ တစ်ဦးချင်းဘဝမှာ၊ မိသားတစ်စုမှာ၊ လူမှုအသိုင်းဝိုင်းတစ်ခုမှာ၊ အဖွဲ့အစည်းအကြီးကြီးတွေမှာ ကြုံနေတဲ့အခြေအနေချင်း တူပေမယ့် လူတစ်ဦးချင်းရဲ့ အမူအကျင့်တွေပေါ်မူတည်ပြီး ပြုမူလုပ်ဆောင်ပုံတွေ ကွာနေပါလိမ့်မယ်။
၁။ တုန့်ပြန်တတ်သူတွေက တုန့်ပြန်တတ်တဲ့အကျင့်၊
၂။ ဖန်တီးသူတွေက ဖန်တီးယူတတ်တဲ့ ဓလေ့။

တုန့်ပြန်သူတွေရဲ့ လောကအမြင်ဟာ ခံစားမှုကို အခြေခံပြီး လောကကို ခံစားမှုနဲ့ တွေးတယ်၊ ခံစားမှုနဲ့ မြင်တယ်၊ ခံစားမှုနဲ့ ပြုမူတယ်၊ ခံစားမှုနဲ့ ဆက်ဆံတယ်။
ဖန်တီးသူတွေကတော့ လောကအမြင် ကြည်လင်ပြီး တန်ဖိုးအခြေခံနဲ့ အပြန်အလှန် ဆက်သွယ်ဖို့ ကြိုးစားတယ်။

တုန့်ပြန်သမားတွေက ကိုယ်မတတ်နိုင်တဲ့ ပူပင်စရာ (ရာသီဥတု၊ မျိုးဗီဇ၊ အတိတ်ကအရိပ်စတဲ့) အပိုင်းတွေကို တစ်ချိန်လုံး အချိန်ဖြုန်း စဉ်းစားနေလေ့ရှိကြပြီး ဖန်တီးပြုလုပ်ရေးသမားတွေကတော့ ကိုယ် လွှမ်းမိုးနိုင်မယ် အပိုင်းက ဘာလဲကို အဓိကထား စဉ်းစားလေ့ရှိကြတယ်။

တုန့်ပြန်သူတွေဟာ မှန်ချပ်လိုလူသားဖြစ်တဲ့အတိုင်း သူများ ပြုံးရင် ပြုံးပြ၊ သူများ ငိုရင် ငိုပြ၊ သူများ သွားဖြဲတော့လည်း ပြန်ဖြဲပြ၊ ပြီးရင် တစ်ဖက်လူကိုလည်း ကိုယ့်လိုပဲ လိုက်လုပ်ဖို့ ဖိအားပေးတယ်၊ ကိုယ်ပြုံးသလို ပြန်ပြုံး၊ ကိုယ်ငိုသလို  ပြန်ငို၊ ကိုယ်သွားဖြဲသလို ပြန်ဖြဲ။

ဖန်တီးသူတွေကတော့ “ငါသည်ပင် ငါ၏အရှင်သခင်ဖြစ်သည်” အတွေးနဲ့ အခြေအနေတွေကို ကိုယ်က ဦးဆောင်ပြုလုပ်တယ်။ သူပြုံးပြပြ၊ ငိုပြပြ၊ သွားဖြဲပြပြ၊ ကိုယ့်ဘက်က လုပ်စရာရှိသလောက်ကိုပဲ လုပ်တယ်။ တစ်ဖက်လူကိုလည်း ကိုယ်လုပ်သလို လုပ်ဆိုပြီး မချုပ်ချယ်ဘူး။

တုန့်ပြန်သက်သက်သမားက တစ်စုံတစ်ရာ ဖြစ်အလာကို မျှော်လင့်စောင့်စားတယ်၊ ချီးမွမ်းစရာရှိရင် ကိုယ့်ကိုယ်ကို ချီးမွမ်းပြီး အပြစ်တင်စရာရှိရင်တော့ တခြားသူတွေ နာမည်စာရင်း လိုက်ကောက်တော့တာပဲ။ ဖန်တီးရေးသမားကတော့ အရာရာကို ကိုယ်ပဲ ဖန်တီးယူရမယ်လို့ နားလည်ပြီး တစ်ဆက်တည်းမှာ “စေတနာဆိုတာ ကံ၊ ငါဆိုတာ ငါလုပ်သမျှကံရဲ့ အမွေခံ”လို့ ယုံကြည်တယ်။

တုန့်ပြန်ရေးသမားတွေဟာ သူတို့ရပ်တည်ချက်ကိုက အခြေအနေတွေအရ တုန့်ပြန်နေကြရသူတွေဖြစ်လို့ သင်းတို့အပြုအမူမှာ သင်းတို့တာဝန်ရှိတယ်လို့ မယူဆကြဘူး။ (လူဆိုတာကလည်း ကိုယ်လုပ်တာကို ကိုယ်သာ တာဝန်ယူစရာ မလိုဘူးဆိုရင် ဘတ်စ်ကားပေါ်မှာကစ အငြိမ်နေချင်ကြတာ မဟုတ်ပါဘူး။)

ဖန်တီးရှင်တွေကတော့ ဘာလုပ်လုပ် ငါ့ဆုံးဖြတ်ချက်၊ ငါ့ရွေးချယ်မှု၊ ငါ့သိစိတ်၊ ငါ့ဆန္ဒအရ လုပ်ဆောင်တာဖြစ်လို့ ငါ့မှာသာ တာဝန်ရှိတယ်လို့ သဘောပေါက်ပါတယ်။ (လူဆိုတာကလည်း ကိုယ့်လုပ်သမျှ ကိုယ်တကယ် တာဝန်ယူရမယ်ဆိုတာသိရင် နဖာကလောတာက အစ ဂရုတစိုက် ရှိတတ်ကြပါတယ်။)

အမူအကျင့်ကွဲပြားတာဟာ ရလာဒ်တွေကွဲပြားကြတော့ဖို့ နိမိတ်ဖတ်ပြီးသား ဖြစ်သွားပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်းဘဝ၊ ကျွန်တော်တို့ မိသားစု၊ ကျွန်တော်တို့ လူမှုအသိုင်းဝိုင်းနဲ့ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းရဲ့ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း၊ ပျော်ရွင်ခြင်း၊ မပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းတွေဟာ ကျွန်တော်တို့ ပြုမူနေတဲ့ အမူအကျင့်တွေပေါ်မှာ မူတည်နေတာပါပဲ။

အမှန်တော့ လူသားရဲ့ မူလဘူတ ဘဝပေးပါရမီအရ ကျွန်တော်တို့ဟာ ဖန်တီးသူတွေ ဖြစ်ပါတယ်။ ဗီဇ၊ ပတ်ဝန်းကျင်၊ အခြေအနေ၊ စိတ်လှုပ်ရှားမှုစတာတွေရဲ့ ရောင်ပြန်ဟပ်ချက်မျှ မဟုတ်ပါဘူး။

ကိုယ့်အတွေးကိုယ် လိုသလို စီမံနိုင်တယ်၊ ကိုယ့်စိတ်ကို အပြောင်းအရွှေ့လုပ်နိုင်တယ်။၊ သက်ရောက်မှုအမျိုးမျိုးကို ဆန်းစစ်တွက်ချက်တတ်တယ်၊ ကိုယ့်ကိုယ်နဲ့ စိတ်အစဉ်ကို ရှုမှတ်နိုင်တယ်၊ ရွေးချယ်နိုင်တယ်၊ ဆုံးဖြတ်နိုင်တယ်။

ကိုယ်ရဲ့ ပြုမူလုပ်ဆောင်မှုမှန်သမျှကို ကိုယ်တိုင် စ ဖန်တီးယူတတ်တဲ့အကျင့်၊ ကိုယ့်လုပ်ဆောင်မှုအတွက် ကိုယ် တာဝန်အပြည့်ယူတတ်တဲ့အကျင့်၊ ဒါတွေဟာ ထက်မြက်တက်ကြွသူဖြစ်ဖို့ မွေးဖြူယူရမယ့် ပထမဆုံးအကျင့်ပါပဲ။

2 comments

  • Khaing Zar Win

    November 13, 2012 at 11:16 am

    အကျင့်က ဖျောက်လို့ရသတဲ့။
    ဗီဇ ဆိုတာ ပျောက်နိုင်ခဲသားတဲ့။
    ကြားဖူးတာပြောပြတာ။ :mrgreen:

Leave a Reply