“အာဝါး..အားဝါး..အွား”….ဆိုပြီး ခေါင်းရင်းအိမ်က ခလေးငိုပြီဆို နာရီထမကြည့်နဲ့ ၊ သူငိုရင် ခုနစ်နာရီခွဲပြီမှတ်။

အငိုတိတ်သွားပြီလား အဲတာဆို ရှစ်နာရီထိုးပြီ။ ထပ်ငိုတယ်မလား အဲတာဆို ကိုးနာရီထိုးပြီ။

ဟုတ်တယ်ဗျ။ ခေါင်းရင်းအိမ်က ခလေးက အတော် အငိုသန်တဲ့ခလေး စိတ်ပျက်လောက်အောင်ကို ငိုနိုင်လွန်းတယ်။

ဟိုဘက် ဒီဘက် သွပ်ပြားကပ်ပြီး ခြားထားတဲ့ ကျနော့ အခန်းနဲ့  ဆို ဒီဘက်အီးပေါက် ဟိုဘက်က ကြားတယ် ဟိုဘက်အီးပေါက် ဒီဘက်က ကြားတယ်။

အဲသလို အခြေအနေမှာ အွား..အွား..အွားနဲ့   ငိုနိုင်လွန်းခေးလနဲ့  ဘယ်လိုမှ အိပ်လို့ မရဘူးဗျာ။ အဲဒီ ငိုနိုင်လွန်းခလေးကို သူ့ အဖေနဲ့ အမေက ၀ိုင်းပြီး ချော့ပြီမလား..အင်း.သေချာပြီ ဆက်မအိပ်နဲ့  ပြေးပေတော့ပဲ တစ်ရပ်ကွက်လုံး ဆူညံကောပဲ အဲသလို။

အဲဒီရပ်ကွက်လေးထဲက အိမ်တွေက အပေါ်မှာပြောသလို တစ်ခန်းနဲ့ တစ်ခန်း သွပ်ပြားလေးကပ်ပြီးခြားထားတာ လေးလုံးတစ်တွဲ သုံးလုံး တစ်တွဲနဲ့  အဲသလို အတွဲစုလေးတွေပေါ့နော်။ ခြံတစ်ခြံကို သိန်းကို သောင်းနဲ့ ချီပြီးဈေးပေါက်နေတဲ့ ရပ်ကွက်ကြီးထဲမှာ တစ်ခန်းကို တစ်လသုံးလေးသောင်းနဲ့  ငှားနေကြတဲ့ သုံးလေးသောင်းတန် အိမ်စုလေးတွေရှိတဲ့ ရပ်ကွက်လေးတစ်ခုမှာ ကျနော်နေတယ်ပေါ့ဗျာ။

အဲဒီမှာ မနက်မနက်ကောင်းကောင်း အိပ်လို့ မရအောင် ထထအော်တဲ့ ခလေးနဲ့ မိသားစုအကြောင်းချည်ပဲ ရေးရင် စာတစ်ပုဒ်ရတယ်။ ညဆို လမ်းဘေး ထမင်းရောင်းကြတယ်ဆိုတော့ ပြန်လာပြီဆို (၁၂) နာရီကျော် (၁) နာရီ၊ ဆိုင်သိမ်းလာတဲ့ဝန်စလွယ်နဲ့  ငိုနိုင်လွန်းခလေးနဲ့  တွန်းလှည်းနဲ့  တစ်ခါတလေ လင်မယား စကားများလာတာနဲ့  တစ်ရပ်ကွက်လုံး ညံရောပဲဗျာ။ကောင်းကောင်းကို အိပ်လို့ မရ။

မနက်ဆို ခလေးက ထအော်၊ လင်မယားနှစ်ယောက်က ချော့ကြ၊ ဒီကြားထဲ တရားခွေက ဖွင့်လိုက်သေးတယ်။

ခုနစ်နာရီကျော်ပြီဆို ခလေးအော်ပြီ၊ ချော့ကြပြီ၊ တရားခွေထဖွင့်ပြီ။ အဲတာ ခေါင်းရင်းကပ်အခန်းက မိသားစုရဲ့ နှိုးစက်ပဲ။

ရှစ်နာရီဆို ကြာနီကန် တရားခွေ အကျယ်ကြီးဖွင့်ပြီ။ အဲတာ ခြေရင်းက အိမ်၊ ကြာနီကန်ဆရာတော် အော်ပြီဆို ရှစ်နာရီထိုးပြီမှတ်ပေရော့။ မရှေးမနှောင်းမှာပဲ အရှေ့ အိမ်က တစ်ဂျောက်ဂျောက်နဲ့ စက်ချုပ်ပြီ။ အဘိုးကြီးက အကျယ်ကြီးအော်ပြီး ဘုရားရှိခိုးပြီ။မရှေးမနှောင်းမှာ မြောက်ဘက် အတွဲစုက ဘယ်အိမ်လဲတော့မသိ တစ်ရပ်ကွက်လုံးကို အေသင်ချိုဆွေတို့  ချမ်းချမ်းတို့ သီချင်းဖွင့်ပြီး ဖျော်ဖြေတာ။

သူတစ်ယောက်ထဲ နားမထောင်ဘူးဗျာ တစ်ရပ်ကွက်လုံးကြားအောင် ဖျော်ဖြေတာ ဖျော်ဖြေတာ။

မနက်ကိုးနာရီ ၀န်းကျင်ဆို အူးဗိုက်တို့  တိုင်ပတ်ပြီပဲ။

ခလေးကို ပြေးချော့ပေးရမလား၊ ကြာနီကန်တရား နာရမလား ခြေရင်းက ဖွင့်တဲ့ တရားနာရမလား၊ အေသင်ချိုဆွေနားထောင်ပြီး ဆက်အိပ်ရမလား တစ်ယောက်ထဲ ဇဝေဇ၀ါဖြစ်ရပါတယ်။

အဆိုးဆုံးကတော့ ဟိုခလေး သေနာလေး။ သူငိုရင် လုံးဝကို နေလို့ မရတော့ဘူး၊ ငိုချက်က ဗျာ လုံးဝကို မရပ်တာ ဘုရားဆူးရချည်ရဲ့ တစ်ခါတလေ ငိုရင်း သေသွားမှာတောင် စိုးရတယ် အဲသလောက် မရပ်ပဲကိုငိုတာ နေ့ တိုင်း။

တစ်ခါတလေ ညလုံးပေါက် ဘီအီးလာသောက်တဲ့လူတွေလဲရှိသေးတယ်။ အိမ်ကျဥ်းကျဉ်းလေးထဲ လေးငါးယောက်စုပြီး စကားကြီးစကားကျယ်တွေပြောပြီး သောက်ကြတာ ညလုံးပေါက်။

ဒီ ငမူးအသံတွေနဲ့  ထမင်းဆိုင်သိမ်းပြန်လာတဲ့ မိသားစုတွေနဲ့  ညညဆို မူးပြီး အိမ်တကာ ပိုက်ဆံလိုက်ချေးတဲ့ ရပ်ကွက်လူကြီးသားနဲ့ ဒီလူတွေကြားမှာ ခင်ဗျားဆို နေမလား ပြော။ မနေနိုင်ဘူးမလား။အင်း မနေနဲ့ ။ကျနော်လဲ နေနိုင်ဘူး။

ဒါပေမဲ့သူတို့ တွေနေကြတယ်။ ဘယ်သူတွေ ဘယ်လောက်ဆူဆူ ဂရုမစိုက်ကြဘူး၊ ရန်မတွေ့ ကြဘူး။ အဖက်မလုပ်ဘူး၊ မညိုညင်ကြဘူး။ အဲဒီအသံတွေဟာ ဆူညံသံတွေမဟုတ်ဘူး အဲဒီအသံတွေကို နားထောင်ပါများလို့  နားယဉ်ပြီး ဆူညံသံတွေက နှိုးစက်အဖြစ် ပြောင်းသွားတယ် ထင်ပါတယ်။ ကျနော့်အတွက်တော့ နားငြီးလို့   ဒေါသတွေထွက်ပြီး အကုသိုလ်တွေပွါးနေတာ သူတို့ ကတော့ ဘယ်လောက်မူးမူး ဘယ်လောက်ဆူဆူ ဂရုမစိုက်ပဲ ရင်းရင်းနီးနီး နေနေကြပြီး သူတို့ လုပ်ချင်တာတွေပဲ လုပ်နေပါပကောဗျာ။သြော်..နေနိုင်သူများပါတကားလို့ ရယ်သာ ချီးမွန်းထောပနာ ပြုမိပါတယ်လေး။

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး