မမဗိုက်များ အတွက်ပါ။

အခုရေးသားမျှဝေမယ့်အကြောင်းအရာများသည် ဖတ်ဖူးခဲ့တဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ မြင့်မောင်မောင် နှင့် ဆွေးနွေးမှု့များ၊ မေးမြန်းဖြေကြားမှု့များ ပြုလုပ်သည့်အကြောင်း အရာကို အခြေခံ၍ ထုတ်ဝေထားသော ဆေးပညာစာအုပ်များမှ ကောက်နုတ်တင်ပြပေးခြင်းဖြစ်ပါသည်။

ကိုယ်ဝင်ဆောင်မိခင်များ ဘယ်အချိန် ဗိုက်အပ်သင့်လဲ

အများအားဖြင့် ဗိုက် (၇)လ ကျော်မှာအပ်ကြပါတယ်၊ အဲဒါနဲ့ပက်သက်ပြီး နည်းနည်းဆွေးနွေးပြောမယ် ပထမ ဆုံး သွေးစထိမ်သွားပြီ ရက်ကျော်သွားပြီဆိုတာနဲ့ မိခင်မှာ စိတ်လှုပ်ရှားမှု့၊ ၀မ်းသာမှု့၊ စိုးရိမ်မှုတွေ အများ ကြီး တစ်ပြိုင်တည်းပေါ်လာတယ်၊ နောက်ပြီး မူးတယ်၊ အနည်းငယ်ပျို့ချင်တယ်၊ တစ်ချို့ အမျိုးသမီး တွေ ဒီလိုဖြစ် တာ အရမ်းဆိုးတယ်၊ အော့တယ်၊ အန်တယ်၊ အစာလုံးဝလက်မခံဘူး၊တစ်ချို့ကျတော့ အဖတ်လက်မခံဘူး၊ ကိုယ်ဝန်စရှိပြီး ရက်ပိုင်း သို့မဟုတ် တစ်ပတ်၊နှစ်ပတ်၊ သုံးပတ်ကျော်မှ စဖြစ်တတ်ပါတယ်၊ အဲလို အမျိုးသမီး မှာဖြစ်ရင် အမျိုးသားကလည်း ဘာမှမတတ်နိုင်ဘူး သူတို့စိတ်ထဲမှာ ကိုယ်ဝန်ရှိနေပြီဆိုတာတော့သိနေပြီပေါ့။ အဲဒီမှာအတော်များများ အထွေအထွေရောဂါကု နီးစပ်ရာဆရာဝန်ထံပြကြတယ်၊ အဲဒီမှာ ကိုယ်ဝန်ရှိတာကြောင့် လို့မတွေးဘဲ မူးတာ အော့အန်တာ သက်သာပျောက်တဲ့ဆေးပေးကြတယ်၊ ကိုယ်ဝန်ဆောင်ရဲ့ ပထမ ၃-၄ လ မှာ သန္ဓေသားဟာအထဲမှာ ကလီစာတို့ ကိုယ်တွင်းအစိတ်အပိုင်း ဖြစ်နေတဲ့အချိန်ဖြစ်လို့ ပေးလိုက်တဲ့ဆေးဟာ အခန့်မသင့်ရင် သန္ဓေသားအတွက် အန္တရာယ်ရှိနိုင်ပြီး မူမမှန်တဲ့ချို့ယွင်းမှု့တွေဖြစ်နိုင်ပါတယ်။ ပျို့အန်တာ အတွက် အစောပိုင်းပေးတဲ့ဆေးတွေဟာ ကလေးမှာထိခိုက်နိုင်တယ်ဆိုတာ သတိမပြုမိကြတဲ့သူတွေအတော် များပြီး ၇ လကျော်မှ OG ထံဗိုက်အပ်တတ်ကြပါတယ်၊ အမှန်တော့ ကိုယ်ဝန်စတည်ကထဲက OG ဆရာဝန်နဲ့ ဆွေးနွေးဆောင်ရွက်သင့်ပါတယ်။

အဲဒီမှာဆက်ပြောရရင် ပထမ ၃ လ ဟာအရေးကြီးပြန်ပါတယ်၊ ဘာလို့လဲဆိုတော့ သားဦးဘဲဖြစ်ဖြစ် သားနှောင်းဘဲဖြစ်ဖြစ် သားလျောသားပျက်ဖို့ အခွင့်အလန်းရှိတတ်သလို၊ ၃ လကျော်ကစပြီး သားလျော သားပျက်ဖို့ အခွင့်အလန်းနည်းလာသလို ၅ လကျော် ကလေးလှုပ်တဲ့ အချိန်မှာဆိုရင်တော့ စိတ်ချရတဲ့ သဘောရှိပါတယ်၊ အဲဒီတော ၇ လမှာဗိုက်အပ်ကြတယ်ဆိုတော့ စိတ်မချရမယ့် အချိန်တွေမှာ မအပ်ဖြစ်ဘဲ အလျဉ်းသင့်သလိုနေကြတာလို့ ဆိုချင်ပါတယ်။ နောက်တစ်ခုက အခြားကိုယ့်ရောဂါ အခံရှိရင်လည်း ကြိုပြီး ကုသင့်တာကိုပြုလို့ရနိုင်တဲ့ အချိန်ဖြစ်စေမှာပါ၊ ဥပမာ- ဆီးချိုလိုမျိုး၊ သွေးအားနည်းတာမျိုး စသည်ဖြင့်ပေါ့။ ၇ လ ဗိုက်အပ်မှဆို အဲဒီအခြားရောဂါတွေကုဖို့နဲ့ မွေးချိန်နီးသွားနိုင်ပါတယ်၊ တစ်ချို့ဆို ၇ လနဲ့ သွေးဆင်းပြီး စောစောမွေးတတ်တာလည်းရှိတယ်လေ။ ဒါကြောင့် အကြံပေးချင်တာကတော့ ကိုယ်ဝန်ဆောင် ၃ လထက် နောက်မကျဘဲဗိုက်အပ်ဗိုက်ပြထားရင် အင်မတန် အကျိုးကျေးဇူးထူးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ပြဿနာများ

၁။ ကလေးအနေအထားမှန်ဘူး၊ ရိုးရိုးပုံမှန်အစား တင်ပါးဆုံဖြစ်နေတာ၊ ကန့်လန့်တည်နေတာ၊ အခြားမမွေး နိုင်တဲ့အခြေအနေဖြစ်ခြင်း – ဒါတွေဟာစောစောသိရင် ကောင်းပါတယ်၊ ဥပမာ တင်ပါးဆုံနဲ့ နေတာ သိရင် သင့်လျော်တဲ့အချိန်မှာ ပြင်ပေးလို့ရနိုင်တယ်၊

၂။ နှစ်မြွာသုံးမြွာဖြစ်နေတာ – အမြွှာကြောင့်သွေးတိုးတတ်တယ်၊ ကိုယ်ဝန်ဆိပ်ပိုတက်တတ်တယ်၊ အမြွှာတွေ ဟာစောစောမွေးတတ်တယ်၊ ဒါတွေကြိုသိရင် မိခင်ရောကလေးအတွက်အဆင်ပြေနိုင်တယ်၊

၃။ မမွေးခင်သွေးဆင်းတာ – အချင်းရှေ့ရောက်လို့ သွေးဆင်းတာတို့၊ အချင်းကွာလို့ သွေးဆင်တာဖြစ်တယ်၊ ကိုယ်ဝန်ဆောင် နေထိုင်မှု့အပေါ်မူတည်နိုင်လို့ ဆရာဝန်ညွှန်ကြားသလိုနေထိုင်သင့်ပါတယ်၊

၎။ ကိုယ်ဝန်အဆိပ်တက်တာ – ဒါဟာ ဆေးပညာအရ ရောဂါမဟုတ်ဘူး၊ ကိုယ်ဝန်ရှိတုန်းဖြစ်တတ်တာပါ၊ ခြေတွေလက်တွေ ဖောရောင်တာ၊ သွေးတိုးတက်တာ၊ ဆီးစစ်ကြည့်ရင် ဆီးအနည်ထိုင်တာ၊ ပရိုတင်း အသား ဓာတ် ဆီထဲမှာရှိနေတာတွေဖြစ်တတ်ပါတယ်။

၅။ ရေမြွာစောစောပေါက်တယ်

၆။ မမွေးနိုင်ဘဲ အမွေးကြာတယ်၊ အဲဒီကျ သားအိမ်ညှစ်တာများလွန်ပြီး ကလေးက ကန့်လန့်ဖြစ်နေရင် သားအိမ်ကွဲနိုင်ပါတယ်၊

၇။ အနေအထားမမှန်တာကို ခွဲမမွေးရင် မွေးနေတုန်း ကလေးဒုက္ခရောက်တတ်ခြင်း

၈။ သွေးတစ်ခါ ထပ်ဆင်းခြင်း။

၉။ သန္ဓေသားလွဲမှားတည်ခြင်း၊ စောစီးစွာ ဆရာဝန်ညွှန်ကြားချက်အတိုင်းပြုမူနေသင့်သည်။

မွေးဖွားမယ်ဆို ဆေးရုံမှာမွေးသင့်ပါတယ်၊ အကယ်လို့ အိမ်မှာမွေးရင် လွတ်လပ်တာမှန်ပေမယ့် အပေါ်က ပြောခဲ့တဲ့ အခက်အခဲလေးတွေကြုံရတဲ့အခါ မထင်မှတ်တာတွေဖြစ်တတ်ပါတယ်၊ ဥပမာ- အိမ်မှာမွေးပြီး သွေးဒလဟောဆင်းနေမှ ဆေးရုံအမြန်ပို့ရင် အခန့်မသင့်ပါက သွေးထွက်လွန်တာဖြစ်တတ်ပါတယ်၊

နောက်တစ်ခုက နို့တိုက်ခြင်းဆိုတာပါ၊ နို့တိုက်ခြင်းကို မွေးပြီးမှ အစပြုတာလို့ ထင်ကြတယ်၊ တကယ်တော့ မဟုတ်ပါဘူး၊ ခပ်စောစော ကိုယ်ဝန်အပ်ကထဲက ရင်သားဖွံဖြိုးမှု့ရှိသေးရဲ့လား၊ နို့သီးခေါင်းပုံမှန်ရှိရဲ့လား၊ အထဲချိုင့်ဝင်နေလား၊ ကျားပစပ်လိုဖြစ်နေလား၊ ဒါတွေကို ကိုယ်ဝန်ဆောင်သူ မိခင်က ကြည့်ရမှာဖြစ်ကာ ဗိုက်ပြတာနဲ့အတူ ဆရာဝန်ကိုတိုင်ပင်ရမှာဖြစ်ပြီး ပြုပြင်သင့်တာပြုပြင်ထားရမှာပါ။ နို့တိုက်ခြင်း ပုံမှန်ဖြစ်တည် မှု့မှာ ကလေးမွေးပြီး ပထမ ၂ ရက်က နို့ဦးရည်ထွက်တယ်၊ ၃ ရက်မြောက်ကစပြီး နို့အဖြူထွက်တယ်၊ ၅ ရက် တစ်ပတ်လောက် နို့တိုက်လိုက်တာနဲ့ ကလေးကိုနို့တိုက်တတ်သလို ပုံမှန်လည်ပတ်သွားတာပါ။ မိခင်နို့တစ်မျိုး တည်းကို ၄ လထိတိုက်ကျွေးသင့်ပါတယ်၊

မမခိုင်နဲ့ မမဗိုက်များ ဗဟုသုတရအောင် ဖတ်ဖူးတဲ့စာပေထဲက ရေးပြီးသမျှကို မျှဝေလို့တင်ပေးလိုက်တာပါ။ နောက်ပိုင်းလည်း မမဗိုက်များ ဆောင်ရန် ရှောင်ရန်လေးတွေ ဖတ်ခဲ့ဖူးတဲ့ထဲက ပြန်ဝေမျှပါအုံးမယ်ဗျာ။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..