အမှန်တော့ ဒီစာကို ကွန်မန့်ပေးဖို့ ရေးရင်းနဲ့ နည်းနည်းရှည်သွားလို့ ပို့စ်အနေနဲ့ သီးသန့်တင်လိုက်ပါတယ်။ ထုံးစံအတိုင်း ဦးနှောက်ကို မုန်တိုင်းတိုက်လိုက်တယ်ဗျာ။

ကိုရှုံးနိမ့်မှုများနဲ့လူက စည်းကမ်းချက် အမှတ် ၁၃ ကိုပြောတာ မြင်လို့ ကျနော်လဲ စိတ်ဝင်စားတာနဲ့ ဝင်ပါလိုက်တယ်ဗျာ။ အဲဒီ စည်းကမ်းချက် ၁၃ ကိုပြောချင်တာ ကြာပြီ။ ကျုပ်က ကျုပ်အမြင်ကို ပြောမယ်။ မကျေနပ်သူက ချေဖျက်နိုင်တယ်။ ကျုပ်ကလဲ ပြန်လည် ချေဖျက်ဆွေးနွေးမယ်။ ထုံးစံအတိုင်းပေါ့။ အဲဒီ စည်းကမ်းချက် ၁၃ အကြောင်းပြောချင်တာ ကျနော်ရေးတဲ့ စဉ်းစားကြစေလိုပါတယ် (၁၈) တိုင်းရင်းသားအရေးသို့ ပြန်ကြားချက်နဲ့ ကိုကြောင်ဝတုတ်ရေးတဲ့

ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ဆိုတဲ့ ဆောင်းပါးကတည်းကပဲ။ ကျုပ်အမြင်နဲ့ တချို့လူတွေ အမြင်တူမှာ မဟုတ်ဘူး။ ကျုပ်စိတ်ထင် အဲဒီစည်းကမ်းချက်ကို တွင်တွင်ပြောနေသူတွေတောင်  ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ကွဲပုံမရဘူး။

မန်းဂေဇက်ကို မူတည်ပြီး ပြောမှာဆိုတော့ မန်းဂေဇက်ဟာ သိကြတဲ့အတိုင်း စာတွေရေးတဲ့ နေရာဆိုတော့ ဒီနေရာမှာ ဒီစာရေးတဲ့ အဓိကအလုပ်ဟာ ခင်ဗျားတို့ရဲ့ ပရော်ဖက်ရှင်နယ် ကျန်တဲ့ ခင်ဗျားတို့ရဲ့ ပြင်ပဘဝတွေက ပါစင်နယ်လို့ ကျုပ်သတ်မှတ်တယ်။ သဘောမတူတဲ့လူ ဆွေးနွေးနိုင်တယ်။

အဲဒီ စည်းကမ်းချက်အရ “Member တဦးသည် အခြား Member အပေါ် ပုဂ္ဂလိကဆိုင်ရာ မှတ်ချက် ထင်မြင်ချက်ပေးရန် လုံးဝ (လုံးဝ) အခွင့်မရှိ” လို့ရေးထားတယ် မဟုတ်လား။ အဲဒီတော့ စဉ်းစားကြည့်ရအောင်။ ဒီမန်းဂေဇက်က ဘာလုပ်တဲ့ နေရာလဲ။ စာပေဝါဿနာ ပါသူတွေ စာတွေရေးတဲ့ နေရာ မဟုတ်လား။ ခင်ဗျားတို့ထဲမှာ တချို့က ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာ ကုန်သည် စသည်ဖြင့် အမျိုးမျိုး ရှိကြမှာပေါ့ဗျာ။ အဲဒါ ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကဆိုင်ရာ ဘဝတွေ မဟုတ်လား။ ဆင်းရဲ ချမ်းသာ နိုင်ငံခြားမှာနေသူ မြန်မာပြည်မှာနေသူ အမျိုးမျိုး ရှိမယ်ပေါ့။ အဲဒါလည်း ပုဂ္ဂလိကဆိုင်ရာ အခြေအနေပဲ။ အဲဒါကို မှတ်ချက်ပေးခွင့် မရှိဘူးလို့ဆိုရင် လက်ခံတယ်ဗျာ။

အဲ ဒါပေမယ့် အဲဒီ ပုဂ္ဂလိကဆိုင်ရာ ဘဝတွေကို စာပေမျက်နှာပေါ်တင်ပြီး ရေးပြီဆိုရင်တော့ ရေးသူကိုယ်တိုင်က ခင်ဗျားတို့ရဲ့ ပါစင်နယ်ကို ပရော်ဖက်ရှင်နယ်လိုင်းထဲကို ဆွဲထည့်လိုက်ပြီဗျ။ ဝေဖန်သူက ဝေဖန်ရင် စည်းကမ်းချက်အမှတ် ၁၃ကို မပြောနဲ့တော့ဗျို့။ အဲဒါ ဝေဖန်သူက ခင်ဗျားတို့ရဲ့စာကို ဝေဖန်နေတာ သူက တကယ့်ပရော်ဖက်ရှင်နယ်။ ပြောခံရသူသာ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ကို မခွဲတတ်တာဗျ။ စဉ်းစားကြည့်လေ။ ခင်ဗျားတို့ရဲ့ ပုဂ္ဂလိကဆိုင်ရာ ဘဝကို တဘက်လူက သိတယ်ဆိုရင်တော့ ခင်ဗျားတို့ကိုယ်တိုင် ရေးလို့သာပေါ့။ ဒီလိုမှ မဟုတ်ပဲ တမင်ကို စုံစမ်းပြီး ရေးတာဆိုရင်တော့ သူဟာ အောက်တန်းကျသူပေါ့။ ဒီမှာတော့ ခင်ဗျားတို့ ကိုယ်တိုင် ရေးကြတာပါ။

ဒါဖြင့် ပုဂ္ဂလိကဆိုင်ရာ ဘဝကို မရေးရတော့ဘူးလား ဆိုရင် ရေးချင်သပဆိုရင် ရေးနိုင်တာပေါ့ဗျာ။ ဆရာကြီး ရွှေဥဒေါင်းဆိုရင် တသက်တာမှတ်တမ်းဆိုတဲ့ စာအုပ်ကြီး ရေးလိုက်တာ အလွန်ခမ်းနားခဲ့တာပဲ။ ဒါပေမယ့် မမေ့နဲ့နော်။ ဆရာကြီးက သူကောင်းတာရော မကောင်းခဲ့တာရော ညံ့ခဲ့တာရော သေသေချာချာ ရေးခဲ့တာဗျ။ သူ့တပည့် စာရေးဆရာကြီး သော်တာဆွေလဲ ကျနော့်ဘဝဇတ်လမ်းစုံ ဆိုပြီး ရေးခဲ့တာ နာမည်ကျော်ပြီး အကြိမ်ကြိမ် ပုံနှိပ်ခဲ့ရတာပဲ။ အဲဒီမှာလဲ ဆရာကြီး သော်တာဆွေက သူပွေခဲ့တာတွေကိုပါ ရေးခဲ့တာ။

ဒီမှာ တချို့လူတွေ ရေးကြတာတော့ ငါဘယ်လို သုံးဖြုန်းခဲ့တာ ဘယ်ဆိုင်မှာ သွားစားခဲ့တာ ဘယ်ကောင်မလေးနဲ့တွေ့တာ စသည်ဖြင့်ပေါ့ဗျာ။ နောက်ပြီး ကျုပ်က နထို့ပလို့မြို့မှာ နေပါတယ်ကွယ်။ သူကတော့ တောင်ပုလုမြို့မှာ နေပါတယ်။ ခင်ဗျားတို့နေတဲ့ အာတာလွတ်မြို့ကတော့ ကျုပ်နေတဲ့ နထို့ပလို့တို့ တောင်ပုလုမြို့တို့လောက်တော့ မချမ်းသာပါဘူး စသည်ဖြင့်ပေါ့ဗျာ။ ကျုပ်တို့ ဆွေတွေ မျိုးတွေ ကောင်းစားခဲ့ကြတာ တကယ့်ကို ဆွေကြီး မျိုးကြီး ချိုကြီး နားရွက်ကားတွေပါ ဘာညာပေါ့ဗျာ။ ခပ်ကြွားကြွားလေးပေါ့။

ကိုယ့်ရှိလို့ ကိုယ်ကြွားတာကိုတော့ မနာလိုစရာ မရှိပေါင်ဗျာ။ ဒါပေမယ့် ထုံးစံအတိုင်း တဘက်လူက ကိုယ့်ရဲ့ စာထဲကလေသံကို သိလို့ အဲဒီစာကို ဝေဖန်ရင်တော့ အဲဒါပါစင်နယ် တိုက်ခိုက်တာ မဟုတ်တော့ဘူးဗျ။ ခင်ဗျားတို့ရဲ့ စာကို ဝေဖန်တာ။ ဝေဖန်သူက ပရော်ဖက်ရှင်နယ် ရေးတဲ့လူကတော့ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ်ကို မကွဲသူပဲ။

တော်တော်များများလဲ ဝေဖန်ခံရတဲ့ လူတွေကို ကြည့်ရင် ကိုယ့်ရဲ့ ပါစင်နယ်ဘဝကို ကိုယ်ရေးနေတဲ့ စာထဲ ခပ်ကြွားကြွားလေးရေးလို့ အဝေဖန်ခံရတာဗျ။ သာမန် ရိုးရိုးသားသား ကိုယ့်ရဲ့ အကြောင်းကို ရေးလေ့ရှိသူတွေ ဝေဖန်ခံရလေ့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဖတ်သူက စာထဲကနေ ရေးသူရဲ့ စိတ်ထားကို မြင်သွားလို့ပဲ။(အမှန်တော့ ကျနော့်အမြင် ခပ်ကြွားကြွားရေးလေ့ ရှိသူလဲ သိပ်မရှိပါ။ အနည်းငယ်သာ ရှိနိုင်ပါသည်။)

အမှန်အတိုင်း ပြောရရင် ကျနော်ဟာ ဒီနေ့အထိ ကျနော့်ရဲ့ ပုဂ္ဂလိကဆိုင်ရာ ဘဝကို စာထဲထည့်မရေးပါဘူး။ သာမန်အကြောင်းအရာလောက်က လွဲရင်ပေါ့။ အဲဒီတော့ ဘယ်သူမှ ဝေဖန်ခွင့် မရှိဘူး။ ဝေဖန်သူကိုလဲ ပါးပိတ်ရိုက်မယ်လို့ စဉ်းစားထားတယ်။ ဘယ်လို ရိုက်မှာလဲ မမေးနဲ့။ အွန်လိုင်းပေါ်က ပြောင်မြောက်တဲ့ စကားလုံးတွေသုံးပြီး ပါးပိတ်ရိုက်မှာ။ ဟဲ ဟဲ အလကား နောက်တာပါဗျာ။ မလုပ်ပါဘူး။ ဒါပေမယ့် လုပ်ချင်လဲ လုပ်မယ်ပေါ့။

အဲဒီလို့ပဲ သူများကို ကိုယ်ကဝေဖန်လို့ သူများက ကိုယ့်စာမှာ ပါနေတဲ့ အကြောင်းအရာတွေကို ပြန်ပြီး ဝေဖန်မယ် ကိုယ့်ရဲ့ ရေးပုံသားပုံကို ဝေဖန်မယ်ဆိုရင်တော့ အဲဒါလည်း လုံးဝ လုံးဝ အရမ်း အရမ်းကို professional ဖြစ်ပါတယ်ရှန် အဲလေ ဗျာ။ လုံးဝ ပါစင်နယ် တိုက်ခိုက်တာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ စာကို ဝေဖန်တာပါ။ မဟုတ်ဘူး ဆိုရင်တော့ ပြန်လည်ဖြေရှင်းပေါ့။ ဟုတ်နေရင်တော့လည်း ခံလိုက်အုံးပေါ့။

ကဲ ဒါပါပဲ အဲဒါ ကျုပ်မြင်တဲ့ စည်းကမ်းချက် အမှတ် ၁၃ ပဲ။ ဆွေးနွေးလိုသူတွေ ဆွေးနွေးနိုင်ပါတယ်။ ကျနော်လဲ အချိန်အားလေးတွေမှာ ပြန်ဆွေးနွေးပါမယ်။

About San Hla Gyi

San Hla Gyi has written 21 post in this Website..