“ဘယ်စာဝါ ဘယ်နှစ်ဝါ မောင်သင်မတုံးးးးးးးးးးးးး”

“ဘယ်စာဝါ ဘယ်နှစ်ဝါ မောင်သင်မတုံးးးးးးးးးးးးး”

 

 

ဒီရန်ကင်းရွာဦးကျောင်းက ရွာအရှေ့ဘက်ထိပ်မှာရှိပါတယ်။

ရွာမြောက်ဘက် မတ္တရာဘက်သွားတဲ့ပေတစ်ရာလမ်းမကနေတောင်ဘက်

ရွာလမ်းမအတိုင်းတည့်တည့်ဝင်လာရင် ရွာတော်ရှင်ဘိုးဘိုးကြီးရဲ့နတ်ကွန်းလေးကို

ဖြတ်ပြီးရင်ဘုန်းကြီးကျောင်းအဝင်ဝကိုရောက်လာပါတယ်။

ဘုန်းကြီးကျောင်းဝတ္တကမြေကိုတော့ စည်းရိုးရယ်လို့သတ်သတ်မှတ်မှတ်ခတ်မထားပေမယ့်

အနောက်ဘက်က အိမ်တွေရယ် ကျောင်းရယ်ကိုတော ့ သဘာဝခင်တန်းလေးက ပိုင်းခြားလို့ပေးထားပါတယ်။

ကျောင်းအဝင်စ အရှေ့ဘက်ခြမ်းမှာတော့ ကျောင်းအိုအိုလေးတစ်ကျောင်းရှိပါတယ်။

ဦးဇင်းတစ်ပါး တည်းသီတင်းသုံးပါတယ်။

အဲဒီဦးဇင်းရဲ့ အများနဲ့မတူတဲ့ထူးခြားချက်ကတော့ တစ်နှစ်ပါတ်လုံးရေမချိုးဘဲ

မြန်မာနှစ်ဆန်းတစ်ရက်နေ့ တစ်ရက်ထဲဘဲ ရေချုးိတယ်လို့ သိရတာပါဘဲ။

သူ့ကျောင်းခြံဝင်းတံခါး ကိုအမြဲပိတ်ထားပြီး တသီးတသန့်နေတဲ့ ရဟန်ုးဖြစ်ပါတယ်။

 

ဘုန်းကြီး ကျောင်းဝင်းကြီး က အတော်လေးကျယ်ဝန်းပါတယ်။

ကျောင်းဝင်းထဲကို ဝင်လာခဲ့ရင် ကျောင်းဝင်းအလည်လောက်မှာ ဘုရားတစ်ဆူနဲ့ဇရပ်တစ်ဆောင်ကိုတွေ့ရပါမယ်။

ဆက်လာလိုက်ရင်တော့ နှစ်ရင့်မန်ကျည်းပင်နဲ့ သရက်ပင်တွေဝိုင်းနေတဲ့ ကြီးမားတဲ့နှစ်ထပ်ကျောင်းဆောင်ကြီးကို

ဘွားကနဲတွေ့နိုင်ပါတယ်။

ကျောင်းအပေါ်ထပ်ကတော့ ကြမ်းခင်းပြီးအောက်ထပ်ကတော့ အကာအရံမရှိဘဲ ခုံတန်းလျားလေးနဲ့စားပွဲတစ်လုံးတော့ချထားပါတယ်။

ကျောင်းအနောက်ဘက်မှာတော့ ကိုရင်လေးတစ်ပါးနဲ့ ကပ္ပိယကြီးနေတဲ့ မီးဖိုဆောင်လေး တစ်ဆောင်။

ကျောင်းပေါ်မှာတော့ အရှေ့မြောက်ဘက်က အခန်းမှာ ဦးဇင်း ဇဝန သီတင်းသုံးပြီး

အရှေ့တောင်ဘက်အခန်းကတော့ ဆရာတော်ကြီးသီတင်းသုံးပါတယ်။

ဒီအခန်းနှစ်ခန်းရဲ့ကြားမှာတော့ ဘုရားခန်းရှိပြီး ကျနော်တို့ကိုရင်တွေကို ဒီဘုရားခန်းရှေ့မှာ

နေရာချထားပေးပါတယ်။

ကျောင်းအနောက်တောင်ဘက်အခန်းကတော့ ကျက်သရေခန်းဖြစ်ပါတယ်။

(ကျက်သရေခန်းဆိုတာ အစားအသောက်တွေစုံစီနဖာ ထားတဲ့အခန်းပါဘဲ)

 

ကျောင်းဝင်းကြီး အကျယ်ကတော့ ခန့်မှန်းခြေပေလေးငါးခြောက်ရာလောက်ရှိပါတယ်။

ဆရာတော်ကြီးအခန်းခေါင်းရင်းမှာတော့ ကရက်မက်ပင်အကြီးကြီးတစ်ပင်။

သူ့အောက်မှာတော့ ရေညှိစိမ်းစိမ်းလေးတွေတက်နေတဲ့ အဝီစိတွင်း။

ပေနှစ်ဆယ်လောက်နက်ပြီး ရေကတော့ ကြည်လင်အေးမြလို့နေပါတယ်။

ရေတွင်းရဲ့ အရှေတောင်ဘက်မှာတော့ မိုးရေလှောင်ကန်ကြီးရှိပြီး

ပေ၂ဝကျယ်ပြီး ပေ ခြောက်ဆယ်လောက် ရှည်တဲ့ မြေဘောင်နဲ့ကန်ကြီးပါဘဲ။

ရေရှားပါးချိန်မှာတစ်ရွာလုံးအသုံးပြုဘို့အတွက်ထားပါသတဲ့။

ကျောင်းအရှေ့ဘက်က သရက်ပင်အုပ်လေးအဆုံးမှာတော့ စည်းရိုးလေးခတ်ထားပါတယ်။

သူ့အရှေ့ဘက်မှာတော့ ရေအိုင်ငယ်လေးရှိပြီး အိုင်လေးရဲ့ အရှေ့ဘက်နဲ့တောင်ဘက်မှာရှိတဲ့

လယ်ကွင်းတွေကဟိုးအဝေးကြီးထိမျက်စေ့တစ်ဆုံးရှိနေပြန်ပါတယ်။

ဟိုးအရှေ့ဘက်တောင်ဘက်မြောက်ဘက်အားလုံးက မျှော်မဆုံးတဲ့လယ်ကွင်းတွေချည်းပါဘဲ။

အခုချိန်မှာ စပါးတွေ  ရိပ်သိမ်းပြီးစဖြစ်တော့ရိုးပြတ်တွေဘဲထိုးထိုးထောင်ထောင်နဲ့ကျန်နေပါတယ်။

ကျောင်းကြီးပေါ်ကနေတက်ကြည့်ရင် တောင်ဘက်တည့်တည့်မှာတော့ ပြိုကျ ပျက်စီးနေတဲ့ကျောင်းလိုလို

ဇရပ်လိုလို အဆောက်အဦးကြီးရှိပါတယ်။

ခြုံနွယ်တွေပိတ်ဆို့အုံ့ဆိုင်းပြီး လူအဖြတ်အသန်းမရှိသလောက်ပါဘဲ။

တစ်ခါတစ်လေမှာသာနွားတွေလှန်ထားတာကိုတွေ့ရတတ်ပါတယ်။

*******************************************************************

ကျနော်တို့ကို သာမဏေဘဝကိုရောက်အောင်သွတ်သွင်းဘို့အချိန်ရောက်လာတော့

ကျနော်တို့မောင်ရင်လောင်းတွေရော မိသားစုတွေပါ ဘုန်းကြီးကျောင်းဝင်းထဲကိုအကုန်လိုက်ခဲ့ကြပါတယ်။

သင်္ကန်းပရိက္ခရာတွေ ကျနော်တို့အတွက်ပေးထားထဲ သံသေတ္တာသေးသေးလေးရောပေါ့။

ကျောင်းအောက် မှာ ဆရာတော်က ဆံချဘို့အတွက်ရေပုံးတွေ သင်ဓုန်းဒါးတွေအဆင်သင့်

ခုံပေါ်မှာချထားပါတယ်။

အငယ်ဆုံးကနေစပြီးဆံချမယ်လို့ဆရာတော်ကြီးကမိန့်တော့ ကလေးမိဘနှစ်ပါးက ပိတ်ဖြူစလေးကို

တစ်ဘက်တစ်ချက်စီကိုင်ပြီးခံထားပါတယ်။

နောက်တစ်ယောက်အလှည့်ရောက်ချိန်မှာတော့ တအိအိနဲ့ရှိုက်ငိုသံတွေထွက်လာပါတယ်။

ပြီးခဲ့တဲ့တစ်လကမှ သူ့အိမ်သားကွယ်လွန်သွားတဲ့အဒေါ်မပူစူး ရဲ့အသံတွေပါ။

ညနေထမင်းစားအပြီး ဘိုက်အောင့်တယ်ဆိုပြီး အစာကြေဆေးတွေသူ့ဘာသာသူသောက်ရင်းနဲ့

အစာအိမ်ပေါက်ပြီးဆုံးသွားတော့ သားလေးတစ်ယောက်ကျန်ခဲ့တာပါ။

အဲတော့ ဆံချတဲ့အချိန်မိစုံဘစုံ မရှိတော့ သွားလေသူကို သတိရလာတော့ ဝမ်းနည်းပြီးငိုတာပါ။

အမေအုန်းရင်ကတော့ “မငိုပါနဲ့ပူစူးမရယ် ညည်းတစ်ယောက်ထဲဘဲမစုံတာမဟုတ်ပါဘူးအေ”လို့ပြောလိုက်မှ

ကျနော်တို့အဖွားကလဲ မျက်ရည်စမ်းစမ်းဖြစ်လာပါတယ်။

ဖြစ်ဆိုကျနော်တို့ညီအကိုကလဲ မိစုံဖစုံမဟုတ်ဘူးကိုဗျ။

ဒေါ်လေးပူစူးတို့ သားလေးကိုဆံချမယ်လုပ်တော့ အားမငယ်အောင်အလှူအမတို့လင်မယားရယ်

ကျနော်တို့ ဘကြီးရယ်က ပိတ်ဖြူစကို ဝိုင်းကိုင်ပေးပါတယ်။

ခေါင်းငုံ့ထားရတဲ့ကလေးကတော့ ဘာမှမသိ။

သူ့အမေကတော့ အသံမထွက်အောင်ရှိုက်ရှိုက်ပြီးတအိအိငိုနေပါတယ်။

သူဝမ်းပန်းတနည်းငိုနေတော့ ကျန်တဲ့သူတွေလဲမျက်ရည်စို့စို့နဲ့ပေါ့။

တကယ်တန်းပြောရရင်ကျနော်ညီအကိုနှစ်ယောက်ကလဲ မိခင်ရင်ခွင်နဲ့ဝေးနေသူတွေပါဘဲ။

ဒါပေမယ့် နှစ် နှစ်လောက်ရှိပြီဆိုတော့လောကကြီးရဲ့ဖြစ်လေရာဘဝမှာနေသားတကျဖြစ်အောင်

နေတတ်နေပါပြီ။

သိတတ်စအရွယ်ဖြစ်နေတော့ မရနိုင်တာကို မတမ်းတဖြစ်အောင်နေနိုင်တဲ့စိတ်ကလေးကို

မွေးထားနိုင်ခဲ့တော့ခံစားရပေမယ့်လည်း ဖြေသာတတ်နေပါတယ်။

ဒါနဲ့ဘဲ ကျနော်တို့အလှည့်ရောက်ချိန်မှာတာ့ အမေအုန်းရင်တို့ရယ် အဖွားရယ် ကျနော်တို့အဒေါ်အပျိုကြိးရယ်

အဖေရယ်က ပိတ်စကိုဝိုင်းကိုင်ထားပေးကြပါတယ်။

လူကြီးတွေမျက်နှာဘယ်လိုများနေမလဲလိုစပ်စုချင်တော့ ခေါင်းလေးမော့အကြည့် ပူကနဲဖြစ်သွားပါတယ်။.

ခေါင်းရိတ်ပေးနေတဲ့ဦးဇင်းက ကိုရင်လောင်း ငြိမ်ငြိမ်နေ ဓါးထိမယ်လို့ပြောပါတယ်။

တော်ပါသေးရဲ့ အဖျားလေးဘဲခတ်သွားလို့ သွေးနည်းနည်းထွက်တာနဲ့ပြီးသွားပါတယ်။

လူကြီးတွေမျက်နှာမှာ ကြည်နူးရိပ်နဲ့ ဝမ်းနည်းရိပ်ပေါင်းစပ်လို့နေမှာကတော့အသေအချာ။

လူဆိုတာ တိုက်ဆိုင်တိုင်းလွမ်းတတ်တာကိုးဗျ။

 

 

ကျနော်တို့အားလုံးခေါင်းတုံး တုံးပြီးတဲ့အခါမှတော့ရေချိုးကြပါတယ်။.

ရေတွင်းကြီးထဲကနေခပ်လို့ ခေါင်းလောင်းပြီး ချိုးရာတာ အေးစိမ့်ပြီးအရသာရှိလှပါတယ်။

အတော်ကြာအောင်ကတုံးမရိတ်ဘဲထားခဲ့တော့ ခေါင်းကိုရေထိချိန်အပူတွေတရှိန်ရှိန်ထွက်လာတာကိုက

အရသာတစ်မျိုးပါဘဲ။

ဘုရားရှေ့က  ဇရပ်ထဲမှာဖျာတွေခင်းထားပါတယ်။

ကျနော်တို့ကို ဘဝပြောင်းပေးမယ့်နေရာလေးပေါ့။

အမြင့်မှာ သီတင်းသုံးနေတဲ့  ဘုန်းဘုန်းရယ် ဦးဇင်းရယ်

ရွာအနီးက ဖိတ်ထားတဲ့ဆရာတော်ကြီးတွေရှေ့မှာ ဆောင်ကြောင့်ထို်င်

ကိုယ်ရှေ့မှာသင်္ကန်းလေးတွေချလို့ “သကလ ဝဋ်တ ဒုက္ခ “ကို မရတစ်ချက်ရတစ်ချက်နဲ့လိုက်ဆို။

ဥပ္ပဇ္ဇါယ်ဆရာတော်က ကျနော်တို့ကို လိုက်နာစောင့်ထိန်းရမယ် ကျင့်ဝတ်တွေကို

ဟောကြားပေးပြီး ကျနော်တို့ကိုနေ့နံအလိုက် သာမဏေဘွဲတွေ့ပေးပြီး လူဝတ်တွေခွာချလို့

ဖန်ရည်စွန်းတဲ့ အညိုရောင် သင်္ကန်းရုံရပါတော့တယ်။

အသစ်အဆန်းလဲဖြစ် ကြီးလဲကြီးမားတဲ့ သင်္ကန်းကတော့ စစချင်း ဆိုတော့ မြင်ရတာအချိုးမကျ။

ဒါတောင် ကျနော်တို့ရောက်တဲ့နေ့ကတည်းကစပြီး သင်္ကန်းရုံတာ လက်ကန်တော့ထိုးတာကို

နေ့တိုင်းသင်ရပါတယ်။

ဒီလိုနဲ့ဘဲ သာမန်လူဘဝကနေ သာမဏေဘောင်ကိုရောက်တော့ အဖွားတို့ လူကြီးတွေမှာ

ပီတိတွေတဝေဝေ ကြည်နူးရိပ်တွေစွန်းလို့ပေါ့။

ကျနာ်တို့မြန်မာဗုဒ္ဓဘာသာမှန်ရင် ကိုယ်သားသမီးလေးကို သာသနာဘောင့်မသွတ်သွင်းရရင်

ဘဝမှာ မပြည့်စုံသလိုပါဘဲ။

အသောကမင်းကြီးစခဲ့တဲ့ဇာတ်လမ်းဘဲပြောပြော ဘယ်သူစတဲ့ဇာတ်လမ်းဘဲပြောပြော သာသနာဘောင်သွတ်သွင်းတယ်ဆိုတာ ကောင်းမြတ်သောမွန်မြတ်သောဆောင်ရွက်မူ့တစ်ခုဖြစ်တဲ့

အတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကိုဆောင်ရွက်တာပါဘဲ။

ကျနော်တို့အားလုံးသင်္ကန်းဝတ်နဲ့ဖြစ်သွားချိန်မှာတော့ အချိုရည်တွကပ်ပါတယ်။

သောက်ရခဲတဲ့ ကရင်မ်ဆော်ဒါ အစိမ်းရောင်တွေသောက်ရတာပါ။

နောက်တော့ အဖွားတို့က ကျနော်တို့ကို ကန်တော့ တော့ မနေတတ်မထိုင်တတ်။

ဦးဇင်းကလဲ အခေါ်အဝေါ်တွေပြောင်းဘို့ သင်ပေးပါတယ်။

ဒါနဲ့ဘဲ ဒကာမကြီးတွေက အိမ်ပြန်။

ကျနော်တို့ကတော့ကျောင်းပေါ်တက်လို့ ကိုယ့်နေရာလေးကိုယ်ခင်းပြီး ခဏလှဲနေရင်း

ပင်ပန်းတော့ အိပ်ပျော်သွားပါတယ်.။

 

“ကိုရင် ထ ထ”ဆိုတဲ့အသံကြားမှနိုးလာတော့ ညနေမှောင်ရီသန်းနေပါပြီ။

ဒကာမကြီးတို့က အချိုရည်လာကပ်တာပါ။

အိပ်ကလာကပ်တဲ့အချိုရည်ကို တစ်ဝသောက်ကြ ဦးဇင်းတို့နဲ့ စကားတွေပြောကြနဲ့အတော်လေးမှောင်တော့ ဘုန်းဘုန်းက “ပြန်ကြတော့”လို့မိန့်ပါတယ်။

အဲဒီအချိန်အငယ်ဆုံးကိုရင်လေးက ငိုမဲ့မဲ့ဖြစ်လာပါတယ်။

အမေနဲ့ခွဲမအိပ်ဘူးသေးတဲ့ကလေးကိုး။

အဲဒီမှာ ဘုန်းဘုန်းက

“ကဲ ဒဂါမကြီး အငယ်ဆုံးကိုရင်လေးကို ခေါ်ချင်ရင်ခေါ်သွား ၊

ဝိနည်းနဲ့ ကတော့ မညီဘူး။

နောင်တော့ ဒီလိုသင်္ကန်းမနိုင်သေးတဲ့အရွယ် ကို သင်္ကန်းဝတ်မပေးတာ ဘဲကောင်းမယ်”လို့

ပြောရင်း အခန်းထဲကကြွသွားပါတယ်။

ကျနာ်တို့မှာလုပ်စရာမရှိတော့ ပေးထားတဲအိပ်ယာပေါ်မှာတင်လှဲနေရပါတယ်။

ခါတိုင်းထမင်းစားချိန်ရောက်လာတော့ ဘိုက်က တဂွီဂွီမြည်လာပါတယ်။

အဲတော့ ကျနော်တို့ လက်လှမ်းမှီတဲ့နားမှာလည်း ခံတောင်းလေးနဲ့ချထားပေးတဲ့အထဲက

ထန်းလျက် ခဲနှိုက်စား ရေသောက်ပြန်အိပ်ပေါ့။

 

ရေဒီယိုက “မောင်နောင်မောင်နောင် မောင်”ဆိုတဲ့ည(၈)နာရီထိုးသံအကြားမှာ

ဆရာတော်ကြီး ကို နှိပ်ပေးတဲ့ကိုရင်လေးကလဲ ဆရာတော်ကြီးကျိန်းပြီဆိုတော့ထွက်လာပါတယ်။ ဦးဇင်းလဲအခန်းထဲအရောက်ကျနော်တို့ကိုရင်တွေဘဲကျန်ခဲ့ပါတယ်။

မြို့မှာသာ ညရှစ်နာရီဆိုတာ လူသံသူသံကြားရပေမယ့် ဒီမှာတော့ ဘာသံမှ မကြားရဘဲတိတ်ဆိတ်

လို့နေပါတယ်။

ကျနော်မှေးကနဲအိပ်ပျော်သွားနေရာကနေတစ်ယောက်ယောက်က လက်တို့သလိုခံစားရလို့ကြည့်လိုက်တော့

ကျောင်းခန်းကြီးရဲ့ အနောက်ဘက်ဒေါင့်နားမှာ ကိုရင်တွေစုနေကြပါတယ်။

သူတို့အနားကိုကပ်လိုက်တော့ ပါးစပ်ကို လက်ညိုးနဲ့ ကန့်လန်ဖြတ်လို့ အသံမထွက်ဘို့အချက်ပြ။

သူတို့ရှေ့မှာကြည့်လိုက်တော့ သရက်သီးစိမ်းတွေပုံထားတာကိုတွေ့ရပါတယ်.။

ညနေတုံးက ကျောင်းအနောက်ဘက်ခြံထဲကနေ ကိုရင်လေးတွေ ကောက်ထားတာပါတဲ့။

သူတို့က စားဆိုပြီး ကျနော်ကိုတစ်လုံးပေးပါတယ်။

ဘေးနားမှာ ဘယ်ကရှာထားမှန်းမသိတဲ့ ငရုတ်သီးနဲ့ဆား။

သရက်သီးမြင်တော့ ဗိုက်ကလဲ တဂွီဂွီနဲ့ပိုမြည်လာသလို။

ကျနော်မှာလဲ စားရကောင်းမလား မကောင်းလား ချီတုံချတုုံဖြစ်နေပါတယ်

စားနေတဲ့သူကတော့ သရက်သီးကို တဂျွမ်းဂျွမ်းကိုက်လိုက် ငရုတ်သီးနဲ့တို့လိုက်နေ့စားနေတာ

တစ်လုံးတောင်ကုန်ခါနီးနေပါပြီ။

ကျနော်လည်းကြည့်ရင်းသွားရေကျလာပါတယ်။

ဗိုက်ဆာတော့စားချင်ပါတယ်။

ဒါပေမယ့်လည်းစည်းကမ်းကို မဖောက်ချင်ပါဘူး။

မဖောက်ချင်ဘူးဆိုတာထက် ဦးဇင်းဇဝနသိသွားရင်အရိုက်ခံရမှာကိုပိုကြောက်ပါတယ်။

(ဦးဇင်း ဇဝန လက်သံပြောင်တဲ့အကြောင်းကို ကျောင်းနေကိုရင်လေးက ဖောက်သည်ချထားလို့ပါ)

ကျနော်စိတ်တွေဝေခွဲမရဖြစ်နေချိန်မှာ ကိုရင်တစ်ပါးက နောက်အဆုတ် ကျောင်းနံရံဘေးမှချထားတဲ့

သွပ်ရေပုံးကိုတိုက်လိုက်မိတော့ ဂွမ်းကနဲ အသံထွက်သွားပါတယ်။

အဲဒီမှာ ဦးဇင်းဇဝန ရဲ့ ချောင်းဟန့်သံလဲထွက်လာရော

ကျနော်တို့အားလုံးလဲ ကိုယ့်အိပ်ယာဘေးကို လေးဘက်ကုန်းပြီး အသံမထွက်အောင်ပြေးပါရတော့တယ်။

စားလက်စသရက်သီးတွေလဲဒီအတိုင်းထားခဲ့ရသပေါ့။

အဲဒါနဲ့ကျနော်မှာ ကြောက်လဲကြောက် ဗိုက်လဲဆာဆာနဲ့စောင်ခေါင်းမြီးခြုံပြီးအိပ်လိုက်ရပါတယ်။

 

နောက်နေ့မနက်အစောကြီးရောက်တော့ အဖွားတို့ အမေအုန်းရင်တို့အုပ်စုုလိုက်ကြီးက

ကျောင်းအောက်မှာရောက်နေပါပြီ။

ကျနော်တို့စားဘို့ကော်ဖီတွေ ထမင်းကြော်တွေ ကိတ်မုန့်တွေနဲ့ပေါ့။

ဘုန်းဘုန်း နဲ့ဦးဇင်းကို အဦးအဖျားကပ်ဘို့အတွက် ဖယ်ပြီး ကျနော်တို့စားဘို့ပြင်ပေးပါတယ်။

ကျနော်တို့လဲဘာပြောကောင်းမလဲစားလိုက်ကြတာ ဝက်ဝက်ကွဲပါဘဲ။

နောက်တော့ ကျနော်တို့အားလုံး ဘုန်းဘုန်းရှေ့ရောက်ပါတယ်။

အဲဒီမှာ ဘုန်းဘုန်းက ကိုရင်တွေဘယ်နှစ်ရက်ကြာအောင်ဝတ်မလဲလို့မေးပါတယ်။

ကျနော်နဲ့အမေအုန်းရင်သားအကြီး ဖိုးညို ကတော့ပျော်သလောက်လို့ပြောပါတယ်။

ကျန်တဲလူတွေကတော့ တစ်ပါတ်ဘဲဝတ်မယ်လို့ပြောကြပါတယ်။

အဖွားတို့ကလဲ သိပ်အကြာကြီးတော့မဝတ်စေချင်ပါဘူး.။

အမေအုန်းရင် တာဝန်ကြီးမှာရယ် ကျနော်တို့ရဲ့ “ဇ”ကိုသိနေလို့စိတ်မချတာလဲပါပါတယ်။

အားလုံးကတစ်ပါတ်ဘဲဝတ်မယ်ဆိုတော့ အဖွားတို့အားလုံးကလဲ ကျနော်တို့လူထွက်မှာကို

စောင့်ပြီး အတူပြန်မယ်လို့ဆုံးဖြတ်လို်က်ကြပါတယ်။

 

“သာသာနာ့ဘောင်ဆိုတာ စောင့်ထိန်းမူ့တွေအများကြီးကြားထဲမှာ မယိမ်းယိုင်အောင်

နေရတဲ့ နေရာတစ်ခုဖြစ်တဲ့အကြောင်း၊

သတ်မှတ်ထားတဲ့ဝိနည်းတွေကို မလိုက်နာခဲ့ရင် ထမင်းတနပ်အငတ်ခံရတာဘဲအဖတ်တင်ကြောင်း၊

ကိုရင်ဝတ်နဲ့နေသမျှကာလပါတ်လုံး ဆွမ်းခံစားရမှာဖြစ်ကြောင်း၊

နောက်နေ့စဉ် ဗုဒ္ဓဘာသာတရားတော်များကို သင်ယူရမှာဖြစ်တဲ့အကြောင်း”တွေကို

ဘုန်းဘုန်းက ကျနော်တို့ကို ပြောပြပါတယ်။

 

ခဏနေတော့ ဦးဇင်းဇဝနက ကျနော်တို့ကို သင်္ကန်းလက်ကန်တော့ထုးိခိုင်းပါတယ်။

ကျနော်တို့က မလုပ်တတ်မကိုင်တတ်ယောင်နန။

ကျောင်းမှာရှိတဲ့ကိုရင်လေးနဲ့ဦးဇင်းက ပြပေးပါတယ်။

သင်္ကန်းသာကန့်တော့ထိုးနေရင်းက မနေ့ညက သရက်သီး

စားထားတဲ့ နေရာကို စိတ်ပူစွာနဲ့လှမ်းကြည့်မိတော့ အဲဒီနားမှာဘာမှမရှိတော့။

ကျောင်းက ကိုရင်လေး စောစောထပြီး လက်စသိမ်းအောင်လုပ်ထားပုံရပါတယ်။

သင်္ကန်းတွေရုံပြီးကြတဲ့အခါ ဦးဇင်းနောက်ကနေလိုက်လို့ဆွမ်းခံထွက်ကြရပါတော့တယ်။

ရွာအရှေ့ဖျား

အိမ်ကြိုအိမ်ကြားလေးတွေထဲကနေ ဖြတ်ပြီးမြောက်စူးစူးသွားနောက်တော့

ရွာလမ်းမကြီးဘက်ပြန်လာ။

အဲဒီကမှ ရွာမြောက်အဖျားဘက်ကိုသွား။

မြောက်ဖျားကနေ အနောက်ဘက်ကိုသွား ပြီးတောင်ဘက်ကိုပြန်လာပါတယ်။

ရွာက အိမ်ခြေတစ်ရာကျော်ကျော်လောက်ရှိပါတယ်။

ဒါပေမယ့် လမ်းမတန်း နေရာလောက်ကဘဲဖြတ်ပြီးဆွမ်းခံကြတာပါ။

ဖိနပ်မပါဘဲ ဖုံထဲလျောက်ရတာရယ် လမ်းလျောက်တဲ့အလေ့အကျင့်မရှိတာရယ်

ဧည့်သည်ကိုရင်ပူပူနွေးနွေးကို ရွာသူရွာသားတွေက ဆွမ်းအားပါးတရလောင်းလိုက်ကြတော့

သပိတ်ကလဲ ကြာလေပြည့်လေ ကျနော်တို့လဲညောင်းလေပါဘဲ။

နောက်ဆုံးမှ ကျနော်တို့အိမ်ဘက်ဝင်တဲ့အခါ ဆရာတော်တို့အတွက် ဆွမ်းဟင်းချိုင့်တစ်ချိုင့်။

ကျနော်တို့အတွက် တစ်ချိုင့်ထည့်ပေးလိုက်ပါတယ်။

ကျောင်းရောက်တော့ မနက်ဆယ်နာရီထိုးပါပြီ။

ဆရာတော်ဘုရားက ကိုယ်ခံလာတဲ့ဆွမ်းကို မြတ်စွာဘုရားကို အရင်ကပ်ရမယ်ဆိုတော့

ကျနော်တို့ ဆွမ်းသပိတ်တွေကို ဘုရားစဉ်ရှေ့မှာတင်လို့ဆွမ်းတော်ကပ်ပြီးတဲ့အခါ

ကျနော်တို့အားလုံး တုံးလုံးပက်လက်လှဲပြီး အညောင်းဖြေရပါတော့တယ်။

ဆယ်တစ်နာရီကျော်ကျော်လောက်မှာတော့ ဘုရားတင်ထားတဲ့ဆွမ်းတွေကိုစွန့်ပြီး

ဆရာတော်နဲ့ဦးဇင်းတို့က အရင်ဘုန်းပေးတာကို ကျနော်တို့က ဝေယျာဝစ္စတွေကို

ဝိုင်းလုပ်ပေးရပါတယ်။

နောက်တော့ ကျနော်တို့ ကိုရင်လေးတွဆွမ်းစားကြပါတယ်။

စားပြီးတာနဲ့ သပိတ်တွေဆွမ်းခွက်တွေချိုင့်တွေကိုစနစ်တကျဆေး
သူ့နေရာနဲ့သူ ရေစစ်ပြီးမှောက်ထား။

ပိုတဲ့ ဆွမ်းထမင်းဟင်းတွေကို ကပ္ပိယကြီးအတွက်ပေး။

အားလုံးပြီးတော့ ဆယ်နှစ်နာရီထိုးခါနီးနေပါပြီ။

ဆွမ်းစားပြီး ခဏအိပ်ကြပါတယ်။

နေ့လည် နှစ်နာရီလောက်ရောက်တော့ ဘုန်းဘုန်းက ပက်လက်ကုလားထိုင်ပေါ်ထိုင်

ကျနော်တို့က ကြမ်းပြင်ပေါ်မှာထိုင်ပြီး ဘုန်းဘုန်းပြောပြတဲ့တရားကိုနာရပါတယ်။

နာရီဝက်လောက်ဘုန်းဘုန်းပြောတာကိုနားထောင်ပြီး ကျောင်းအောက်ဆင်းဆော့ချင်ဆော့ကြဆို

လဲပြောရော ညီအကိုတစ်တွေ ကျောင်းအောက်ကိုရောက်သွားကြပါတယ်။

ဆင်းသာလာတယ် ဘာကစားလို့ကစားရမှန်းမသိ။

အဲဒါနဲ့ ကျောင်းအရှေ့မြောက်ဘက်က ကန်မှာ ငါးပက်နေတာကို သွားကြည့်ကြပါတယ်။

ပြီးတော့ ကျောင်းဝင်းကြီး ဘက်ကို လှည့်ပါတ်သွားကြပါတယ်။

အတော်လေးကြာတော့ ကပ္ပိယကြီးကလာခေါ်ပါတယ်။

အဖွားတို့ရောက်လာပြီးကျနော်တို့ကိုအချိုရည်ကပ်ပါတယ်။

အဲဒီကျမှ ဗိုက်ဆာလာတာကို သတိရပါတယ်။

ကျနော်တို့က အဖွားယူလာတဲ့အအေးတွေ တစ်ခွက်ပြီးတစ်ခွက်သောက်နေ။

အဖွားတို့ကလဲ ဘုန်းဘုန်းနဲ့စကားစမြည်ပြောနေပါတယ်။

အတော်လေးနေတော့ အဖွားတို့လဲပြန်သွားရော ကျနော်တို့လဲပျင်းပြီးကျန်ခဲ့ပါတယ်။

ညနေစောင်းရောက်တဲ့အခါ ဦးဇင်းဇဝန က ကျနော်တို့ကိုလမ်းလျောက်သွားမယ်ဆိုခေါ်တော့

အတော်လေးပျော်သွားပါတယ်။

ဦးဇင်းက လယ်ကန်သင်းရိုးမှာ လမ်းလျောက်ရင် ဖိနပ်ကိုရှပ်တို်က်ပြီး  အသံမြည်အောင်လျောက်ဘို့မှာပါတယ်။

ဘာလို့လဲဆိုတော့တောရွာတွေမှာလူတွေကို အန္တရာယ်ပေးတတ်တဲ့”အကောင်ရှည် “

တွေရန်က ဝေးအောင်လို့ပါ။

အဲဒီအကောင်ကလဲ လူကြောက်ပါသတဲ့။

ဒီလို ခြေသံပေးလိုက်ရင်ထွက်ပြေးမှာသေချာလို့ပါဘဲတဲ့။

 

ကျောင်းအရှေ့ဘက်ကိုထွက်။

ရေအိုင်လေးတောင်ဘက်ကပ်လျက် လယ်ကန်သင်းရိုးအတိုင်း ဟိုးအရှေ့ဘက်တည့်တည့်ကို

လမ်းလျောက် သွားကြတာပါ။

ယာခရိုးလေးကိုကျော်သွားတော့ ရေကျသံတဝေါဝေါကြားရပါတယ်။

ဒီလယ်ကွက်တွေကိုရေဝေမြောင်းကလေးရဲ့ရေထိန်းတံခါးလေးကနေ ရေတွေကျနေတဲ့အသံပါ။

ရေမြောင်းလေးထဲမှာရေတွေကကြည်လင်လို့နေတာ ရေဆင်းကူးချင်စရာပါဘဲ။

ကျနော်တို့မှာလမ်းလျောက်ချင်လို့သာလိုက်လာရတယ် ခြေဖဝးါတွေနာလို့ပါဘဲ။

မနက်က ဖိနပ်မပါဘဲဆွမ်းခံထွက်တာရယ်

အမြဲတမ်းဂျပန်ဖိနပ်စီးနေရာကနေ ဘုန်းကြီးစီးသားရေဖိနပ်မာမာကြီးကိုပြောင်းစီးရတော့ခြေဖဝါးတွေနာနေပါတယ်။

ညနေစောင်းလမ်းလျောက်မှဘဲ အိ်ပ်တန်းပြန်တဲ့ငှက်တွေ က အုပ်စုလိုက်ကြီးစနစ်တကျနဲ့ပျံသန်းတာ

အုပ်စုခေါင်းဆောင် ရှေ့ကပျံတဲ့အနေအထားပေါ်မှာမူတည်လို့ ပုံသဏ္ဍာန်အမျိုးမျုးိပြောင်းပြီးလေဟုန်စီး

ကြတာတွေကိုမြင်ဘူးပါတော့တယ်။

လမ်းမှာဦးဇင်းက ရောက်တတ်ရာရာစကားပြောရင်း

“သာသနာဘောင်ရဲ့ အရိပ်မှာ ခဏလေးဝင်ခိုရုံနဲ့တော့ နိဗ္ဗာန်ဆိုတဲ့နေရာကို တန်းရောက်သွားမှာတော့မဟုတ်ဘူး။

ဝိနည်းတွေထားတယ် စည်းကမ်းချက်တွေထားတယ်ဆိုတာ လိုက်နာနိုင်တဲ့အကျင့် ချိုးခြံနိုင်တဲ့အကျင့်

စောင့်စည်းနိုင်တဲ့အကျင့်တွေ ကို ရအောင်လေ့ကျင့်ပေးတာဘဲ။

ဗုဒ္ဓရဲ့တရားတော်အတိုင်းနေရင် မိမိကိုယ်မိမိ ထိန်းချုပ်နို်င်တဲ့အလေ့အကျင့်ကောင်းတော့ရသွားမှာဘဲ။

ခဏလေးရောက်လာတဲ့အခို်က်မှာ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းနဲ့

ညီအောင်နေနိုင်အောင်ကြိုးစားပြီးနေရမယ်၊

ခဏတာဆိုတဲ့အချိန်လေးမှာတောင်မစောင့်ထိန်းနိုင်ရင် ဘဝတစ်သက်တာဆိုရင်ပြီးရောပေါ့”ဆိုပြီးမိန့်ပါတယ်။

ကျနော်တို့ညက သရက်သီးတွေခိုးစားတာကို ဦးဇင်းသိပေမယ့် ဥပါယ်တမျဉ်နဲ့ကျနော်တို့ကိုဆုံးမသွားတာပါဘဲ။

ညနေခင်းလမ်းလျောက်ရာကအပြန်လမ်းမှာတော့

“ခဏတာဆိုတဲ့အချိန်လေးမှာတောင်မစောင့်ထိန်းနိုင်ရင် ဘဝတစ်သက်တာဆိုရင်ပြီးရောပေါ့”

ဆိုတဲ့စကားက တသက်မမေ့နိုင်လောက်အောင်နားထဲမှာပဲ့တင်ထပ်လာပါတယ်။

အဲဒီနေ့ညမှာလဲ ကို်ရင်တွေ သရက်သီးထစားကြတာပါဘဲ။

ကျနော့်ကိုလက်လာတို့ပေမယ့် ထမကြည့်တော့ ဘယ်သူတွေပါတယ် ဘယ်သူတွေစားကြတယ်

ဘယ်သူတွေမစားဘူးဆိုတာကိုတော့ အတိအကျမသိပေမယ့် ကျနော်လိုအိပ်ယာ မထဘဲဆက်အိပ်

နေတဲ့သူတွေ မစားဘဲနေတဲ့သူတွေလဲ ရှိတယ်ဆိုတာတော့ အမှောင်ထဲမှာမြင်နေရပါတယ်။

 

ကိုရင်ဘဝနဲ့ နေတဲ့အချိန်မှာ မနက်အိပ်ယာနိုးတာနဲ့ ကိုယ့်အိပ်ယာကိုသပ်သပ်ရပ်ရပ်သိမ်းရတယ်။

မနက်စာဘုန်းပေးပြီးတာနဲ့ကျောင်းဝင်းထဲမှာ ကြွေကျနေတဲ့သစ်ရွက်တွေကိုတံမျက်စည်းလှည်းရတယ်။

အမိူက်ကောက်ပြီးကျောင်းအရှေ့ဖက်ချိုင့်ထဲကိုသွားဖို့ရတယ်။

ကိုယ်တိုင်စားဘို့အတွက်ဆွမ်းခံထွက်ရတယ်။

ကို်ယ်စားပြီးတဲ့ပန်းကန်ခွက်ယောက်တွေကို ဆေးကြောရတယ် ဆိိုတဲ့ကိုယ်ထူကိုယ်ထအလေ့အကျင့်လေးတွေ

ရခဲ့တာလဲအမှန်ပါဘဲ။

နေ့လည်ရောက်ပြီ ဆိုရင် ဘုန်းဘုန်းပြောတဲ့တရားတွေကိုနာရပါတယ်။

ကျနော်တို့နားမလည်နိုင်တဲ့ပါဠိစကားတွေမပါ ရှည်လျားတဲ့အကြောင်းအရာတွေမပါဘဲ

ဘုရားဇာတ်တော်ကိုအခြေခံလို့ လူ့လောကကြီးမှာ သိသင့်သိထိုက်တဲ့အကြောင်းလေးတွေကို

သင်ကြားပေးခဲ့တာတော့အမှန်ပါဘဲ။

 

ညနေခင်းတိုင်းမှာလမ်းလျောက်သွားကြရင်း ဗဟုသုတရစရာ

လေးတွေ ကို ဦးဇင်းဆီက နားထောင်ရပါတယ်။

“သူများချက်ပြီးသားဆွမ်းလေးဆွမ်းဟင်းလေးကို အဆင်သင့်ကို လိုက်အလှူခံတာတောင် ခြေထောက်ညောင်းနေအောင်လျောက်ရတာ

ဒီထမင်းဟင်းရဘို့ ကိုယ်တိုင်ရှာဖွေရတယ်ဆိုရင် ဘယ်လောက်ပင်ပန်းဆင်းရဲလိုက်မလဲ”ဆိုတာမျိုးတွေ၊

မနက်မိုးလင်းအာရုံတက်ကစလို့ ညနေဝင်မိုးချုပ်ထိ တစ်နေကုန်လယ်ထဲကိုင်းထဲမှာတကုပ်ကုပ်နဲ့

အလုပ်လုပ်ရတဲ့ တောသူတောင်သားတွေရဲ့ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ရတဲ့ဘဝတွေကို

ကိုယ်ချင်းစာတတ်အောင်ပြောပြပါတယ။်

အဲတော့ သူများ ဆင်းရဲပင်ပန်းစွာရှာထားတဲ့ ထမင်းကို အဆင်သင့်စားနေတဲ့သူတွေက

အချိန်ကိုတန်ဘိုးရှိအောင် အများအတွက်အကျိုးရှိအောင်ဆောင်ရွက်သင့်တဲ့အကြောင်းတွေ၊

သာသနာဝန်ထမ်းဖြစ်ရင် သာသနာအတွက်အကျုးိရှိအောင်ဆောင်ရွက်ရမယ်

လူဆိုရင်လဲ အများကောင်းကျိုးကို တတ်နို်င်သလောက်သယ်ပိုးပေးရမယ်

ဆိုတာတွေကိုရှင်းပြပါတယ်။

ဦးဇင်းကို်ယ်တိုင်ကလဲ

မနက်အိပ်ယာထပြီဆိုတာနဲ့ ကျောင်းဝင်းတစ်ခုလုံးကို ကိုရင်တွေနဲ့အတူ သန့်ရှင်းရေးလုပ်၊

ဘုရားပန်းကပ် တဲ့အလုပ်တွေကို ကိုယ်တိုင်ဦးဆောင်လို့လုပ်ပါတယ်။

မနက်ဆွမ်းခံပြီးတာနဲ့တစ်ကြိမ်၊

နေ့လည်ဆွမ်းဘုန်းပေးပြီးတာနဲ့တစ်ကြိမ် ဓမ္မာစရိယဖြေဘို့အတွက်စာကျက်နေတာကိုတွေ့ရပါတယ်။

နောက် ဘုန်းကြီးများသုံးစွဲတဲ့ ကုဋီကိုလဲသန့်ရှင်းရေးအမြဲလုပ်၊

အဲဒီမှာအသုံးပြုတဲ့ ကနုတ်တံ တွေကိုလဲ ကိုရင်များနဲ့အတူ ဆေးကြောသန့်စင်ပါတယ်။

ဆွမ်းဟင်းများကျန်တယ်ဆိုရင်လဲ ကပ္ပိယကြီးစားဘို့ဖယ်ပြီးရင် ပိုလျံတဲ့ ထမင်းတွေကို ဗန်းကြီးတွေနဲ့

ထည့်လို့နေပူလှန်းပါတယ်။

ကျေးငှက်တိရိစ္ဆာန်တွေလာစားပြီးကျန်တာကတော့ ထမင်းခြောက်အဖြစ်ကျန်ခဲ့သပေါ့။

ထမင်းခြောက်တွေကိုလဲ ပုတ် တွေထဲမှာထည့်သိမ်းထား။

တစ်ခါတစ်ရံမှာ မနက်ခင်းစာအတွက် ထမင်းခြောက်ကို ကြော်လို့စားပါတယ်။

ဦးဇင်းကိုယ်တိုင် ရှေ့ထွက်အလုပ်လုပ်ပြတော့ ကျန်တဲ့ကိုရင်လေးတွေလဲ မနေရဲပါဘူး။

ခေါင်းဆောင်သာကောင်းအောင်နေလို့ကတော့ နောက်လိုက်က အလိုလိုပါလာတယ်ဆိုတာ ဒါမျိုးဘဲဖြစ်မယ်ထင်ပါတယ်။

တကယ်တမ်းပြောရရင်တော့ ကျနော်တို့မြန်မာဗုဒ္ဓဘာသာမိသားစု ကကလေးတွေကို

ကိုရင်ဝတ်ပြီး ဘုန်းကြီးကျောင်းပို့ပေးတယ်ဆိုတာ လိမ္မာယဉ်ကျေးဘို့ အတွက် အခြေခံကျတဲ့အချက်အလက်ကလေးတွေသင်ယူခွင့်ရအောင်ပို့ပေးတာပါဘဲ။

လူကြီးလူကြီးမှန်းသိအောင် ရိုသေကိုင်းရှိုင်းတတ်အောင်သင်ပေးတာက အညံ့ခံခိုင်းတာမဟုတ်ပါဘူး။

လိုချင်တပ်မက်မူ့ကိုထိန်းချုပ်နိုင်အောင် စောင့်ထိန်းနိုင်အောင်သင်ပေးတာကလဲ

ချိုးခြံနိုင်တဲ့အလေ့အကျင့်ကို ရအောင် လုပ်ပေးတာနဲ့အတူူတူပါဘဲ။

ပျင်းအောင်ဖျင်းအောင် ဖန်တီးတာမဟုတ်ပါဘူး။

 

ဒီလိုနဲ့ဘဲနေသွားရင်းက တစ်ပါတ်ဆိုတဲ့အချိန်ကာလလေးက ဘာမှကြာတယ်

မထင်ရဘဲကုန်ဆုံးလို့သွားခဲ့ပါတယ်။

တစ်ပါတ်ပြည့်တဲ့ရက်နေ့လည်ခင်းမှာတော့ ကိုရင်တွေလူထွက်ကြပါတယ်။

အားလုံးက ညနေရထားနဲ့ မန္တလေးကို ပြန်ကြမှာပါ။

ကျနော်နဲ ့ ကိုရင်ညိုကတော့ ကိုရင်ဆက်ဝတ်အုံးမယ်ဆိုနေခဲ့ပါတယ်။

အားလုံးကဆရာတော်တွေကို ဝတ်ပြု ဆရာတော် ဆုံးမတာကိုနာယူ

ဆရာတော်ပေးတဲ့ဆုတောင်းတွေကိုဝမ်းမြောက်ဝမ်းသာနဲ့လက်ခံလို့ ကျောင်းကနေပြန်သွားကြပါတယ်။

ညနေမှာတော့ အမေအုန်းရင်ရယ် ကျနော်ရယ် ကိုရင်ညိုရယ်က မန္တလေးပြန်မယ့်အဖွားတို့ကို ဘူတာရုံလိုက်ပို့ပါတယ်။

ရထားတွဲပေါ်ကိုပစ္စည်းတွေတင်နေရာချထားပြီးတဲ့အခါ  အပြန်အလှန်နုတ်ဆက်။

ကျနော်ကိုလည်းကောင်းကောင်းမွန်မွန်နေဘို့မှာ။

လူထွက်မယ်ဆိုရင် ကြိုပြောလာကြိုမယ်လို့မှာ။

လူထွက်ပြီးပြန်ကြတဲ့ ညီအကိုဝမ်းကွဲ ကိုရင်လူထွက်ငပိချက်လေးတွေက ကျနော်ကို ဝိုင်းစကြ နောက်ကြနဲ့

ပျော်စရာကြီးပါဘဲ။

ဒါနဲ့ဘဲရထားကြီးက ဥဩဆွဲလို့ ထွက်တော့ အပြန်အလှန်လက်တွေပြရင်း ကျနော်တို့ကဘူတာရုံမှာကျန်

ရထားပေါ်ပါသွားသူတွေကတော့ ရှေ့ခရီးဆက်ဘို့တရွေ့ရွေ့သွားနေတဲ့ရထားပေါ်ကိုပါသွား။

လူ့ဘဝကြီး မှာ ခွဲခွာချိန်ဆိုရင်နူတ်ဆက်တာ သဘာဝဖြစ်ပေမယ့်

ဘယ်တော့မှ ပြန်မတွေ့တော့မယ့် အပြီးတိုင်နူတ်ဆက်ခြင်းလား တစ်ချိန်မှာ ပြန်လည်ဆုံဆည်းကြရမယ့် ယာယီနူတ်ဆက်ခြင်းလားဆိုတာကတော့ ဘယ်သူမှကြိုတင်တွေးဆလို့မရနိုင်တဲ့အရာတစ်ခုဆိုတာကို

ငယ်ရွယ်စဉ်အချိန်ကဘဲသဘောပေါက်ခဲ့ရပါတယ်။

 

 

 

ကိုပေါက်လက်ဆောင်ငယ်လွမ်းချင်း

(17-11-2012)

 

 

 

 

 

 

19 comments

  • ခိုင်ဇာ

    November 17, 2012 at 4:16 pm

    ကိုကြီးပေါက်ရေ ဘုန်းကြီးကျောင်း၊ ဆံချတဲ့အခါဖြစ်တဲ့ မြင်ကွင်းတွေ မျက်လုံးထဲ ရုပ်ရှင်ကြည့်ရသလို တစ်ဖြတ်ချင်းမြင်လာမိသော အရေးအသားများကိုအရင် ချီးကျူးပါရစေ။
    သားသမီး သာသနာ့ဘောင်ဝင်တဲ့ မြင်ကွင်းက မိဘတွေ အဖို့ ဝမ်းသာ၊ကြည်နူး၊ ဝမ်းနည်း တပြိုင်နက်ခံစားရမယ်ထင်ပါရဲ့။
    ကျနော် သီလရှင် ဝတ်လို့ ဆံချတုန်းက အစအဆုံး မကြည့်ပဲ ထွက်သွားခဲ့ တဲ့ အမေ ကို လည်း လွမ်းသွားပါတယ်။

    “ခဏတာဆိုတဲ့အချိန်လေးမှာတောင်မစောင့်ထိန်းနိုင်ရင် ဘဝတစ်သက်တာဆိုရင်ပြီးရောပေါ့” တဲ့။
    ကျနော် တော်တော်ထိသွားပါရဲ့။
    ကျနော့ရဲ့ ခဏတာတွေ ဘယ်လောက်များနေပြီလည်းဆိုတာ လန့်သွားလို့ပါ။
    ရလိုက်တဲ့ သတိလေးအတွက် ကျေးဇူးတင်ပါတယ်။ 🙂

    PSစာတွေ ထပ်နေသလားလို့ ကိုကြီးပေါက်။ .

  • ဦးခင်ခ

    November 17, 2012 at 4:19 pm

    သံယောဇဉ်ဖြတ်ဖို့အတော်ခက်တဲ့ ပုတုဇဉ်လူသား တွေကတော့ ကိုပေါက်ရေးတဲ့ခေါင်းစဉ်ပါ သီချင်းလေး အစကလို-
    အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျော်လိုက်ရင်း
    အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျော်လိုက်ရင်း——- နဲ့ စိတ်မချလို့ မခွဲနိုင်လို့ မှာစရာလေးရှိသေးလို့ စတဲ့ ————— လို့ တွေနဲ့ဘဲ ပေါ့ဗျာ။

  • ဟုတ်ပ
    မယ်ဇာရေ ဒီနေ့ နေ့လည်မှ ဝင်ရတာနဲ့ကမန်းကတန်းတင်လိုက်တာ ထပ်သွားတာမသိလိုက်မိဘူး။
    ကိုခ ကဖုန်းဆက်ပြောမှသိတာ။
    ကျနော်စာတပုဒ်တင်ရင် ကျန်တဲ့ဆိုက်တွေပါတင်ပေးတာလေ.
    ဖေစ့်ဘုတ်
    ရွေမြိုတော်
    ထာဝရသူငယ်ချင်းများ
    မြန်မာသူငယ်ချင်းများနေ့
    ဧဒင်ဥယျာဉ်
    စင်္ကာပူရောက်မြန်မာများ
    ဇွဲကပင်မြေ
    ဆိုက်တွေကို တစ်ပြိုင်တည်းတင်တော့ တစ်ခုမှာတင်နေရင် ပထမတင်ထားတာကို မကြည့်ဖြစ်တော့ဘူး။
    ပြင်လိုက်ပါပြီဗျိုး့

    • ခိုင်ဇာ

      November 17, 2012 at 4:37 pm

      ဒါနဲ့ ခုနက Schedule ထဲ မုံရွာမှာ လက်ဆော့ထားတယ် ဆိုတဲ့ ပို့(စ) ကို တွေ့ပါ့။
      အဲ့ ပို့(စ) ကျ လုံးဝ လာမဖတ်ဘူးနော်။ ဒါပဲ။ :mrgreen:
      ကျနော် မန်းလေးရောက်ရင် တီချယ်ကို ဖုန်းဆက်ပါမည်။
      ကိုကြီးပေါက်တို့ အချိန်ရရင်ဖြင့် တွေ့ချင်ပါသေး၏။ 🙂

  • aye.kk

    November 17, 2012 at 5:16 pm

    ငယ်ထဲကရင့်ကျက်
    အတွေးကနက်သည်
    ခက်တာကဝိပဿနာ
    ဘာဝနာဉာဏ်မျိုးစေ့ကဘဝအထုံပါမှာအမှန်။

  • မောင်ပေ

    November 17, 2012 at 9:34 pm

    စာထဲမှာ ကြားညှပ်ညှပ်ပြီး လိုက်နာဖို ့သင့်တဲ့ အတွေးအခေါ်လေးတွေ ထည့်ပေးထားကို တွေ ့ရတယ်ဗျား

  • ဦးကြောင်ကြီး

    November 17, 2012 at 10:35 pm

    သဂျီးကို အဲဒီကျောင်းပို့ ခေါင်းတုံး သင်္ကန်းဝတ်ပေးပြီး ညဖက် ထမင်းခိုးစားနေတုန်း ဦးဇင်းဇဝနကို လက်တို့ပြီး ကြိမ်နဲ့ဆော်ဖို့ ကြံစည်ရအောင်…။ ဒင်းဘာတတ်နိုင်မတုန်း… တအုံးအုံးနဲ့ ကြည့်ကောင်းလိုက်မည့် ဖြစ်ခြင်း… :harr:

  • မောင်မောင်ကြောင် ကြိမ်နဲ့ဆော်လို့တော့
    တရားစွဲထည့်လိုက်မှာပေါ့ဗျာ
    ဘာမှတ်နေတုန်း………………

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 18, 2012 at 2:12 am

    ( ဘယ်စာဝါ ဘယ်နှစ်ဝါ မောင်သင်မတုံး ) ဆိုလို့ပါ
    ဆိုခဲ့သလိုပါဘဲ အသောကမင်းကြီးစခဲ့သလား ဘယ်သူစခဲ့သလဲ သားသားလည်းမသိပါဘူး
    အဲ့သည်စာသားကိုကြားတာနဲ့ အဲ့သည်သီချင်းလားဘာလားမသိ ဗျောကြီးတီးပြီးဆိုတဲ့
    ဘာဒဲ့
    မြို့လည်ကမဏ္ဍပ် ဘာလည်းသိတော့ပါဘူး ကျောင်းကြီးအိုအို လက်ရန်းတွေပြိုလား ထားပါတော့
    ဟိုရှေ့တုန်းက ခုခေတ်လို ဒုလ္လာဘ ( စာလုံးပေါင်းရန်းချလိုက်သှ် ) ဝတ်တာတွေကြတော့
    ရက်ပိုင်းလောက်မဟုတ်ဘူးလို့ဆိုကြသတဲ့
    အငယ်ခံ နှစ်ဝါ သုံးဝါဝတ်ကြသတဲ့ ဒါ့ကြောင့် ဘယ်စာဝါ ဘယ်နှစ်ဝါမောင်သင်မတုံး ဆိုတဲ့စကားက
    အဆိုပါ မောင်ရင်လောင်းမောင်ရင်မဖြစ်မီ ဘယ်စာကိုသင်မှာလည်းလို့ဆိုတာလို့ ဖြစ်ပါသတဲ့
    ဒါ့ကြောင့်အဲ့သည်ခေတ် ဘုန်းကြီးလူထွက်တွေဟာ အနည်းဆုံး ပရိတ်ကြီး ၁၁ သုတ်လောက်တော့
    ထမင်းစားရေသောက် အာဂုံဆောင်နိုင်ကြပါသတဲ့
    ခုခေတ်ကတော့ ဘယ်စာမှသင်စရာမလိုပါဘူးထင်ဒါဘဲ ( ထင်တာ ) ရက်ပြည့်ရင်ထွက်ပေါ့
    အဲ့သည်စာနဲ့ဆက်စပ်တယ်ပြောရမလား အဲ့သည်အကြောင်းကို ခိုင်မာစေတဲ့အကြောင်းလို့ပြောရမလား
    ကဗျာလား စာလားသိဘူး တစ်ခုရှိသေးတယ်
    ပျိုလေးတို့အိမ်ဦး
    ဆပ်သဖူးတဲ့တစ်ရုံနှစ်ရုံ
    ကျေးတွေကအုံ
    မအုံပါနဲ့ကိုရွှေကျေး
    ပျိုတို့မောင်ရှင်လိင်ပျံတော့
    နားပန်ဘို့လေး
    ဆိုတဲ့ ကဗျာလားစာလားမသိတဲ့ အဲ့သည်ဟာက အပေါ်ကမောင်ရင်တွေဟာ ဘုန်းကြီးလူထွက်တဲ့အခါ
    ပျိုလေးက ပန်းပန်ပီးဘာညာဘာညာပေါ့ဗျာ
    ဟုတ်တယ်ဆိုရင်လည်း ဟုတ်တယ်ပေါ့ဗျာ မဟုတ်ဘူးဆိုရင်လည်း ကျုပ်ရန်းချတာပေါ့ဗျာ :mrgreen:

  • ရွှေ ကြည်

    November 18, 2012 at 7:40 am

    လေးပေါက်ရေ

    “ခဏတာဆိုတဲ့အချိန်လေးမှာတောင်မစောင့်ထိန်းနိုင်ရင် ဘဝတစ်သက်တာဆိုရင်ပြီးရောပေါ့”

    အဲဒါလေး အဲဒါလေး တွေးရင်း တွေးရင်း……………..

  • အရှေ့ကိုလျောက်ပါလို့ အနောက်ကိုတဲ့ မျော်လိုက်ရင်
    တံခွန်တိုင်ရွှေကုက္ကားနဲ့ ဘုရားလေး လေ ဘုရားလေးကိုမြင်
    တဲ့ စိန်ဗေဒါကြီးရဲ့ နာမယ်ကြီး သီချင်းထဲမှာပါတယ်

  • Mr. MarGa

    November 18, 2012 at 4:19 pm

    လေးပေါက်ရေ
    ဖတ်ရတာလဲကောင်း ဗဟုသုတလည်းရလို့ ကျေးဇူးပါပဲဗျာ
    ညဘက် တောတွေမှာ လမ်းလျှောက်ရင် ခြေသံလေးပေးရတယ်ဆိုတာကို ဦးမာဃတော့ မနေ့ညကမှ သိတာဗျ
    ကိစ္စလေးနဲ့ ငါန်းဇွန်ဘက်သွားရင်းမှ သိလာတာ။
    လေးပေါက်စာကိုတော့ ဒီနေ့မှ ဖတ်ဖြစ်တယ်

  • Mobile

    November 20, 2012 at 10:24 pm

    ဖတ်ဖို့ ကူးယူထားလိုက်ပါတယ်

  • Mon Kit

    November 21, 2012 at 1:24 pm

    လေးပေါက်ရေ…
    အားပါးတရ ဖတ်သွားပါတယ်…
    ဖတ်လို့ ကောင်းမှ ကောင်း..
    ဟို အပိုဒ်ကိုတော့ ဖတ်ရင်း အံ့ဩသွားရတယ်…
    ကျောင်းအဝင်စ အရှေ့ဘက်ခြမ်းမှာတော့ ကျောင်းအိုအိုလေးတစ်ကျောင်းရှိပါတယ်။

    (ဦးဇင်းတစ်ပါး တည်းသီတင်းသုံးပါတယ်။

    အဲဒီဦးဇင်းရဲ့ အများနဲ့မတူတဲ့ထူးခြားချက်ကတော့ တစ်နှစ်ပါတ်လုံးရေမချိုးဘဲ

    မြန်မာနှစ်ဆန်းတစ်ရက်နေ့ တစ်ရက်ထဲဘဲ ရေချုးိတယ်လို့ သိရတာပါဘဲ။)

    ထူးဆန်းတယ်နော်…

  • အပြင်မှာလည်း ဒီလိုလူမျိုး တကယ်ရှိပါတယ်။
    ကျနော်သိတဲ့ လူတစ်ယောက်ဆိုရင် ဖိုထိုးတယ်ပြောပါတယ်။
    အဂ္ဂိရတ် ထိုးတဲ့လူဆို အမြဲအပူနားမှာနေတော့ ရေမချိုးတာများတယ်။
    သူတို့ကဘာနဲ့တူလဲဆိုတော့ အပူထည့်ထားတဲ့ဖန်ခွက်လိုဘဲ။
    အေးတာ ထဲ့လိုက်ရင် ဖျပ်ကနဲကွဲသွားသလို။

  • အလင်းဆက်

    November 22, 2012 at 8:05 pm

    လေးပေါက်…လမ်းသလားနေသည်..မဟုတ်တော့ဘူး။
    လေးပေါက်….ရသ.မြောက်နေသည်….။.။

  • အလင်းဆက်ရေ
    လေးပေါက်က အရင်စစ ခြင်း တော့ အတွေးပါးပါး အဆွေးပါးပါး ရသ သမားကွဲ့
    နောက်တော့ ဘယ်လိုဖြစ်ပြီး လမ်းသလားလိုက် လက်ဆော့လိုက်နဲ့ ဘဝပြောင်းသွားတယ်မသိ
    ပါဘူးကွာ။.
    အခုတော့ စာပြန်ရေးနေပါတယ်။
    လက်ဆော့တာလဲ မပြတ်ဆော့နေပါတယ်.
    လမ်းကတော့ သိပ်မသလားဖြစ်တော့ဘူး

Leave a Reply