ခုရက်ပိုင်း ဟစ်ဖြစ်နေတဲ့ ဟိုနားတစ ဒီနားတစ ဖတ်မိလိုက်တဲ့ သတင်းတပုဒ်ပါ။
၁၄ ရက် နေ့က ထုတ်တဲ့ Weekly Eleven ရယ် ၁၆ ရက်နေ့မှာ ထုတ်တဲ့ Bi Weekly Eleven စာစောင်ထဲမှာ ပါပါတယ်။

စီအိုင်အေရဲ့ ညွှန်မှူး အသက် ၆၀ ရှိတဲ့ ဒေးဗစ် ပီးထရော့စ်က ( ကလေးနှစ်ယောက်ဖခင် အိမ်ထောင်သည်) သူဟာ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ပါတယ်လို့ ၀န်ခံပြီး ရာထူးက နှုတ်ထွက်ခဲ့တဲ့ သတင်းပါ။

သာမာန်ဆိုရင်တော့ သူတို့ လို ဒီမိုကရေစီ ဘိုးအေ တိုင်းပြည်တွေမှာ ( လူ့အခွင့်ရေးလို့ တဆာဆာ အော်တတ်တဲ့ တိုင်းပြည်တွေ ) အထူးသဖြင့် ကိုယ်ရေးကိုယ်တာတွေဟာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဘာမှ မစပ်ဆိုင်သလို ဂရုစိုက်စရာ မလိုသလို အပြင်ကနေပြီး ပြောကြဆိုကြ ဝေဖန် ကြတာတွေကို မကြာခဏဆိုသလို တွေ့ဖူးလို့ပါ။

ပြောလေ့ရှိတာကတော့ ပရော်ဖက်ရှင်နယ်နဲ့ ပါစင်နယ် ပါ။

ဒါပေမဲ့ အဲ့ဒီ ပီးထရော့စ် ၀န်ခံပြီးပြောခဲ့တဲ့ စကားတခွန်းကတော့ စိတ်ဝင်စားစရာပါ။

” အိမ်ထောင်သက် ၃၇ နှစ် အကြာတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရှောင်ရှားနိုင်ရန် သူ့တွင် ထိန်းသိမ်းချင့်ချိန်နိုင်စွမ်း အလွန်အမင်း လျော့နည်းလာခဲ့ကြောင်း ၊ ယင်းအပြုအမူသည် မိမိကဲ့သို့ အိမ်ထောင်ဦးစီးခင်ပွန်း တစ်ယောက်ဖြစ်ရုံမျှသာမက အဖွဲ့အစည်း တခု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့်ပါ လက်သင့်ခံနိုင်စရာ မရှိပါဘူးလို့ “
သူရာထူးကနေ နှုတ်ထွက်ရတဲ့ အကြောင်းကို လုပ်ဖော်ကိုင်ဖက်တွေကို ရေးထားတဲ့စာမှာ ရေးခဲ့ပါတယ်။

သူက ဒီရာထူးမယူခင် စစ်ဘက်မှာ ၃၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အီရန်နဲ့ အာဖဂန်မှာ အကြမ်းဖက်သမားတွေကို နှိမ်နင်းရာမှာ အတော်လေး အကူညီပေးခဲ့နိုင်သူလို့လည်း ဆိုပါတယ်။

သူနဲ့ ထင်ကြေးပေးခံရတဲ့ အမျိုးသမီးက ကလေးနှစ်ယောက်မိခင် အိမ်ထောင်သည် ပါ ။ သူ့ရဲ့ကိုယ်ရေး အထ္ထုပတ္တိ စာအုပ်ကို ရေးသားဖို့ အင်တာဗျူးခဲ့သူပါတဲ့။

ဒီကိစ္စကို FBI က လိုက်နေပါတယ်တဲ့ ။ နောက်ကွယ်မှာ ခြိမ်းခြောက်မှု အကျပ်ကိုင်မှု ရှိမရှိကို လိုက်တာလို့ ဆိုပါတယ်။

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
လိုရင်းကို ဆွဲရရင်တော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာကို စည်း မစောင့်စည်းခဲ့လို့ ဒီလို အဖြစ်မျိုး ကို ကြုံခဲ့ရတာလို့ ကျမတော့ ပြောချင်ပါတယ်။

နောက်တခုက လူဆိုတာ လူအထင်ကြီးလေးစားခံရတဲ့ နေရာကို ရောက်ရင် လူလေးစားခံလောက်တဲ့ အရည်ချင်းတော့ ရှိဖို့လိုပါတယ်။ ကိုယ့်နေရာ မြင့်လေ ကိုယ်ကျင့်တရားကောင်းလေ ဆိုတာမျိုး ဖြစ်ရမှာပါ။ ဒီယုံကြည်မှုက ကျမမသေတသက် စွဲမြဲနေမဲ့ ယုံကြည်မှုပါ။

ဒေါ်ဒေါ်ပြောခဲ့ဖူးတဲ့ စကားလေး ပြန်ကိုးကားရရင် ကိုယ့်ကို ချစ်သူရော မုန်းသူရောရဲ့ ကွယ်ရာမှာရော ရှေ့မှာရော လူတိုင်း လက်သင့်ခံနိုင်တဲ့ အနေအထိုင် အပြောဆိုကို ကျင့်ကြံနိုင်တာ အကောင်းဆုံးလို့ ဆိုတဲ့စကားလေးပါ။

ဒီကိစ္စက သာမာန် လူတယောက် ကုမ္ပဏီ ၀န်ထမ်းတယောက် သူဌေးတစ်ယောက် အိမ်ထောင်ရေး
ဖောက်ပြန်တာနဲ့ မတူပါဘူး။

ဒီလူတွေ ဖောက်ပြန်ရင်တော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အသိုင်းဝိုင်းတခုပဲ ထိခိုက်နိုင်ပေမဲ့ နေရာမြင့်သူတယောက် ဖောက်ပြန်ခဲ့ရင်တော့ နောက်ဆက်တွဲတွေက မသေးလှပါဘူး။

ကျမသိတဲ့ မိသားစု အကြီးကြီးတခုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ဖူးပါတယ်။ အဓိက အကြောင်းရင်းကလည်း ဖောက်ပြန်ခြင်းကြောင့်ပါပဲ ။ လူတယောက်က ဖောက်ပြန်လိုက်တာ ပထမ အိမ်ထောင်ကွဲပါတယ်။ နောက်တော့ သူဦးဆောင် ဦးရွက်ပြုခဲ့တဲ့ စီးပွားရေး လုပ်ငန်းကြီးတခုလုံးကို သားချင်းတွေ အားလုံးက အစိတ်စိတ်အမွှာမွှာ ခွဲယူကြပါတယ်။

အပြိုင်အဆိုင် ကြားမှာ အစည်းပြေသွားတဲ့ လုပ်ငန်းတခုက ပြိုင်ဖက်တွေကြားမှာ ဘုန်းဘုန်းလဲသွားရှာပါတယ်။ နောက်တော့ ပေးစရာကျန်နေသေးတဲ့ အလုပ်နဲ့ ဆိုင်တဲ့ ရှင်းစရာရှိတဲ့ ပိုက်ဆံကြတော့ ဘယ်သူတွေက ဘယ်သူ့ဆီ လိုက်တောင်းရမှန်း မသိအောင်ပါပဲ ။ စိတ်ဝမ်းကွဲကုန်တဲ့ အခါ အားလုံးက ကိုယ့်ဖို့ပဲ ကိုယ်ကြည့်ကြတော့ပါတယ်။ အကြွေးတွေလည်း တော်တော်ကျန်သွားတာမို့ ဒီအလုပ်ပြန်စဖို့ ခက်ကြရှာပါတယ်။

ဒါပေမဲ့ လုပ်ငန်းပြောင်းသွားတဲ့ အထဲ မိသားစု တစုကတော့ ပြန်မတ်လာနိုင်ပါတယ်။
အကြွေးတွေလည်း ပြန်ဆပ်ပေးကြပါတယ်။

လူတယောက်ဖောက်ပြန်လိုက်တာနဲ့ အလုပ်သမားတွေရယ် မိသားစု သုံးစုလောက်ရယ် ဘ၀ပျက်သွားတယ် ဆိုတာ က ရုတ်တရက်ကြည့်လိုက်ရင်တော့ သိပ်ပြီး ဖြစ်နိုင်စရာ မရှိသလိုပါပဲ ။ ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာပါ။

ဒါကြောင့်မို့ပဲ ကျမတို့ ကျင်လည်ရာ ပတ်ဝန်းကျင်မှာ စောင့်စည်းအပ် စောင့်စည်းသင့်တဲ့ ကိုယ်ကျင့်တရား ( Ethics ) ဆိုတဲ့ အရာတွေ ခေတ်အဆက်ဆက်ထဲက ပုံစံအမျိုးမျိုးနဲ့ ရှိနေခဲ့တာပါ။ တခါတရံတော့လည်း ဘာသာရေး အသွင်ဆောင်တတ်ကြပါတယ်။

ဒါပေမဲ့ ဒီဘက်ခေတ်မှာ လူတွေက ကိုယ်လုပ်ချင်တာလုပ်ရဖို့ အတွက် ပရော်ဖက်ရှင်နယ်တယောက်ရဲ့ ပါစင်နယ် ဟာ ထည့်တွက်စရာ မလိုဘူးလို့ ဆင်ခြေအမျိုးမျိုး အကြောင်းပြချက်အမျိုးမျိုး နဲ့ ကျယ်ကျယ်လောင်လောင်အော်တတ်ကြပါတယ်။

မေးချင်တာက သေချာရဲ့လားလို့ပါ ???????

ဒီမိုကရေစီ ဘိုးအေတိုင်းပြည်များတောင် ဖောက်ပြန်မှုကို လက်မခံကြတာ ၊ပရော်ဖက်ရှင်နယ်တယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို မခွဲပဲ တွဲမြင်ကြတာ ဂရုစိုက်ကြတာ ဒီဖြစ်ရပ်က သက်သေပါပဲ ။

ပြီးခဲ့တဲ့ နှစ်တွေတုန်း်ကလည်း ဖောက်ပြန်မှုကြောင့် နိုင်ငံရေးကို ခြေချခဲ့တဲ့ မင်းသားကြီး အာနိုး အိမ်ထောင်ကွဲခဲ့သလို နိုင်ငံရေးဘက်မှာ သူ့ပုံရိပ်တွေလည်း သိပ်မကောင်းခဲ့ပါဘူး။

အမေစုတောင် ပြောခဲ့ဖူးပါတယ် ။ Rights ရဲ့ နောက်မှာ Responsibility ရှိတယ်ဆိုတာလေး သတိချပ်ကြဖို့ပါ။ တကယ်တောဲ့ အဲ့ဒီ စကားလေးက အတော်လေး သိမ်မွေ့ပြီး ကျယ်ပြန့်ပါတယ်။

အမှိုက်ပစ်တာက စပြီး မိသားစု ဘ၀တွေ အထိ၊ တိုင်းပြည်အုပ်ချူပ်မင်းလုပ်ရတဲ့ နေရာအထိ ဒီစကားလေး က တာပါတယ်။ လုပ်ပိုင်ခွင့် ရပိုင်ခွင့် အခွင့်ရေးရဲ့ နောက်မှာ တာဝန်ယူသိတတ်မှုဆိုတာလေး ကပ်ပါလာတယ်ဆိုတာလေး သတိချပ်ကြဖို့ပါ။

နောက်တခုက အိမ်ထောင်ရေး ဖောက်ပြန်သူတို့ အတွက် ပြစ်ဒဏ်ကြီးကြီးပေးမဲ့ ဥပဒေတခု ပေါ်လာဖို့ကို လည်း မျှော်လင့်မိတယ်။ ဒီဥပဒေက ဒီဘက်ခေတ်မှာ ပထမ ဦးစားပေးပြီး စဉ်းစားပေးရမဲ့ အထဲ ပါပါတယ်။ (ကေတီဗွီ မာဆတ်ကလည်း သူ့ခေတ်ရောက်လာပြီလေ ) သွားလို့ ရပါတယ် ။ အိမ်တော့ခေါ်မလာကြနဲ့ပေါ့။

ဘာဖြစ်လို့လဲ ဆိုတော့ အပေါ်က ကျမပြောခဲ့သလို မိသားစုတွေ ဘ၀ပျက်ရင် ကိုယ့်တိုင်းပြည် ဘ၀ပျက်တာနဲ့ အတူတူပဲ မိုလို့ပါ။

ဒီမှာ source ပါ။
http://wtvr.com/2012/11/16/the-petraeus-scandal-what-we-know/

pooch

About pooch

has written 28 post in this Website..

Be Happy !!! CJ# 5182011