ကြားခေတ်ကလူ

CourageNovember 17, 20121min1947

ကြားခေတ်က ကြားလူ

            တစ်ကယ်တန်း ဒီအကြောင်းအရာကို စာတစ်စောင်ပေတစ်ဖွဲ့လုပ်လိုက်ရင် လူပြော သူပြောတော်တော် ခံရမှာပဲဆိုတာကို စာရေးသူ နား လယ်ပြီးသားပါ။ သို့ပေမယ့် အကောင်းမြင် သူနဲ့အဆိုးမြင်တက်သူ၊ ဖြည့်တွေးတက်သူနဲ့ဟာကွက်ကိုရှာတက်သူ ဒီလိုမျိုးလူတွေရဲ့အမျိုး မျိုးသော စိတ်အ ခြေအနေ အယူအဆတွေကြားထဲက စာရေးသူလည်း ထောင့်တစ်ထောင့် ကနေပြီး မြင်ကြည့်တဲ့သဘောမျိုးလေးနဲ့ဒီစာကိုရေးလိုက်တာပါ။

အခုတစ်လော။ ဟိုဂျာနယ်ဖတ်လည်း ကံ့ကော်မြေ၊ ဒီမဂ္ဂဇင်းဖတ်လည်း ကံ့ကော်မြေနဲ့ စိန်ပန်းပြာတွေပွင့်တဲ့၊သစ်ပုတ်ပင်ကြီးရှိတဲ့ ဂျပ်ဆင်ထိပ် က လရိပ်ပြာလေးကြောင့်တင့်တယ်နေတဲ့၊ လှိုင်နယ်မြေ RC-2တက္ကသိုလ်ကြီးကို သတိရကြောင်း တမ်းတရကြောင်းရေးထားတဲ့ရင်ဖွင့်ထား တဲ့အကြောင်း အရာတွေကိုတွေ့ရတာ အရမ်းကိုကြည့်နူးဖို့ကောင်းလိုက်တာ။ သမိုင်းအတိနဲ့နေရာ၊ သမိုင်းသိတဲ့နေရာ ဘဝများစွာ အဖြစ်အပျက်များစွာ ခံစားချက်များ စွာ ပေါင်းလံနေတဲ့ ဒီနေရာကြီး အကြောင်းကို ပြန်လည်ဖေါ်ထုပ်နေကျပြီ။ ဒီပရဝဋ်ကြီးဟာ အလကားရှိခဲ့တာမဟုတ်ဘူး။ သစ်ရွက်ခြောက်အကြွေတွေနဲ့ အမှိုက်ရှုပ်ခံရုံသက်သက်မဟုတ်ဘူးဆိုတာကို တစ်ခေတ် တစ်ခါက ကျောင်းသားကြီးတွေ၊ ဒီကျောင်းကြီးရဲ့ ရင်သွေးဖြစ်ခဲ့ဖူးသူတွေက နောင်လာနောက် သားတွေကို လက်ဆင့်ကမ်းကာအမွေအဖြစ် သမိုင်းတွေကိုပေးနေကျပြီ။ကောင်းလိုက်တာ။ ကြည့်နူးပါတယ်။

ဒီလိုမျိုးကြည်နူးရခြင်းနဲ့အတူ စာရေးသူရဲ့စိတ်ထဲမှာ ဝမ်းနည်းမှုတစ်ခုဖြစ်လာခဲ့တယ်။ ဘာတွေများပါလိမ့်။သူများတွေ ကျေနပ်၊ဂုဏ်ယူ၊ပီတိဖြစ် နေတဲ့အချိန်မှာ ဘာကြောင့်များ ကျွန်ုပ်အပြည့်အဝ မခံစားနိုင်ရတာပါလိမ့်။

တစ်ကယ်တော့ စာရေးသူတို့လို နှစ်ဆယ်ရာစုနှောင်းပိုင်း၊အတိအကျပြောရမယ်ဆိုရင် ၁၉၉ဝပြည့်နှစ်နောက်ပိုင်းမှ လူဖြစ်လာတဲ့ငတိလေးတွေ အတွက် ဒီလို သမိုင်းဝင်တဲ့၊သမိုင်း တွင်ခဲ့တဲ့ အရာတော်တော်များများကို မခံစားလိုက်ရတာမှန်ပင်။ RC-2၊ဂျပ်ဆင်၊သစ်ပုတ်ပင်၊ ဦးချစ်လက်ဘက်ရည်ဆိုင် စတဲ့ဒီအရာတွေကို ကြားရုံသာကြားခဲ့ဖူးတာပါ။ ဒီနေရာဒီဒေသ က ကျောင်းသားဘဝဆိုတာ ဘယ်လိုမှန်း လုံးလုံးကိုမသိလိုက်။နောက်ပိုင်းမှာစာတွေလိုက် ဖတ်၊ သိလိုက်သူမှီလိုက်သူတွေကိုလိုက်မေးကြည့်တော့မှ ဂုဏ်ထင်ခဲ့တဲ့ ဒီတက္ကသိုလ်ကျောင်းကြီး ရဲ့အကြောင်းကို လွမ်းမောဖွယ်သိလိုက်ရသူပါ။

စာရေးသူ ၂၀၀၆-၀ရ မှာ တက္ကသိုလ်စတက်ရပါတယ်။ တက်ရတဲ့ကျောင်းကတော့ နည်းပညာတက္ကသိုလ်(သန်လျင်)။စာရေးသူတို့စတက် တက်ချင်းမှာ ဒီကျောင်းကြီးက တက္ကသိုလ်မဖြစ်သေးပါဘူး။ အများအခေါ် GTCဆိုတဲ့ အစိုးရနည်းပညာကောလိပ်(သန်လျင်) အဖြစ်ပဲရှိသေးတာ။ နောက် ပိုင်းကျောင်းတက်နေရင်း လအနည်းငယ်အကြာမှ TU(Thanlyin)ဆိုပြီး နည်းပညာတက္ကသိုလ်(သန်လျင်)ဖြစ်ခဲ့တာပါ။ ဒီတော့ဗျာ ဘယ်လိုပဲပြောပြော ကျွန်ုပ် အင်ဂျင်နီယာတက္ကသိုလ်တက်ခဲ့ဖူးတယ်။အင်ဂျင်နီယာကျောင်း သားဖြစ်ခဲ့တယ်။ဒါပေမယ့် လှိုင်နယ်မြေက အင်ဂျင်နီယာကျောင်းသားတော့မ ဟုတ်ဘူး။ သန်လျင်ကကျောင်းသား။အခုစာရေးသူ ကျောင်းမတက်ရတော့ဘူး။ သို့ပေမယ့် သန်လျင်ကကျောင်းသားအဖြစ်ကိုယ့်ကိုယ်ကို ခံယူထားစဲ။ သန်လျင်မြေက အမိတက္ကသိုလ်ကြီးရဲ့ရင်သွေးလေးအဖြစ်လည်း ကိုယ့်ကိုယ်ကိုသတ်မှတ်ထားစဲပါ။ဒီလိုပဲ အစွဲမကင်းသေးတဲ့လူတွေအားလုံး ကိုယ်နဲ့ ပတ်သတ်ရာပတ်သတ်ကြောင်းကို စွဲမိစွဲရာစွဲတက်ကျတာ သဘာဝပါလေ။

ရန်ကုန်ရောက်နေတဲ့ မန္တလေးသားတစ်ယောက်ကိုမေးကြည့်။ မင်းဘယ်ဒေသကိုပိုပြီး စွဲလန်းလဲလို့။ မန္တလေးကရန်ကုန်သားကိုလည်းဒီလိုပဲ မေးနိုင်ပါ တယ်။ သေချာတာကတော့ သူတို့တွေရဲ့အဖြေဟာ မိမိရဲ့ဇာတိကိုသာရည်ညွှန်းပါလိမ့်မယ်။

အခုဆိုရင် သမိုင်းတွင်ခဲ့တဲ့။ သမိုင်းဝင်ခဲ့တဲ့ တက္ကသိုလ်ကြီးအတွက် လှိုင်နယ်မြေမှ လှိုင်နယ်မြေ၊ကံ့ကော်မြေမှ ကံ့ကော်မြေဖြစ်နေကျပါပြီ။ ကွယ်ပျောက်လုပ်ဖြစ်နေတဲ့သမိုင်းကို တစ်ခေတ်ပြန်လည်း ထူးထောင်ဖို့ရည်သန်နေကျလေပြီ။ ဒီနေရာသာ တို့တက္ကသိုလ်ဟေ့လို ့ကြွေးကျော်နေကျလေ ပြီ။ ဒီလိုဆို ကျွန်ုပ်တို့ တက်ခဲ့ဖူးတဲ့ တက္ကသိုလ်ဆိုတာ အာပေတူးကြီးဖြစ် သွားပြီပေါ့။ဒီတက္ကသိုလ်တွေမှာတက်ခဲ့ဖူးတဲ့ ကျောင်းသားတွေကလည်း မျက်နှာ ငယ်စရာ တက္ကသိုလ်ကျောင်းသားတွေပေါ့။ ဒီလိုများဖြစ်သွားမလား။စာရေးသူရဲ့ကိုယ်ပိုင်အတွေးပါ။

အထက်မှာပြောခဲ့သလိုပါပဲ။အစွဲမကင်းတဲ့လူတို့ရဲ့ ထုံးစံအတိုင်း စာရေးသူကတော့ လှိုင်နယ်ထက် သန်လျင်မြေကအမိတက္ကသိုလ်ကြီးကိုပိုချစ် တယ်၊ပိုတန်ဖိုးထားတယ်။ဒီလိုပြောလို့ ကန့်လန့်တိုက်တယ်လို့တော့မထင်စေချင်။လှိုင်နယ်မြေ မပျောက်ပျက်ဖို့ တစ်ခေတ်ပြန်ဆန်းသစ်ဖို့ ဆို တစ်ဖက် တစ်လမ်းက အားဖြည့်ပေးဖို့ ကျွန်ုပ်ဝန်လေးနေမည်မဟုတ်ပါ။ အဓိကပြောချင်တာက ဒီတက္ကသိုလ်ကြီးရဲ့ဂုဏ်ကိုဖေါ်တာလည်းဖေါ်ပေါ့။သို့ပေမယ့်တစ် ခြားတက္ကသိုလ်တွေမှာလည်း သမိုင်းရှိကြောင်းလေးတော့ထည့်ပြောပေးစေချင်ပါတယ်။ သူတို့မှာလည်း သူတို့ဂုဏ်နဲ့သူတို့ ရှိတယ်ဆိုတာကို ပြောပေးစေ ချင်ပါတယ်။ တစ်ဖက်ကိုအလေးပေးလွန်းရင် တစ်ဖက်မှာ တန်ဖိုးမဲ့သွားမှာစိုးလို့ပါ။

တက္ကသိုလ်တိုင်းဟာ ကျောင်းသားအားလုံးအတွက်အတူတူပါပဲ။မြို့နဲ့နီးတာ၊ဝေးတာဟာ အတိုင်းအတာပါ။ဘယ်နေရာ၊ဘယ်ဒေသက ကျောင်း တိုင်းမဆို ကျောင်းသားတွေအတွက် တူညီတဲ့ အသိ၊အတက်ပညာတွေကို သင်ပေးနေတာချည်ပါပဲ။သမိုင်းများခဲ့တဲ့နေရာ၊ သမိုင်းနည်းနည်းပဲရှိတဲ့နေရာ ဆိုတာပဲကွာပါတယ်။ သို့ပေမယ့် ဘယ်တက္ကသိုလ်မှာပဲတက်ခဲ့ တက်ခဲ့ ဂုဏ်ယူဖွယ်ရာတက္ကသိုလ်ကျောင်းသားဖြစ်ခဲ့တယ်ဆိုတာကို ငြင်းချက်ထုတ်လို့ မရနိုင်ပါ။

ဒီနေ့ဟာ မနက်ဖြန်အတွက်သမိုင်းဖြစ်နေပါတယ်။ ရှေးဟောင်းအမိုင်းဝင်အရာတိုင်း တန်ဖိုးရှိတယ်ဆိုပေမယ့် လွန်လေပြီးသောတစ်ချိန်က တော့ သူတို့သည်လည်းပဲ အသစ်တွေဖြစ်ခဲ့ ကျပါတယ်။ ထို့ကြောင့် အတိတ်က အသစ်နဲ့ပစ္စုပ္ပန်ကအသစ် အသစ်ဖြစ်ခဲ့ဖူးတာခြင်းအတူတူဖြစ် သလို အနာဂါတ်ဆိုတဲ့ တစ်ချိန်မှာ ဟောင်း သွားခဲ့ရတာခြင်းလည်းတူပါတယ်။တစ်ကယ်တော့ အားလုံးဟာ အတူတူပါပဲ။အဟောင်းနဲ့အသစ်ကိုမခွဲပဲ တန်ဖိုးချင်း တူညီတယ်လို့ပဲ စာရေးသူကတော့သစ်မှတ်လိုက်ပါတော့မယ်။အရင်ခေတ်ကတက္ကသိုလ်၊အခုခေတ်ကတက္ကသိုလ်၊ ပြီးတော့ နောင်တစ်ခေတ်မှာရှိမယ့် တက္ကသိုလ်အားလုံးဟာ ကျောင်းသားတွေအတွက် ပျော်စရာတွေ၊အမှတ်တရတွေ၊ခံစားချက်ပေါင်းများစွာကိုနေပါလိမ့်မယ်။ နေရာတော့ကွာမှာပေါ့။

လှိုင်နယ်မြေ တည့်တံ့ပါစေကြောင်း သန်လျင်မြေမှ ကျောင်းသားလေးဆုတောင်းပေးလိုက်ပါတယ်။

C.O

7 comments

  • pazflor

    November 17, 2012 at 7:06 pm

    ကောင်းတယ်ဗျာ၊ ကျနော်လည်းသန်လျင်ကိုလွမ်းပါတယ်။

  • Foreign Resident

    November 18, 2012 at 11:33 am

    အတွေးသစ်လေးပဲ ။
    အားပေးသွားပါတယ် ။

  • pooch

    November 18, 2012 at 1:49 pm

    ဟုတ်တာပေါ့ ကြားခေတ်ကလူ ။ ဒီလို လူတွေအတွက်လည်း လွမ်းစရာလေးတွေ အထိုက်အလျောက်ရှိတာပေါ့။ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်က ကိုယ့်အတွက်တော့ အမှတ်တရတွေ အပြည့်ပါ။

  • ကျွန်မကတော့ငယ်ငယ်တည်းကရုပ်ရှင်တွေ၊ဝတ္ထုတွေ၊သီချင်းတွေထဲမှာသတင်းကြီးလှတဲ့
    ရန်ကုန်တက္ကသိုလ်ကြီးကိုတက်ချင်ခဲ့တာပါ။
    အကြောင်းကြောင်းတွေကြောင့် ကျွန်မမပြောနဲ့ကျွန်မအထက်ကအစ်မနှစ်ယောက်တောင်မမှီလိုက်ရှာလို့၊
    ရန်ကုန်မှရန်ကုန်တက်ချင်တဲ့အစ်မ၂ကကုက္ကိုင်းမှာဖွင့်ကာစယဉ်ကျေးမှုတက္ကသိုလ်နဲ့ရပြီး၊
    အစ်မ၃ကတော့ မဖြုတ်ချခင် YTU ကိုမှီသော်ငြား ၂မှတ်နဲ့ပြုတ်ပြီး ရေဆင်းသို့ညောင်းသွားရတော့သည်။
    ကျွန်မလက်ထက်ကျတော့ တကယ့်ကိုပဲ တစ်ချိန်တုန်းကတက္ကသိုလ်ဆီ လို့ဆိုရတော့ပါပြီ။
    တောင်ငူတက္ကသိုလ်မှာ ပုဝါကိုခေါင်းမြီးခြုံပြီးဖုံအန္တရယ်ကာကွယ်ရင်းကျောင်းကားစီးရာကစခဲ့ရတော့၏။
    ဘာပဲဖြစ်ဖြစ်ပျော်ခဲ့ပါတယ်။
    တိုင်းရင်းသားရိုးရာပြပွဲတွေမှာ အဖွင့်၊အပိတ်သီချင်းကို “မြကျွန်းညိုညို”ဆိုခဲ့ရပါတယ်။
    “ပုဂံလမ်းကစောင့်နေမယ်”တို့“အဓိပတိလမ်းကခြေရာများတို့”“တို့သတိရနေမှာပါ”တို့အော်ခဲ့ရပါတယ်။
    သို့သော်…တကယ်တက်ချင်ခဲ့တာကတော့ဖြင့်……………………..
    တကယ့် မြကျွန်းညိုညိုပါ ဆိုရင်အပြစ်ဆိုမလားတော့မသိ။

  • ဘယ်သူတွေဘာပြောပြော
    ကိုယ်နေခဲ့တဲ့ကျောင်း ကိုယ်လွမ်းတာ အကောင်းဆုံးဘဲဗျာ
    ဒါပေမယ့် စာဖတ်ပြီးလွမ်းချင်တယ်ဆိုရင်
    ရန်ကုန်တက္ကသိုလ်(ရာဇူး)
    မန်းလေးတက္ကသိုလ် (မာဇူး)
    ရန်ကုန်စက်မူ့တက္ကသိုလ်(အာအိုင်တီ)
    ကျောင်းထွက်စာရေးသူတွေက လွမ်းအောင်ရေးသွားတော့ သူတို့ စာတွေဘဲကြည့်ပြီးလွမ်းရတာပေါ့ဗျာ။ကဲကိုယ်နေခဲ့တဲ့တက္ကသိုလ်အကြောင်းကိုသူများ လွမ်းအောင်
    ရေးကြဗျာ

  • jullies cezer

    November 19, 2012 at 4:56 pm

    တို့လဲ ကြားလူတစ်ယောက်ဖြစ်ခဲ့ပါတယ် ရန်ကုန်မှာနေပြီးတော့ ရန်ကုန်တက္ကသိုလ်ကို
    ခြေမချခဲ့ဖူးဘူး ကြားလူတွေအတွက် စိတ်မကောင်းစရာက တက္ကသိုလ်ကိုဝေးလံခေါင်ဖျား
    တဲ့ ရွာစွန်တွေမှာပဲ တက်ခဲ့ရတယ် ။ ခုနက သစ်ထူးလွင်မှာဖတ်လိုက်ရတယ် ဂုဏ်ထူးတန်း
    တွေ ရန်ကုန်တက္ကသိုလ်မှာပြန်ဖွင့်မယ်ဆိုလို့ ဝမ်းသာမိသလိုလိုရှိပေမဲ့ တကယ့်လက်တွေ့
    မှာတော့ အခုချိန်ကျောင်းသားပြန်လုပ် ရန်ကုန်တက္ကသိုလ်မှာခြေချဖို့ဆိုတာ အိပ်မက်
    တစ်ခုလိုပါပဲ အဲဒီအိပ်မက်တောင်မှ မရေရာမပီပြင်တဲ့ ဝိုးတဝါး အိပ်မက်လေးပေါ့ကွယ်
    ကြားလူများကိုယ်စား ရန်ကုန်တက္ကသိုလ်ရဲ့အနှစ်သာရကိုအပြည့်အဝမခံစားရသူများ
    ကိုယ်စား စိတ်မကောင်းပါဘူး ……….

  • kyeemite

    November 24, 2012 at 11:57 am

    ဒီလိုဆို ကျွန်ုပ်တို့ တက်ခဲ့ဖူးတဲ့ တက္ကသိုလ်ဆိုတာ အာပေတူးကြီးဖြစ် သွားပြီပေါ့။ဒီတက္ကသိုလ်တွေမှာတက်ခဲ့ဖူးတဲ့ ကျောင်းသားတွေကလည်း မျက်နှာ ငယ်စရာ တက္ကသိုလ်ကျောင်းသားတွေပေါ့။ ဒီလိုများဖြစ်သွားမလား။စာရေးသူရဲ့ကိုယ်ပိုင်အတွေးပါ။

    ဒီလိုတော့လည်းမဟုတ်သေးပါဘူးဗျာ….
    ရန်ကုန်တက္ကသိုလ်(ရာဇူး)
    မန်းလေးတက္ကသိုလ် (မာဇူး)….တို့ဆိုတာ အားလုံးနဲ့ဆိုင်တဲ့ နေရာတွေပါ…
    တစ်ချိန်က အထင်ကရ ဖြစ်ခဲ့ပြီး ကမ္ဘာကသိခဲ့တဲ့ တက္ကသိုလ်တွေပါ…နယ်ကလူတွေဆိုလည်း
    မိမိဘာသာရပ်အလိုက် အဆင့်အတန်းရှိပီး လုံခြုံမှု့ရှိတဲ့ အဆောင်တွေမှာ
    သက်သက်သာသာနဲ့ နေထိုင်ပြီး အေးချမ်းပျော်ရွှင်စွာပညာသင်ခဲ့ကြရတာပါ…
    အဲဒါကြီးတွေကို စစ်အစိုးရလက်ထက်မှာ တိမ်မြုတ်ပျောက်ကွယ်အောင်လုပ်ခဲ့ပီး
    ခုခေတ်ကျောင်းသားလေးတွေကို…ဟိုး မြို့ပြင်အဝေးကိုထုတ်ပစ်ခဲ့တာကို
    အားလုံးကမကျေနပ်ဖြစ်နေခဲ့ကြတာပါ…ဒါကြောင့် အရင်ကလို ပြန်လည်ရှင်သန်အောင်
    နောင်လာနောက်သားတွေအတွက် ကြိုးစားပေးနေကြတာပါ….
    ကျုပ်တို့ သားသမီးတွေ ပျှော်ရွှင်ချမ်းမြေ့စွာ၊ လုံခြုံဘေးကင်းစွာ၊ အဆင့်အတန်းမှီတဲ့
    ပညာတွေ သင်ယူနေကြတာမြင်တွေ့လိုလို့ ဖြစ်ကြောင်းပါဗျာ…
    အခု လက်ရှိဖွင့်ထားတဲ့ တက္ကသိုလ်တွေကို သူတို့ဂုဏ်နဲ့သူတို့ ရှိတယ်ဆိုတာကို
    လက်ခံပါတယ်…ဒါပေမဲ့ တက်ရတဲ့ ကျောင်းသားတွေအတွက် ဝေးလံခေါင်ဖျားမို့
    လုံခြုံမှု့ မရှိတာအပြင် ကျောင်းသွားကျောင်းပြန် ဒုက္ခကတင်မသေးလှကြောင်း
    စာရေးသူလည်းသိမှာပါလေ… ဒါလေးပါဗျာ…

Leave a Reply