စိတ်အားထက်သန်သောကျောင်း (အခန်းဆက်ဘာသာပြန်ဆောင်းပါး) (အပိုင်း-၁)

kaiNovember 18, 20129min984

စိတ်အားထက်သန်သောကျောင်း (အခန်းဆက်ဘာသာပြန်ဆောင်းပါး) (အပိုင်း-၁)

အခန်း ()

နိဒါန်း

ပြောင်းလဲရန် လိုအပ်နေပြီ

(၁၉၈၀) မတိုင်မီကာလတွေရဲ့ ကျောင်းသားစီမံခန့်ခွဲမှု သဘောတရားကို ရိုက်နှက်ပြစ်ဒဏ်ပေးမှု အတွေးအခေါ်တွေက ကြီးစိုးထားခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာ အခြားနည်းလမ်းဖြစ်တဲ့ စာရွက်စာတမ်းနဲ့ ပြစ်ဒဏ်ပေးမှု (ဥပမာခံဝန်ကတိထိုးခိုင်းခြင်း၊ မိဘလက်မှတ်ထိုးခိုင်းခြင်း စသည်များ)နဲ့ အစားထိုးလာခဲ့ပေမယ့်လဲ ပြုပြင်ရေးပြစ်ဒဏ်ပေးမှု အတွေးအခေါ်တွေကသာ ပိုမို လွှမ်းမိုးနေခဲ့ပါတယ်။ ရိုက်နှက်ပြစ်ဒဏ်ပေးမှုတွေကို ကျောင်းတွေမှာ ကန့်သတ်လိုက်ချိန်မှာ စာသင်ကျောင်းတွေအနေနဲ့ ကောင်းမွန်တဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့ ထိရောက်တဲ့ သင်ယူရေးကို ဘယ်လိုတွန်းအားပေး လုပ်ဆောင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး ပြန်လှန်စဉ်းစားလာကြရပါတယ်။

ပြစ်ဒဏ်ပေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း (punitive approach) ကနေ ပြုပြင်ပေးမှုဆိုင်ရာ ချဉ်းကပ်နည်းလမ်း (corrective approach) ကို ပြောင်းလဲလာပေမယ့်လဲ ထိန်းချုပ်မှုသဏ္ဍာန် (control model) က လွှမ်းမိုးနေတဲ့အခါ ကျောင်းဆရာတွေအနေနဲ့ ကျောင်းသားများနှင့် အတူတကွ အရာတခုကို လုပ်ဆောင်တယ်ဆိုတဲ့ သဘောတရားထက် ကျောင်းသားတွေအတွက် အရာတခုကို လုပ်ပေးရတယ် ဆိုတဲ့ သဘောတရားကိုသာ တွေးတောမိနေစေနိုင်ပါတယ်။ ဒီလိုသဘောတရားတွေကနေတဆင့် ကျောင်းသားလူငယ်တွေ အပေါ်မှာ ကျောင်းနဲ့ လူ့အဖွဲ့အစည်းက ပေးအပ်သတ်မှတ်ထားတဲ့ အဆင့်အတန်းတွေအကြား လိုက်လျောညီထွေ မရှိတာတွေ ဖြစ်လာနိုင်ပါတယ်။

ကျောင်းတွေအနေနဲ့ ဒီလိုကွာဟချက်တွေကို လျှော့ချပြီး ထိန်းချုပ်မှုသဏ္ဍာန်ပေါ်မှာ အခြေတည်သော ကျောင်းအဖြစ်မှတဆင့် လူငယ်တွေရဲ့ လေ့လာသင်ယူလိုသောစိတ်ကို အားပေးအားမြှောက်ပြုတဲ့ တက်ကြွသောကျောင်းများ ဖြစ်လာအောင် ပြုပြင်ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။ သင်ယူလေ့လာခြင်း နဲ့ ကြီးပွားတိုးတက်ခြင်းဟာ မြေတောင်မြှောက်ပေးရမယ့် လူ့သဘော၊ လူ့သဘတွေဖြစ်ကြောင်း စာသင်ကျောင်းတွေအနေနဲ့ သိမြင်ဖို့ လိုအပ်လာပါတယ်။

ယနေ့ကမ္ဘာရဲ့ လူငယ်လူရွယ်တွေဟာ ပြောင်းလဲတိုးတက်လာတဲ့ ကမ္ဘာကြီးနဲ့အညီ ခေတ်မီတဲ့ ဗဟုသုတ အများအပြားကိုလဲ ရရှိလာကြပါတယ်။ ဂီတနဲ့ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူငယ်တွေ အလွန်များပြားလာပါတယ်။ ကလေးသူငယ်ပညာပေး ဇာတ်လမ်းရုပ်ရှင်တွေထက် အော်ပရာဇာတ်တွေ၊ စတိတ်ရှိုးတွေ၊ ကြော်ငြာတွေကို ပိုပြီး ကြည့်ချင်လာကြပါတယ်။ ယခင်မျိုးဆက်တွေမှာတုန်းကဆိုရင် ကလေးတွေဟာ မိဘတွေက ရွေးချယ်ဝယ်ယူပေးတဲ့ အရုပ်တွေနဲ့ ကစားခဲ့ကြရပါတယ်။ ယနေ့ခေတ်မှာတော့ ကလေးတွေဟာ သူတို့လိုချင်တဲ့ အရုပ်တွေကို သူတို့ကိုယ်ဆိုင် ရွေးချယ် နိုင်လာကြပါတယ်။ ဒီလိုတိုးတက်လာတဲ့ အခြေအနေတွေမှာ တိုးတက်သောအမြင်ရှိတဲ့ မိဘတွေကလဲ သူတို့သားသမီးတွေကို ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲရှိပြီး၊ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းရှိတဲ့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်စွမ်းရှိသော လူငယ်များအဖြစ် မြင်ချင်လာကြ ပါတယ်။

ယနေ့ခေတ်ကာလမှာ ကိုယ့်သားသမီးကို အော်ဟစ်ပြောဆိုသော၊ ပါဝါအလွန်အကျူးသုံးနေသော၊ ရိုက်နှက်ဆုံးမသော ဆရာဆရာမတွေကို တိုးတက်သောအမြင်ရှိတဲ့ ဘယ်မိဘတွေကမှ အလိုမရှိ တော့ပါဘူး။ အိမ်မှာလဲ လူငယ်တွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စါမ်းရှိလာအောင် လေ့ကျင့် ပေးလာကြပါတယ်။ ဒီလိုအခြေအနေတွေဟာ ကျောင်းသားနဲ့ဆရာအကြားမှာ ကွာဟမှုအချို့ ဖြစ်လာ စေနိုင်ပါတယ်။ ဆရာတွေ ငယ်စဉ်ကာလတုန်းက ကြီးပြင်းလာတဲ့ မိသားစုတွေဟာ မိဘကပဲ သားသမီးတွေနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးရတဲ့ ခေတ်မှာဖြစ်ပြီး၊ စာသင်ကျောင်းတွေမှာ ဆိုရင်လဲ ဆရာတွေက စာသင်ခန်းကို ထိန်းချုပ်ထားတဲ့ ခေတ်မှာဖြစ်ပါတယ်။ ဒီလိုကွာဟချက်တွေကို ကျောင်းအနေနဲ့ရော၊ ဆရာတွေအနေနဲ့ပါ ပြန်လည်ညှိယူဖို့ လိုအပ်ရပါတယ်။

ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲခြင်းဟာ တဦးချင်းစီရဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (personal social development programme) ရဲ့ ကဏ္ဍတခုဖြစ်ပါတယ်။ ကလေးသူငယ်နဲ့ လူငယ်တွေအနေနဲ့ လူစိမ်းတွေ၊ ဒါမှမဟုတ် မကောင်းမှု (ဥပမာမူးယစ်ဆေးဝါးသုံးစွဲမှု စတာတွေ) ကို ဆွဲဆောင်လာတဲ့ သူငယ်ချင်းတွေကို “No” ဆိုတဲ့ စကားကို ပြောရဲလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်လာပါတယ်။ ယနေ့ကမ္ဘာရဲ့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ကျောင်းတွေမှာ ကျောင်းသားတွေကို လူကြီးတွေပြောတဲ့အတိုင်း လိုက်လုပ်တာဟာ အမြဲတမ်း မမှန်နိုင်ကြောင်းနဲ့ လူကြီးတွေဟာလဲ မှားယွင်းတတ်တယ် ဆိုတဲ့ သဘောတရားတွေကို စတင်သင်ကြားလာကြရပါတယ်။ အချို့ကျောင်းဆရာတွေအတွက်တော့ လူငယ်ယဉ်ကျေးမှု (youth culture) ပြောင်းလဲလာခြင်းဟာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်လာနိုင်ပါတယ်။ ဒီစိန်ခေါ်မှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာက ကာလပေါ်ကျောင်းပညာရေးရဲ့ ထိရောက်မှုအတွက် အရေးကြီးတဲ့ အချက်ဖြစ်လာပါတယ်။

ကျောင်းသားနဲ့ဆရာအကြားမှာ ပါဝါချိန်ခွင်လျှာ (power balance) ရှိနေဆဲ ဆိုပေမယ့်လဲ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်မှုကလဲ ဆရာဆိုတာ သတင်းအချက်အလက်တွေ ရဖို့အတွက် အဓိကအရေးပါသူဆိုတဲ့ အခန်းကဏ္ဍကို စိန်ခေါ်သလို ဖြစ်လာပါတယ်။ ကျောင်းသားတွေဟာ ဗဟုသုတရဖို့အတွက် ဆရာကိုပဲ မှီခိုနေရတာ မဟုတ်တော့ပါဘူး။ အင်တာနက်ဟာ သင်ကြားမှု (teaching) ဆိုတာကို သင်ယူသူ (learner) က ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ပြောင်းလဲ လိုက်ပါတယ်။ ကျောင်းသားတွေဟာ အသိပညာ၊ အတတ်ပညာတွေကို ထုတ်လုပ်သူတွေနဲ့ စားသုံးသူတွေ ဖြစ်လာကြပါတယ်။

အသွင်ကူးပြောင်းလာသော ဆုတံဆိပ်ယဉ်ကျေးမှု (Reward Culture)

(၂၁)ရာစု လူ့အဖွဲ့အစည်းဟာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုမှုတွေ၊ တာဝန်ခွဲဝေပေးမှုတွေ တစထက်တစ တိုးမြှင့်လုပ်ဆောင်လာပါတယ်။ ကျောင်းတွေအနေနဲ့ လူငယ်တွေကို နောင်တခေတ်ရဲ့ သားကောင်းတွေအနေနဲ့ မမြင်တော့ပဲ ယနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ တက်ကြွသောသားကောင်းတွေ အနေနဲ့ ရှုမြင်ဖို့ လိုအပ်လာပါတယ်။ တန်းတူညီမှုမှု သဘောတရား (equality principle) ဟာ အိုမင်းဟောင်းနွမ်းနေတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ဦးဆောင်မှု သဏ္ဍာန်တွေကို စိတ်ခေါ်လာပါတယ်။

ဒီလိုယဉ်ကျေးမှုခေတ်ကာလမှာ အချို့ဆရာတွေအနေနဲ့ ပညာရေးဆိုင်ရာတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးရမှုတွေမှာ ဖိအားပေးတယ်လို့ ခံစားလာရတာတွေ ရှိနိုင်ပြီး၊ ယနေ့ခေတ် ကျောင်းသားတွေဟာ ပိုပြီး စိန်ခေါ်မှုပြုလုပ်တတ်သူတွေ၊ ပညာသင်ယူမှုအပေါ်မှာ စိတ်အားထက်သန် လာအောင် ပြုလုပ်ဖို့ ခဲယဉ်းသူတွေလို့ မြင်လာတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ကာလ ပြောင်းလဲမှုဖြစ်စဉ်ကို ဆရာတွေအနေနဲ့ တားဆီးမှု လုပ်နိုင်မှု မဟုတ်ပါဘူး။ ပြောင်းလဲမှုနှုန်းနဲ့အညီ ခြေတလှမ်းသာနေအောင် ကြိုးစားဖို့ပဲ လိုအပ်လာပါတယ်။ အတိတ်ရဲ့ အတွေးအခေါ်၊ အတိတ်ရဲ့ ကျင့်ထုံးနဲ့ပဲ နေထို်ငတဲ့ ဆရာတွေအနေနဲ့ကတော့ ပဋိပက္ခနှင့် အပြစ်တင်မှုနွံထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်တော့ပါဘူး။ နာရီတွေကို နောက်ပြန်လှည့်လို့ မရနို်င်တော့မှန်း လက်ခံလိုက်မှသာ ရှေ့ခရီးအတွက် ရွေ့လျားမှုတွေ လုပ်နိုင်လာမှာ ဖြစ်ပါတယ်။

တိုးတက်တဲ့အမြင်ရှိတဲ့ ကျောင်းတွေကတော့ ယဉ်ကျေးမှုပြောင်းလဲလာတာနဲ့အညီ အသွင်ကူးပြောင်းမှု တွေ လုပ်ဆောင်လာကြပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကြောင့် ပြစ်တင်ရှုံချမှုတွေအပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှုခေတ် ကုန်ဆုံးသွားပြီး၊ ချီးမွမ်းပြောဆိုမှုတွေအပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှုခေတ်ကို ပြောင်းလဲလာကြောင်း ဆရာတွေကလဲ နားလည်လာကြပါတယ်။ ထိန်းချုပ်ရေးယဉ်ကျေးမှု (control culture) ကနေ ဆုတံဆိပ်ပေးယဉ်ကျေးမှု (reward culture) ကို ပြောင်းလဲလာခြင်းဟာ အသွင်ကူးပြောင်းမှု ဖြစ်ပါတယ်။ ဆုတံဆိပ်ပေး ယဉ်ကျေးမှုကို ကျင့်သုံးလာတဲ့ ကျောင်းသားတေ ွအနေနဲ့ အကျိူးကျေးဇူးတွေကို သိမြင်လာကြပါတယ်။ ဘယ်လိုပုံစံနဲ့ ဆုပေးစနစ်နည်းလမ်းတွေကို ကျင့်သုံးမလဲဆိုတာနဲ့ ပတ်သက်ပြီး ရှာဖွေလာကြပါတယ်။ တချိန်တည်းမှာပဲ ဆုတံဆိပ်ပေး ယဉ်ကျေးမှုကို culture of indulgence အဖြစ် ဝေဖန်မှုတွေလဲ ပေါ်ထွက်လာခဲ့ပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့် ယဉ်ကျေးမှုဆီသို့

ကျောင်းတွေအနေနဲ့ လိုက်နာဆောင်ရွက်စေခြင်း ယဉ်ကျေးမှု (compliance culture) ကနေ ကိုယ်ပိုင်ပြဌာန်းခွင့်ယဉ်ကျေးမှု (culture of autonomy) ကို အသွင်ကူးပြောင်းရန် လိုအပ်ကြောင်း ဒီစာအုပ်မှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေကို သူတို့ရဲ့ဘဝအတွက် သူတို့ကိုယ်တိုင် အချိန်တွေ ရင်းနှီးမြှုပ်နှံဖို့နဲ့ သူတို့ရဲ့လေ့လာသင်ယူမှုတွေမှာ ကိုယ်တိုင်တည်ဆော်သူတွေ ဖြစ်လာဖို့ တိုးတွန်းအားပေးရန် လိုအပ်လာပါတယ်။ ဘယ်သူကမှ စည်းကမ်းသတ်မှတ်ပေးစရာမလိုတဲ့ ကိုယ်ပိုင် စည်းကမ်းချမှတ်လုပ်ဆောင်နိုင်မှုဟာ ယနေ့ကမ္ဘာမှာ အလုပ်ရှင်တွေက ရှာဖွေနေတဲ့ အချက် ဖြစ်ပါတယ်။

ဘဝတသက်သာသင်ယူမှု (life-long learning) ဟာ ကိုယ်တိုင်ပိုင်းခြားဆုံးးဖြတ်နိုင်မှုပေါ်မှာ တည်မှီပါတယ်။ ကျောင်းသားတွေကို သင်ယူလေ့လာရေးနဲ့ ပတ်သက်ပြီး အကောင်းမြင် သဘောထားတွေ ရှိလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ အချို့ကျောင်းတွေက ပညာရေး အောင်လက်မှတ်တွေကို ပိုပြီး အလေးထားတတ်ကြပါတယ်။ သို့ပေမယ့် ပညာသင်ယူလေ့လာမှုဆိုတာ ပညာရေးအောင်လက်မှတ်ရရှိမှုမှာ အဆုံးသတ်တာ မဟုတ်ပါဘူး။ ဒီပညာရေးအောင်လက်မှတ်တွေ ရရှိလာစေတဲ့ ပညာတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာက ပိုပြီးအရေးကြီးတာ ဖြစ်ပါတယ်။

ကျောင်းကထွက်သွားတဲ့ လူငယ်တွေ ကြုံတွေ့ရတတ်တဲ့ ပြဿနာရပ်က အလုပ်အတွေ့အကြုံနဲ့ သင်ကြားမှုအတွေ့အကြုံ နည်းပါးမှု မဟုတ်ပါဘူး။ သူတို့ဆီမှာ မိမိကိုယ်ကို ယုံကြည်မှု (self-confidence) နဲ့ ကိုယ်တိုင်စိတ်ပိုင်းဖြတ်နိုင်မှု (self-determination) အားနည်းချက်တွေ ရှိနေခြင်း ကသာ ပြဿနာဖြစ်လာတာ ဖြစ်ပါတယ်။ အချို့လူငယ်တွေကျတော့လဲ ပညာရေးနဲ့ လေ့ကျင့် သင်ကြားမှုတွေကို ဆန့်ကျင်တဲ့ ယဉ်ကျေးမှုထဲကနေ ရုန်းထွက်နိုင်စွမ်း မရှိကြပါဘူး။

စိတ်အားထက်သန်သောကျောင်း

ဒီစာအုပ်ထဲမှာရေးထားတဲ့ အခြေခံစည်းမျဉ်းတွေဟာ စိတ်အားထက်သန်သောကျောင်းကို ဖန်တီးလိုကြ တဲ့ ကျောင်းအုပ်ချုပ်သူများအတွက်လဲ အကျုံးဝင်ပါတယ်။ ကျောင်းသားဗဟိုပြုသင်ကြားရေး (student-centred teaching) အတွက် ဆရာဗဟိုပြုစီမံခန့်ခွဲရေး (teacher-centred management) လိုအပ်ပါတယ်။ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေအနေနဲ့ ဆရာတွေက ကျောင်းသားတွေကို ဆက်ဆံစေရန် မျှော်လင့်ထားတဲ့ ပုံစံအတိုင်း ဆရာတွေကို ဆက်ဆံဖို့ လိုအပ်လှပါတယ်။ ကျောင်းအုပ်ချုပ်ရေးရဲ့ ဦးဆောင်မှုပုံစံကလဲ ဆရာတွေရဲ့ လုပ်ဆောင်မှုကို အကျိုးသက်ရောက်မှု ရှိပါတယ်။

ကျောင်းသားတွေကို လေ့လာသင်ယူမှုမှာ စိတ်အားထက်သန်လာအောင် လုပ်ဆောင်ရမယ့် ဆရာဆီမှာ သင်ကြားရေးနဲ့လေ့လာသင်ယူမှုဆိုင်ရာ ကိုယ်ပိုင်စိတ်အားထက်သန်မှု (self-motivation) ရှိဖို့ အလွန် အရေးအကြီးပါတယ်။ ကျောင်းအုပ်ချုပ်ရေးအနေနဲ့ ကျောင်းမှာ အသုံးပြုတဲ့ စိတ်အားထက်သန်ရေး ဆိုင်ရာ လှုံ့ဆော်မှုနည်းလမ်းများကို မျက်ချေမပြတ်အကဲဖြတ်နေဖို့ လိုအပ်ပါတယ်။ ကျောင်းသားရဲ့ အတွေ့အကြုံနဲ့ အံဝင်ခွင်ကျဖြစ်ရေး၊ လေ့လာသင်ယူမှုအပေါ်မှာ စိတ်အားထက်သန် လာအောင် မိမိကိုယ်ကို လှုံ့ဆော်နိုင်စွမ်းရှိတဲ့ ကျောင်းသားစါမ်းရည်တိုးတက်လာမှု စတာတွေကို သုံးသပ်ဖို့ လိုအပ်ပါတယ်။

စာအုပ်ရေးသားရခြင်း ရည်ရွယ်ချက်များ

ဒီစာအုပ်ဟာ စိတ်အားထက်သန်မှုအကြောင်းကို နားလည်လိုသူများနဲ့ လူငယ်များကို လေ့လာသင်ယူမှု အပေါ် စိတ်အားထက်သန်မှု ရှိလာစေရန် လှုံဆော်လိုသူများအတွက် အထောက်အကူ ပြုပေးနိုင် ပါတယ်။ ပညာသင်ယူရေးအပေါ် စိတ်အားထက်သန်မှုဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ အတွေ့အကြုံမှတဆင့် ရရှိလာသော အတွေးအခေါ်များကို ပေါင်းစပ်ပြီး ရေးသားဖော်ပြထားပါတယ်။ ဆရာတွေအနေနဲ့ သူတို့ကိုယ်တိုင်နဲ့ ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုကို အကဲဖြတ်နိုင်စေမယ့် သဘောတရားရေးရာ သီအိုရီတွေကိုလဲ ပုံနဲ့တကွ ဖော်ပြထားပါတယ်။ ဒီသီအိုရီတွေကတဆင့် ကျောင်းသားတွေကို စိတ်အားထက်သန်ရေး လှုံ့ဆော်နိုင်တဲ့ အခြေခံ စည်းမျဉ်းများကိုလဲ ဖော်ပြထားပါတယ်။ ဒီစည်းမျဉ်းတွေကို လက်တွေ့ကျင့်သုံးမှုသာမက တတ်ကျွမ်းမှု ဆိုင်ရာ လိုအပ်ချက်အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။

ဒီစာအုပ်မှာ ကျောင်းသားတေါရဲ့ ပြုမူဆောင်ရွက်ပုံတွေနဲ့ လိုအပ်ချက်တွေကို ဖော်ပြထားပြီး အဆုံးစွန်လေ့လာသင်ယူမှုဖြစ်လာေအာင် ဖော်ထုတ်ဆောင်ရွက်ခြင်းဆိုင်ရာ အကြံဉာဏ်ပြု ဖော်ပြချက် များလဲ ပါဝင်ပါတယ်။ လေ့လာသင်ယူမှုဝန်းကျင် (learning environment) ကို ဖော်ဆောင်နေဆဲ ကျွမ်းကျင်ပညာရှင်များ အနေနဲ့ သူတို့လုပ်ဆောင်ချက်တွေကတဆင့် ကျောင်းသားများရဲ့ စိတ်အားထက်သန်မှုအပေါ် သက်ရောက်မှုတွေကို ပြန်လည်သုံးသပ်နိုင်ရေးအတွက်လဲ အထောက်အကူ ပြုထားပါတယ်။ ကျောင်းသားတွေရဲ့ ပြုမူဆောင်ရွက်မှုနဲ့ လိုအပ်ချက်ကို သိခြင်းအားဖြင့် အကောင်းမြင် သဘောထားကဲ့သို့သော ယေဘုယျ အတွေးအခေါ်တွေကိုလဲ ပိုမိုနားလည်နိုင်ပါတယ်။ ကျောင်းတွေမှာ ဘယ်အရာတွေကအလုပ်ဖြစ်ပြီး၊ ဘယ်လိုကျင့်သုံးမှုတွေက အလုပ်မဖြစ်ဘူးဆိုတာကိုလဲ မြင်တွေ့နိုင် ပါတယ်။

ဒီစာအုပ်မှာ စာဖတ်သူများရဲ့ အတွေးအခေါ်တွေကိုလဲ ပြန်လည်သုံးသပ်မှုရှိစေပြီး၊ လူငယ်တွေကို စိတ်အားထက်သန်မှုရှိလာအောင် မလှုံ့ဆော်ခင်မှာ ကိုယ့်ဘာသာကိုယ် စိတ်အားထက်သန်မှု ရှိစေဖို့ကိုလဲ သိမြင်လာစေနိုင်ပါတယ်။ ဆရာတွေအနေနဲ့ မိမိကိုယ်ကို ဘယ်လိုစိတ်အားထက်သန်မှု ဖြစ်စေလဲ ဆိုတာနဲ့ သူတပါးကို ကိုယ်က မည်သို့မည်ပုံ စိတ်အားထက်သန်လာအောင် လှုံ့ဆော်သလဲ ဆိုတာကို သိမြင်ဖို့ လိုအပ်ပါတယ်။

ဆရာတွေဟာ ကျောင်းသားတွေရဲ့ ပညာသင်ယူလေ့လာမှုအပေါ် စိတ်အားထက်သန်လာအောင် လှုံ့ဆော်နိုင်သူ ဖြစ်ရုံသာမက စိတ်အားထက်သန်မှု ယုတ်လျော့သွားအောင် မသိဘာသာ လုပ်မိသူတွေလဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆရာတွေအနေနဲ့ စိတ်အားထက်သန်မှု မည်သို့မည်ပုံ အလုပ်လုပ်သလဲဆိုတာ နားလည်ပြီး၊ ဘယ်အရာတွေက စိတ်အားထက်သန်စေမှုအပေါ်မှာ သက်ရောက်နိုင်ကြောင်းကို သိရှိဖို့ လိုအပ်ပါတယ်။ ဒါတင်မကပဲ ဆရာများနဲ့ ပညာပေးသူများရဲ့ ကိုယ်ပိုင်စိတ်အားထက်သန်မှု စိတ်နေစိတ်ထားတွေဟာ ကျောင်းသားတွေကို ကူးစက်သွားစေနိုင် ကြောင်းကိုလဲ သိရှိနားလည်လာမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေ စာလုံးပေါင်းသတ်ပုံ မကျွမ်းကျင်တာကို ကျောင်းက သင်ကြားပေးနိုင်ပါတယ်။ ပညာသင်ယူမှုအပေါ်မှာ စိတ်အပားထက်သန်လာအောင်ကိုတော့ ကျောင်းက သင်ကြားပေးလို့ မရနိုင်ပါဘူး။ ပညာသင်ယူမှုအပေါ်မှာ ကိုယ်တိုင်စိတ်အားထက်သန်မှု ရှိလာအောင်ကိုသာ ကျောင်းက လှုံ့ဆော်ပေးနိုင်တာ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှုဖြစ်စဉ် (motivational processes) ကို အကောင်အထည် ဖော်ဆောင်ပေးမှသာ ကျောင်းသားတွေဟာ သူတို့ရဲ့ စိတ်အားထက်သန်မှုအတွက် ကိုယ်ပိုင်ပြဌာန်းမှု ရှိလာမှာ ဖြစ်ပါတယ်။

ဆရာတွေအနေနဲ့ ကျောင်းသားတွေဆီမှာ စိတ်အားထက်သန်မှု သဏ္ဍာန်အမျိုးမျိုးရှိတယ် ဆိုတာကိုလဲ လက်ခံရမှာ ဖြစ်ပါတယ်။ ကျောင်းကနေ ပညာသင်ယူရေးမှာ စိတ်မပါဘူးဆိုပြီး ထုတ်ပယ်လိုက်တဲ့ ကျောင်းသားတွေဟာ အားကစားမှာ ထူးချွန်မယ့်သူတွေနဲ့ ဂီတပညာရှင်ဖြစ်လာမယ့် သူတွေ မပါလာဘူးလို့ ဘယ်သူမှ တပ်အပ်သေချာမပြောနိုင်ပါဘူး။ အချို့ကျောင်းသားတွေဆီမှာ စိတ်အားထက်သန်မှု မရှိဘူးလို့ ယူဆထားချက်တွေက မှားပါတယ်။ သူတို့နည်း၊ သူတို့ဟန်နဲ့ စိတ်အားထက်သန်မှုတွေကတော့ ရှိမှာဖြစ်ပါတယ်။ ဒါကိုဖော်ထုတ်ပြီး ပညာသင်ယူရေးအပေါ်မှာ စိတ်အားထက်သန်လာအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို ကြိုးစားလမ်းပြပေးဖို့ကသာ ဆရာတွေရဲ့ တာဝန်ဖြစ်ပါတယ်။

မူရင်းစာရေးသူ – Alan McLean

မူရင်းစာအုပ်အမည် – The Motivated School

ထုတ်ဝေသောနှစ် – (၂၀၀၃) ခုနှစ်

ဘာသာပြန်သူခင်မမမျိုး (၁၇၊ ၁၁၊ ၂၀၁၂)

4 comments

  • thit min

    November 18, 2012 at 9:48 am

    ဘဝတသက်သာသင်ယူမှု (life-long learning) ဟာ ကိုယ်တိုင်ပိုင်းခြားဆုံးးဖြတ်နိုင်မှုပေါ်မှာ တည်မှီပါတယ်။ ကျောင်းသားတွေကို သင်ယူလေ့လာရေးနဲ့ ပတ်သက်ပြီး အကောင်းမြင် သဘောထားတွေ ရှိလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ အချို့ကျောင်းတွေက ပညာရေး အောင်လက်မှတ်တွေကို ပိုပြီး အလေးထားတတ်ကြပါတယ်။ သို့ပေမယ့် ပညာသင်ယူလေ့လာမှုဆိုတာ ပညာရေးအောင်လက်မှတ်ရရှိမှုမှာ အဆုံးသတ်တာ မဟုတ်ပါဘူး။ ဒီပညာရေးအောင်လက်မှတ်တွေ ရရှိလာစေတဲ့ ပညာတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာက ပိုပြီးအရေးကြီးတာ ဖြစ်ပါတယ်။

    ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
    ဆိုတာသိပ်အရေးကြီးတဲ့ အယူအဆပါ။
    “”လက်တွေ့ ဥပမာ တခုအနေနဲ့ ဘာသာရပ်ဆိုင်ရာ ပါရဂူဘွဲ့ (ပီအိပ်ချ်ဒီ) ရသွားတဲ့
    သူတယောက်ဟာ သူ့ရဲ့ပညာရပ် အဲဒီနေရာမှာ ပြည့်စုံပြီးမြောက်သွားတယ် ဆိုတဲ့
    အဓိပ္ပါယ်မဆောင်ပါဘူး။””
    အဲဒီ ပညာရပ်နဲ့ ပါတ်သက်ပြီး “သုတေသန” လုပ်ရန် အရည်အချင်းပြည့်မှီသွားပြီဆိုတဲ့
    အဓိပ္ပါယ်ပါတဲ့။
    ဆိုလိုတာက အဲဒီပညာရပ်နဲ့ပါတ်သက်ပြီး အဲဒီ ပီအိပ်ချ်ဒီ ရပြီးတဲ့နောက်မှာမှ တကယ် စနစ်
    တကျ မှန်မှန်ကန်ကန် “စပြီး” လုပ်ရမှာပါ။
    အကျဉ်းချုပ်ရရင် ပီအိပ်ချ်ဒီ ဟာ ပညာရပ်(သို့)ပညာရေးအစိတ်အပိုင်းတခုရဲ့ “အဆုံးသတ်”
    အမှတ် မဟုတ်တဲ့ “အစမှတ်” ပါ လို့ဆိုတာပါဘဲ။
    ~~~~~~~~~~~~~~~~~~~~~~
    ထပ်မံ အကျယ်ဖွင့်ရရင်……..
    မြန်မာနိုင်ငံမှာပြောနေကြ စကား” ဘွဲ့ရပညာတတ်တွေ” ဆိုတာပါ။
    ဘွဲ့တခုရတယ် ဆိုတာလဲ အဲဒီပညာရပ်ကို (မှန်မှန်ကန်ကန်သင်ကြားခဲ့ရပါတယ်ဆိုရင်တောင်)
    သိရုံလောက်ပါ။
    ဆိုလိုတာက “တတ်” ချင်ရင်ဆက်လက် ဆည်းပူး ရမှာပါ။
    (အဲ ကိုယ့်ဘဝအတွက် အသုံးဝင်မယ်ဆိုရင်ပေါ့ဗျာ၊ အသုံးမဝင်တာဆည်းပူးနေလို့တော့လဲ
    အလကားဘဲဖြစ်မှာပါ)။

    အဲဒါနဲ့ ပါတ်သက်ပြီးကြုံလို့ ပြောရရင်……………

    မြန်မာပြည်မှာ ရိုးရိုးမေဂျာလို့ပြောတဲ့ ( Physics, Maths ) အစရှိတဲ့ ဘွဲ့တွေ။
    အဲဒီ ဘွဲ့ တွေ နဲ့ ဒီမှာ စက်မှုတက္ကသိုလ်ဝင် ခွင့် ဖြေလို့/တက်လို့ ရတယ်ဗျ။
    အဲဒီလိုတက်ပြီး ဒီမှာဘဲ အလုပ်ကောင်းကောင်းရနေတဲ့ သူတွေရှိပါရဲ့။

    ပြောလိုတာက …………
    ဆက်လက်လေ့လာလို့ အကျိုးရှိမယ်ဆိုရင် လေ့လာသင့်တာဟာ ပညာရေးရဲ့
    တကဲ့ အနှစ်သာရ လို့ ဆိုချင်ပါတယ်။

  • ဦးကြောင်ကြီး

    November 18, 2012 at 9:53 am

    စာကသိပ်နိမ့်လို့ ဒီထက်မြင့်တဲ့စာမျိုးကိုသာ ရွေးချယ်တင်စေလိုဂျောင်း…
    ပရော်ဖက်ဆာကြောင်ဖား

  • blackchaw

    November 18, 2012 at 10:07 am

    ဝင်ဖတ်သွားခဲ့ပြီ ဆိုတာ သံချောင်းခေါက်သွားတာပါ သူကြီးရေ…။
    ဆွေးနွေးဖို့ကတော့ ဉာဏ်သိတ်မမီလို့…
    ကွန်းမန့်တွေကို စောင့်ဖတ်ပါမယ် ဆိုတဲ့ အကြောင်း…။

  • pooch

    November 18, 2012 at 1:57 pm

    အမှန်က ဒီလိုစာမျိုးကို လက်ကမ်းစာအုပ်လို လုပ်ပြီးတော့ကို ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေ မိဘတွေ အားလုံးကို ဝေသင့်တာ။

Leave a Reply