စိတ်ကောက် ကြယ်သီးလေးဟာ ညီမလေးလား၊ ရင်ဘတ်ပေါ်က ကြယ်သီးဟာ ကိုယ်လား

သူရႆဝါNovember 19, 20121min1073

စိတ်ကောက် ကြယ်သီးလေးဟာ ညီမလေးလား၊ ရင်ဘတ်ပေါ်က ကြယ်သီးဟာ ကိုယ်လား
– သူရဿဝါ –

ကိုယ့်ခန္ဓာကိုယ်ထဲက ပင်မသွေးကြောလွှာကို
ချစ်ဦးသူရဲ့နာမည်လေးပေးထားလိုက်တယ်
ချစ်သူက သခင် ၊ ကိုယ်က အပါးတော်မြဲပါ ။
ကိုယ့်ဘဝကို စက္ကူငှက်ရုပ်လေးဖြစ်အောင်ချိုးခေါက်ပြီး
ချစ်သူအတွက်လက်ဆောင်ပို့ပေးဖူးတယ် ။
ရင်ဘတ်မှာမတပ်ဘဲ ဖြုတ်ထားတဲ့
စိတ်ကောက်ကြယ်သီးလေးတစ်လုံးရှိတယ် ၊ ကိုယ်ပါ ။

အဲဒီ ကဗျာကို ရေးခဲ့တုန်းက စိတ်ကောက် ကြယ်သီးလေးဟာ ကိုယ့်အတွေး ထဲက အိပ်မက် သက်သက်ပဲ၊ ကိုယ့်ရဲ့ စိတ်ကူးယဉ် ဖန်တီးမှု သက်သက်ပဲ။ ဒါပေမယ့် အဲဒီ အိပ်မက် ကြယ်သီးလေးဟာ ကိုယ့်ဘဝထဲကို တကယ်ပဲ ကိုယ်ထင်ပြ ဝင်ရောက် လာခဲ့တယ်။ ကိုယ့်ဘဝမှာ စိတ်ကူးယဉ် အရေးအသား သက်သက် အဖြစ်ပဲ တည်ရှိ နေတော့မှာလို့ ကိုယ်ယူဆ ထားခဲ့တဲ့ စိတ်ကောက် ကြယ်သီးလေးရဲ့ ဝတ်ရုံလွှာကို ညီမလေးက ဝတ်ဆင်ပြီး မမျှော်လင့်ဘဲ ကိုယ့်ဆီ တည့်တည့် မတ်မတ် ရောက်လာ ခဲ့တယ်။ အခု ကိုယ်ဟာ စိတ်ကောက် ကြယ်သီးလေး မဟုတ်တော့ဘူး။ ညီမလေးက ကိုယ့်ရဲ့ စိတ်ကောက် ကြယ်သီးလေး ဖြစ်ခဲ့ပြီ။

ကိုယ့် ညီမလေးဟာ တကယ်ပဲ ကောက်ပါတယ်။ စိတ်ကောက် ကြယ်သီးလေး ဆိုတဲ့ နာမည်နဲ့ လိုက်အောင် စိတ်ကောက် တယ်။ ညီမလေး အလိုမကျ ဖြစ်နေပြီဆို ကိုယ်ဘယ်လောက်ပဲ စကားကောင်း ပြောပြော စကားထဲကနေ အထအန ကောက်ပြီး စိတ်ကောက် ပါတယ်။ အဲဒီလို ကောင်မလေး တစ်ယောက်ဟာ ကိုယ် အယုံအကြည် မရှိတဲ့ အချစ် ဆိုတာကို ကိုယ့်ရင် ထဲကနေ လွယ်လွယ်လေး ကောက်ယူ သွားနိုင်မယ်လို့ ကိုယ် ဘယ်တုန်းကမှ တွေးမထား မိခဲ့ဘူး။ ကိုယ့် ရင်ဘတ် ပေါ်မှာ ငြိမ်ငြိမ်လေး ရှိနေတဲ့ ကြယ်သီးလေး နေရာရွေ့သွားမှာ စိုးရိမ်စိတ်နဲ့ အချစ်ဆိုတဲ့ အကျီ င်္ကို ကိုယ် ဘယ်လိုမှ ချွတ်မပစ်ရက်ဘူး။ အဲဒီ အကျီ င်္လေးဟာလည်း ညီမလေး ကိုယ်တိုင်ပဲ ဖြစ်နေတယ် ဆိုတာကို ညီမလေး သိပါစေ။ ကိုယ့် ညီမလေး ပျော်နေပါစေ။ ညီမလေး ငိုနေတဲ့ အခါ ကိုယ်က ညီမလေး ပျော်အောင် လျှောက်ပြော နေရင်းနဲ့ စိတ်ပြေပြီး ညီမလေး ရယ်မောသွားတဲ့အခါ ကိုယ်ပျော်ရွှင်ရသလို ပုံစံမျိုးနဲ့ ညီမလေး ပျော်နေပါစေ။

ညီမလေးက ကိုယ့်ကို သိပ်ချစ်သတဲ့။
ကိုယ်ကလည်း ညီမလေးကို သိပ်ချစ်သတဲ့။
အဖြူရောင်သက်သက်နဲ့ အချစ်တဲ့။
မောင်နှမတွေထက် ပိုတယ်၊ ချစ်သူတွေထက်ပိုတယ်၊ သူငယ်ချင်းတွေထက်ပိုတယ်တဲ့။
ကိုယ့်မှာ ရှော့ခ်တစ်ခုရခဲ့ပြီ။ အချစ်ဆိုတာ ဘာလဲလို့ ဘယ်သူ့ကို မေးရမှန်း မသိတဲ့ ကိုယ့်အတွက် ညီမလေးကို ကိုယ်က ဘယ်လို ချစ်မိတာလဲ ဆိုတဲ့ မေးခွန်းပါ ထပ်တိုး လာခဲ့တယ်။ ညီမလေးဟာ ကိုယ့်အတွက် ညီမလေးပဲလား၊ ချစ်သူလား၊ သူငယ်ချင်းလား၊ ဒါမှမဟုတ် .. အဲဒါတွေ တစ်ခုမှ မဟုတ်တဲ့ သီးသန့် နေရာ တစ်နေရာမှာလား၊ ညီမလေးကို ချစ်တဲ့ အချစ်ကို ကိုယ်ဘယ်လို နာမည်တပ်ရမလဲ၊ တစ်ခါတလေ ဖုန်းထဲမှာ ညီမလေးနဲ့ စကားပြောရင်း ဖြစ်လာတဲ့ ကြည်နူးမှုဟာ ဘယ်လို အချစ် အမျိုးအစား နာမည်နဲ့ဆို သင့်တော်မလဲ၊ ညီမလေး ဝမ်းနည်းနေတဲ့ အခါ ကိုယ့်စိတ်တွေပါ အလိုလို ညစ်ညူး နေတတ်တာ၊ တယ်လီဖုန်း ထဲက ညီမလေးရဲ့ အသံထဲမှာ ကိုယ့်အပေါ် ထားတဲ့ သံယောဇဉ် အတိုင်းအတာကို လိုက်ရှာ နေမိတတ်တာ၊ အဲဒါတွေကရော ဘာဖြစ်လို့ပါလဲ။ ကိုယ် ဘယ်လိုမှ စဉ်းစားလို့ မရတဲ့ အဆုံးမှာ ညီမလေးကို အဲဒီအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြဝန်ခံဖို့ ဆုံးဖြတ်မိတယ်။

“ညီမလေးကို ဘယ်လိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လည်း မဝေခွဲတတ်တော့ပါဘူး” လို့ဆိုရင် ကိုယ့်စကားကို ညီမလေး နားလည်မလား၊ သဘောကျမလား။
“ဘယ်လို ချစ်မှန်းတောင် မသိဘူး ဆိုတော့ ညီမလေးကို ဂရုမစိုက်လို့ပေါ့၊ ညီမလေးကို ခေါင်းထဲမှာ မရှိလို့ပေါ့” လို့ စကား အထအန ကောက်ပြီး နှုတ်ခမ်းစူ နေမလား။ ဒါမှမဟုတ် … ညီမလေးဟာ ဘယ်သူနဲ့မှ မတူတဲ့ အချစ်ကို ရတာပဲလို့ ညီမလေးက ကျေနပ် ဝမ်းသာ နေမလား။ ကိုယ် မစဉ်းစားချင်လို့ ဝန်ခံပါမယ် ဆိုတာတောင်မှ ညီမလေး ဘယ်လိုတွေးနေမလဲလို့ ခန့်မှန်း စဉ်းစား နေရပြန်တော့တယ်။

ကိုယ့်ဆီကနေ ဘယ်တော့မှ ပြုတ်ထွက် မသွားမယ့် စိတ်ကောက် ကြယ်သီးကလေးဟာ သူဖြစ်ပါရစေ .. တဲ့။
အချစ်ကို မယုံခဲ့တဲ့ ကိုယ့်ဆီက အချစ်ကိုမှ ခဏလေးနဲ့ ယူနိုင်တဲ့ ညီမလေးဟာ ကိုယ့်ကို အံ့ဩစရာ နောက်တစ်ခု ထပ်လုပ်ပြ ပြန်ပါတယ်။ ကိုယ့်ကို ဘယ်သူက ပေးမယ်မှန်း မသိ၊ ဘယ်ကနေ ကိုယ့်ဆီ ရောက်လာမှာလဲ မသိတဲ့ ဆုတောင်း စကား ဆိုတာ တွေကို ဘယ်တုန်းကမှ မယုံခဲ့တဲ့ ကိုယ်ဟာ စိတ်ကောက် ကြယ်သီးကလေး ဖြစ်ခွင့် အတွက် မျှော်လင့်တဲ့ ညီမလေးရဲ့ ဆုတောင်း ပြည့်ပါစေလို့ တိတ်တဆိတ် ကူပြီးတော့ ဆုတောင်း ပေးနေမိတယ်။ ကိုယ်က သေချာ ပေမယ့် .. ကံတရား ဆိုတာ မသေချာဘူး မဟုတ်လား။ တကယ်တော့ ကိုယ်ရော ညီမလေးရောဟာ လောကဓံ ရေပြင်ထဲ သွားလာ လှော်ခတ် နေရတဲ့ လှေကလေးတွေပဲ မဟုတ်လား။ ကိုယ်ပဲ ဖြစ်ဖြစ်၊ ညီမလေးပဲ ဖြစ်ဖြစ် မုန်တိုင်းတွေအောက်၊ လှိုင်းလုံး တွေအောက် အချိန်မရွေး မျောပါနစ်မြုပ် သွားနိုင်တာပဲ မဟုတ်လား။ ဘယ်တော့မှ ပြန်မဆုံ ဖြစ်တော့ လောက်တဲ့ အထိကို မမျှော်လင့်ဘဲ ဝေးကွာ သွားနိုင်တာပဲ မဟုတ်လား။ ဒါကြောင့် … ကိုယ့်ရဲ့ အမြဲတမ်း ကြယ်သီးလေး ဖြစ်ခွင့် အတွက် ဆုတောင်း နေခဲ့တဲ့ ညီမလေးရဲ့ ဆုတောင်းကို ကိုယ်က ကူညီပြီး ဆုတောင်း ပေးနေရတာပေါ့။ အဲဒီလိုနဲ့ ကိုယ်ဟာ ဆုတောင်းခြင်းကို မယုံကြည် ပေမယ့်၊ အဲဒီ ဆုတောင်းတွေ ကနေ တစ်ခုခု ရလာမလားလို့ မမျှော်လင့် မိပေမယ့် ဆုတောင်း စကား တွေကို တစ်ယောက်တည်း ပြောတတ် လာခဲ့တယ်။

ညီမလေး ပျော်နေပါစေ။
ညီမလေးရဲ့ ဆုတောင်းတွေ ပြည့်ပါစေ။
ညီမလေးက ကိုယ့်ရဲ့ စိတ်ကောက် ကြယ်သီး လေးလား၊ ဒါမှမဟုတ် ကိုယ်က ညီမလေးရဲ့ ဘဝထဲမှာ အချိန်ပြည့် တပ်ဆင် ထားတဲ့ ကြယ်သီး တစ်လုံးလား။ တကယ်တော့ ကိုယ်ဟာ ဘာဆို ဘာမှ မသိသူပါ။ အချစ် ဆိုတာကို မသိဘူး၊ ညီမလေး ကိုယ့်ကို ဘယ်လို ချစ်သလဲ ဆိုတာကို မသိဘူး။ ကိုယ့်ကိုယ်ကိုလည်း ညီမလေးကို ဘယ်လို ချစ်သလဲ ဆိုတာ မသိဘူး။ အဲဒီလို ဘာမှ မသိတဲ့ ကိုယ့်မှာ နောက်ထပ် မသိခြင်းတွေ ထပ်တိုး လာခဲ့ပြန်တယ်။ ညီမလေးဆီ မထင်မှတ်ဘဲ ပြုတ်ကျ လာခဲ့တဲ့ ကြယ်သီးလေးဟာ ကိုယ်လား၊ ကိုယ် မမျှော်လင့်ဘဲ ကောက်ရ ခဲ့တဲ့ စိတ်ကောက် ကြယ်သီး လေးဟာ ညီမလေးလား ဆိုတာတောင် ကိုယ်က သေချာ မသိတော့ဘူး။ ညီမလေးလည်း အဲဒါကို သေချာ သိမှာမဟုတ်သလို သိချင် မှာလည်း မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ ညီမလေးဟာ ကိုယ်နဲ့ ပတ်သက်ရင် ကိုယ့်ရဲ့ ကောင်းကြောင်း၊ ဆိုးကြောင်း၊ နောက်ကြောင်း ရှေ့ကြောင်း ဘာကိုမှ စိတ်မဝင်စားဘဲ ကိုယ့်ရင်ထဲမှာ နေဖို့ပဲ ဆန္ဒရှိတဲ့၊ ကိုယ့်ကို ဘာနဲ့မှ မတိုင်းတာဘဲ ချစ်နေဖို့ပဲ စိတ်ကူးထားတဲ့ ကိုယ့်ရဲ့ စိတ်ကောက် ကြယ်သီလေး တစ်လုံး ဖြစ်နေလို့ပါပဲ။

၂၃ – အောက်တိုဘာ – ၂၀၁၂

3 comments

  • juu juu

    November 19, 2012 at 12:43 pm

    အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေးပါ။ အားပေးသွားပါတယ် သူရဿဝါရဲ့စိတ်ကောက်ကြယ်သီးလေ မြန်မြန် ရှာတွေ ့ပါစေ

  • မောင်ပေ

    November 19, 2012 at 12:43 pm

    စိတ်ကောက်ကြယ်သီး
    ထိပ်ခေါက်မယ်ငြီး
    ရှိတ်သောက်ဝယ်တီး
    စိတ်ဖောက်ရယ်ဖြီး
    ဘိတ်ငခြောက်ဆယ်စီး

  • Shwe Ei

    November 19, 2012 at 2:06 pm

    အော် မောင်ဝါဝါလဲ ကြယ်သီးတပ်သကိုး။
    ကြယ်သီးတောင်မှ စိတ်ကောက်ကြယ်သီးတဲ့တော်
    အဆန်းဘဲ။ :mrgreen:

Leave a Reply