ကံ ဆိုးတယ်လို့ ပြောနေကြတာနဲ့ ပါတ်သက်လို့ အတွေး တခု ရတယ်။

လက်ရှိအနေအထားက သူတောင်းစားဘဲ ဖြစ်ဖြစ်၊သူဌေးသားဘဲ ဖြစ်ဖြစ်၊

သူ့ဘဝကို သူကျေနပ်တယ်၊ ပျော်ရွှင်နိုင်တယ် ဆိုရင် အဲဒါ သူ့အတွက်အကောင်းဆုံးဘဝ ပါဘဲ။

အဲ ..မကျေနပ်ဘူး၊ မပျော်ရွှင်နိုင်ဘူး ဆိုမှ “ကံ” ဆိုးလိုက်တာလို့ ပြောတတ်ကြတယ် ဆိုတာပါ။

~~~~~~~

သူ့ဘဝသူ ပျော်ရွှင်ကျေနပ်နေတဲ့ အဖြစ်အပျက်လေး ပြောပြပါ့မယ်။

တခါက ဗဟန်းဘက်မှာ ဒေါ်နု ဆိုတဲ့ အဖွားကြီးဟာ မြေကွက်အကျယ်ကြီးပိုင်ပါတယ်။

သူ့မြေကွက်ကို ခြံတွေခတ်ပြီး (အကွက်ရိုက်ပြီး) ရောင်းပါတယ်။

အဲဒီလိုနဲ့ သူ့မြေကွက်ကြီးထဲမှာ ကိုယ်ပိုင်ခြံနဲ့ အိမ်လေးတွေ အစီစီအရီရီ ပေါ်လာခဲ့ပါတယ်။

ဗြိတိသျှ ကိုလိုနီ ခေတ်ဆိုတော့ အဲဒီ အိမ်တွေအပါအဝင် အဲဒီ ဒေါ်ဒေါ်နု ပိုင်းရောင်းခဲ့တဲ့ခြံတွေ

အားလုံးအတွက် ရန်ကနား ဆိုတဲ့ သူကို ညရေးညတာ သူခိုးသူဝှက်အတွက် အစောင့်

အဖြစ်ထားပါတယ်။

ရန်ကနားအတွက် ဒေါ်ဒေါ်နု ကဘဲ အခကြေးငွေပေးတာပါ။

ကျန်တဲ့အိမ်တွေကတော့ တာဝန်မရှိပါဘူး။ကြုံသလိုမုန့်ဘိုးပေးတာတော့ရှိပါတယ်။

ရန်ကနားဟာမိသားစုနဲ့နေပါတယ်။ မိန်းမနဲ့ ကလေး တယောက်ပါ။

ညညဆို ရန်ကနားဟာဗုံတီးပါတယ်။

(အင်းမ်)…သူတို့လူမျိုးရဲ့ သီချင်းကို ဆိုပါတယ်။

သူ့သမီးလေးက “က” ပြီး သူ့မိန်းမက လက်ခုပ်တီးပါတယ်။အဲဒီလို ပျော်ရွှင်စွာနေပါတယ်။

သူရတဲ့ လုပ်ခဟာသူတို့မိသားစု စားလောက်ရုံလောက်ဘဲ ရှိတာပါ။ ဒါပေမဲ့ သူပျော်ရွှင်စွာနေနိုင်ပါတယ်။

ဒီလိုနဲ့ တခုသောနှစ်တနှစ်ရဲ့ မြန်မာနှစ်ကူးမှာ ခြံထဲမှာအလှူစုပြီးလုပ်ပါတယ်။

နေသူတွေကလဲ မြန်မာတွေဘဲ ဆိုတော့အားလုံးတိုင်ပင်ပြီး ရန်ကနား လေးကို နှစ်ကူးအထူး ဆိုပြီး ပိုက်ဆံ

စုပြီး ပေးကြပါတယ်။

အများနဲ့ စုလိုက်တော့ ပုလိပ်(ခုတော့ ရဲ ပေါ့ဗျာ)လစာ ရ ကျပ်ခွဲ၊ ရွှေ ၁ ကျပ်သား ၁၆ ကျပ် ဆိုတဲ့ ခေတ်မှာ

ရန်ကနား ဟာ ငွေ ၃ဝ ကျပ် ကျော်လောက် ရသွားပါသတဲ့။

အဲဒီ ငွေဟာသူ့ရဲ့ ၁ နှစ်စာလုပ်အားခ ထက်များတယ်တဲ့။

အဲဒီလိုနဲ့ လူတွေက ဒီလိုတွေးကြတယ်။

ရန်ကနားဟာ လစာ ၁ ကျပ် ခွဲ လောက်နဲ့ နေခဲ့ရတုန်းက ဗုံတီးပြီးသီချင်းဆိုတယ် ဆိုရင် ခုလောက်များများ

ရလိုက်တော့ ညတိုင်း ကွေးနေအောင် “က” မှာ ပေါ့လို့ စဉ်းစားကြသတဲ့။

အဖြစ်မှန်ကတော့ အဲဒီလိုမဟုတ်ဘဲ အဲဒီနေ့ကစပြီး ရန်ကနား ဗုံမတီး၊သီချင်းမဆိုတော့ပါဘူးတဲ့။

လေး ငါး ရက်ကြာအောင် ဗုံသံတိတ်၊ သီချင်းသံတိတ်နေလို့ လူတွေစိတ်ဝင်စားပြီး ရန်ကနားကိုသတင်းလာ

မေးကြတာပေါ့။

ရန်ကနားရဲ့ တဲလေးကိုရောက်တော့ ငိုင်ငိုင်တွေတွေနဲ့ ရန်ကနား ကိုတွေ့ကြရတယ်။

ဘာဖြစ်လို့လဲကွ ရန်ကနား၊ မင်း ပိုက်ဆံတွေ အများကြီး ရှိနေတာ မပျော်ဘူးလားလို့ ဝိုင်းမေးကြပါရော။

ရန်ကနား က ဒီလိုဖြေတယ်။

ကျနော်ကို အဒေါ်(ဒေါ်ဒေါ်နု) က တလ တကျပ်ပေးတယ်။ အားလုံးက နဲနဲစီမုန့်ဘိုးပေးတော့ ၁ ကျပ်ခွဲ

လောက် ကျနော် လစဉ် ရတယ်။ အဲဒါ ကျနော်တို့စားတယ်၊ကလေးနဲ့မိန်းမကိုလိုတာလေးတွေ ဝယ်ပေးတယ်။

ကုန်သွားတယ်နော်။ ပူစရာမရှိဘူး။ နောက်လ ကျရင် ရမယ်။ အဲဒီလိုနဲ့ ကျနော် ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်။

ခု ကျနော်ကို အလှူလုပ်တယ်။ ကျနော် ပိုက်ဆံ တွေအများကြီး ရသွားပြီ။

အဲဒီ ပိုက်ဆံတွေကိုကျနော် ကုန်သွားမှာကြောက်နေတယ်။ပူနေတယ်။

ကျနော် နောက်ထပ်ဒီလိုရဘို့ မလွယ်ဘူး။ ဒီပိုက်ဆံကို ခိုးခံရမှာ၊သုံးလို့ကုန်သွားမှာ၊အလုခံရမှာ

ကျနော်ကြောက်နေ တယ်။ ကျနော် စိတ်ပူနေရတယ်။ ကျနော် အမြဲဒီပိုက်ဆံတွေအတွက် စိုးရိမ် နေရတယ်။

အဲဒီလိုဆိုတော့ သီချင်းလဲဆိုလို့မရဘူး။ ဗုံလဲတီးလို့မရတော့ဘူး။ လို့ ပြောရှာပါတယ်တဲ့။

အဲဒီလိုဆိုတော့ အဲဒီ ပိုက်ဆံ ၃ဝ မရခင်က သူ့ကိုယ်သူ ကံဆိုးတယ်လို့ သူမပြောခဲ့ပါဘူး။

ထင်လဲ မထင်ခဲ့ပါဘူး။

လူဟာ သူ့ဘဝသူကျေနပ်နေရင် အဲဒီ “ကံ” ဆိုးတယ် စကားကို မည်တွန် တောက်တီးမှူမရှိပါဘူး။

~~~~~~~~~~~~~~~~

နောက်တခုကတော့ ကျနော့မှာ ငယ်သူငယ်ချင်း ရဲ အရာရှိ တယောက်ရှိပါတယ်။

မြို့ကြီးတမြို့ မှာ သူတာဝန်ကျတုန်း ကျနော် အလည်ရောက်သွားတော့။

သူက အိမ်တအိမ် ကိုခေါ်သွားပါတယ်။ အဲဒီအိမ်မရောက်ခင် ငါ့အရိပ်အကဲကိုကြည့်ပြီး မင်းလှုပ်ရှားလို့

ပြောပါတယ်။ ကျနော်လဲ ဘာကိုဆိုလိုမှန်းမသိပေမဲ့ သူပြောတဲ့အတိုင်းပေါ့လို့ စဉ်းစားထားပါတယ်။

အိမ်က တော်တော်ကြီးတဲ့ တိုက်ကြီးပါ။ ကား ၃ စီးရပ်ထားတာတွေ့ပါတယ်။

ခြံဝန်းနဲ့ ပန်းခြံနဲ့ပါ။(အဲဒီအရပ်ခေါ်တဲ့အတိုင်း ဆိုရရင် ဝိုင်း နဲ့ ပါ)

ဒါနဲ့ အိမ်ထဲရောက်သွားတော့ မိသားစုတစုနဲ့ တွေ့ပါတယ်။ ဆိုဖာတွေရှိပေမဲ့ ပလပ်စတစ်တွေနဲ့

အုပ်ထားပါတယ်။

ကျနော့သူငယ်ချင်းနဲ့ ကျနော်အဲဒီ ဧည့်ခန်းထဲ ရောက်သွားတော့ မှ အဲဒီ အစွပ်တွေကိုဖယ်ပေးပါတယ်။

ထိုင်လိုက်ကြပါတယ်။(သူထိုင်လိုက်လို့ကျနော် လိုက်ထိုင်တာပါ။ သူမှာထားတာကိုး)

နောက်တော့ ကျနော့သူငယ်ချင်းနဲ့ စကားတွေပြောကြပါတယ်။

ထူးခြားမှူဆိုလို့ကျနော် ဘာမှမတွေ့လို့ငါအရိပ်အကဲကိုကြည့်ပြီးလိုက်လုပ်ဆိုတဲ့ စကားကို

ဘာမှန်းမသိရသေးပါဘူး။

မိသားစုထဲက သမီးဖြစ်သူက အသက် ၂ဝ ကျော်လောက်ရှိပုံပါ။

ဘွဲ့ရပြီးပြီလို့ ပြောသံကြားပါတယ်။ ရုပ်ရည်သန့်သန့်လေးပါဘဲ။

ဒါနဲ့ ကျနော့သူငယ်ချင်းနဲ့ အဲဒီမိသားစု စကားပြောပြီး ပြန်ကြပါတယ်။

ထူးထူးခြားခြား စပြီး သတိထားမိတာကတော့ ဒီလောက်ချမ်းသာပုံပေါက်ပြီး ဖော်ရွေတဲ့မိသားစု ဖြစ်ပါရက်နဲ့

ဘာနဲ့မှ ဧည့်မခံ၊မကျွေးမွေးတာပါ။

{ဒါလဲ ဖြစ်ရိုး ဖြစ်စဉ်လို့ စဉ်းစားရင်တောင် ရပါသေးတယ်၊ ပြည်လမ်းပေါ် အင်းလျားကန်နဲ့မနီးမဝေးမှာ

တိုက်၂လုံးပိုင်တဲ့ သူဌေးတယောက်အိမ်မှာ နံနက်စာ -ဘရိတ်ခ်ဖတ်စ်-စားဘူးပါတယ်။

မွေးထားတဲ့ ဒိုဘာမဲန် ၃ ကောင်ရဲ့ မျက်နှာမှမထောက် “ပျော်ဘွယ် မုန့်ကြွပ်နဲ့ ကော်ဖီကြမ်း” ပါခင်ဗျာ။

လွဲချက်၊မှန်းထားတာကတမျိုး။ အဲဒီ သူဌေးမိသားစု ကိုယ်တိုင်လဲ အဲဒါဘဲ စားတာနော်။

မုန့်ဟင်းခါးလောက်ဆိုရင် မပြောပါဘူး။

(ဟဲ ဟဲ ဒီစာဖတ်မိသူများ ကျနော် လာလည်ရင် ကောင်းကောင်းဧည့်ခံအောင်”ချုပ်” တယ်လို့မထင်စေချင်ပါ။

ဒါက နောက်တာပါ။)}

ဆက်ပြောရရင် အဲဒီလိုနဲ့ အဲဒီအိမ်ကပြန်ခဲ့ပါပြီ။

သူငယ်ချင်းကလမ်းမှာမေးပါတယ်။

မင်းသူတို့ကို စိတ်ညစ်နေတယ်၊စိတ်ဓာတ်ကျနေတယ်လို့ မြင်လားတဲ့။

ကျနော်က ကတ်သီးကတ်သတ်၊ ဒီလောက်ပြုံးရွှင်ကြည်နူးနေတာတွေ့နေရတာ။

ပိုက်ဆံလဲချမ်းသာတယ်လေကွာ။ ဆိုတော့…………

သူငယ်ချင်းက ဆက်ပြောပြတယ်။ ဟုတ်တယ် ငါလဲ သူတို့နဲ့ ခင်တာ နှစ်မနည်းတော့ဘူး။

အဲဒီလိုစိတ်ညစ်နေတဲ့ပုံစံမျိုးမတွေ့ဘူးဘူး။

ငါ့ကိုခင်နေကြတော့ရှိရင်လဲ ပြောပြမှာပါဘဲ။ခုထိအဲဒီလိုမကြားဘူးဘူးကွတဲ့။

ကျနော်လဲ စိတ်ဝင်စားတာတပိုင်း၊သူပြောတာကိုလဲ နားမရှင်းတာတပိုင်းနဲ့ နားထောင်နေရင်း

မေးခွန်းထုတ်လိုက်မိပါတယ်။

“သူတို့က ဘာဖြစ်နေလို့လဲ”

ကျနော်သူငယ်ချင်းက တခွန်းဘဲ တိုတိုတုတ်တုတ်ဖြေပါတယ်။

“လက်ပရိုစီတွေ”။

ကျနော်လန့်သွားတယ်။

ဒီလိုအဆင်နဲ့ ဒီလိုအနေအထား။

ခြေတွေလက်တွေ ကိုယ်လုံးတွေမှာ ဘာအနာမှ မတွေ့ခဲ့ရဘူးဆိုတော့။

ဟုတ်ရဲ့လားကွာလို့ ထပ်မေးမိပါတယ်။

ဟုတ်တယ် သူငယ်ချင်းရ၊ မျိုးနဲ့ရိုးနဲ့ ကို ရှိတာ။

ပိုက်ဆံရှိသွားတော့ ရောဂါကိုကောင်းကောင်းကုနိုင်သွားလို့ရယ်၊တတိယမျိုးဆက်ကျမှ

ပေါ်တယ်ဆိုတဲ့ အများပြောသလိုရယ်လို့ထင်ပါရဲ့ မင်းတွေ့တဲ့အတိုင်း လူကောင်းတွေလိုပါဘဲ။

ဒါပေမဲ့ ဧည့်သည်ကိုတော့သိပ်ဂရုစိုက်ပေးပါတယ်။

သူတို့က အရင်ကအရက်ချက်ရောင်းရင်း ကြီးပွါးသွားတာ။

ခုတော့ ကောင်းရောင်းကောင်းဝယ် အိမ်ခြံမြေ အလုပ်ကို သူတို့လိုရောဂါမရှိတဲ့

လူကောင်းအလုပ်သမားတွေနဲ့ လုပ်တယ်ပေါ့ကွာ။

အခု အမှုတခုက သူတို့ရောင်းလိုက်တဲ့ အိမ်နဲ့ ပါတ်သက်နေလို့လာစုံစမ်းတာပေါ့ကွာ။

လို့ရှင်းပြပါတယ်။

ကျနော် ဆက်စဉ်းစားတယ်။ သူတို့မှာ လူကောင်းတွေလိုတော့ စိတ်ရှိတိုင်းလုပ်လို့မရနိုင်ပါဘူး။

ဒါပေမဲ့ သူတို့ကြည့်ရတာ ပျော်ရွှင်လန်းဆန်းစွာရှိနေတယ်။

ကံ ဆိုးတယ်လို့သူတို့ကိုသူတို့ခံယူပုံ လုံးလုံးမတွေ့ရပါဘူး။

(နောက်ကွယ်မှာတော့ ဘယ်လိုလဲတော့မသိဘူးပေါ့ဗျာ)

ဆိုလိုချင်တာက သူတို့ဘဝကိုသူတို့လက်ခံထားကြတာပါ။

~~~~~~~~~~~~~~~~~
ညီမျှခြင်း ချကြည့်ရရင် ကိုယ့်ဘဝကို ကိုယ် မကြေနပ်သရွေ့။

ဒါမှမဟုတ် သူများတွေနဲ့ နှိုင်းယှဉ် ပြီး ငါက အောက်ကျနောက်ကျ ဖြစ်နေပါလားလို့ စဉ်းစားနေသရွေ့၊

အလုပ်တခုခု လုပ်လို့အဆင်မပြေသရွေ့၊ လက်ရှိအခြေအနေ ကောင်း တခုကနေပျက်ယွင်းသွားတာကိုစိတ်ဓာတ်

ကျတတ်သရွေ့၊လိုချင်မှူတွေ အဆုံးမသတ်နိုင်သေးသရွေ့ ကိုယ်ကို့ကိုယ်ကံဆိုးတယ်၊

ဒါမှမဟုတ် ကံ မကောင်းသေးဘူး လို့ ရေရွတ်နေမိအုန်းမှာပါဘဲ။

အကြောင်းရင်းက ကိုယ့်ဘဝကိုယ်မကြေနပ်နိုင်တာ၊ သူများနဲ့ ယှဉ်ပြီး စိတ်ဓာတ်ကျနေတာ၊လိုချင်မှူတွေမပြီး

ပြတ်နိုင်သေးတာ။ စိတ်ဓာတ်ကျသွားတာ။

အဲဒီတော့မှ သုံးစရာ စကားလုံးက _ဒန် ဒန် ဒန်။ပေါ့ဗျာ။

(ဘာရယ်မဟုတ်ပါ။ အိုဘားမားရဲ့ ကား သဘိဇ်ကို လိုချင်နေသောကျနော်ရဲ့ ဂယောင် ချောက်ခြားအတွေးများအတွက် ဒီစာကို ရေးမိပါကြောင်း။)

~~~~~~~~~~~~

အားလုံးကိုလေးစားခင်မင်စွာဖြင့်

မောင်သစ်မင်း (^^)

~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ဆက်တွဲ။
ဟိုဘက်မှာ ကိုဗိုက်ကလေးရေးထားသလို
လူနှစ်ယောက် အတူတူလမ်းလျှောက်နေတုန်း အပေါ်က သစ်ကိုင်းက တစ်ယောက်ရဲ့ ငယ်ထိပ်ပေါ်ကျတယ်..အဲလူခေါင်းပေါက်မယ်ဆိုရင် ဘယ်လို ပြောကြမလဲ
သူက အမေဒီကန်က အဒေါ်ကြီးဗိုက်မှာ သန္ဓေတည်ပြီး ငါ့ကျမှ သူဒေါင်းစားမိခင်ဆီ သန္ဓေတည်တာ ဘာကြောင့်လဲ..
စသဖြင့်ပေါ့..
ဟုတ်ကဲ့…
အဲဒါဟာ သစ်ကိုင်းကျိုးကျတာ ကိုယ့်ခေါင်းကိုထိလို့ခေါင်းပေါက်တာပါ။
သစ်ကိုင်းရယ် အဲဒီလူရယ် ဖြစ်တဲ့ အရေး မှာ ကံ ဆိုတာကြီးကို ဘာလို့သုံးရတာလဲ နော်။
 ဆက်ကြည့် ရအောင်။တကယ်လို့ပေါ့နော် ။
အဲဒီ လူ ခေါင်းပေါက်လို့ ကံ ဆိုးတယ်လို့ပြောပါအုန်း။
ရှေ့ဆက်သွားတုန်းမှာ အဲဒီလူက ငါခေါင်းပေါက်နေလို့အိမ်ပြန်တော့မယ်။
မင်းဟာမင်းသွားတော့လို့ပြောမယ်။ဟို တယောက်ဆက်သွားမယ်။လမ်းမှာ ကားတိုက်လို့သေမယ်ဆိုပါတော့။
ခေါင်းပေါက်တဲ့ ခုနက ကံ ဆိုးတယ်ဆိုတဲ့ လူက ကံ ကောင်း တယ်ရယ်လို့ဖြစ်ပြန်ရော။
ဟာကွာ ခေါင်းပေါက်လို့သာ ကံကောင်းတာဟေ့။ နမို့ဆိုရင် သေ ပြီ။

(အဲဒါကို Blessing in disguise လို့ခေါ်တယ်။ မျက်နှာဖုံးစွပ်ထားတဲ့ ကောင်းချီးမင်ဂလာပေါ့နော်)

ဒါတမျိုး။
နောက်တမျိုးကတော့ သူက အမေဒီကန်က အဒေါ်ကြီးဗိုက်မှာ သန္ဓေတည်ပြီး ငါ့ကျမှ သူဒေါင်းစားမိခင်ဆီ သန္ဓေတည်တာ။
အဲဒီ အမေရိကန်မကြီးရဲ့ သားက သူဌေးသားဆိုတော့ ပေါ့ပေါ့နေပေါ့စားရာကနေ အရွယ်ရောက်လာတော့
အေအိုင်ဒီအက်စ်နဲ့ သေမယ်။ သူတောင်းစားကရိုးရိုးသေမယ်ဆိုရင်ကော.။
တခါတုန်းက အင်ဂလန်က ဆရာတယောက်နဲ့စကားပြောဘူးတယ်။

အောက်စဖို့တက္ကသိုလ်ကြီးကကျောင်းပြီးတာဆိုရင် တော်တော်လူရာဝင်တာဘဲလို့ ပြောမိတယ်။
အဲဒီဆရာက အဲဒီ အောက်စဖို့မှာ အယ်အက်စ်ဒီ(မူးယစ်ဆေးပြား/ဆေးဝါး)စွဲနေပြီး အလေလိုက်နေတဲ့ကောင်တွေ
အပုံကြီးတဲ့။
နောက်တမျိုး ထပ်ပြောရရင်
လူ ၂ ယောက်လာတယ်။ တယောက်ကို ကားတိုက်ပြီး သေတယ်။ နောက်တယောက်မသေဘူး။
သေ တဲ့ သူ ကံ ဆိုးတယ်လို့ပြောမယ်။ ကောင်း ပြီ နောက်ကျန်တဲ့သူကရော မသေတော့ဘူးလား။
စောစောသေရင် ကံ ဆိုးတယ်တဲ့လား။ စောစောသေပြီး နတ်ပြည်ရောက် ဟိုမှာ ၅၀ဝ တွေဘာတွေနဲ့ဖြစ်နေရင်
ဘာပြောအုန်းမှာလဲ။ ဟဲ ဟဲ။
စဉ်းစားပြီး အငြင်းပွါးရင် ပုလင်းများလဲ မလို မူးမယ်ဆိုရင် ကိုကိုဗိုက်ကံကောင်းတာလို့ပြောမှာလား။
(((ရင်းနှီးချစ်ခင်စွာဖြင့် “စ” နောက်ခြင်းလို့ မှတ်ပေးပြီး ဘွေ မယူစေလိုပါ။)))

About thit min

thit min has written 94 post in this Website..