ပြည်တွင်းတွင် ဗိုင်းရပ်စ်ဖျက် စီဒီချပ်များ အရောင်းသွက်

introJuly 15, 20101min650

ကွန်ပျူတာတွင်းရှိ အချက်အလက်များ ပျက်စီးဆုံးရှုံးသည်အထိ တိုက်ခိုက်နေသည့်
ဗိုင်းရပ်စ်အသစ်များ ယခုရက်ပိုင်းတွင် ဆက်တိုက် ပေါ်ထွက်လာသောကြောင့်
အင်တာနက် သုံးစွဲနိုင်မှု ကန့်သတ်ထားသည့် ပြည်တွင်း၌ အဆိုပါဗိုင်းရပ်စ်
ဖျက်ပေးသည့် Anti-Virus Software စီဒီများ ရောင်းအားသွက်လျက်ရှိကြောင်း
သိရသည်။

“အခုတလော ဗိုင်းရပ်စ်တွေ သောင်းကျန်းနေတော့ ဒီဗိုင်းရပ်စ်တွေကို ဖျက်ဖို့ Software တွေ အတော်ရောင်းကောင်းတယ်။
အင်တာနက်ဆိုင်တိုင်းမှာ ဒီ Software တွေကို ကျပ် (၅၀၀)၊ (၆၀၀) အဲဒီလို
ရောင်းတာ။ ဒီလဆန်းပိုင်းကစပြီး ကျနော်တို့ဆိုင်မှာ စီဒီအချပ်ပေါင်း (၂၀၀)
ကျော် ရောင်းခဲ့ရတယ်။ တခါမှ ဒီလို မဖြစ်ခဲ့ဖူးဘူး” ဟု ဗဟန်းမြို့နယ်ရှိ
အင်တာနက်ဆိုင် ဝန်ထမ်းတဦးက ပြောသည်။

ဇူလိုင် (၁) ရက်မှ စ၍ ကွန်ပျူတာ Data များကို ပျက်စီးစေသည့် Worn အမျိုးအစား ဗိုင်းရပ်စ်များသည်
ပြည်တွင်း၌ လျင်မြန်စွာ ပျံ့နှံ့နေသဖြင့် လုပ်ငန်းလည်ပတ်မှု နှောင့်နှေးစေကာ
အင်တာနက်ဆိုင်အချို့လည်း ဆုံးရှုံးမှုအနည်းငယ် ရှိနေကြောင်း သိရသည်။

ကွန်ပျူတာ ဝန်ဆောင်မှုပေးနေသူ ရန်ကုန်မြို့မှ ကိုသိန်းဝင်းဇော်က
“ကျနော်တို့ပြည်တွင်းမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တခုခုဖြစ်ရင်
အင်တာနက်ကို အားကိုးလို့မရတော့ စီဒီအခွေတွေက အရေးပါနေတာပေါ့။ အခု ပျံ့နေတဲ့
ဗိုင်းရပ်စ်တွေက အီးမေးလ်၊ ချက်တင်၊ ဖိုရမ်တွေကနေ ဝင်လာတာ။ နောက်ပြီး USB
Drive ကနေလည်း ဝင်တယ်။ အင်တာနက်ပေါ်ကနေ Zip ဖိုင်၊ Rar ဖိုင်တွေနဲ့
နာမည်ကြီး မင်းသမီးတွေရဲ့ ဗွီဒီယိုဖိုင်တွေ ဆိုပြီး လူငယ်တွေကို
ပစ်မှတ်ထားပြီး ဖြန့်နေတာဖြစ်တယ်” ဟု ရှင်းပြသည်။

မြန်မာ့ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် မကွေးအက်ဖ်စီ ဘောလုံးအသင်း၏ အမည်ကို အသုံးပြု၍
ရေးဆွဲထားသော မကွေးအက်ဖ်စီ ဗိုင်းရပ်စ်သည် ပြည်တွင်း ဟက်ကာများက
ရည်ရွယ်ချက်ရှိရှိ ရေးဆွဲထားသော ဗိုင်းရပ်စ် ဖြစ်သည်ဟု ယူဆရပြီး အဆိုပါ
ဗိုင်းရပ်စ်သည် ကွန်ပျူတာတခုလုံးကို ထိန်းချုပ်ထားနိုင်ကြောင်း
ကိုသိန်းဝင်းဇော်က ပြောသည်။

၎င်းက “မကွေးအက်ဖ်စီ ဗိုင်းရပ်စ်ထိတဲ့ ကွန်ပျူတာဟာ လေးသွားတယ်။ သူဝင်မှန်း သိသာတာက Start Menu မှာ မကွေးအက်ဖ်စီ
ဘောလုံးအသင်းရဲ့ Logo တံဆိပ်က နေရာယူလိုက်တယ်။ သူက exe ဖိုင် ဖြစ်နေတော့
vbs script တွေ အလုပ်မလုပ်တော့ဘူး။ ပိုဆိုးတာက Folder ထဲက ဖိုင်တွေကို သူ
ဖျောက်လိုက်ပြီး exe ဖိုင်အနေနဲ့ အစားဝင်လာတယ်။ Program တွေ Run လို့မရဘူး။
သူ့ကို ဖျက်ပြီးသွားရင်လည်း ကွန်ပျူတာကို ပုံမှန်ပြန်ရဖို့ အများကြီး
လုပ်ရသေးတယ်။ တော်တော်ဆိုးပါတယ်” ဟု ရှင်းပြသည်။

အင်တာနက် အခက်အခဲကြောင့် ယခင်ကတည်းက ရောင်းအားကောင်းနေသည့် Anti
ဗိုင်းရပ်စ်ပရိုဂရမ်များအတွက် Update လုပ်ပေးသည့် စီဒီအချပ်များလည်း ယခုအခါ
ရောင်းအားတက်လာကြောင်း မော်လမြိုင်ရှိ ကွန်ပျူတာ Software ရောင်းချသူတဦးက
ပြောသည်။

၎င်းက “ဒီမော်လမြိုင်ဘက်မှာလည်း မကွေးအက်ဖ်စီ ဗိုင်းရပ်စ် ထိတာ များတယ်။ ဆိုင်ကိုပဲ လာပို့ကြတယ်။ ဗိုင်းရပ်စ် စီဒီတွေအပြင် Anti
ဗိုင်းရပ်စ် Update စီဒီတွေ ရောင်းအား အရမ်းကောင်းလာတယ်။ အရင်က အဲဒီ
စီဒီတစ်ချပ်ကို ကျပ် (၅၀၀)၊ အခု (၇၀၀) နဲ့ ရောင်းတယ်” ဟု ပြောသည်။

မကွေးအက်ဖ်စီ ဗိုင်းရပ်စ်ကို ဖယ်ရှားရန် MGY Virus Removal Tools စာသားဖြင့်
အွန်လိုင်းမှတဆင့် ရှာဖွေရန် လွယ်ကူသော်လည်း လူသုံးများသည့် Facebook, Ning
စသည့် ဆိုရှယ်ဝက်ဘ်ဆိုက် အသုံးပြုသူများအနေဖြင့် အချင်းချင်း မျှဝေသည့်
ဖိုင်များအား Download ပြုလုပ်ရာတွင် သတိပြုရန် လိုအပ်ကြောင်းလည်း
ကိုသိန်းဝင်းဇော်က ဆိုသည်။

ယင်းဗိုင်းရပ်စ်များ ပျံ့နှံ့ခဲ့မှုကြောင့် ပြည်တွင်း၌ ကွန်ပျူတာရှိ သတင်းအချက်အလက်များ
ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာပို့စ်
သတင်းဂျာနယ်က ဇူလိုင် (၁၃) ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ယခု ထွက်ပေါ်လာသည့် ဗိုင်းရပ်စ်များသည် ယခင်က ပေါ်ခဲ့ဖူးသည့် လွိုင်ကော်၊ သရက်
ဗိုင်းရပ်စ်များနှင့် ဖျက်ပုံ ဆင်တူကြောင်း ပြည်တွင်းအိုင်တီလောကသားတို့က
ခန့်မှန်းကြသည်။

မကွေးဗိုင်းရပ်စ်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်ကို http://www.myanmaritmen.com/antivirus/mgy-virus
(သို့မဟုတ်)
http://slip-meepyatite.blogspot.com/2010/07/most-popular-virus-in-myanmar-family.html
တို့တွင် လေ့လာနိုင်သည်။