စိတ်ချမ်းမြေ့လို့ ပျော်ရွှင်စွာနေ နေကြပါရဲ့။


အခန်း ( ၁ )

“ မူးကြီးမတ်ကြီးများ စုံညီစွာ အခစားရောက်ရင်ဖြင့် ညီလာခံ စကြရအောင်လား´´

“စုံညီစွာ ရောက်ရှိပြီဖြစ်ကြောင်း သံတော်ဦးတင်ပါသည် ဘုရား´´

“အိမ်း ဒါဖြင့် ညီလာခံ စကြပါဆို့၊ ပထမ ဆုံးအနေနဲ့ သိချင်တာက တိုင်းပြည် စပါးဆန်ရေ အခြေအနေ ကို သံတော်ဦးတင်ကြစမ်းမောင်မင်းတို့´´

“ကျွန်တော်မျိုး ရိတ္ခာဝန်အနေနဲ့ သံတော်ဦးတင်အပ်ပါသည် စပါးဆန်ရေ အခြေအနေမှာ ဒီလအတွက် အထက်လူကြီးအဆင့်ကနေ ဟိုး အောက်ခြေ ထင်းထမ်းလုလင်အထိ တစ်အိမ်ထောင်လျှင် ဆန် ၃ အိတ်စီ ဝေဌပေးထားကြောင်းပါ ဘုရား´´

“အိမ်း ကြားရတာ ၀မ်းသာပိတိဖြစ်မိတယ် ၀န်မင်း´´

“မှန်လှပါ ကျွန်တော်မျိုးက စာဖိုဆောင်ဝန်မင်းပါဘုရား´´

“မောင်မင်း ဘာများလျောက်တင်ချင်လို့လဲ တင်စေဗျာ´´

“ဆန် ၃ အိတ်စီဝေဌသည်ဆိုတာမှန်ပါတယ်ဘုရား´´

“အေးလေ ၃ အိတ်စီဝေလို့ ရိတ္ခာဝန်က သံတော်ဦးတင်ခဲ့တာပေါ့ မောင်မင်းကလည်း အဲဒါဘာဖြစ်လို့လဲ´´

“ဒီလိုပါဘုရား စာဖိုဆောင်က ထင်းထမ်းတဲ့လုလင် ရခဲ့တဲ့ ဆန်တစ်အိတ်အရွယ်က ဇီးထုပ်အရွယ်ပလပ် စတစ်အိတ်လေးနဲ့ ၃ အိတ်ဖြစ်ပါတယ် ဘုရား´´

“ဟေ စစ်သေနာပတိကြီး ရတဲ့အိတ်ကရော ဘယ်အရွယ်လဲ သံတော်ဦးတင်စမ်း´´

“၂ ပြည် ၀င်အိတ် နဲ့ ၃ အိတ်ရပါတယ်ဘုရား´´

“ဟေ ဒါဆို မလိမ်မညာသံတော်ဦးတင်ပြီး မရိုးမဖြောင့်တဲ့ လုပ်ရပ်လုပ်သူ ရိတ္ခာဝန်ကအား သတ်စေ´´

“အရှင်ဘုရား ပုဏ္ဏားတော်ကြီး တင်လျောက်ပါရစေ ဘုရား´´

“မောင်မင်း ဘာများတင်စရာရှိလည်း ငါကိုယ်တော် ခွင့်ပြုတော်မူတယ်´´

“အရှင်ဘုရား ရိတ္ခာဝန်ကို သတ်စေအမိန့်အား ပြန်ရုပ်သိမ်းသင့်ကြောင်းပါဘုရား၊ အရှင်ရဲ့ မြောက်နန်းစံ မိဘုရားကြီးရဲ့ အကိုတော် သူမို့ပါဘုရား´´

“ဟေ ဟုတ်ပေသားဘဲ ဒါဆိုလည်း ရိတ္ခာဝန်အတွက် ပြစ်ဒဏ်ကို ဆိုင်းငံပြီး နောက်ညီလာခံမှ ပြန်စီရင်မယ်၊ အခုညီလာခံသိမ်းကြစေဗျား´´

“ သင့်မြတ်လှကြောင်းပါဘုရား´´

 

အခန်း ( ၂ )

“အို အို အေး အေး အို တိတ်ပါလူလေး သားလှလေးမျက်နှာ၊ သားလေး အိပ်တော့လေ မေကြီး သီချင်းဆို သိပ်မယ်လေနော်´´

“မိတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့မယ်ကွယ် ဗျိုင်းရှေ့က ပြန်ပြန်ကာရယ်´´

“ဟေ့ လူတွေ ဘာလာကြည့်ပြီး ဘာတွေပြောနေတာလဲ သွား သွား ဝေေ၀းသွား ဒီမှာသားလေး အိပ်နေတယ် လန့်နိုးရင် နင်တို့မလွယ်ဘူး၊ ဘာမှတ်လဲ သွားကြစမ်း´´

“သွား လို့ပြောနေတာ မရဘူးလာ၊ ငါ ကလေးနဲ့ပေါက်လိုက်ရမလား ဟင်း´´

 

အခန်း ( ၃ )

“အခုတစ်ခါ အလှည့်ကျတဲ့ တေးသံရှင်ကတော့ အလကားရမ် ဖြစ်ပါတယ်ခင်ဗျ´´

“ဟေ့လူ ဗညားဟန် ဆိုလည်း ဗညားဟန်လုပ်လေ ဘာလဲ အလကားရမ် တဲ့´´

“ဟာ ဟုတ်ပါတယ် ဒီကောင် အသိဆိုင်မှာ စားပွဲထိုးပေးလိုက် ပုဂံဆေးပေးလိုက်နဲ့ ရမ် အလကားသောက် နေလို့ အလကားရမ်တဲ့ သူအမည်က သိပြီလား တာတေ´´

“ဒါဆိုလည်း အလကားရမ် ဆိုမယ်ဆိုလည်းဆိုဗျ´´

“ကျွန်တော် သီဆိုမယ့် သီချင်းကတော့ နန်းတော်ရှေ့ဆရာတင်ရဲ့ ရန်ကုန်သူပါ´´

“နန်းတော်ရှေ့ဆရာတင်ဆိုတော့ ဆရာတင်က ဘယ်နှစ်ယောက်ရှိလို့လဲဟင် နန်းတော်နောက်မှာရော တစ်ယောက်ရှိတာလား´´

“ဟ ကောင်ရ အဲဒါတော့ ငါဘယ်သိမလဲ မင်းသိချင်ရင် မင်းဘကြီးသွားမေးပါလား´´

“ငါ့ဘကြီးက မရှိတော့ဘူးကွ၊ လူပြည်ကနေ နတ်ပြည်ကို အမြန်ရထားစီးပြီးသွားတာ ကြာလှပေါ့´´

“ဒါဆို မင်းဘကြီးက နတ်ပြည်ရောက်နေပြီပေါ့´´

“မရောက်သေးဘူးကွ´´

“ဟင် မင်းဘဲ နတ်ပြည်ကို အမြန်ရထားစီးသွားတယ်ဆို´´

“ဟုတ်တယ်လေ ငါ့ဘကြီးစီးသွားတဲ့ရထားက လမ်းရေကျော်လို့ဆိုလား ရထားလမ်းဘာဖြစ်လို့ဆိုလား လမ်းမှာညအိပ်နေရလို့တော့ကြားရတာဘဲလေ´´

 

အခန်း ( ၄ )

“ကဲ ကျောင်းတက်ပြီ နော်´´

“မင်္ဂလာပါ ဆရာမ´´

“မင်္ဂလာပါ တပည့်တို့၊ ဒီနေ့ ဆရာမ ဆိုတာလိုက်ဆိုမယ်နော်´´

“ဟုတ်ကဲ့ပါ ဆရာမ ´´

“က ကညစ် ပေမှာချစ်´´

“က ကညစ် ပေမှာချစ်´´

“ခ ခရာ ပုလိပ်မှုတ်တာ´´

“ခ ခရာ ပုလိပ်မှုတ်တာ´´

“ဂ ဂဏန်း အကင်ဆိုင်ဖမ်း´´

“ဂ ဂဏန်း အကင်ဆိုင်ဖမ်း´´

“ဆရာမ အပြင်က လူကြီးတွေ သားသားတို့ကို လာချောင်းကြည့်နေတယ်´´

“ဟေ့ လူတွေ စာသင်နေတယ် စာသင်ခန်းရှေ့မှာ လာရစ်သီရစ်သီလုပ်မနေနဲ့ ကြိမ်လုံးစာမိသွားမယ် ဘာမှတ်လဲ သွားကြကိုယ့်လမ်းကို ဟင်း´´

 

အခန်း ( ၅ )

သူတို့ကတော့ တစ်မျိုးဗျ၊ တစ်ယောက်က ဂျာနယ်အပိုင်းအစ စာရွက်တွေကို သူ့တို့ရှေ့မှာစုထားပြီး အဲဒီ အပိုင်းအစ စာရွက်တွေကို နှစ်ယောက်ကထိုင်ဖတ်နေတယ်၊ အနားမှာတစ်ယောက်ကတော့ စက္ကူကို ဆေးလိပ်လိုလိပ်ပြီး ဆေးလိပ်သောက်ပုံစံနဲ့ တွေးနေကာပြုံးလို့နေလေရဲ။ အဲတစ်ယောက်ကတော့ ကျွန်တော် တို့ဆီကို ခြေသံဖွဖွလေးနဲ့လာပြီး အနားရောက်တော့ ပါးစပ်ကို လက်ညိုးလေးနဲ့ကာ လေသံတိုးတိုးလေးနဲ့ ဒီလိုပြောလာတယ် မနည်းကိုနားဆိုက်ထောင်လိုက်ရတာပေါ့။ ပြောပြီးတာနဲ့ ခုနလူတွေနားသွားထိုင်နေတယ်။ ခဏနေတော့ အဲလိုပုံစံနဲ့ ကျွန်တော်တို့နား လာပြီး ခုနစကားဘဲ လေသံတိုးတိုးလေးနဲ့ပြောပြန်တယ်၊ ပြီးတော့ ပြန်သွားထိုင်လိုက် လာပြောလိုက်နဲ့ သူမှာ အလုပ်ကိုရှုပ်နေလို့ အားနာစွာနဲ့ သူတို့အခန်းက ခွာလို့ထွက်ခဲ့ ရတော့တယ်၊ အော် သူလာပြောတဲ့ စကားက

“ဆူညံခြင်းမလုပ်ပါနဲ့ သူတို့အရေးကြီးတဲ့အချက်အလက်တွေရှာနေတယ်၊ အစည်းဝေးလုပ်နေကြတယ်´´တဲ့။

 

ဒီမြင်ကွင်းတွေကတော့ တစ်ခါတုန်းက စိတ္တဇဆေးရုံက ဆရာဝန်တစ်ဦးဆီ အလည်ရောက်တုန်း စိတ်ဝေဒနာ ရှင်တွေထားတဲ့အဆောင်ဘက်ကို ရောက်ခဲ့စဉ်တွေ့ရတဲ့ မြင်ကွင်းအဖြစ် အခန်းလေးတွေမှာ ပြုမူနေပုံတွေကို ပြန်လည်ခံစားရေးလိုက်တာပါ။

အဲဒီမှာတွေးမိတဲ့ အတွေးက လူတွေဟာ ဆင်းရဲတာ ချမ်းသာတာ စိတ်ပုံမှန်ရှိတာ စိတ်ပုံမှန်မရှိတာတွေထက် မိမိနဲ့ သဟဇာတသင့်တဲ့ ၀န်းကျင်လေးတွေမှာ မိမိနဲ့ အပေးအယူသင့်တဲ့ အပေါင်းအဖော်တွေနဲ့ဆို စိတ်ပျော် ရွှင်လွတ်လပ်နေကြပါလားလို့ရယ် လူတိုင်းလူတိုင်း ကိုယ့်အတွေးနဲ့ကိုယ်ရှိကာ ကိုယ်ဝန်းကျင်လေး၌ နေတတ် ရင်တော့ ကျေနပ်စရာ တွေရှိနေကြပါတယ်လေ။

ထရံကာ ဓနိမိုးနဲ့ မိုးလုံလေလုံတဲအိမ်လေးနဲ့နေပြီး တစ်နေ့လုပ်ရင် တစ်နေ့လုပ်ခရတဲ့ အတန်းပညာ ၄ တန်း လောက်ဘဲရှိကြသော လက်သမားမိသားစုကို မင်းတို့ထရံကာဓနိမိုး တဲအိမ်လေးနဲ့နေပြီး ပညာကလည်းမတတ် ဆင်းရဲလိုက်ကြတာကွာလို့ နှိမ်ပြောရင် သူတို့က ဟားတိုက်လို့ရယ်ပြီးပြောမှာပေါ့ ကျွန်တော်တို့ ထမင်းနပ်မှန် အောင်စားပြီး ညဆိုခေါင်းအေးစွာအိပ်ရလို့ စိတ်ချမ်းသာပါရဲ့ တကယ်လည်း သူတို့တွေ သူတို့ဘ၀နဲ့တော့ ပျော်လို့ရွှင်လို့ပါဗျာ။

ဒါကြောင့် ဆင်းရဲတိုင်းလည်း စိတ်ချမ်းသာမှု့မရှိဘူး မပျော်နိုင်ကြဘူးလို့ ယူဆလို့မရသလို စိတ်မူမမှန် စိတ်ဝေဒနာရှင်မို့လည်း ပျော်ရွှင်မှု့မရှိ နေနေရတယ် လို့ ယူဆလို့မရပါကြောင်း ခင်ခ အတွေးပါးပါး အရေးများဖြင့်——။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ၊

ကိုခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..